← Chapters

တောင်တွေ ပြို၍ ပင်လယ်တွေ ဖျက်စီးခံလိုက်ရပြီ

Vol. 99 Ch. 1373

တောင်တွေ ပြို၍ ပင်လယ်တွေ ဖျက်စီးခံလိုက်ရပြီ

Vol. 99 Ch. 1373

မြေထုကြီးများဖြင့် တောင်ပင်လယ်လောကအား ထုနှက်ဖျက်စီးခြင်းသည် မိုက်ရူးရဲဆန်သောအပြုအမူ ဖြစ်၏။ ၎င်းက ရွှမ်းဖန် ကောင်းကင်ဘုံ (၂) မှစ၍ အသုံးပြုခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ရန် ဒဏ္ဍာရီနဂါးကို တာဝန်ပေးခဲ့သော ဗျူဟာတစ်ခုဖြစ်သည်။ သို့သော် ပေးဆပ်ရသည့်တန်ဖိုးမှာ ... ကောင်းကင်ဘုံ ၃၃ ဘုံလုံး၏ ပျက်သုဉ်းမှုပင်။

ထိုအစီအစဉ်သာ အောင်မြင်မှုကို သိမ်းပိုက်ပေးနိုင်လျှင်တော့ တန်ကောင်းတန်လိမ့်မည်။ သို့သော် ယခုတော့ ... ရွှမ်းဖန်သည် ထိုအောင်မြင်မှုကို ဘယ်တော့မှ မြင်နိုင်တော့မည်မဟုတ်ပေ။ နောက်ဆုံးတော့ ... သူ သေရပေတော့မည်။

“ငါ သေပြီးရင် ..... တကယ့်ကပ်ဘေးကြီး လာလိမ့်မယ်” ရွှမ်းဖန်၏ရယ်သံမှာ စိတ္တဇဆန်သည်။ ကောင်းကင်ဘုံ (၂) နှင့် ကျန်ကောင်းကင်ဘုံများကို စတေးခဲ့ပြီးကတည်းက သူသည် သူမသေခင် တောင်ပင်လယ်လောကကို ချေမှုန်းဖို့ မည်သည့်အရာကိုမဆို အသုံးပြုဖို့ စိတ်ပိုင်းဖြတ်ထားပြီး၏။

တောင်ပင်လယ်လောကကို ပျက်စီးထိခိုက်စေ၍ ကောင်းကင်ဘုံ(၁၇)နှင့် အထက်ကောင်းကင်ဘုံများအတွက် အခွင့်အရေးရှာပေးနိုင်မည့် နည်းလမ်းဆို၍ ဤတစ်နည်းသာ ရှိသည်။

“ဒါက .... ငါ လုပ်နိုင်တာအကုန်ပဲ" သူက ပြောရင်းဆိုရင်း အင်္ကျီလက်စကို ဝှေ့ယမ်းကာ အပြင်သူသိန်းသန်းပေါင်းများစွာ ဝိုင်းလျက်ရှိသော မြေထုကြီးများအား တောင်ပင်လယ်လောကထံ စေစားလိုက်သည်။

ထို့နောက် ရွှမ်းဖန်သည် မျက်လုံးများကို ပိတ်လိုက်သည့်အခါ ကမ္ဘာပျက်သုဉ်းစေနိုင်သော ပေါက်ကွဲအား ထုတ်လွှတ်ခံလိုက်ရ၏။

ဝုန်းးးးးးးးးးးးးးးးးး

ရွှမ်းဖန် ပေါက်ကွဲသွားပြီ။ ဒဏ္ဍာရီနဂါး၏ကိုယ်ပွား ခန္ဓာဖောက်ခွဲခဲ့သကဲ့သို့ ပေါက်ကွဲမှုမျိုးမဟုတ်။ ပါရာဂွန်အစစ်တစ်ဦး၏ တစ်ကိုယ်လုံးဖောက်ခွဲဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကျဆင်းမထားခဲ့သည့်အပြင် ဒဏ်ရာရထားခဲ့သော်လည်း ပါရာဂွန်အဆင့်၌သာ ရှိနေသေးလေသည်။

သူက သူ၏ကိုယ်ပိုင်အနှစ်သာရကို ပေါက်ကွဲမှုအတွင်း ထည့်နိုင်သည်။ ကြယ်တာရာကောင်းကင်မှာ မီးဟုန်းဟုန်းတောက်သွားပြီး ကောင်းကင်များ တုန်ရီလျက်ရှိကာ တောင်ပင်လယ်တစ်လောကလုံး လှုပ်သွားတော့သည်။

ပေါက်ကွဲအားက ပတ်ဝန်းကျင်ရှိ ပရမ်းပတာဖြာထွက်သွားခြင်းမရှိ။ ရွှမ်းဖန်သည် အားလှိုင်းကို ကောင်းကင်ဘုံမြေထုများဆီ လမ်းကြောင်းပေးကာ တောင်ပင်လယ်လောကအပေါ်သို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကျဆင်းသွားစေ၏။

တောင်ပင်လယ်လောကသည် ကောင်းကင်ဘုံမြေထုများဖြင့် ထုနှက်ခံရမည့်ဘေးအတွက် ပြင်ဆင်ထားခဲ့သော်လည်း ယခုဖြစ်ရပ်က ယခင်ဖြစ်ရပ်များနှင့် မတူပေ။ ဤတစ်ကြိမ်တွင် မြေထုများမှာ ရွှမ်းဖန်၏ပေါက်ကွဲအားဖြင့် တွန်းချခံလိုက်ရသဖြင့် ကြောက်ခမန်းလိလိအရှိန်ဖြင့် ထိုးကျလာသော ဓားသွားများသဖွယ် ဖြစ်နေသည်။

စစ်ပွဲကား ဘာနှင့်မှမယှဉ်နိုင်အောင် ပြင်းထန်လာခဲ့ချေပြီ။

တဝုန်းဝုန်းပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ကြယ်တာရာကောင်းကင်သည် တသိမ့်သိမ့်တုန်ခါနေပြီး မြေငလျင်များ လှုပ်ခတ်နေ၏။ တောင်ပင်လယ်လောကနှင့် အနီးဆုံးမြေထုအပေါ်တွင် ပင်လယ်တွေ အငွေ့ပျံကာ တောင်တွေ ပြိုကျကုန်သည်။ မြေထုတစ်ခုလုံးသည် စိစိညည်ညက်ကြေ၍ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။

တာအိုဆရာအစည်းအရုံးသုံးခုက သူတို့၏အနက်နဲဆုံးတာအိုကျမ်းစာများကို ဆင့်ခေါ်လျက် အံ့ဖွယ်အကောင်းဆုံးတာအိုသိုင်းကွက်များဖြင့် တစ်ပြိုင်တည်း တိုက်ခိုက်နေသည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့သည်လည်း လာနေသောမြေထုများအား တိုက်ခိုက်ဖို့ တာအိုအရိပ်များစွာကို မဆိုင်းမတွ ပစ်လွှတ်နေသည်။

မြင့်မြတ်သောရေစီးဓားဂူက ဓားပျံတစ်သိန်းရှစ်သောင်းဖြင့် ဧရာမဓားဝင်္ကပါကြီးတစ်ခုကို ဖော်ဆောင်ကာ မြေထုများထံ ခွင်းသွားစေ၏။

ကိုးပင်လယ်နတ်လောကမှာ အားလုံးအထဲ ပျက်စီးမှုအများဆုံးခံစားခဲ့ရသည့်တိုင် ကြောက်မက်ဖွယ်အရင်းအမြစ်များကို ဆင့်ခေါ်လိုက်သေးသည်။ မရေမတွက်နိုင်သောပင်လယ်နဂါးများသည် ကျင့်ကြံသူများနှင့် ပျံထွက်လာကြ၏။ နတ်လောကမုခ်ဝများစွာ ပေါ်လာပြီး ၎င်းတို့ပွင့်လျှင်ချင်း ဘီလူးကြီးတစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။

ထို့နောက် ဘီလူးကြီးများက လက်ချင်းချိတ်ကာ မြေထုများ၏ဝင်တိုက်မှုအတွက် တောင့်ခံပေးမည့် တံတိုင်းကြီးတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။

ကျမ်းဆရာသုံးဦး၏ တပည့်များလည်း သူတို့၏မှော်ပစ္စည်းများဖြင့် အံ့ဖွယ်တိုက်ကွက်များ ထုတ်လွှတ်လျက် ဝင်ရောက်တိုက်ခိုက်သည်။

ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူမပါးစပ်မှ သွေးများစီးကျနေသည်။ ဆိုးရွားနေပြီဖြစ်သော သူမ၏ဒဏ်ရာများအပေါ် သက်ရောက်မှုရှိနိုင်ခြေကို လျစ်လျူရှုရင်း သူမသည် မြေထုများထံ ပျံသန်း၍ ၎င်းတို့ကို တိုက်ခိုက်တော့၏။

ယခုတွင် ပါရာဂွန်ရုပ်သေးရုပ်က မန်ဟို့ထိန်းချုပ်မှုအောက်တွင် ဖြစ်၍ ၎င်းလည်း ပျံထွက်သွားသည်။

ထို့နောက် မန်ဟိုနှင့် ခိတိဂဗ္ဗ။ ဤအခိုက်အတန့်တွင် သူတို့သည် လာနေသောမြေထုများကို တားဖို့ ဘာကိုမဆို လုပ်နေကြ၏။

ကောင်းကင်ဘုံမြေထုများမှာ ဆက်တိုက်ဖြိုခွင်းခံနေရသည်။ သို့ထိတိုင် အပိုင်းအစများသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တောင်ပင်လယ်လောကအပေါ် ရွာကျနေ၏။ ၎င်းတို့ဖြတ်သွားသည့်နေရာတိုင်းတွင် ပျက်စီးမှုများဖြစ်ကုန်သည်။ ကျင့်ကြံသူများမှာ လက်ဝါးကြီးဖြင့် ရိုက်ချခံနေရသော ပုရွက်ဆိတ်လေးများသဖွယ် တဖြုတ်ဖြုတ် သေနေကြရသည်။ မချိတင်ကဲအော်ဟစ်သံများမှာ ငရဲကျနေသလို ပွက်လောရိုက်နေတော့သည်။

တောင်ပင်လယ်ကျင့်ကြံသူများသည် မြေထုများကို တိုက်ခိုက်ဖို့ မှော်ပင်လယ်ကြီးတစ်စင်းအား ပေါင်းလွှတ်လိုက်ကြသော်လည်း ... မတားနိုင်သည်သာ။

ဝုန်း

မြေထုများအနက်မှ တစ်ခု၏အစိတ်အပိုင်းကြီးတစ်ခုသည် ပျက်စီးနေသည့်တိုင် တတိယပင်လယ်ကို အငွေ့ပျံစေ၍ တတိယတောင်ကိုပင် ဝင်တိုက်နိုင်သည်အထိ အင်အားကြီးမားသေး၏။

တောင်တွေ စိစိညက်ညက် ပြားကပ်ကုန်ပြီ။

ပင်လယ်တွေ အငွေ့ပျံပျက်စီးကုန်ပြီ။

မန်ဟို့ထံမှ အလင်းမြားများက ကောင်းကင်ဘုံမြေထုများကို ပစ်ခွင်းကာ အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်နေသည်။ သို့သော် ထိုမျှသာ သူ တတ်နိုင်သည်။ တာအိုဆရာအစည်းအရုံးသုံးခု၊ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် အခြားသူများ၏ အားထုတ်မှုတို့ဖြင့်ပင် မြေထုခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ ဖျက်စီးနိုင်ခဲ့ရာ တောင်ပင်လယ်များအား ကယ်တင်ဖို့ မလုံလောက်ပေ။

မကြာမီ တတိယတောင်မှာ ရစရာမရှိအောင် ပျက်စီးသွားတော့သည်။ တောင်ပင်လယ်တစ်လောကလုံး ဖရိုဖရဲဖြစ်ကုန်သည်။ ကျင့်ကြံသူများမှာ တတိယတောင် ပြားကပ်သွားသည်ကို ကြည့်ရင်း အော်ဟစ်မငိုကြွေးမိဘဲ မနေတော့ပေ။ အထူးသဖြင့် တတိယတောင်ပင်လယ်မှ ကျင့်ကြံသူများမှာ မျက်ရည်ဖြိုင်ဖြိုင်စီးကျနေ၏။

သူတို့၏အိမ် .... မရှိတော့ပေ။

တတိယတောင်ထိပ်ရှိ ရွှမ်းဝူလိပ်ကြီးသည် သနားစဖွယ် သေဆုံးသွား၏။ တတိယတောင်မှာ ပျောက်ကွယ်သွားခဲ့သော်လည်း ၎င်းပျက်စီးသွားခဲ့သော အသံများက တောင်ပင်လယ်ကျင့်ကြံသူများ၏ နားထဲတွင် ပဲ့တင်ထပ်နေသေးလေသည်။ အော်ဟစ်ငိုယိုကြသူများ တစတစများပြားလာသည်။

ထို့နောက် စတုတ္ထပင်လယ်၏ ပျက်စီးမှု။

စတုတ္ထပင်လယ်မှာ မြူမှုန်လေးများထက် မပိုတော့ပေ။ ထို့နောက် စတုတ္ထတောင်လာသည်.... စတုတ္ထတောင်နှင့်ပင်လယ်သည် ဘဝပြန်ဝင်စားခြင်းနှင့် မြေအောက်ကမ္ဘာကို ကိုယ်စားပြု၏။ သို့သော် ယခုတော့ ၎င်းမှာ ဘာဆိုဘာမှမကျန်တော့အောင် ကြေမွသွားတော့သည်။

ယခုအချိန်မှစ၍ တောင်ပင်လယ်လောကတွင် နေနှင့်လ ရှိတော့မည်မဟုတ်သလို၊ ဘဝပြန်ဝင်းစားခြင်းလည်း ကင်းမဲ့သွားလေပြီ။

ငိုနေကြသူများ များပြားလာသော်လည်း ထိုမျက်ရည်များက ပို၍ပင်မယိုင်လဲသော ပြတ်သားမှုကို ဖော်ပြနေသည်။

မြေထုကြီးများ၏ အစအနများက ပဉ္စမပင်လယ်ကို မီးလောင်တိုက်သွင်းပြီးနောက်ဆုံး ရပ်တန့်သွားသည်။ ရွှမ်းဖန်သည် သူ့အသက်ကို အဆုံးသတ်ဖို့ ခန္ဓာဖောက်ခွဲခဲ့သော်လည်း သူ၏သေဆုံးမှုနှင့်အတူ တောင်ပင်လယ်လောကကိုပါ အကြီးအကျယ်ပျက်စီးဆုံးရှုံးသွားစေခဲ့၏။

ကျဆုံးသွားခဲ့သော ကျင့်ကြံသူများကား ရေတွက်၍ပင်မရပေ....

ထိုမျှသာမက တောင်ပင်လယ်လောကသည် ထိုတိုက်ကွက်ကို ခုခံဖို့ အစွမ်းကုန်ထုတ်ခဲ့၏။ အစွမ်းကုန်သာမထုတ်ခဲ့လျှင် ပျက်စီးမှုက ပဉ္စမတောင်ခြေမှာတင် ရပ်သွားခဲ့မည်မဟုတ်ပေ။

တောင်ပင်လယ်လောကအတွက် ပျက်စီးဆုံးရှုံးရမှုများ သည့်ထက်ပို၍ပင် များပြားလိမ့်မည်။

ယခုတွင် ကောင်းကင်ဘုံမြေထုများ၏တိုက်ခိုက်မှု ပြီးဆုံးသွားပြီဖြစ်၍ အပြင်သူများ ဝင်ရောက်လာသည်။ စစ်ပွဲသည် မည်သို့မည်ပုံတုံ့ပြန်ရမလဲ စဉ်းစားရန် အချိန်မရသည့်တိုင်အောင် အရှိန်အဟုန်အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့၏။

ကျင့်ကြံသူများသာမက အပြင်သူများလည်း စဉ်းစားနေရန် အချိန်မရပေ။

သို့သော် တိုက်ပွဲကား ရပ်တန့်ခြင်းမရှိ။ အပြင်သူသန်းပေါင်းများစွာ မျက်ရည်ဖြိုင်ဖြိုင်စီးကျနေသော ကျင့်ကြံသူများနှင့် သူသေကိုယ်သေ တိုက်ခိုက်နေကြသည်။

ပါရာဂွန်များ တိုက်ခိုက်နေသည်။ တာအိုနယ်ပယ်ပညာရှင်များ တိုက်ခိုက်နေသည်။ အင်ပါယာသခင်များသည် မည်သည့်နတ်ဘုရားစွမ်းရည်များ မချန်ထားပေ။ နှစ်ဖက်ဆုံတွေ့လျှင်ချင်း သွေးချောင်းစီးလာ၏။ အရာအားလုံး သွေးရောင်စွေးနေပြီး ကြယ်တာရာကောင်းကင်မှာလည်း ကြက်သွေးရောင်တောက်နေတော့သည်။

မီးတောက်မီးလျှံများက ပဉ္စမတောင်၏အရှေ့တွင် ဟုန်းဟုန်းတောက်နေသည်။ သွေးများသည် ရေများသဖွယ် တသွင်သွင် စီးဆင်းနေပြီး တိုက်သံခိုက်သံများက ဆူညံပွက်လောရိုက်နေသည်။

အပြင်သူအရေအတွက်ကား မြောက်မြားလှသော်လည် စစ်မြေပြင်ထက်၌ တောင်ပင်လယ်ကျင့်ကြံသူများလည်း ရှိချေရာ ဘယ်သူဘယ်ဝါခွဲခြားရခက်နေ၏။

မန်ဟိုက စစ်မြေပြင်ပေါ်တွင် ရှိပြီး သူ မည်သည့်နေရာသွားသွား သေခြင်းတရားက လိုက်ပါလာသည်။ သူ၏မျက်လုံးနီကြီးများက ပတ်ဝန်းကျင်ရှိ အပြင်သူများကို စိုက်ကြည့်နေပြီး ဤအချိန်တွင် သူ့အနေဖြင့် သတ်ဖြတ်ရန် မှော်သိုင်းကွက်များကို ထုတ်လွှတ်စရာမလိုတော့ပေ။ သူက အပြင်သူများကို လွှမ်းခြုံ၍ သူတို့၏အသက်စွမ်းအားကို စုပ်ယူနေသော သွေးပင်လယ်တစ်စင်းအသွင် ပြောင်းသွားသည်။

ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်လည်း ရှိနေသည်။ သူတို့နှစ်ယောက်လုံးသည် မန်ဟိုနှင့်ဆင်တူသော ဗျူဟာများကို သုံးရင်း အပြင်သူအင်ပါယာသခင်များကို သုတ်သင်နေ၏။ တောင်ပင်လယ်ကျင့်ကြံသူများက အမျက်ဒေါသတို့ဖြင့် တိုက်ခိုက်နေသလို အပြင်သူများကလည်း သွေးရူးသွေးတန်း တိုက်ခိုက်နေကြသည်။ အစုလိုက်အပြုံလိုက် သေနေမှုများကား ချောက်ချားစရာကောင်း၏။

ရှေ့တန်းရှိ စစ်သည်များ ပင်ပန်းလာလျှင် သူတို့အစား ဆက်လက်တိုက်ခိုက်ပေးမည့်သူများ အသင့်ရှိသည်။ ပဉ္စမတောင်၏အပြင်တွင် ဖြစ်ပွားနေသော စစ်ပွဲကား မည်သည့်အချိန်အဆုံးသတ်မည်လဲ ပြောရခက်သည်။

အပြင်သူအရေအတွက်သည် ကြောက်ခမန်းလိလိ လျော့ကျနေ၏။ တာအိုဆရာအစည်းအရုံးသုံးခု၊ ကျမ်းဆရာတပည့်သုံးယောက်နှင့် ကျန်တောင်ပင်လယ်ကျင့်ကြံသူများ၏ စည်းလုံးသောအင်အားက ပဉ္မမတောင်ထံ ချီတက်လာကြသော အပြင်သူသန်းပေါင်းများကို ကြိတ်ဆုံကြီးလို ချေမှုန်းနေကြသည်။

တစ်ချိန်လုံး ကောင်းကင်ဘုံ (၁၇) မှ ကောင်းကင်ဘုံ (၃၃) အထိသည် မျိုသိပ်လျက်သာ ကြည့်နေကြ၏။ သူတို့က ဝင်ရောက်ဟန့်တားခြင်းမပြုဘဲ တောင်ပင်လယ်လောက၏ ဗျူဟာများကို အကဲခတ်လေ့လာမှတ်သား၍ သူတို့ကို ရင်ဆိုင်ရန် နည်းလမ်းများကို နိမိတ်ဖတ်ကြည့်နေကြသည်။

နောက်ဆုံးတော့ စစ်ပွဲပြီးဆုံးသွား၏။ ယခုတွင် ပဉ္စမတောင်အပြင်၌ သွေးပင်လယ်ကြီးတစ်စင်း အိုင်ထွန်းနေလေပြီ။ ကူကယ်ရာမဲ့နေသော အပြင်သူစစ်တပ်မှ လက်ကျန်များသည် ဖရိုဖရဲ ထွက်ပြေးသွားကြပြီး တောင်ပင်လယ်ကျင့်ကြံသူများမှာ လိုက်ဖမ်းဖို့ ခြေကုန်လက်ပန်းကျနေ၍ သူတို့အား အလွတ်ပေးထားကြသည်။

မန်ဟို့မျက်လုံးများ ဝါးလာပြီး သူ့ကျင့်ကြံခြင်းအခြေခံမှာ ခမ်းခြောက်နေသည်။ သူသည် သတိပြန်ကပ်အောင် လျှာထိပ်ကို ကိုက်၍ သွေးတို့ဖြင့် စေးပိုင်လျက် ကပ်နေသော အဝတ်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းကား ရွံ့စရာကောင်းပေသည်။

သူသည် ကြယ်တာရာကောင်းကင်ကို တခဏမော့ကြည့်ပြီးနောက် ဒဏ်ရာများကို ကုစားဖို့ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများပိတ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်စဉ်တွင် တောင်ပင်လယ်ကျင့်ကြံသူများ၏ငိုသံက သူ့နားထဲသို့ ရောက်ရှိလာ၏။

သူတို့သည် သူတို့၏အိမ်အတွက် ငိုနေ၏။ ကျဆုံးသွားသော သူတို့၏မိတ်ဆွေများ၊ မိသားစုဝင်များအတွက် ငိုနေ၏။ သူတို့နှလုံးသားထဲ၌ ပူဆွေးမှုတို့ ပြည့်ကြပ်စုဝေးလာသဖြင့် ငိုနေကြသည်။

စစ်ပွဲမပြီးသေးကြောင်း သဘောပေါက်သဖြင့် မန်ဟို့မှာ ခါးသီးလာသည်။ သို့သော်လည်း အဆိုးများကြားထဲမှ အကောင်းအနေဖြင့် တောင်ပင်လယ်လောကက.... အောင်နိုင်မှုကို နောက်တစ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ပြန်လေပြီ။

သူတို့သည် ကောင်းကင်ဘုံ (၁) ၏ တိုက်ခိုက်မှုကို တွန်းလှန်၍ ကောင်းကင်ဘုံ (၂) မှ ကောင်းကင်ဘုံ (၆) အထိကို ခုခံကာ ကောင်းကင်ဘုံ (၇) မှ (၁၆) အထိအား တားမြစ်နိုင်ခဲ့၏။ ပေးဆပ်ခဲ့ရသော တန်ဖိုးမှာလည်း ရင်နာစရာကောင်းသည်။ တောင်ပင်လယ်လေးခုလုံး ဖျက်စီးခံခဲ့ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ ကျဆုံးသွားခဲ့သည်။ နေနှင့်လကိုလည်း ဆုံးရှုံးလိုက်ရသည်။ သို့သော် ... အနိုင်ရခဲ့သေး၏။

အနိုင်ရသော်လည်း ကျန်ခဲ့သူများ၏ရင်ထဲတွင် ပျော်ရွှင်မှုကို ရှာမတွေ့ရပေ။ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြသည်။ ရှုချင်၊ ဖန်မျိုးနွယ်ဝင်များနှင့် မန်ဟို့မိတ်ဆွေအားလုံး စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ယခု စစ်ပွဲ ခေတ္တရပ်သွားသည့်အခါ လူတိုင်းလူတိုင်းသည် သူတို့၏အတွေးများနှင့် ခံစားချက်များထဲတွင် နစ်မျောနေကြ၏။

သူတို့ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်လျှင် ခံစားချက်များ ရှုပ်ထွေးလာသည်။ စစ်ပွဲသည် တစ်ဝက်ပင်မပြီးဆုံးသေးကြောင်း သူတို့ သိသည်။ မကြာမီ ... ကောင်းကင်ဘုံ (၁၇) မှ ကောင်းကင်ဘုံ (၃၃) အထိ သူတို့ ရင်ဆိုင်ရပေဦးမည်။

ထိုစစ်ပွဲက .... နောက်ဆုံးစစ်ပွဲ ဖြစ်မည်။

တောင်ပင်လယ်လောကအတွက် နောက်ဆုံးစစ်ပွဲ။ ရန်သူသည် သူတို့အသုံးပြုခဲ့သော နည်းလမ်းများကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိမ့်မည်။ ထိုမျှသာမက ... လာမည့်ပါရာဂွန်များက ပို၍ပင်အစွမ်းထက်သည်။

ထိုအခါ ...

တစ်ဖက်မဟုတ် တစ်ဖက် အမြစ်ဖြုတ်သုတ်သင်ခံရလိမ့်မည်။

ရှုချင်မှတစ်ဆင့် ပါရာဂွန်ပင်လယ်အိပ်မက်သည် အနားယူ၍ အင်အားပြန်စုစည်းရန် တောင်ပင်လယ်အသီးသီးသို့ အမိန့်များပေးပို့လိုက်၏။ ပဉ္စမတောင်အပြင်ရှိ သွေးပင်လယ်မှာ မန္တန်ဝင်္ကပါများဖြင့် ပြည့်နေသလို ပဉ္စမတောင်လည်း အလားတူပင်။ တောင်ပင်လယ်လောကသည် စတင်လှုပ်ရှားနေ၏။ ကျင့်ကြံသူအများစုက မျက်ရည်များကို သုတ်၍ ပါရာဂွန်ပင်လယ်အိပ်မက် ဂိုဏ်းများနှင့်မျိုးနွယ်စုများသို့ ပေးအပ်ထားသော တာဝန်များကို အာရုံစိုက်လိုက်ကြသည်။

ဖန်မျိုးနွယ်စုသည် တောင်ပင်လယ်သခင်များနည်းတူ အင်အားစုစည်းထားကြ၏။

ဤအခိုက်အတန့်တွင် မန်ဟိုက ပါရာဂွန်ပင်လယ်အိပ်မက်ထံမှ တောင်းဆိုမှုတစ်ခုကို ရရှိလိုက်သည်...

“ငရဲဘုံ ၃၃ ဘုံ ... ပွင့်လာလိမ့်မယ်။ မန်ဟို ... ငါ မင်းနဲ့အတူ ငရဲဘုံ ၃၃ ဘုံကို သွားပြီး အထဲက အမွေအနှစ်တွေယူဖို့ တောင်ပင်လယ်လောကရဲ့ ရွေးချယ်ခံ ၃၃ ယောက် ရွေးထားတယ်

“မင်း အစွမ်းထက်လာမှဖြစ်မယ်။ ဒါ့အပြင် ငါ ရွေးထားတဲ့ ရွေးချယ်ခံ ၃၃ ယောက်လည်း သူတို့ရဲ့ ကိုယ်ပိုင်တာအိုတွေကို ... ငရဲဘုံ ၃၃ ဘုံထဲမှာ ရှာရမယ်

“အဲဒီနေရာမှာ တောင်ပင်လယ်လောကမျိုးဆက်တွေအတွက် ပါရာဂွန်ကိုးတံဆိပ် ချန်ခဲ့တဲ့ မယုံကြည်နိုင်ဖွယ်ကံကြမ္မာကောင်း ရှိတယ်

“မင်းနဲ့ ရွေးချယ်ခံ ၃၃ ယောက် ဆယ်လအချိန်ရမယ်။ ဆယ်လပြီးရင် ကောင်းကင်ဘုံ ၁၇ က ကောင်းကင်ဘုံ ၃၃ ဘုံအထိ ဆင်းသက်လာပြီး တောင်ပင်လယ်လောကအတွက် နောက်ဆုံးစစ်ပွဲ စတင်မယ်....”

All Chapters