← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အပိုင်း ၃၂၄

"ဥက္ကဋ္ဌကြီး၊ ကျွန်တော်ကတော့ ယန်ကျင်းရုံးခွဲရဲ့ မန်နေဂျာ ကျန့်ရှန်း ပါခင်ဗျာ။"

​အသက်သုံးဆယ်ကျော်အရွယ်ရှိပြီဖြစ်သော ကျန့်ရှန်း က လင်းဖန် ကို အနည်းငယ် ဦးညွှတ်အရိုအသေပေးရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

​"အာ… ဟုတ်ကဲ့၊ မင်္ဂလာပါဗျ။" လင်းဖန် က ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်ပြလိုက်သည်။

​"အားလုံးပဲ မိမိတို့အလုပ်ခွင်ကို ပြန်ဝင်ကြပါတော့။" ကျန့်ရှန်း က အောက်ခြေဝန်ထမ်းများကို လှမ်းပြောလိုက်ပြီး လင်းဖန်၊ မိုရှင်းယာ တို့နှင့်အတူ အထဲသို့ အတူတူ လျှောက်ဝင်လာခဲ့သည်။

​"ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန (R&D Department) ဆီ ခေါ်သွားပေးပါ။" လင်းဖန် က ပြောလိုက်သည်။

​ယန်ကျင်းရုံးခွဲသည် အဓိကအားဖြင့် တရုတ်နိုင်ငံမြောက်ပိုင်း ဈေးကွက်ကို တာဝန်ယူရပြီး မြို့တော်နှင့်လည်း နီးကပ်သဖြင့် ဤနေရာတွင် ထူးချွန်ထက်မြက်သည့် လူရည်မွန်များ အတော်အတန် ပေါများလှသည်။ ဤရုံးခွဲတွင်လည်း နိဗားနားစီးစီးရီး မိုဘိုင်းလ်ဖုန်းများနှင့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်များ ထုတ်လုပ်ရေးကို တာဝန်ယူရသည့် ဆော့ဖ်ဝဲလ် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတစ်ခု ရှိနေသည်။ လင်းဖန် သည် နည်းပညာအပေါ် ထူးခြားသော ရူးသွပ်မှုရှိသူပီပီ ကျန့်ရှန်း အနေဖြင့် အရေးအကြီးဆုံး သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနသို့ အရင်ဆုံး ခေါ်ဆောင်သွားရခြင်း ဖြစ်သည်.........။

​သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန။

​ဝူရှန့် သည် သူ့ရှေ့ရှိ ကွန်ပျူတာစခရင်ကို စိုက်ကြည့်ကာ လက်ချောင်းများကို မနားတမ်း ရိုက်နှိပ်လျက် အာရုံစိုက်နေသည်။ တရုတ်စာလုံးသုံး ပရိုဂရမ်မင်းဘာသာစကား၏ ရှုပ်ထွေးလှသော ကွန်ပျူတာဘာသာစကားက နည်းပညာရူးသွပ်သူ (technical geek) တစ်ဦးဖြစ်သည့် သူ့ကို အကန့်အသတ်မဲ့ စိတ်ဝင်စားမှုများ ပေးစွမ်းနေခဲ့သည်။

​တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကားကို လေ့လာပြီးနောက် ဌာနချုပ်က ကြေညာထားသော ဤဘာသာစကားမှာ အလွန် စိတ်ဝင်စားစရာကောင်းကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် တရုတ်စာလုံးသုံး ပရိုဂရမ်မင်းဘာသာစကားကို အသုံးပြု၍ ရိုးရှင်းသော ဂိမ်းတစ်ခုကို စမ်းသပ်ရေးဆွဲခဲ့သည်။ ထို့နောက် စပ်စုလိုစိတ်ဖြင့် ထိုဂိမ်းအသေးစားလေးကိုပင် C ဘာသာစကား နှင့် JAVA တို့ကို အသုံးပြု၍ ထပ်မံ ရေးဆွဲကြည့်ခဲ့သည်။

​ရလဒ်အနေဖြင့် တရုတ်စာလုံးသုံး ပရိုဂရမ်မင်းဘာသာစကားဖြင့် ရေးဆွဲထားသော ဂိမ်းအသေးစားလေးမှာ ဘာသာစကား သုံးမျိုးအနက် ကုဒ်ပမာဏ (amount of code) အနည်းဆုံး ဖြစ်နေသည့်အပြင် ခုတ်မောင်းမှုနှုန်း (running speed) ကလည်း ပိုမိုမြန်ဆန်နေခဲ့သည်။

​ပရိုဂရမ်ဘာသာစကား မတူညီပါက တူညီသောအလုပ်တစ်ခုကို လုပ်ဆောင်ရန် လိုအပ်သော ကုဒ်ပမာဏမှာလည်း ကွဲပြားခြားနားသလို ပရိုဂရမ်၏ ခုတ်မောင်းမှုနှုန်းကလည်း မတူညီကြပေ။ တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကားက ထိုအားသာချက် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားကြောင်းမှာ အလွန် ထင်ရှားလှသည်။

​ဤရှာဖွေတွေ့ရှိမှုက သူ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကား၏ အလားအလာကို မြင်တွေ့စေခဲ့သည်။ ကုမ္ပဏီက ဖြန့်ချိလိုက်သော ဤပရိုဂရမ်မင်းဘာသာစကားမှာ C ဘာသာစကား အုပ်စုဝင် ကွန်ပျူတာဘာသာစကားများထက် ပိုမိုသာလွန်လှသည်။ အခြားသူများ ဤအချက်ကို သတိထားမိ၊ မမိတော့ သူ မသိသော်လည်း သူကတော့ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ရာ ဤအတောအတွင်း အလုပ်ဆင်းချိန်များ၌ ဤကွန်ပျူတာဘာသာစကားကို သေချာလေ့လာနေခဲ့သည်။ ဤပရိုဂရမ်ဘာသာစကားတွင် ကြီးမားသော အလားအလာ ရှိနေသည်ကို သူ သိရှိထားသည်။

​ယခုအခါ သူသည် တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကားကို သုံးပြီး ဂိမ်းစကရစ်တစ်ခုကို ရေးဆွဲရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ပြီးသွားပြီ။

​ဝူရှန့် သက်ပြင်းအသာချကာ စိတ်လက်ပေါ့ပါးစွာ ပြုံးလိုက်မိသည်။ ခဏမျှ စဉ်းစားပြီးနောက် ဝူရှန့် က သူ့ကျောပိုးအိတ်ထဲမှ လက်ပ်တော့ပ်ကို ထုတ်ယူကာ ဖွင့်လိုက်သည်။ ယခုအခါ စကရစ်က အချောသတ်ပြီးပြီ ဖြစ်၍ ၎င်း အလုပ်ဖြစ်၊ မဖြစ် စမ်းသပ်ကြည့်ရုံသာ ရှိတော့သည်။

​ကွန်ပျူတာ ပွင့်လာပြီးနောက် ဝူရှန့် သည် မကြာသေးမီက အလှုပ်ခတ်ဆုံး သေနတ်ပစ်ဂိမ်း (gun battle game) ကို တိုက်ရိုက်ကလစ်နှိပ်ကာ ဖွင့်လိုက်ပြီး ယူအက်စ်ဘီထဲမှ ထိုစကရစ်ပရိုဂရမ်ကို ကွန်ပျူတာထဲ ကူးထည့်၍ စတင်လည်ပတ်လိုက်သည်။ ဂိမ်းစတင်သည်နှင့် ဝူရှန့် တစ်ယောက် အာရုံအပြည့်စိုက်ကာ စကရစ်ပရိုဂရမ်ကို စတင်စမ်းသပ်တော့သည်။

​လင်းဖန် သည် ကျန့်ရှန်း ၏ ဦးဆောင်မှုဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနထဲသို့ ဝင်ရောက်လာခဲ့သည်။ သူတို့ ဝင်လာသည်နှင့် ဝန်ထမ်းအားလုံး၏ အာရုံစိုက်မှုက ဤလူစုထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ကျန့်ရှန်း နှင့် လင်းဖန် တို့ကို မြင်လိုက်ရသောအခါ လူအများအပြား၏ မျက်လုံးများ တောက်ပသွားပြီး အပျင်းမကြီးရဲဘဲ မိမိတို့အလုပ်ကိုသာ အာရုံစိုက်ဟန် ဆောင်လိုက်ကြသည်။

​လင်းဖန် က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ရုတ်တရက် ထောင့်စွန်းတစ်နေရာသို့ လှမ်းကြည့်ကာ ထိုဘက်သို့ လျှောက်သွားခဲ့သည်။ သူ့၏ လှုပ်ရှားမှုက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ လင်းဖန် လျှောက်သွားရာ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်ကြရာ ဝူရှန့် တစ်ယောက် ဂိမ်းဆော့နေသည်ကို အားလုံး တွေ့ရှိသွားကြသည်။

​"လောင်ဝူ။"

​ဘေးနားရှိ ဝန်ထမ်းကလည်း အခြေအနေကို ရိပ်မိပြီး ချက်ချင်းပင် တိုးတိုးလေး လှမ်းသတိပေးလိုက်သည်။ သို့သော် သူကမူ စကရစ်ဖြင့် ဂိမ်းထဲတွင် လူသတ်နေသည့် အရသာ၌ နစ်မျောနေသဖြင့် ဘာမှ မကြားရပေ။

​ကျန့်ရှန်း က ဝူရှန့် ၏ ပုံစံကို မြင်သောအခါ ရင်ထဲ၌ ဒေါသများ အောင့်ထားရပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ သို့သော် လင်းဖန် ၏ မျက်နှာအမူအရာကို ကြည့်ကာ အတင်းအောင့်အီးလျက် လင်းဖန် ၏ ခြေလှမ်းနောက်သို့ လိုက်ပါလာခဲ့သည်။

​"ဥက္ကဋ္ဌကြီး… ဒါကတော့……"

​လင်းဖန် က ကျန့်ရှန်း ကို တားမြစ်လိုက်ပြီး စကားမပြောရန် အချက်ပြလိုက်သည်။ သူသည် ဝူရှန့် ၏ နောက်ဘက်သို့ လျှောက်သွားကာ သူ အလုပ်လုပ်နေသည့် ကွန်ပျူတာပေါ်ရှိ စကရစ်ပရိုဂရမ်ကို စိုက်ကြည့်နေခဲ့သည်။

​သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနရှိ လူများမှာ ဆက်၍ပင် မကြည့်ရဲကြတော့ပေ။ ရုံးခန်းထဲတွင် ဂိမ်းဆော့နေသည်ကို ဥက္ကဋ္ဌကိုယ်တိုင် မိသွားခြင်း ဖြစ်ရာ မည်သို့သော အကျိုးဆက်မျိုး ကြုံတွေ့ရမည်နည်း. ရုံးခန်းတစ်ခုလုံးမှာ ခြောက်ကပ်ငြိမ်သက်နေသဖြင့် ကျန့်ရှန်း ပင်လျှင် စိုးရိမ်ပူပန်နေမိသည်။ ဥက္ကဋ္ဌကြီး ပထမဆုံးနေ့ ရောက်လာခြင်း ဖြစ်ရာ အကယ်၍ အပြစ်တင်ခံရပါက သူ့တွင်လည်း တာဝန်ရှိပေမည်။ ဘေးနားရှိ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး၏ နဖူးပေါ်တွင်လည်း ချွေးစေးများ ပြန်လာခဲ့သည်။

​ဝူရှန့် က သူ့၏ နောက်ဆုံးပြိုင်ဘက်ကို သတ်ဖြတ်ပြီးစီးသွားသောအခါ စခရင်ပေါ်ရှိ အောင်ပွဲဆိုသည့် စာလုံးကို ကြည့်ကာ နောက်ဆုံးတွင် ပြုံးလိုက်မိသည်။ သို့သော် သူ ဂိမ်းထဲမှ ထွက်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်နေသည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သည်နှင့် ဝူရှန့် ၏ အပြုံးများမှာ တောင့်တင်းသွားခဲ့ရသည်။

​အထွေထွေမန်နေဂျာနှင့် ကြီးကြပ်ရေးမှူးများအားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။ အကြောက်ရဆုံးအချက်မှာ သူ့နောက်တွင် ရပ်နေသူသည် သူ့အရွယ်ခန့်သာ ရှိမည့် လူငယ်တစ်ဦး ဖြစ်နေခြင်းပင်။ သူသည် ဤလူကို ဗီဒီယိုထဲတွင်သာ မြင်ဖူးခဲ့သည် - ကုမ္ပဏီ၏ အကြီးဆုံး ဥက္ကဋ္ဌကြီး လင်းဖန်!

​"ဥက္ကဋ္ဌကြီး၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူး… ကျွန်တော်… ကျွန်တော်က……"

​ဝူရှန့် သွားကြိတ်ကာ ပြောလိုက်သော်လည်း မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ ရုံးခန်းထဲတွင် ဂိမ်းဆော့နေသည်ကို လူမိသွားခြင်းဖြစ်ရာ သူ့၏ ရှင်းပြချက်များမှာ အနှစ်သာရ မရှိတော့ပေ။ လူတိုင်းက လင်းဖန် ကို ကြည့်ကာ စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

​လင်းဖန် က ဝူရှန့် ကို တစ်ချက်ကြည့်လိုက်ပြီး ကွန်ပျူတာအနားသို့ တိုးကာ ဝူရှန့် ရေးသားထားသော စကရစ်၏ ပရိုဂရမ်အပြည့်အစုံကို စတင်ဖတ်ရှုတော့သည်။ သူ ဘာမှ မပြောသဖြင့် အခြားသူများလည်း စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။ ခဏအကြာတွင် သူ မတ်တတ်ရပ်လိုက်ပြီး -

​"ဒီစကရစ်ကို မင်း ရေးတာလား"

​လင်းဖန် စကားပြောလိုက်သည်နှင့် ရုံးခန်းထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။ အခြေအနေက လွဲမှားနေသည် မဟုတ်လား ဒေါသတကြီး ဆူပူကြိမ်းမောင်းရမှာ မဟုတ်ဘူးလား ဝူရှန့် ၏ ဦးနှောက်မှာလည်း ပျာယာခတ်နေပြီး ဆူပူခံရရန် အဆင်သင့် ပြင်ထားလိုက်သည်။

​"ဟုတ်ပါတယ်ခင်ဗျာ။" ဝူရှန့် က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။

​"ရေးတာ ကောင်းပါတယ်။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒါကို မှန်ကန်တဲ့ လမ်းကြောင်းမှာ အသုံးမချထားဘူး ဖြစ်နေတာပဲ။" လင်းဖန် က ခေါင်းခါယမ်းလိုက်သည်။

​"ကျွန်တော် မှားသွားပါတယ်ခင်ဗျာ။" ဝူရှန့် ချက်ချင်းပင် အပြစ်ဝန်ခံလိုက်သည်၊ သို့မဟုတ်ပါက အလုပ်ထုတ်ခံရလျှင် သူ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။

​"အပြစ်ပေးတဲ့အနေနဲ့ မင်းရဲ့ လခဝက် ဆုကြေးငွေကို ဖြတ်တောက်မယ်။ မင်း သဘောတူရဲ့လား"

​"သဘောတူပါတယ်ခင်ဗျာ။" ဝူရှန့် သွားကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

​"နောင်ကျရင် မင်းရဲ့ အရည်အချင်းတွေကို ဒီလိုကိစ္စမျိုးတွေမှာ အသုံးမချပါနဲ့တော့။"

​"သိပါပြီခင်ဗျာ။"

​"လာမယ့်လကစပြီး သူ့ကို လစာ ၅ ရာခိုင်နှုန်း တိုးပေးလိုက်ပါ။"

​ဤစကား ထွက်လာသည်နှင့် လူတိုင်း လင်းဖန် ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။ ဒါက ဘာသဘောလဲ. ရုံးခန်းထဲမှာ ဂိမ်းဆော့တာကို အပြစ်မပေးတဲ့အပြင် ဘာလို့ လစာပါ တိုးပေးရတာလဲ..

​"တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကားကို ကျွမ်းကျင်အောင် တတ်မြောက်ထားတဲ့ နည်းပညာရှင်တွေကို လစာ ၅ ရာခိုင်နှုန်း တိုးပေးမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်း ရှိပြီးသားပါ။ ဒါက လေထဲက စကားမဟုတ်ဘူး။ ဝူရှန့်… ဥက္ကဋ္ဌကြီးကို ကျေးဇူးမတင်ဘူးလား" ကျန့်ရှန်း က ဝူရှန့် ကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

​"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။" ဝူရှန့် သည် အစက စိတ်ပျက်နေခဲ့သော်လည်း ယခုအခါတွင်မူ ချက်ချင်းပင် စိတ်လှုပ်ရှား ဝမ်းသာသွားခဲ့ရသည်။

​"သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနထဲမှာ တရုတ်စာလုံးသုံး ပရိုဂရမ်မင်းဘာသာစကားကို လေ့လာထားတဲ့သူ တခြား ဘယ်သူရှိသေးလဲ" လင်းဖန် က ရုံးခန်းဧရိယာတစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။

​အခြားသူများမှာမူ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်နေကြသည်။

​"ဥက္ကဋ္ဌကြီး၊ ကျွန်တော်တို့ နည်းနည်းပါးပါးတော့ သုံးတတ်ပါတယ်ခင်ဗျာ။" ထောင့်စွန်းတွင် ရပ်နေသည့် ဝန်ထမ်းနှစ်ဦးက လက်ထောင်လိုက်ပြီး ယူအက်စ်ဘီတစ်ခုကို ထုတ်ပြကာ - "ဒါက ကျွန်တော်တို့နှစ်ယောက် အတူတူ တီထွင်ထားတဲ့ ပရိုဂရမ်အသေးစားလေးပါခင်ဗျာ။"

​"ဥက္ကဋ္ဌကြီး… သူတို့က ချန်အိုက်ကော် နဲ့ ဝမ်ချွမ် ပါ၊ ကျောင်းပြီးခါစ ကောလိပ်ကျောင်းသားတွေဖြစ်ပြီး အစမ်းခန့် ကာလမှာ ရှိနေကြတာပါ" ဟု သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး ကျန်းဟိုင် က ပြောသည်။

​လင်းဖန် က ယူအက်စ်ဘီကို ယူပြီး အထဲရှိ ပရိုဂရမ်အသေးစား ကုဒ်များကို ကြည့်ရှုကာ ခေါင်းညိတ်လိုက်သည်။

- "သူတို့ကို အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ပါ။"

​ထိုစကားကို ကြားရသောအခါ ၎င်းတို့နှစ်ဦးမှာ ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားကြတော့သည်။

....................................................

All Chapters