အခန်း ၃၃၀
Vol. 33 Ch. 330
အပိုင်း ၃၃၀
"အကယ်ဒမီပညာရှင်ကြီး ဝူ… ဒါကတော့လေ၊ ကျွန်တော်က ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက်ပါ။ ကျွန်တော့်လိုလူမျိုး အင်ဂျင်နီယာအကယ်ဒမီထဲ ဝင်ဖို့ဆိုတာ သိပ်တော့မသင့်တော်ဘူးမလားခင်ဗျာ"
လင်းဖန် က ဆက်ပြောလိုက်သည်ါ
- "ဒါ့အပြင် ကျွန်တော့်လို လူငယ်တစ်ယောက်က ဝင်သွားပြီး တခြားသူတွေရဲ့နေရာကို လုယူသလို ဖြစ်သွားရင် အဲဒီစီနီယာတွေရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး ဖြစ်ကုန်တော့မှာပေါ့။ ဒါဆိုရင် ကျွန်တော်က အပြစ်ရှိသူတစ်ယောက် ဖြစ်မသွားပေဘူးလား"
အင်ဂျင်နီယာအကယ်ဒမီထဲ ဝင်ရောက်ရန်အတွက် ကန့်သတ်ချက်များစွာ ရှိလှသည်။ သူက ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်နေသဖြင့် အနည်းငယ် အဆင်မပြေဟု ခံစားနေရခြင်း ဖြစ်သည်။
"ဒါကိုတော့ အကယ်ဒမီကျောင်းအုပ်ကြီးက ငါ့ကို အကြောင်းကြားထားပြီးသားပါ။ ထူးခြားတဲ့ စည်းကမ်းချက်အနေနဲ့ ခြွင်းချက်ပြုလို့ ရမလားဆိုတာ အထက်လူကြီးတွေဆီ တင်ပြလျှောက်ထားနေပါတယ်။ ဖြစ်နိုင်ရင် လူတော်တွေကို နည်းလမ်းမျိုးစုံနဲ့ မြေတောင်မြှောက်ပေးနိုင်ဖို့အတွက် ကိုတာအကန့်အသတ်ထဲမှာ မထည့်ဘဲ သီးသန့်ခေါ်ယူတဲ့ ပုံစံမျိုး လုပ်ပေးမှာပါ" ဟု ဝူဟယ်ချွမ် က ပြောသည်။
"ဒါကတော့……"
"နေကောင်းရဲ့လား၊ ညီလေး လင်းဖန်။"
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဩဇာညောင်းလှသော အသံတစ်ခုက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
တုန်ဖန်းရန် သည် သပ်ရပ်လှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် အပြုံးများဖြင့် သူတို့နှစ်ဦးထံ လျှောက်လာခဲ့သည်။ သူသည် အလွန်ထက်မြက်ပုံရပြီး အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် တူလှသည်။
"ဗိုလ်မှူးကြီး တုန်ဖန်း။" အကယ်ဒမီပညာရှင် ဝူ သည် တုန်ဖန်းရန် ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားသည့် အမူအရာ ဖြစ်သွားသည်။
"ဆရာဝူ။"
တုန်ဖန်းရန် သည် ဝူဟယ်ချွမ် ကို နှိမ့်ချစွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး - "ဆရာဝူ က ညီလေး လင်းဖန် ကို အင်ဂျင်နီယာအကယ်ဒမီထဲ သွင်းချင်နေတာမလား? တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ဒီတစ်ခေါက် လာရတာက အဲဒီကိစ္စနဲ့ အတူတူပါပဲ။ ကျွန်တော့်ကိုပဲ ညီလေး လင်းဖန် နဲ့ စကားပြောခွင့် ပြုလိုက်ပါဦးမလား"
"ဒါပေါ့… ရတာပေါ့။" ဝူဟယ်ချွမ် က ပြုံးလျက် ပြောသည်။
"ဆရာဝူ… ခုနကတင် အထဲမှာ ဆရာ့ရဲ့ တူမလေးကို တွေ့ခဲ့တယ်ဗျ။ သူမက ဆရာ့ကို လိုက်ရှာနေတဲ့ပုံပဲ။" တုန်ဖန်းရန် က ပြောလိုက်ရာ -
"ဒါဆိုရင်လည်း မင်းတို့ပဲ စကားပြောနှင့်ကြတော့၊ ငါ အထဲ အရင်ဝင်နှင့်မယ်။"
ဝူဟယ်ချွမ် သည် မျက်နှာထက်တွင် အပြုံးများဖြင့် သူတို့နှစ်ဦးကို နှုတ်ဆက်ကာ အထဲသို့ အပြေးအလွှား ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
နှစ်ဦးတည်း ကျန်ရစ်ခဲ့သောအခါ တုန်ဖန်းရန် သည် လင်းဖန် ၏ ဘေးသို့ လျှောက်လာပြီး ရပ်လိုက်သည် - "ညီလေး လင်းဖန်… အစောက စမတ်လက်ထောက် ကိစ္စအတွက် အရင်ဆုံး ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေဦး။"
"ရပါတယ်ဗျာ၊ ကျွန်တော်တို့က တရားမျှတစွာ အရောင်းအဝယ် လုပ်ခဲ့ကြတာပဲဥစ္စာ။" လင်းဖန် က ဆိုသည်။
"ပြီးခဲ့တဲ့အကြိမ်က ကိစ္စကို မောင်ရင် ဘယ်လိုတွေးမိလဲ.အင်ဂျင်နီယာအကယ်ဒမီထဲ ဝင်မယ့်ကိစ္စလေ။ အထက်လူကြီးတွေက မောင်ရင့်လို ပါရမီရှင်မျိုးကို အလွန်အလေးထားလို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးလိမ့်မယ်။ ပြီးခဲ့တဲ့အကြိမ်ကတည်းက ငါ ဒါကို အထက်ကို တင်ပြထားပြီးသားပါ။ အဲဒီတုန်းကတော့ ကန့်ကွက်မှုအချို့ ရှိခဲ့ပေမဲ့ အခုတော့ ဒါက ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး။"
တုန်ဖန်းရန် က လင်းဖန် ကို တစ်ချက်ကြည့်ပြီး အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အထက်လူကြီးများအနေဖြင့် လင်းဖန် ကဲ့သို့သော ပါရမီရှင်မျိုးကို မျက်ကွယ်ပြုထားရန် မဖြစ်နိုင်ပေ။ အကယ်၍ သူ့ကို အင်ဂျင်နီယာအကယ်ဒမီထဲသို့ ခေါ်ယူနိုင်ပါက မည်သည့်ဆိုးကျိုးမျှ ရှိလာမည်မဟုတ်ပေ။
"ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး။ ငါတို့ ခြွင်းချက်အနေနဲ့ လုပ်ပေးမှာဖြစ်လို့ မောင်ရင့်ကို ဘာမှ အတင်းအကျပ် ခိုင်းမှာမဟုတ်သလို၊ ဘာကိုမှ မဖြစ်မနေ လေ့လာခိုင်းမှာလည်း မဟုတ်ပါဘူး။ ဒါက ဂုဏ်ထူးဆောင်အမည်နာမ သက်သက်ပဲဖြစ်ပြီး အများပြည်သူကိုလည်း ချပြကြေညာမှာ မဟုတ်ပါဘူး။"
"မောင်ရင်က လစာစရိတ်ခံစားခွင့်ရမှာ ဖြစ်ပြီး၊ လိုအပ်တဲ့အချိန်ကျမှသာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် ရှိသလောက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုလေးတွေ ပေးရုံ၊ ဒါမှမဟုတ် ကျောင်းသား တစ်ယောက် နှစ်ယောက်လောက်ကို လမ်းညွှန်ပြသပေးရုံပါပဲ။"
"အခုအချိန်မှာ မောင်ရင့်ကို စောင့်ကြည့်နေတဲ့လူတွေ အများကြီး ရှိလိမ့်မယ်၊ အကယ်၍ မောင်ရင့်နာမည်သာ အဲဒီမှာ ရှိနေရင် ဒုက္ခတွေ အများကြီး လျော့နည်းသွားလိမ့်မယ်။ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာလည်း အများကြီး ပိုမိုအဆင်ပြေသွားမှာဖြစ်သလို၊ မောင်ရင့်ရဲ့ မိသားစုကို ကာကွယ်ပေးဖို့အတွက်လည်း သီးသန့်လုံခြုံရေးဝန်ထမ်းတွေ စေလွှတ်ပေးမှာပါ"
"အကယ်၍ ခင်ဗျားပြောတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ်ဆိုရင်တော့ ကျွန်တော် ဝင်ပါ့မယ်။" လင်းဖန် သဘောတူလိုက်သည်။
မည်သည့်ချုပ်ချယ်မှုမျှ မရှိသရွေ့ သူ ဝင်ရောက်ခြင်းက ဘာမှ အမှားအယွင်းမရှိပေ။ တရုတ်အနွယ်ဖွားတစ်ဦးအနေဖြင့် မိမိ၏ ကန့်သတ်ချက်ရှိသော စွမ်းဆောင်ရည်အတွင်းမှ ကူညီပေးခြင်းက ဘာမှ မမှားပေ။ မိမိ၏ အကျိုးစီးပွားကိုလည်း မထိခိုက်စေဘဲ အကောင်းဆုံးအရာများကိုပါ ရရှိနိုင်ဦးမည် ဖြစ်ရာ ဘာကြောင့် ငြင်းဆန်နေရမည်နည်း။
သူ့အတွက်မူ မိသားစုမှာ သူ အစိုးရိမ်ဆုံးသော အရာ ဖြစ်သည်။ တုန်ဖန်းရန် ၏ စကားလုံးများမှာ လင်းဖန် ၏ ရင်ထဲကို အထိမိဆုံး ဖြစ်သွားခဲ့ရသည်။ ဤနောက်ဆုံးစကားကြောင့်ပင် လင်းဖန် သဘောတူလိုက်ခြင်း ဖြစ်သည်။
တုန်ဖန်းရန် က သဘောကျစွာဖြင့် အားရပါးရ ရယ်မောလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က လင်းဖန် မှာ လူသစ်တစ်ယောက်မျှသာ ဖြစ်သဖြင့် ခြွင်းချက်ပြုလုပ်ပေးရန် ခက်ခဲခဲ့သေးသည်။ ယခုမူ အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ စမတ်ရိုဘော့များ ပေါ်ထွက်လာသည်ကို မြင်တွေ့ပြီးနောက် အင်တာနက်လောကမှ လူအများအပြားမှာ ပါးစပ်ပိတ်သွားကြရပြီ မဟုတ်ပါလား။
"ဒါဆိုရင်တော့ အတည်ပဲနော်။" တုန်ဖန်းရန် က ပြုံးလျက် ပြောလိုက်သည် - "သတင်းတစ်ခုခု ရတာနဲ့ ငါ မောင်ရင့်ကို အကြောင်းကြားလိုက်မယ်။"
"ဗိုလ်မှူးကြီး တုန်ဖန်း… ဘာတွေ ဒီလောက်တောင် သဘောကျနေရတာလဲဗျ" ဝူဟယ်ချွမ် အပြင်သို့ ပြန်ထွက်လာသည်။
"အထက်က နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ရင်ပဲ အဆင်ပြေပါပြီ။" ဝူဟယ်ချွမ် ကလည်း လိုက်လံရယ်မောရင်း - "ညီလေး လင်းဖန် ကို ကြိုတင်ပြီး ဂုဏ်ပြုပါတယ်ဗျာ။ လာပါဦး… ငါ မောင်ရင့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့။"
ပြောပြီးသည်နှင့် ဝူဟယ်ချွမ် သည် လင်းဖန် ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့တော့သည်။ တုန်ဖန်းရန် က အခန်းထဲသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် လှည့်ထွက်ကာ အခမ်းအနားကျင်းပရာနေရာမှ ထွက်ခွာသွားခဲ့သည်။
……
အခြားတစ်ဖက်ရှိ တည်းခင်းဧည့်ခံပွဲခန်းမတွင်မူ အနက်ရောင်ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးသည် ရှန်ပိန်ဖန်ခွက်ကို ကိုင်ဆောင်ထားရင်း စကားပြောကာ ရယ်မောနေကြသည့် လူစုလေးကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဦးလေး။"
ဝူမေ သည် ဝူဟယ်ချွမ် ကို ရိုသေစွာ နှုတ်ဆက်လိုက်သော်လည်း လင်းဖန် ကိုမူ အစမှ အဆုံးအထိ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။
သူမ၏ မိခင်တွင် ကိုယ်ဝန်ရှိနေစဉ်ကတည်းက သူမ၏ ဖခင်မှာ စွန့်ခွာသွားခဲ့ခြင်းဖြစ်ပြီး သူမ အသက်ခုနစ်နှစ်အရွယ်တွင် မိခင်ဖြစ်သူပါ ကွယ်လွန်သွားခဲ့ရှာသည်။ သူမကို ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူကသာ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူမ အသက်ကြီးလာခဲ့ပြီဖြစ်ရာ ဦးလေးဖြစ်သူကို မိဘအရင်းကဲ့သို့ပင် သဘောထားရှာသည်။
"ငါ မောင်ရင်နဲ့ မိတ်ဆက်ပေးပါရစေဦး၊ ဒါက ငါ့ရဲ့တူမလေးပါ၊ နာမည်က ဝူမေ တဲ့။ သူမ အောက်စဖို့ဒ် ကနေ ဆေးပညာနဲ့ ဇီဝဗေဒဆိုင်ရာ ပါရဂူဘွဲ့ ရပြီး တရုတ်ပြည်ကို ပြန်လာတာ မကြာသေးဘူး။ မကြာခင်မှာ အင်ဂျင်နီယာအကယ်ဒမီကို ဝင်ရောက်တော့မှာဖြစ်ပြီး အသက်အငယ်ဆုံး အမျိုးသမီး အကယ်ဒမီပညာရှင် ဖြစ်လာတော့မှာပါ" ဟု ဝူဟယ်ချွမ် က လင်းဖန် ကို ပြုံးလျက် မိတ်ဆက်ပေးသည်။
လင်းဖန် သည် ဝူမေ ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။ အကယ်ဒမီပညာရှင်ကြီး ဝူ အနေဖြင့် သူ့တူမကို မိမိနှင့် မိတ်ဆက်ပေးရခြင်းမှာ ဘာသဘောပါလိမ့်။
"မင်္ဂလာပါဗျာ၊ ကျွန်တော့်နာမည်က လင်းဖန် ပါ။"
ဝူမေ ၏ အမူအရာမှာ အနည်းငယ် အေးစက်နေသော်လည်း လင်းဖန် အနေဖြင့် ယဉ်ကျေးမှုအရ လက်ကမ်းနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ။" ဝူမေ က လက်ကမ်းကာ လင်းဖန် ၏ လက်ကို ခေတ္တမျှ ဆွဲနှုတ်ဆက်ပြီးနောက် အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။
"ညီလေး လင်းဖန် နဲ့ အစပျိုးပြီး စကားလေးဘာလေး ပြောလိုက်ပါဦး။" ဝူဟယ်ချွမ် က ဝူမေ ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်ပြီး လင်းဖန် ကို လှမ်းကြည့်ကာ - "မောင်ရင်တို့ လူငယ်တွေပဲ စကားပြောရင်း ပိုပြီး ရင်းနှီးအောင် လုပ်ကြဦးပေါ့ဗျာ။ ငါကတော့ မိတ်ဆွေဟောင်းတစ်ယောက်ကို သွားရှာလိုက်ဦးမယ်။"
အကယ်၍ လင်းဖန် အနေဖြင့် ဝူဟယ်ချွမ် ၏ ဆိုလိုရင်းကို နားမလည်သေးပါက သူ ဘဝကြီးကို အလကား နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤအဘိုးကြီးက သူ့ကို သူ့တူမနှင့် သဘောတူအောင် ဖန်တီးပေးနေခြင်း ဖြစ်သည်။ ဝူဟယ်ချွမ် ထွက်သွားပြီးနောက် မြင်ကွင်းမှာ အနေခက်စရာ ဖြစ်သွားခဲ့ရသည်။
"ရှင် ကျွန်မဦးလေးရဲ့ ဆိုလိုရင်းကို သိတယ်မလား" ဝူမေ က အမြဲတမ်းအတိုင်း အေးစက်လှသော လေသံဖြင့် စတင်ပြောဆိုလိုက်သည်။
- "ကျွန်မကတော့ သူဌေးသား ဒုတိယမျိုးဆက် (rich second generation) တွေကို မကြိုက်ဘူး။"
လင်းဖန် ရယ်ချင်စိတ်ပေါက်သွားသော်လည်း မရယ်မိဘဲ မတတ်သာသည့်အဆုံး ခေါင်းကိုသာ ရမ်းလိုက်မိတော့သည်။
- "ခင်ဗျား တရုတ်ပြည်ကို ပြန်လာတာ ရက်ပိုင်းပဲ ရှိသေးတာမလား"
ဒါသည် လင်းဖန် အနေဖြင့် မိမိကိုယ်မိမိ သူဌေးသား ဒုတိယမျိုးဆက်ဟု အပြောခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူလည်း သူဌေးသား ဒုတိယမျိုးဆက် ဖြစ်ချင်ပါသော်လည်း ဤကဲ့သို့ ကောင်းမွန်သော ဘဝကံဇာတာမျိုး မရှိခဲ့ပေ။
"ရှင် ကျွန်မကို လိုက်ချင်တာဆိုရင်တော့ အဲဒီစိတ်ကူးကို လက်လျှော့လိုက်ပါ။ ကျွန်မ ရှင့်ကို စိတ်မဝင်စားဘူး။"
"ဒီနေရာမှာ တစ်ခုခု အထင်လွဲနေတာ ရှိမယ် ထင်တယ်ဗျာ၊ တောင်းပန်ပါတယ်။" လင်းဖန် ၏ နှာခေါင်းကို အနေခက်စွာ ပွတ်သပ်လိုက်ရင်း ဖျော်ရည်ခွက်ကို ကိုင်ကာ ဆိုဖာပေါ်တွင် သွားရောက်ထိုင်လိုက်တော့သည်။
ဤအမျိုးသမီးသည် မိမိကိုယ်မိမိ အထင်ကြီးလွန်းနေပြီး သူက သူမကို လိုက်မည့် သူဌေးသားတစ်ယောက်ဟု ကြိုတင်တွေးတောနေပုံရသည်။
သူမက အနည်းငယ် ချောမောလှပသည်ဆိုသော်လည်း စရိုက်ပိုင်းအရမူ သူ၏ ရှောင်ယွီနှင့် အဆပေါင်းများစွာ ကွာခြားလှသည်။ အစကမူ အကယ်ဒမီပညာရှင်ကြီး ဝူ ၏ တူမဖြစ်သဖြင့် စကားစမြည်ပြောရင်း ယဉ်ကျေးပြသခဲ့ခြင်း ဖြစ်သော်လည်း ဤအမျိုးသမီးကမူ အနည်းငယ် မောက်မာလွန်းလှသည်။ ဤမျှ အသက်ငယ်ငယ်ဖြင့် ထိပ်တန်းတက္ကသိုလ်မှ ပါရဂူဘွဲ့ နှစ်ခုကို ရရှိထားသဖြင့် သူမသည် သာမန်လူများထက် များစွာ သာလွန်နေသည်မှာ အမှန်ပင် ဖြစ်ရာ မောက်မာနေခြင်းကလည်း သဘာဝကျလှပေသည်။
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စကားမဆိုကြတော့ပေ။ ဤကဲ့သို့သော နှီးနှောဖလှယ်ပွဲမျိုးတွင် မည်သူမျှ လာရောက်မနှောင့်ယှက်ခြင်းကပင် သူ့အတွက် ပိုမိုကောင်းမွန်လှသည်။ သို့သော် ကိစ္စရပ်များမှာ သူ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ သူ ထိုင်လိုက်ပြီး မကြာမီမှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
"မောင်လေး လင်းဖန်… တိုက်ဆိုင်လိုက်တာ။"
ဝိုင်နီရောင် ညနေခင်းဝတ်စုံသည် ရေမြွေတစ်ကောင်ကဲ့သို့ သွယ်လျလှပသော ခါးအလှကို ပေါ်လွင်စေသည်။ ဆွဲဆောင်မှုရှိလှသော မြေခွေးမျက်ဝန်းများ၊ တောက်ပလှသော နှုတ်ခမ်းနီရောင်နှင့် တောက်ပနေသည့် ကျောက်မျက်ရတနာဆွဲကြိုးတို့က မီးရောင်အောက်တွင် တောက်ပနေလျက် ဆီးနှင်းကဲ့သို့ ဖြူစင်လှသော ငန်းလည်ပင်းအလှကို ပိုမိုပံ့ပိုးပေးထားသည်။
ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ လင်းဖန် ၏ စိတ်ထဲတွင် စကားလုံးနှစ်လုံး ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
- "မိန်းမလှ"။
လင်းဖန် ၏ စိတ်ထဲတွင် အများကြီး ခံစားရခြင်းမရှိသော်လည်း လျှောက်လှမ်းလာသည့် အမျိုးသမီးကို ကြည့်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"ဆရာမရုမေက လင်းဖန် နဲ့ ဆုံတွေ့ရတာ အလွန်ပဲ ဝမ်းမြောက်မိပါတယ်ရှင်။"
သူမသည် ဝူမေ ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာထက်တွင် အပြုံးများဖြင့် လင်းဖန် ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ သူမ၏ ကိုယ်ခန္ဓာကို အနည်းငယ် ကိုင်းညွတ်လိုက်သည်။ လင်းဖန် ရှိနေသည့် ထောင့်ကနေ ကြည့်မည်ဆိုပါက ဖြူစင်ဝင်းပလှသော ရင်သားအလှနှင့် နက်ရှိုင်းလှသော ရင်သားကြားအလှကို ရှင်းလင်းစွာ မြင်တွေ့နိုင်နေသည်။
"မောင်လေး လင်းဖန် က ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလား ပျင်းစရာကြီးနော်၊ ဒါဆိုရင် အတူတူ စကားပြောကြရအောင်လေ။" ရှီရုမေက လင်းဖန် ကို ပြုံးလျက် စိုက်ကြည့်ကာ ပြောလိုက်တော့သည်။
.............................................