ငရဲဘုံ ၃၃ ဘုံသို့ ပြန်သွားခြင်း
Vol. 99 Ch. 1374
“ငရဲဘုံ ၃၃ ဘုံမှာ .... ထူးဆန်းတဲ့အရာတွေရှိသလို အန္တရာယ်လည်း များတယ်....” တခဏကြာ တိတ်ဆိတ်နေပြီးနောက် ပင်လယ်အိပ်မက်သည် အန္တရာယ်များအကြောင်း မန်ဟို့ကို ဆက်လက်ရှင်းပြသည်။
မန်ဟို၏မျက်လုံးများ လင်းလက်လာပြီး သူမစကားကို နားထောင်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
အချိန်တွေ ကုန်လွန်သွားသည်။
အချိန်တစ်ခုအထိ စစ်သည် ရပ်တန့်နေလိမ့်မည်။ တောင်ပင်လယ်ကျင့်ကြံသူများမျာ ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် ပါရာဂွန်ပင်လယ်အိပ်မက်၏အမိန့်များကို လိုက်နာလျက် ... ဆယ်လအတွင်း လာတော့မည့် သတ်ပွဲကြီးအတွက် နေရာအမျိုးမျိုးတွင် ပြင်ဆင်မှုများ လုပ်နေကြ၏။
လူတိုင်း နောက်ဆုံးစစ်ပွဲအတွက် ပြင်ဆင်နေကြရရာ ဖိအားကြီးက တောင်ပင်လယ်လောကသားအားလုံး၏ နှလုံးသားများကို ဖိစီးနေကြတော့သည်။ သူတို့မှာ တိတ်တိတ်ဆိတ်ဆိတ် သေလျှင်သေ၊ မသေလျှင် အရူးလိုတိုက်ခိုက်ကြတော့မည့်ပုံရသည်။
တချို့က စစ်ကြီးပြီးလျှင် တောင်ပင်လယ်လောက တည်ရှိဦးပါ့မလားဟုပင် တွေးနေကြသည်။ သို့သော် ထိုအတွေးက အဆုံးမရှိသော ကျင်းကြီးထဲ ကျသွားသလို နှလုံးသားကို အေးစက်သွားသည်သာမက အသက်ဆက်ရှူရန်ပင် အားအင်မဲ့သွားစေသည်။
နေနှင့်လပျက်စီးသွားခြင်းကြောင့် တောင်ပင်လယ်လောကမှာ ဗလာကျင်းနေသောအာကာသကြီး၏ အမှောင်ထုထဲတွင် ကျန်ရစ်ခဲ့သည်။
ထိုအမှောင်ထုထဲတွင် သေမျိုးများမှာ ကြောက်လန့်တုန်ရီစွာဖြင့် ထိုင်နေကြပြီး ကျင့်ကြံသူများပင် သူတို့အပေါ် သက်ရောက်နေသောဖိအားကို ခံစားနေကြရသည်။
ပါရာဂွန်ပင်လယ်အိပ်မက်မှ ခွဲဝေပေးထားသော တာဝန်များကို လုပ်ဆောင်ပြီးနောက် ကျင့်ကြံသူအတော်များများသည် သူတို့၏မိသားစုနှင့် မိတ်ဆွေများဆီ ပြန်သွားရန် ရွေးချယ်ကြ၏။ ချစ်ရသူများနှင့် အတူရှိရခြင်းက ယခုလိုအချိန်မျိုးတွင် ကျေးဇူးတင်စရာအကောင်းဆုံးအရာ ဖြစ်ပေသည်။
ချစ်မိသွားခဲ့သည့်ခံစားချက်ကို ဖွင့်မပြောရဲဘဲ နှစ်ပေါင်းများစွာ သူငယ်ချင်းအရင်းကြီးများအဖြစ် ရှိခဲ့သော ကျင့်ကြံသူအမျိုးသားများနှင့် ကျင့်ကြံသူအမျိုးသမီးများ ရှိကြသည်။ ယခုအချိန်တွင် ရင်တွင်းခံစားချက်များကို ဖွင့်ဟဝန်ခံသံများ ကြားလာရသည်။
နှစ်ပေါင်းများစွာ တစ်ယောက်ကိုတစ်ယောက် အငြိုးထားမုန်းတီးခဲ့ကြသူများ ရှိသည်။ ထိုသူများသည်လည်း ထိုအမုန်းတို့ကို လွှတ်ချလိုက်ရန် ရွေးချယ်လိုက်ကြ၏....
သူတို့သည် သေခြင်းတရားအတွက် စိတ်ကို ပြင်ဆင်၍ အနား၌ရှိသူများကို တန်ဖိုးထားနေကြသည့်အလားပင်။
တချို့က ဘာကြောင့် ဤစစ်ကြီး ဖြစ်လာရသလဲ စဉ်းစားကြသည်။
ကောင်းကင်ဘုံ ၃၃ ဘုံ၏တစ်ဝက် ဖျက်စီးခံခဲ့ရပြီး တောင်ပင်လယ်လောက၏တစ်ဝက်လည်း ဆုံးရှုံးခဲ့ရသည်။ စစ်ပွဲအတွင်း ကျဆုံးသွားသော အပြင်သူများနှင့်ကျင့်ကြံသူအရေအတွက်များလည်း များပြားလှသည်။
သူတို့.... ဘာကြောင့် .... တိုက်ခိုက်နေရသလဲ
ဤစစ်ပွဲ၏ ရည်ရွယ်ချက်က ဘာလဲ ။ သေနေရသောရည်ရွယ်ချက်က ဘာလဲ။ ဤအရာအားလုံး၏ အဓိပ္ပါယ်က ဘာလဲ။
သို့သော် ထိုမေးခွန်းများမှာ တကယ်တမ်း အရေးမပါပေ။ အရေးပါသည်က စစ်ပွဲသည် ဆက်ဖြစ်တော့မည်။ ရှင်ခြင်းနှင့်သေခြင်းအကြားက ထိရှလွယ်သော ဟန်ချက်သည် အမှောင်နှင့်အလင်း၏ ကွဲပြားခြားနားမှုကဲ့သို့ ပေါ်လွင်လာပေတော့မည်။
တောင်ပင်လယ်လောကသည် အနားယူ၍ နလန်ထူနေ၏။ အဖွဲ့အစည်းအသီးသီး စစ်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများကို လုပ်ဆောင်နေကြစဉ် မန်ဟိုသည် အဋ္ဌမတောင်ပင်လယ်သို့ သူ ခေါ်သွားရမည့် ရွေးချယ်ခံ ၃၃ ဦးနှင့် ဆုံတွေ့၏။
ချန်ဖန်းနှင့် ဝမ်ယိုချိုင်လည်း ပါလာသဖြင့် မန်ဟိုမှာ ဝမ်းမြောက်ဝမ်းသာသွားသည်။ ဖက်တီးမပါသော်လည်း ဘေးတွင် ဤသူငယ်ချင်းနှစ်ယောက်ရှိလာခြင်းက မန်ဟို့အား စိတ်ဖိစီးနေသည့်တိုင် သာယာကြည်နူးဖွယ်အမှတ်တရများကို ပြန်ပြောင်းသတိရသွားစေသည်။
ကျန်တောင်ပင်လယ်မှ ကျင့်ကြံသူများက မန်ဟို မသိသောလူများ ဖြစ်သည်။ သို့သော် သူတို့သည် သူ မည်သူမှန်းသိ၍ သူ့ကို မြင်လျှင်ချင်း သူတို့၏မျက်လုံးများတွင် လေးစားမှုတို့ တောက်လောင်လာ၏။
ဤရွေးချယ်တစ်ယောက်တွင်မှ တာအိုနယ်ပယ်အဆင့်ကျင့်ကြံခြင်းအခြေခံ မရှိပေ။ အကုန်လုံးက ရှေးဟောင်းနယ်ပယ်အဆင့်တွင် ဖြစ်ကြကာ တချို့က စဦးပိုင်းအဆင့်၊ တချို့က အထွတ်အထိပ်ဆင့်များ ဖြစ်ကြသည်။
သူတို့ဆုံသည်နှင့်တစ်ပြိုင်နက် ရွေးချယ်ခံအားလုံးက လက်ယှက်အရိုအသေပေးသည်။
“ဂါဝရပြုပါတယ် အိမ်ရှေ့မင်းသား”
“ဂါဝရပြုပါတယ် တောင်ပင်လယ်အိမ်ရှေ့မင်းသား”
ချန်ဖန်းသည် မန်ဟို့ကို ကြည့်လျက် ပြုံးရင်း မှီခိုရာဂိုဏ်းတုန်းက နေ့ရက်များကို သတိနေရပုံပေါ်၏။
ဝမ်ယိုချိုင်မှာတော့ အမြင်ကွယ်ခဲ့သည်မှာ ကြာလေပြီ။ သို့သော် သူ၏အသတ်အဖြတ်အရှိန်အဝါက သူ့ကို ရှိန်စရာကောင်းနေစေသည်။ မျက်လုံးမရှိသော်လည်း သူသည် မန်ဟို့ကို ကြည့်နေပုံရ၏။ တခဏကြာသော် သူက လက်ယှက်ကာ အရိုအသေပေးသည်။
လီလင်းအာ၏ခံစားချက်များမှာတော့ ရှုပ်ထွေးနေသည်။ မကြာသေးမီက သူမနှင့်မန်ဟို၏ လက်ထပ်ပွဲအကြောင်း သူမကို တစ်ယောက်မက လာ,လာမေးခဲ့ကြလေသည်။ ထိုနှစ်တုန်းက လက်ထပ်ပွဲမှ သူမ ထွက်ပြေးခဲ့သည့်ပုံစံမှာ အလွန်ကလေးဆန်ခဲ့သည်။ နောက်ပိုင်း သူမသည် မန်ဟို ထွန်းတောက်ကျော်ကြားလာသည်ကို ကြည့်ခဲ့ရပြီး တောင်ပင်လယ်စစ်ပွဲတွင် သူ၏ကြီးကျယ်ခမ်းနားသောအင်အားကိုလည်း မြင်တွေ့ခဲ့ရ၏။
တစ်ခါတစ်လေ သူမသိချင်မိသည်... လက်ထပ်ပွဲမှ ထွက်မပြေးခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။
မန်ဟိုလည်း ထွက်ပြေးခဲ့သော်လည်း ကျင့်ဝတ်ထုံးတမ်းအရ သူမသည် မန်ဟို၏လက်တွဲဖော် ဖြစ်၏။
ကျီယင်၏ခံစားချက်များက သူမထက်ပင် ပိုရှုပ်ထွေးနေသေးသည်။ အစက သူမသည် မန်ဟို့ကို ဘောင်မဝင်သူအဖြစ် မြင်ခဲ့သည်။ အချိန်ကြာလာသည့်အခါ သူမနှင့်တန်းတူ ထားခဲ့သည်။ သို့သော် သူက သူမအတွက် အရိုအသေပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိသော သူမ၏မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့်အဆင့်တူသည့်တိုင်အောင် တိုးတက်လာခဲ့လေသည်။
ထိုအဆင့်က သူ့အတွက် နောက်ဆုံးအဆင့်ဟု သူမ ယုံကြည်ခဲ့သေးသည်။ သို့သော် စစ်ကြီးဖြစ်လာသည့်အခါ မန်ဟိုက ... ခေါင်းဆောင်ကြီးအဆင့်ထက် ကျော်လွန်နေခဲ့ပြီဖြစ်ကြောင်း သူမ နားလည်သွားခဲ့၏။
သူက မည်သူမဆို ဦးညွတ်အရိုအသေပေးရမည့် လူတစ်ယောက် ဖြစ်ချေသည်။
မန်ဟိုက ရွေးချယ်ခံများကို မျက်လုံးဝေ့ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း စကားပြောသည်။
“ငါ ငရဲဘုံ ၃၃ ဘုံကို အရင်က ရောက်ဖူးတယ်။ အဲဒီနေရာက တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူတွေအတွက် ပါရာဂွန်ကိုးတံဆိပ် ပြင်ဆင်ထားခဲ့တဲ့နေရာပဲ။ သူက အံ့မဖွယ်ကံကြမ္မာကောင်းကို ပါရာဂွန်အင်မော်တယ်လောကရဲ့စစ်ပွဲကတည်းက အဲဒီမှာ ချုပ်နှောင်ခံထားရတဲ့ အစွမ်းထက်ပညာရှင် ၃၃ ယောက်အဖြစ်နဲ့ ထားခဲ့တယ်
“အဲဒီပညာရှင်တွေရဲ့ အပြင်အားကိုယ်တွေဟာ ဖျက်စီးခံလိုက်ရပေမယ့် ဝိညာဉ်တွေ ကျန်ခဲ့တယ်။ အဲဒီဝိညာဉ်တွေက စွမ်းအားအရင်းအမြစ်တွေလိုပဲ။ မင်းတို့ သူတို့ကို စုပ်ယူနိုင်ရင် ကျင့်ကြံအဆင့်က တဟုန်ထိုးမြင့်တက်သွားလိမ့်မယ်
“ဒါပေမဲ့ လုပ်ရတာက ပြောတာလောက် မရိုးရှင်းဘူး။ မလွယ်ဘူး။ အသက်အန္တရာယ်ရှိတယ်
“မင်းတို့ အောင်အောင်မြင်မြင် မစုပ်ယူနိုင်ရင် သေရလိမ့်မယ်... ဒါ့အပြင် အောင်မြင်သွားလို့ ကျင့်ကြံအဆင့် မြင့်တက်သွားရင်တောင်မှ မင်းတို့ ပေးဆပ်ရမယ့် တန်ကြေးက ... နောင်တစ်ချိန် မင်းတို့ကျင့်ကြံအဆင့်ကို မြှင့်တင်တဲ့အခါ အင်မတန်ခက်ခဲသွားလိမ့်မယ်
“ပြောရရင် တက်လမ်းမရှိတော့ဘူး။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ မင်းတို့ကျင့်ကြံအဆင့်က တာအိုဥသျှောင်အဆင့်အောက် ရောက်မှာမဟုတ်ဘူး။ ဒါ့အပြင် အသက်စွမ်းအားတချို့ သုံးဖို့ သက်တမ်းကို စတေးနိုင်ရင်တော့ ... တာအိုဥသျှောင်အဆင့်ထက် ကျော်လွန်တဲ့ ကျင့်ကြံအဆင့်ကို ရရှိမယ်။ ဒါမဲ့ ... အဲဒါက နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုပဲ ခံမှာ။ ပြီးရင် ထာဝရသေရလိမ့်မယ်”
ဤစကားကို ကြားလျှင်ချင်း ရွေးချယ်ခံ ၃၃ ယောက်မှာ ပင့်သက်ရှိုက်မိလိုက်ကြသည်။ ဤသည်မှာ သူတို့နားလည်ထားသည်နှင့် မတူပေ။ သို့သော် မန်ဟို၏ လေးနက်သောမျက်နှာအမူအရာအရ ... သူ အမှန်ပြောနေကြောင်း သိသာသည်။
ရွေးချယ်ခံ ၃၃ ယောက်မှာ တိတ်ဆိတ်သွားသော်လည်း တစ်ယောက်မှ နောက်မဆုတ်ကြပေ။
မန်ဟိုက သူတို့ကို လှမ်းကြည့်ကာ ပြောသည်။ “အထဲဝင်တာနဲ့ ငါ မင်းတို့အားလုံးကို စောင့်ကြပ်ပေးမယ်။ ငရဲဘုံ ၃၃ ဘုံထဲမှ ရှိတဲ့ ကံကြမ္မာကောင်းကို ငါတို့အတူတူ သွားယူကြမယ်။ ပြီးတော့ ငရဲဘုံ ၃၃ ဘုံထဲက အပြင်သူသားရဲ ၃၃ ကောင်က ငရဲဘုံတွေ ပျောက်ကွယ်သွားတာနဲ့ ထွက်လာကြမှာ” ဤအချက်အလက်အများစုကို ပါရာဂွန်ပင်လယ်အိပ်မက်မှ မန်ဟို့ကို ပြောပြထားခြင်းဖြစ်သည်။
“အခု နောက်ဆုတ်ဖို့ အချိန်ရှိသေးတယ်။ မင်းတို့တစ်ယောက်မှ နောက်မဆုတ်ကြဘူးဆိုရင်တော့ ... ငရဲဘုံ ၃၃ ဘုံဆီ သွားကြစို့”
မန်ဟိုသည် သူတို့၏မျက်ဝန်းများအတွင်း၌ ခိုင်မာပြတ်သားမှုကို မြင်ရနိုင်၏။ သူတို့အနေဖြင့် သူတို့စိတ်ကို သူ နားလည်အောင် ဖွင့်ဟပြောဖို့ မလိုအပ်ပေ။
တောင်ပင်လယ်လောက မတည်ရှိတော့လျှင် တက်လမ်းတွေ၊ အနာဂတ်တွေအကြောင်း ပြောနေလည်း အပိုပေ။ ဤကံကြမ္မာကောင်းက အရဲစွန့်ရာကျပြီး မိမိအတွက် ထိခိုက်မှုဖြစ်စေသော်လည်း တောင်ပင်လယ်လောက ရှင်သန်နိုင်မည့်အခွင့်အရေးအား ပေးနိုင်သည်။
နောက်တစ်ခွန်းထပ်မဆိုတော့ဘဲ မန်ဟိုက အင်္ကျီလက်စကို ခါကာ တစ်ဖွဲ့လုံးအား အဋ္ဌမတောင်ပင်လယ်သို့ ခေါ်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ ပိတ်ပိန်းမှောင်မိုက်နေသော ဧရိယာအနားရောက်လာသည့်အခါ မန်ဟိုသည် သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံစွမ်းအာဖြင့် ဝင်ပေါက်တစ်ပေါက်အား ဖွင့်လိုက်၏။
အပေါက်ထဲ ဝင်လိုက်သည့်အခါ ရွေးချယ်ခံ ၃၃ ယောက်သည် အဆုံးမဲ့သောမြူထုတစ်ခုအတွင်း ရောက်သွားသည်ကို တွေ့လိုက်ရ၏။ မြူထု၏အောက်တွင် မှော်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့၍ အက်ကွဲနေသောမြေပြင်များကို မြင်သည်ဆိုရုံကလေးမြင်ရနိုင်သည်။
တဖွးဖွေးလှုပ်နေသော မြူများအတွင်း၌ အကျယ်ကြီးဟိန်းဟောက်လိုက်သော ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။ ရုတ်တရက် သံကြိုးရှည်တစ်ချောင်းသည် မန်ဟိုနှင့်ရွေးချယ်ခံများဘက် ပျံသန်းလာ၏။
တစ်ချိန်တည်းမှာပင် ရှိရှိသမျှလူအားလုံး၏ စိတ်နှလုံးကို တုန်ရီသွားစေသော အသံတစ်သံ ထွက်လာသည်။
“ဆာတယ်... ဆာတယ်... အရမ်းဆာတယ်....”
မန်ဟို့နောက်ရှိ လူတိုင်းအတွက် ဤနေရာသို့ ပထမဆုံးအကြိမ် လာဖူးခြင်းဖြစ်၍ ထိုအရိပ်ကြီးက သူတို့ကို သတိလစ်တော့မည့်အလား တုန်လှုပ်သွားစေသည်။
မန်ဟိုက အေးစက်စက်နှာမှုတ်လျက် သူ၏လက်ချောင်းအား သံကြိုးရှိရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။
“ဖယ်စမ်း” သူက ပြောသည်။
နှာမှုတ်သံသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသဖြင့် သူ့အနောက်ရှိ လူအုပ်ကြီးအား ထိတ်လန့်သွားစေ၏။ သူ့စကားလုံးများကား သဘာဝနိယာမ၏ဖိအားကို သယ်ဆောင်လာသည့်အလား ထင်ရရာ သံကြိုးသည် တုန်ခါပြီးနောက် ဖောက်ကွဲသွားတော့သည်။
မန်ဟို့အသံက မြားတစ်စင်းသဖွယ် မြူများကို ခွင်းလျက် ဧရာမအရိပ်ကြီးထံ ပြေးဝင်သွားသော ကိုယ်ပျောက်မှော်သင်္ကေတများအသွင် ပြောင်းသွားသည်။
ထို့နောက် သူက လက်ချောင်းကို ရှေ့နောက်လှုပ်ခါလိုက်ရာ သူတို့ပတ်ပတ်လည်တစ်ကမ္ဘာလုံးမှာ တဂျုန်းဂျုန်းမြည်လာသည်။ မြူများသည် တဖြေးဖြေး ဘေးသို့ ရှဲကုန်ကြ၏။
မကြာမီ....၎င်းတို့အတွင်း၌ ငုပ်လျှိုးနေခဲ့သော အရာ ပေါ်လာသည်။
၎င်းသည် သံကြိုးများဖုံးနေသော ဘီလူးကြီးတစ်ကောင်ပင်။ ၎င်း၏မျက်ဝန်းများအရ အသိစိတ်ရှိပုံရပြီး မန်ဟို့အကြည့်အောက်တွင် ကြောက်ရွံ့တုန်ရီနေသည်။
“ဒါက ငရဲဘုံ ၃၃ ဘုံထဲက ပထမဆုံးအပြင်သူသားရဲပဲ" မန်ဟိုက အေးစက်စက် ပြောသည်။ ထို့နောက် ရွေးချယ်ခံများနှင့်အတူ ရှေ့ဆက်သွားသည်။
သူတို့ ဘီလူးကြီးဘေးမှ ဖြတ်သွားသည့်အခါ ၎င်းသည် တစ်ချိန်လုံး ဟိန်းဟောက်နေသော်လည်း မျက်ဝန်းများတွင် ကြောက်စိတ်တို့ ပြည့်နေကြောင်း တွေ့လိုက်ရ၏။ သိသိသာသာပင် ၎င်းကြောက်သည်က ရွေးချယ်ခံများမဟုတ်ဘဲ မန်ဟိုပင်။
၎င်းသည် မန်ဟို့နှင့် သူ့ကိုယ်ပေါ်ရှိ အသတ်အဖြတ်အရှိန်အဝါကို ကြောက်နေ၏။
ထိုအရှိန်အဝါမှာ သင့်တော်သောကျင့်ကြံအဆင့်မရှိသရွေ့ ခံစားမရသော အရှိန်အဝါဖြစ်သည်။ သို့သော် ခံစားရနိုင်သူများသည် .... သူ ပါရာဂွန်များကို သတ်ခဲ့ကြောင်း ပြောနိုင်သည်။
မန်ဟိုက ရွေးချယ်ခံအုပ်စုကို ပထမဧရိယာရှိ ဗဟိုကျောက်တိုင်သို့ ဦးဆောင်ခေါ်သွားပြီး အထဲသို့ဦးတည်နေသော အကွဲကြောင်း၏အစပ်သို့ ရောက်သောအခါ သူတို့နောက်ရှိ ဘီလူးကြီးက မဝံ့မရဲ လှမ်းမေးသည်။ “မင်း.. ပါရာဂွန်တွေကို ... သတ်ခဲ့တာလား”
“အင်း။ တစ်ယောက်ကို သတ်တယ်။ တစ်ယောက်ကို ကျွန်ပြုတယ်။ နောက်တစ်ယောက်ကျ ခန္ဓာဖောက်ခွဲအောင် ဖိအားပေးနိုင်ခဲ့တယ်။ မင်းက ပါရာဂွန်အဆင့်နဲ့အဝေးကြီး။ မပူနဲ့ ငါ မင်းကို မသတ်ဘူး” ထို့နောက် မန်ဟိုက အကွဲကြောင်းထဲ ဝင်လိုက်၏။ သူ့အနောက်ရှိ ရွေးချယ်ခံများမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်ပြီးနောက် ကပျာကယာ လိုက်ဝင်သွားကြလေသည်။
လီလင်းအာ၏မျက်နှာလေးမှာ ထူးဆန်းနေပြီး ချန်ဖန်းက ခပ်ဟက်ဟက် ရယ်လိုက်သည်။ ဝမ်ယိုချိုင်၏နှုတ်ခမ်းများမှာတော့ တုန်ရီနေ၏။ တစ်ယောက်မှ ဘာမှမပြောသော်လည်း မန်ဟို့စကားက သူတို့အတွက် အတော်လေးမောက်မာလှလေသည်....
သံကြိုးများဖြင့် ရစ်ပတ်ခံထားရသော ဘီလူးခမျာ ကြောက်ကြောက်လန့်လန့် ပင့်သက်ရှိုက်မိလိုက်သည်။ သူ၏ဦးနှောက်သေးသေးလေးမှာ သိပ်များများစားစား မကစားနိုင်ပေ။ မန်ဟို့ကိုယ်ပေါ်ရှိ အရှိန်အဝါကို ခံစားလိုက်ရပြီး သူ့စကားကိုလည်း နားလည်လိုက်၍ ၎င်းမှာ တဆတ်ဆတ်တုန်လာပြီး နောက်ဆုံးဦးညွှတ်အရိုအသေပေးလိုက်တော့၏။