← Chapters

ဒီကမ္ဘာကြီးကအန္တရယ်များတယ်

Vol. 36 Ch. 501

ဒီကမ္ဘာကြီးကအန္တရယ်များတယ်

Vol. 36 Ch. 501

အခန်း (၅၀၁) ဒီကမ္ဘာကြီးကအန္တရယ်များတယ်

ထိုလူရိပ်က ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများရှေ့တွင် ရပ်တန့်သွားသည်။ ထိုသူ့ပုံစံက လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး အသက် (၄၀) ဝန်းကျင် လူရွယ်တစ်ယောက် ဖြစ်၏။

ထိုသူက အခြားသူမဟုတ် ၊ ကြံ့ဝိညာဉ်ကျွန်းသခင် ‘ဖန်းခန်း’ ၏ သားအငယ်ဆုံး “ဖန်းကျောက်ဟုန်” ဖြစ်ပြီး ဖန်းမင်၏ ဦးလေးလည်း ဖြစ်သည်။

ဖန်းကျောက်ဟုန် ရောက်လာသည်ကိုမြင်တော့ အကြီးအကဲတစ်ယောက်ဖြစ်သော ‘ယန်ချူးဖန်’ အပါအဝင် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများအားလုံး မျက်နှာထက် စိတ်သက်သာရာရမှုများ ထင်ဟပ်သွားကြသည်။

ကြံ့ဝိညာဉ်ကျွန်း၏ အကြီးအကဲမျိုးဆက်များကြားတွင် ဖန်းကျောက်ဟုန်က စွမ်းအားအမြင့်မားဆုံးသူ ဖြစ်သည်။ သူက ငယ်စဉ်ကပင် ကောင်းချီးပေးခံရသော ပါရမီရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာကမ္ဘာတစ်ခွင် အလွန်တရာ နာမည်ကျော်ကြားသူဖြစ်သည်။ လက်ရှိမှာလည်း ကျင့်ကြံခြင်းအဆင့်တူညီသူများကြားတွင် ထိပ်တန်းပုံရိပ်တစ်ခု ဖြစ်၏။

သူ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် အနာဂတ်တွင် အဆုံးမရှိသော အလားအလာကောင်းများဖြင့် ပြည့်နက်နေပေသည်။

သူက ရှားလော်ဂိုဏ်းမှ ကျန်းရှုန်နှင့် သွေးနီနဂါးဂိုဏ်းမှ ဟိုင်ကျန့်ကျယ်တို့ထက် အနည်းငဘ် အသက်ကြီးသော်လည်း ဖန်းကျောက်ဟုန် “အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်” တုန်းက ထိပ်တန်း (၁၀)ယောက်တွင် ထိုနှစ်ယောက်ထက် သာလွန်ခဲ့သူ ဖြစ်သည်။

သူ အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင် ဖြစ်လာပြန်တော့ ထိပ်တန်း (၁၀)ယောက်၏ ထိပ်ပိုင်းအဆင့်မှာပင် ဆက်လက်ရပ်တည်ခဲ့သည်။

ဖန်းကျောက်ဟုန်က ဖန်းမင်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ယန်ချူးဖန်ကို လှည့်ကြည့်သည်။

“ဂိုဏ်းတူအစ်ကို’ယန်’ ၊ ဘာဖြစ်တာလဲ အတိအကျ ပြောပြပါဦး ၊ မင်းပို့လိုက်တဲ့သတင်းက အတိုချုပ်ပဲ ဖြစ်နေတယ်လေ”

ယန်ချူးဖန်က အခြေအနေကို လျှင်မြန်စွာပင် ရှင်းပြလိုက်သည်။

သူ့စကားဆုံးသွားတော့ ကြံ့ဝိညာဉ်ကျွန်းမှ တပည့်တစ်ယောက်က...

“ဆရာဦးလေး’ဖန်း’ ... အဲဒီ ‘ရန်’ မျိုးနွယ်က ဒီအရံအတားထဲကို ပြန်ဝင်သွားတယ် ၊ အခုဘယ်ရောက်သွားပြီလဲမသိဘူး ၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”

ဖန်းကျောက်ဟုန်က ဖြည်းညင်းသည့်လေသံဖြင့်...

“ဒီမှာရှိတဲ့ ရတနာပစ္စည်းတွေကို အဲဒီလူ ယူသွားဖို့ ခွင့်မပြုနိုင်ဘူး”

သူက ဆက်ပြောသည်။

“ပြီးတော့ အခုက ရတနာပစ္စည်းတွေက ပြဿနာမဟုတ်ဘူး ၊ ဒီလူမှာ ဘာအကြံအစည်တွေ ရှိနေမလဲဆိုတာကို ငါတို့ သတိထားရမယ် ၊ သူ့ကို အရှင်ဖမ်းလို့ရရင် ဖမ်း... မရရင်တော့ တစ်ခါတည်း ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ”

ထိုစကားကိုကြားတော့ ဖန်းမင်က အံ့အားသင့်သွားပြီး...

“ဦးလေး (၂)... သူက ကျွန်မတို့ကို ကယ်ခဲ့တာလေ ၊ သူသာမကယ်ရင် အမှောင်မိစ္ဆာ’ကျန်းရှုန်’ လက်ချက်နဲ့ ကျွန်မတို့ အကုန် အသက်ပျောက်မှာ ၊ ဦးလေး (၂)ဆီတောင် အကူအညီတောင်းနိုင်မှာ မဟုတ်ဘူး”

ဖန်းကျောက်ဟိုက ခေါင်းတစ်ချက်ခါယမ်းရင်း...

“မင်လေး... မင်းက အတွေ့အကြုံ အရမ်းနည်းသေးတယ်”

ထို့နောက် သူက ယန်ချူးဖန်နှင့် အခြားသိုင်းသမားများကို တစ်ချက်ဝေ့ကြည့်ရင်း...

“အဲဒီ အရံအတားအပေါက်က မင်းတို့တွေရဲ့ ကျုန်းယွမ်ဝိညာဉ်အလံကြောင့် ပွင့်သွားတာ မဟုတ်ဘူးမလား ၊ မင်းတို့ပြောတဲ့ ရန်ကျောက်ကဲဆိုတဲ့လူက အရံအတားကို ချိုးဖျက်ခဲ့တာ မဟုတ်လား”

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းကျင့်ကြံသူများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ဖန်းကျောက်ဟုန်က...

“ဒါဖြင့် သူက အဲဒီအပေါက်ကို ဘာနည်းလမ်းအသုံးပြုပြီး ချိုးဖျက်ခဲ့တာလဲဆိုတာ... မင်းတို့ သိသလား”

သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း ခေါင်းခါယမ်းလိုက်ကြတော့ လူရွယ်က နှာတစ်ချက်မှုတ်ရင်း...

“သူ အသုံးပြုတဲ့ပညာက သွေးနီတစ္ဆေအင်းသင်္ကေတပဲ”

ကြံ့ဝိညာဉ်ကျွန်းမှ လူငယ်သိုင်းသမားများက ထိုစကားကို နားမလည်ကြသော်လည်း ယန်ချူးဖန်ကတော့ ချက်ချင်း အာမေဍိတ်သံပြုသည်။

“သွေးနီတစ္ဆေအင်းသင်္ကေတ ... ဟုတ်လား”

ဖန်းကျောက်ဟုန်က ခေါင်းညိတ်ရင်း တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...

“ငါ အဲဒီအပေါက်ကို ဖြတ်ပြီးဝင်လာတော့ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်... ဒါကြောင့် အဲဒီနေရာကို အချိန်ပေးပြီး လေ့လာလိုက်တဲ့အခါ အဲဒီအပေါက်ကထွက်နေတဲ့ အငွေ့အသက်တွေက မိစ္ဆာသူတော်စင်ဂိုဏ်းက သွေးနီတစ္ဆေအင်းသင်္ကေတ အငွေ့အသက်တွေ ဖြစ်နေတယ်”

ယန်ချူးဖန်က...

“ကောလဟလတွေအရဆိုရင်... မဟာကပ်ဘေးကြီးမတိုင်ခင် အကြွင်းအကျန်တွေကို တူးဖော်ကြတုန်းက မိစ္ဆာသူတော်စင်ဂိုဏ်းက သွေးနီတစ္ဆေအင်းသင်္ကေတကို ရရှိခဲ့တာပဲ ၊ ဒါပေမဲ့ အရေအတွက်က သိပ်မများဘူး ၊ သူတို့အတွက် တစ်ခုဆို ဆိုသလောက် တန်ဖိုးရှိတယ်”

ကမ္ဘာ့အရေးများတွင် အတွေ့အကြုံများသလို ကျွမ်းဝင်မှုလည်းရှိသော ယန်ချူးဖန်အနေဖြင့် သွေးနီတစ္ဆေအင်းသင်္ကေတကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ဖူးသော်လည်း အသုံးပြုပုံနှင့် တည်ရှိမှုအကြောင်းကိုတော့ ယခင်ကပင် ကြားဖူးသည်။

ဖန်းကျောက်ဟုန်က...

“အမှန်ပဲ ၊ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမယ့်... မိစ္ဆာသူတော်စင်ဂိုဏ်းမှာ အဲဒီပစ္စည်းက သိပ်မကျန်လောက်တော့ဘူး ၊ ဒီလောက် ရှားပါးအဖိုးတန်တဲ့ပစ္စည်းက ဒီလူငယ်လက်ထဲမှာပေါ်လာတယ်ဆိုတာ... သူ့အကြံအစည်က မသေးဘူးလို့ ပြောရမယ် ၊ ငါတို့တွေ သေချာပေါက် သူ့ကို သတိထားရလိမ့်မယ်”

ယန်ချူးဖန်က ဖြည်းညင်းသည့်လေသံဖြင့်...

“ဒါပေမဲ့ အဲဒီလူငယ်ရဲ့ သိုင်းပညာက သိပ်ပြီး မရင်းနှီးလှဘူး”

ဖန်းကျောက်ဟုန်က သူ့ကို တစ်ချက်လှမ်းကြည့်ရင်း...

“မိစ္ဆာသူတော်စင်ဂိုဏ်းက အမြဲလျှို့ဝှက်ဆန်းကျယ်ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မဖမ်းဆုပ်နိုင်ဘူး”

ဖန်းမင်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“ဒါပေမဲ့ သူက ရှားလော်ဂိုဏ်းကလူတွေကို သတ်ပစ်ခဲ့တာပဲလေ ၊ ပြီးတော့ သာမန်တပည့်တွေကို သတ်ခဲ့တာမဟုတ်ဘူး ၊ ရှားလော်ဂိုဏ်းမှာ အလားအလာတွေအများကြီးရှိနေတဲ့ အကြီးအကဲတစ်ယောက်လည်းဖြစ်တဲ့ အမှောင်မိစ္ဆာ’ကျန်းရှုန်’ ကို သတ်ပစ်ခဲ့တာ”

ဖန်းကျောက်ဟုန်က လေးနက်သည့်မျက်နှာထားဖြင့် ဖန်းမင်ကိုကြည့်ရင်း...

“တခြားဂိုဏ်းတွေထက် အချင်းချင်းသတ်ဖြတ်ကြတာ နည်းပါးတယ်ဆိုပေမယ့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှာလည်း အချင်းချင်းပဋိပက္ခတွေ ရှိတာပဲလေ”

သူက ဆက်ပြောသည်။

“ကြည့်ရတာ ဒီကောင်လေးက မင်းတို့ကို အယုံသွင်းချင်တာ ဖြစ်လိမ့်မယ် ၊ ရှားလော်ဂိုဏ်းကို စတေးပြီး ငါတို့ ကြံ့ဝိညာဉ်ဂိုဏ်းရဲ့ ယုံကြည်မှုကို ရယူပြီးမှ ဒုက္ခပေးချင်တာ ဖြစ်ရမယ်”

ဖန်းကျောက်ဟုန်က စကားပြောခြင်းကို ရပ်နားလိုက်ပြီး အသံပို့လွှတ်စနစ်ဖြင့် ဖန်းမင်းကို လှမ်းပြောလိုက်သည်။

“ဦးလေး သံသယဝင်တာတော့ ဒီကောင်လေးက မင်းကို ပစ်မှတ်ထားတာ ဖြစ်ရမယ် ၊ မရိုးမသားအကြံအစည်တွေနဲ့ မင်းကို လှည့်စားပြီး အသုံးချချင်တာ ဖြစ်နိုင်တယ် ၊ မင်လေး... သမီးက အတွေ့အကြုံအရမ်းနည်းသေးတယ် ၊ တခြားလူတွေလှည့်စားတာကို လွယ်လွယ်နဲ့ မခံရစေနဲ့”

ထိုစကားများကိုကြားတော့ ဖန်းမင်မျက်နှာ သွေးရောင်လွှမ်းသွားပြီး ခေါင်းငုံ့လိုက်သည်။

“ဦးလေး (၂) ကလည်း... အဲဒီလူငယ်က ကျွန်မကို တစ်ချက်တောင် ကြည့်ခဲ့တာမဟုတ်ဘူး”

ဖန်းကျောက်ဟုန်က နှာခေါင်းရှုံ့ရင်း...

“ဒါက သူ့အကြံအစည်ပဲလေ... မဟုတ်ရင် သူဘာလို့ အရံအတားထဲ ပြန်ဝင်သွားရတာလဲ ၊ သူ အရံအတားထဲ အစောကြီးကတည်းက ရောက်ပြီးပြီဆိုရင် ရတနာပစ္စည်းတွေ ရပြီးပြီဖြစ်မှာပေါ့ ၊ အဲဒါတွေ ယူပြီးထွက်သွားရုံပဲလေ ၊ အထဲပြန်ဝင်သွားစရာ ဘာအကြောင်းမှမရှိဘူး ၊ ဒီကောင့်အင်္ကျီလက်ထဲမှ သေချာပေါက် လျှို့ဝှက်အကြံအစည်တွေ ရှိနေရမယ်”

တူမငယ်ကိုကြည့်ရင်း ဖန်းကျောက်ဟုန်မျက်နှာက ပျော့ပြောင်းသွားသည်။

“မင်လေး...  မင်းတောင် အရွယ်ရောက်လာပြီပဲ ၊ ဒါပေမဲ့ ဒီကမ္ဘာကြီးက ဘယ်လောက်အန္တရယ်များလဲဆိုတာ သိထားရမယ် ၊ ငါတို့ကြံ့ဝိညာဉ်ဂိုဏ်းက သိုင်းသူတော်စင်ပေါ်ထွက်မလာသေးပေမယ့် အခုချိန်ထိ ငါတို့ဂိုဏ်းကို ထိပါးရဲတဲ့သူ တစ်ယောက်မှ မရှိဘူးတာဟာ ကမ္ဘာလောကကြီးရဲ့ အန္တရယ်တွေကို နားလည်နေလို့ပဲ”

သူက ဆက်ပြောသည်။

“ရန်သူက ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကိုဖြိုဖို့ အကြံအစည်မျိုးစုံအသုံးပြုမှာပဲ ၊ ဒါကြောင့် ငါတို့ဂိုဏ်းက တပည့်တွေအနေနဲ့ အချိန်တိုင်း သတိရှိနေဖို့ လိုအပ်တယ်”

ဖန်းကျောက်ဟုန်က နှာတစ်ချက်မှုတ်လိုက်ပြီး သုန်သုန်မှုံမှုံမျက်နှာထားဖြင့် ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။

“ဒီကောင်လေးက ရက်စက်ပြီး အကြံကြီးတဲ့သူတစ်ယောက်ပဲ ၊ ဒါပေမဲ့ စိတ်မကောင်းစရာက သူက အသေးအဖွဲလေးတွေကို အလေးမထားဘဲ သွေးနီတစ္ဆေအင်းသင်္ကေတကို အသုံးပြုခဲ့တယ်လေ ၊ ဒါကြောင့် သူ့ဇာစ်မြစ်နဲ့ ရည်ရွယ်ချက်တွကို ငါ သိမြင်နိုင်ခဲ့တယ်”

ယန်ချူးဖန်က...

“ငါတို့ အခု ဘာလုပ်ကြမလဲ”

ဖန်းကျောက်ဟုန်က...

“ကြည့်ရတာ... ဒီတစ်ခေါက် မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ အကြံအစည်တွေက ပေါ့သေးသေးမဟုတ်ဘူ ၊ ငါတို့ ကြံ့ဝိညာဉ်ကျွန်းကို ဒုက္ခပေးဖို့ ရည်ရွယ်ထားတာ သေချာတယ် ၊ ဒီတော့ သူတို့ ဘာတွေကြံစည်သလဲဆိုတာ ငါတို့က တိတ်တိတ်လေးစောင့်ကြည့်နေလို့မရဘူး ၊ ဒီကောင်လေးကိုဖမ်းပြီး နောက်ကွယ်က အကြံအစည်တွေကိ စစ်ဆေးမေးမြန်းရန်မယ် ၊ မဟုတ်ရင်လည်း တစ်ခါတည်း သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ”

သူက ဆက်ပြောသည်။

“မိစ္ဆာဂိုဏ်းတွေအကုန်လုံးက အန္တရယ်တွေပဲ ၊ ဒီကောင်လေးက ဒီလောက်အသက်ငယ်ငယ်နဲ့ ကျင့်ကြံခြင်းအဆင့်အရမ်းမြင့်မားနေတာ ကြောက်စရာကောင်းလွန်းတယ် ၊ သူ့ကိုသာအချိန်နည်းနည်းပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ နောက်ထပ် မိစ္ဆာသူတော်စင်တစ်ယောက်ဖြစ်လာနိုင်တယ် ၊ ဒီတော့ သေချာပေါက် အရှင်ထားလို့ မဖြစ်ဘူး”

“အခု သူ့အကြံအစည်အတိုင်း မင်းတို့ကို လှည့်စားနိုင်ပြီလို့ ထင်နေမှာပဲ ၊ သူ့ကိုယ်သူအထင်ရောက်သွားတော့ သတိထားမှုလည်း လျော့နည်းသွားလိမ့်မယ် ၊ ဒီလိုအချိန်မျိုးက သူ့ကို ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ပဲ”

ဖန်းကျောက်ဟုန်က မျက်လုံးများကို အသာမှိတ်ရင်း ပတ်ဝန်းကျင်ပင်လယ်ဒေသ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို ဂရုတစိုက် အာရုံခံလိုက်သည်။

“အိုး... အဲဒီနေရာမှာ ရေဝဲဂယက်တစ်ခုက အချိန်အကြာကြီး ရှိနေပါလား”

သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီး...

“အဲဒီနေရာ ဖြစ်နိုင်တယ်”

ထိုသို့ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

***

သီးခြားနယ်မြေထဲမှာတော့ ရန်ကျောက်ကဲက ကျောက်ရုပ်တုကြီးနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

သူ့ခန္ဓာကိုယ်မှ ကြည်လင်သော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်နေပြီး ကျောက်ရုပ်ထုထက်သို့ ဖြာကျနေသည်။ ၎င်း ချီစွမ်းအားစီးကြောင်းများက ရန်ကျောက်ကဲနှင့် ကျောက်ရုပ်တုကို ချိတ်ဆက်ပေးထားသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်မှ သွေးကြောဆုံချက်များအားလုံး တောက်ပသွားပြီး ကျောက်ရုပ်တုကို ဆွဲငင်လိုက်ရာ ကျောက်ရုပ်တုကြီးမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများထဲတွင် အလင်းအမှုန်အမွှားလေးများပါဝင်ပြီး စကြာဝဠာအတွင်းမှ ကြယ်စင်ပေါင်းများစွာနှင့် ဆင်တူသည်။

တစ်ချိန်တည်းမှာပင် ကျောက်ရုပ်တုဆီမှ ကြောက်မက်ဖွယ်ရာ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုစွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလွန်းသဖြင့် ရန်ကျောက်ကဲသည်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ သို့ပေသိ သူက ကြောက်လန့်မသွားဘဲ ပို၍ပင် ပျော်ရွှင်သွားမိသည်။

“ဒါက တကယ့် ပစ္စည်းကောင်းတစ်ခုပဲ”

ရန်ကျောက်ကဲနှုတ်ခမ်းများတွန့်ကွေးသွားပြီး အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။

သို့သော် သီးခြားနယ်မြေထဲသို့ လူအချို့ဝင်လာကြောင်း သူ အာရုံခံမိသည်။

ရန်ကျောက်ကဲမျက်ဝန်းများ ချက်ချင်းစူးစိုက်သွားပြီး သူနှင့် ကျောက်ရုပ်တုကြီးကို ဆက်နွယ်ထားသည့် ကြည်လင်သောကြယ်တာရာချီစွမ်းအားများကို ဖြတ်တောက်လိုက်ကာ ခန္ဓာကိုယ်ကို နောက်သို့ဆုတ်လိုက်သည်။ ချက်ချင်းပင် ကျောက်ရုပ်တုကြီးမှတောက်ပနေသောအလင်းတန်းများ မှေးမှိန်ပျောက်ကွယ်သွား၏။

သူ လှည့်ကြည့်လိုက်တော့ သီးခြားနယ်မြေထဲဝင်လာသည့် လူအချို့ကို တွေ့ရသည်။

သူတို့အုပ်စုခေါင်းဆောင်က သိုင်းဆရာသခင် အဆင့် (၇) ရှိသော အမတလက်ဖွဲ့ကနဦးအဆင့် လူရွယ်တစ်ယောက်ဖြစ်သည်။

ထိုလူရွယ်ဘေးမှာတော့ ယန်ချူးဖန် မတ်တတ်ရပ်နေသည်။

ယန်ချူးဖန်က ရန်ကျောက်ကဲကိုကြည့်ရင်း သူ့နံဘေးမှ လူရွယ်ကို အလျှင်အမြန် ပြောလိုက်၏။

“ဂိုဏ်းတူညီလေး’ဖန်း’ ၊ ဒီလူငယ်က စောစောက ငါတို့ကို ကယ်တင်ခဲ့တဲ့ ‘ရန်’ သခင်လေး ‘ရန်ကျောက်ကဲ’ ပါပဲ”

လူရွယ်က ရန်ကျောက်ကဲကို ဦးညွှတ်ရင်း...

“ဒီကသခင်လေးက ငါတို့ဂိုဏ်းကလူတွေကို ကယ်တင်ခဲ့တဲ့အတွက် ကြံ့ဝိညာဉ်ကျွန်းက ဖန်းကျောက်ဟုန်က ကျေးဇူးတင်စကားဆိုချင်ပါတယ်”

All Chapters