အခန်း ၉၅
Vol. 10 Ch. 95
အခန်း ၉၅ - ကံကြမ္မာ။
ဝေ့ဝူမှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် မေးလိုက်သည်။
"အဖေ... ဘာလို့ စိတ်ကူးပြောင်းသွားတာလဲ။"
ဘိုးဘေး ဝေ့ချွမ်ဟဲက ဘေးနားရှိ လက်ရန်းပါသော ကုလားထိုင်တွင် ထိုင်လိုက်ရင်းပြောလာသည်။
"ဒါက မင်း သူ့ကိုပေးလိုက်တဲ့ အဲဒီစာအုပ်ကြောင့်ပဲ။"
"စာအုပ်လား..."
"အိမ်ရာကျမ်းကို ပြောတာလား။"
ဘိုးဘေးက ခေါင်းညိတ်ပြသည်။
"ဝူအာ "
ဝေ့ကျင်းပေါ်က အတော်ပင် စိတ်လှုပ်ရှားနေသော လေသံဖြင့်ပြောသည်။
"မင်း ငါ့ကိုပေးတဲ့ အဲဒီအိမ်ရာကျမ်းက တကယ့်ကို အံ့ဖွယ်စာအုပ်၊ ရတနာတစ်ပါး၊ ကောင်းကင်ဘုံကပေးတဲ့ ကျမ်းစာအုပ်ပဲ။ ဒီစာအုပ်သာရှိရင် ငါတို့ ဝေ့မိသားစု မကြီးပွားမှာကို စိုးရိမ်စရာ လိုဦးမလား။"
ဝေ့ဝူ စိတ်ထဲတွင် ထူးဆန်းသွားသည်။ သူကြည့်တုန်းကတော့ ထိုစာအုပ်၌ ဘာမျှ ထူးခြားမှုမရှိပါဘဲနှင့် ဝေ့ကျင်းပေါ်၏ လက်ထဲ ရောက်သွားသောအခါ အဘယ်ကြောင့် ဤမျှ အဖိုးတန်ရတနာ ဖြစ်သွားရသနည်း။
"မင်း သိလား..."
ဝေ့ကျင်းပေါ်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
"ဒီစာအုပ်ထဲမှာ ကံကြမ္မာအရှိန်အဝါအကြောင်းတွေကို ရှင်းပြထားတာ။"
"ကံကြမ္မာဆိုတဲ့အရာက စိတ်ကူးယဉ်ဆန်ပြီး ဖမ်းဆုပ်ရခက်ခဲလှတယ်။ ချင်းလုံဂိုဏ်းနဲ့ ဟူထောက်တောင်တို့တောင်မှ ကံကြမ္မာအကြောင်းကို ဆွေးနွေးနိုင်စွမ်း မရှိကြသေးဘူး။ ငါကြားဖူးတာကတော့ ဝေးကွာလှတဲ့ မဟာယွမ်မင်းဆက်မှာ ကံကြမ္မာကြီးကြပ်ရေးဗျူရိုလို့ခေါ်တဲ့ ဖွဲ့စည်းပုံတစ်ခု ရှိတယ်တဲ့။ အဲဒီထဲမှာ အမှုထမ်းတဲ့သူတွေက အများအားဖြင့် ဒြပ်စင်ငါးပါး နဲ့အဌဂံကျင့်စဉ်တွေကို ကျင့်ကြံကြပြီး ကံကမ္မနဲ့ ဗေဒင်ပညာရပ်တွေကို အသုံးချပြီးတော့ မသေမျိုးမင်းဆက်ရဲ့ ကံကြမ္မာကို စောင့်ကြည့်ကြတယ်။ အဲဒါကို အခြေခံပြီးတော့မှ ဒီလောက်ကျယ်ပြန့်တဲ့ နယ်ပယ်ကြီးကို စီမံအုပ်ချုပ်ကြတာ။ ပူဇော်ပသတာ၊ စစ်မက်ဖြစ်ပွားတာ၊ စိုက်ပျိုးရေး၊ အဆောက်အအုံ ဆောက်လုပ်တာတွေတင်မကဘဲ ကောင်းကင်ဘုံကို ပြောင်းလဲပြီး မိုးတိမ်တွေ ဆင့်ခေါ်တာ ဒါမှမဟုတ် မြေပြင်ကို ပြောင်းလဲပြီး တောင်နဲ့ မြစ်တွေကို ပုံသဏ္ဌာန်ပြန်ဖော်တာတွေအထိ... အားလုံးကို အဲဒီဗျူရိုရဲ့ လေ့လာချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာတဲ့။"
"ပြီးတော့ ဒီအိမ်ရာကျမ်းက ကံကြမ္မာတွေ ဘယ်လိုစုဆောင်းရမလဲ။ ဘေးအန္တရာယ်တွေကို ဘယ်လိုရှောင်ကွင်းရမလဲဆိုတာ ကဏ္ဍစုံကနေ ရှင်းပြထားတယ်။"
၂၁ ရာစုမှ ရောက်လာသော လူငယ်တစ်ဦးဖြစ်သည့်အတိုင်း ဝေ့ဝူသည် ယခင်က ဤကဲ့သို့ အယူသီးသောအရာများကို အမြဲပင် အထင်သေးခဲ့သော်လည်း ဤနေရာမှာ ကျင့်ကြံခြင်းလောက ဖြစ်သဖြင့် ကံကမ္မနှင့် ကံကြမ္မာအရှိန်အဝါများမှာ အမှန်တကယ်ပင် တည်ရှိနေပေသည်။
"ဒါနဲ့ ဟွမ်ထိုင်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။"
"ဝူအာ... မင်း မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို သိထားတာပဲ။ ရှောင်ချင်တောင်က ဝိညာဉ်စိုက်ခင်းတွေမှာ ထိပ်တန်းဝိညာဉ်ဆေးဝါးတွေ စိုက်ပျိုးဖို့ ဘာလို့ ခက်ခဲနေလဲဆိုတာ မင်းသိလား။"
"မသိဘူး အဖေ။"
"ငါလည်း အရင်က မသိခဲ့ဘူးဒါပေမဲ့ အိမ်ရာကျမ်းကို ဖတ်ပြီးတဲ့နောက်မှာတော့ အားလုံး ရှင်းသွားပြီ။ ငါတို့ ဝေ့မိသားစုရဲ့ မျက်နှာစာက တောင်ဘက်ကို လှည့်နေတာ ရှောင်ချင်တောင်က မြောက်ဘက်မှာ ရှိတော့ အနောက်ဘက် ဖြစ်နေတယ်။ ဒါတင်မကဘဲ အလယ်မှာ နိမ့်ဆင်းနေတဲ့ မြေကွက်လပ်တစ်ခုရှိပြီး အဲဒါက ယင်ဓာတ်နဲ့ ဆွေးမြည့်ခြင်းတွေကို စုဆောင်းနေတာ။ ရှောင်ချင်တောင်ရှေ့က စမ်းချောင်းကလည်း မြောက်ဘက်ကို စီးဆင်းနေတော့ သက်ရှိချီဓာတ်တွေအားလုံး လွင့်စင်ကုန်တာပေါ့။ ဒီလို အခင်းအကျင်းမျိုးနဲ့ ဘယ်လိုလုပ် ဝိညာဉ်ဆေးဝါးကောင်းတွေ ထွက်လာနိုင်ပါ့မလဲ။"
"အိမ်ရာကျမ်းထဲမှာ ပြောထားတာကတော့ ဒီလိုအခင်းအကျင်းမျိုးကို ပြင်ဖို့အတွက် နိမ့်နေတဲ့မြေတွေကို ဖို့ရမယ်။ ပြီးတော့ ရေစီးဆင်းမှုကို ပြောင်းလဲပစ်ရမယ်။ ဒါမှ ရှောင်ချင်တောင်က သက်ရှိချီဓာတ်တွေကို ထိန်းထားနိုင်မှာ။ အဲဒီအခါကျမှ ဝိညာဉ်ဆေးဝါးတွေရဲ့ အရည်အသွေးက တက်လာလိမ့်မယ်။"
"အလားတူပဲ... ငါတို့ ကူယွန်းတောင်တန်းရဲ့ မြောက်ဘက်မှာ ပိုင်ရှန်းချိုင့်ဝှမ်း ရှိတယ်။ တောင်တစ်လုံးက ချိုင့်ဝှမ်းတစ်ရာကို မျက်နှာမူထားတဲ့ ဒီလိုအခင်းအကျင်းကို အိမ်ရာကျမ်းထဲမှာ ယင်နှင့်ယန် ယိုစိမ့်မှုလို့ ခေါ်တယ်။ ကောင်းကောင်း ကိုင်တွယ်နိုင်ရင် ကောင်းချီးဖြစ်ပြီး မကောင်းရင်တော့ ဘေးအန္တရာယ် ဖြစ်လိမ့်မယ်။ အကယ်၍ ငါတို့ ဟွမ်ထိုင်ဂိုဏ်းကို ကူညီပြီး ပိုင်ရှန်းချိုင့်ဝှမ်းကို ထိန်းထားပေးမယ် ပြီးရင် သူတို့ကို ပိုင်ရှန်းချိုင့်ဝှမ်းရဲ့ အရပ်လေးမျက်နှာမှာ တောင်စောင့်နတ်နန်းဆောင် လေးခု ဆောက်ခိုင်းပြီး ဖိနှိပ်ထားမယ်ဆိုရင်... ဒါက ငါတို့ ဝေ့မိသားစုအတွက် ကြီးမားတဲ့ ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး နောင်ဖြစ်လာမယ့် ဘေးအန္တရာယ်တစ်ခုကို ရှောင်ကွင်းနိုင်လိမ့်မယ်။"
ဝေ့ဝူသည် ဇဝေဇဝါမျက်နှာထားဖြင့် နားထောင်နေခဲ့သော်လည်း နောက်ဆုံးတွင် အဓိကအချက်ကို ဖမ်းဆုပ်မိသွားခဲ့သည်။
"အဖေ ပြောချင်တာက... ပိုင်ရှန်းချိုင့်ဝှမ်းကို ကူညီပေးတာက အဲဒီမှာ ကံဆိုးမှုတွေကို ဖိနှိပ်ဖို့ နန်းဆောင်လေးခု ဆောက်ခိုင်းချင်လို့ပေါ့။"
ဝေ့ကျင်းပေါ်က ခေါင်းညိတ်သည်။
"အတိအကျပဲ။"
ဝေ့ဝူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဘိုးဘေး ဝေ့ချွမ်ဟဲဘက်သို့ လှည့်၍ မေးလိုက်သည်။
"ဘိုးဘေး... ဘိုးဘေးကော ဘယ်လိုထင်လဲ။"
"ငါ့အထင်တော့ အဓိပ္ပာယ်ရှိသားပဲ။"
ဝေ့ဝူ : "..."
"ဒါပေမဲ့..."
ဝေ့ကျင်းပေါ်က ဆက်ပြောသည်။
"ဟွမ်ထိုင်ဂိုဏ်းမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ မန်ရှင်းအဆင့် ၆ ရှိတဲ့ ချိုးချန်ကျွင်းက နာမည်သိပ်မကောင်းဘူး။ သူက သစ္စာဖောက်တတ်တဲ့ ရာဇဝင်ရှိတယ်။ အကယ်၍ သူသာ လီယိုကို မြင်သွားရင် မကောင်းတဲ့ စိတ်ကူးတွေ ပေါ်မလာဘူးလို့ မပြောနိုင်ဘူး။"
"အဖေ... စိတ်ချပါ။ သူက မကောင်းတဲ့စိတ်ကူး ကြံစည်လေ ကျွန်တော်တို့အတွက် ပြန်တိုက်ဖို့ အကြောင်းပြချက် ရလေပဲ။ အဲဒီကျရင် နန်းဆောင်လေးခုတင်မကဘူး။ ဟွမ်ထိုင်ဂိုဏ်းရဲ့ အဓိကတောင်ထွတ်ကြီးကိုပါ တောင်းရင်တောင် သူ သဘောတူရလိမ့်မယ်။"
သူတို့တွင် ရှိနေသော အရုပ်များနှင့်ဆိုပါက ကျားနီခန်းမနှင့် ဟွမ်ထိုင်ဂိုဏ်းတို့ ပူးပေါင်းလျှင်ပင် ဝေ့မိသားစု၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
"ကောင်းပြီ... ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ။ ငါ ဟွမ်ထိုင်ဂိုဏ်းဆီကို ချက်ချင်း အကြောင်းပြန်လိုက်မယ်။"
ဝေ့ဝူသည် ခန်းမကြီးမှ အရင်ဆုံး ထွက်ခွာလာခဲ့သည်။ ယွီဒင်းတောင် သို့ ပြန်သည့်လမ်းတွင် သူ ရုတ်တရက် အရာတစ်ခုကို သဘောပေါက်လိုက်မိသည်။
"အဲဒီအိမ်ရာကျမ်းက အဖေ့ရဲ့ ဉာဏ်အလင်းကို ဖွင့်ပေးလိုက်တာ မဟုတ်ပါဘူးနော်။ အခု ပိုင်ရှန်းချိုင့်ဝှမ်းမှာ နန်းဆောင်တွေ ဆောက်ချင်နေပြီနောက်ဆိုရင် ပိုင်မိသားစုဆီအထိ သွားပြီး ကံကြမ္မာထိန်းညှိတဲ့ ဒယ်အိုးကြီးတွေသွားသွန်းလုပ်ဖို့အထိပါ ဝံ့ရဲလာမလား မသိဘူး။"
ဝေ့ကျင်းပေါ်၏ စိတ်လှုပ်ရှားနေမှုကို ကြည့်ရသရွေ့မူ ၎င်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။
သူ၏ မသေမျိုးဂူသို့ ပြန်ရောက်သောအခါ ဂူအပြင်ဘက်တွင် ကျူးမေမတ်တပ်ရပ်နေသည်ကို တွေ့ရသဖြင့် သူ အံ့အားသင့်သွားခဲ့သည်။
ဝေ့ဝူ မျက်မှောင်ကုတ်လိုက်မိသည်။
ယခုအချိန်နေနေသာသာ ယခင်ကပင် သူမသည်ယွီဒင်းတောင်သို့ လာခဲလှသည်။
သူ မြေပြင်သို့ ဆင်းသက်လိုက်ပြီး မော့ကြည့်ကာမေးလိုက်သည်။
"ငါ့ဆီ ဘာကိစ္စရှိလို့လာတာလဲ။"
"ရှုယွီကို ကျင့်ကြံခြင်းအဆင့် တက်အောင် ကူညီပေးခဲ့တာ နင်မလား။"
ဝေ့ဝူ ကြောင်အသွားရသည်။
အဲဒီကောင် လျူရှုယွီက သူ့ကို တကယ်ကြီး သစ္စာဖောက်လိုက်တာလား။ ကျင့်ကြံခြင်းအဆင့် တက်သွားတာကို ဝိညာဉ်ဆေးဝါး စားမိလို့ပါဆိုပြီး အကြောင်းပြချက် ပေးဖို့ သဘောတူထားကြသည် မဟုတ်ပါလား။ သို့မဟုတ်... မိန်းမလှလေးအတွက်နှင့် ညီအစ်ကို ကို ရောင်းစားလိုက်တာလား။
"ရှုယွီ ပြောပြတာ မဟုတ်ပါဘူး ငါ့ဘာသာငါ ခန့်မှန်းကြည့်တာ။ သူက ငါ နင့်ကိုလာရှာတာတောင် မသိဘူး။ ငါ သိရသလောက်တော့ ဝေ့မိသားစုရဲ့ အခုလို အခြေအနေတွေ အားလုံးက နင့်ကြောင့်ပဲ။ ပြီးတော့ ရှုယွီရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ငါ အကုန်သိတယ်။ သူက ဘယ်ကနေ ဝိညာဉ်ဆေးဝါး ရပြီး အဆင့်တက်နိုင်မှာလဲ။ ဒါကြောင့် သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်တဲ့သူက နင်တစ်ယောက်ပဲ ရှိတယ်။ စိတ်မပူပါနဲ့ငါ ဒါကို ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး။"
ဝေ့ဝူသည် ကျူးမေအား ထပ်မံ၍ သေချာကြည့်လိုက်ပြီး တိုးညင်းသောလေသံဖြင့်မေးလိုက်သည်။
"ဒါဆို မင်း ငါ့ဆီ ဘာလာရှာတာလဲ။"
ကျူးမေ၏ မျက်နှာတွင် စိုးရိမ်စိတ်အချို့ ပေါ်ပေါက်လာသော်လည်း နောက်ဆုံးတွင် သတ္တိမွေးကာဆိုလာတော့သည်။
"ငါ... ငါ့ကိုလည်း ကျင့်ကြံခြင်းအဆင့် တက်အောင် ကူညီပေးလို့ ရမလား။"
ဝေ့ဝူက မည်သည့်နည်းလမ်းဖြင့် လျူရှုယွီကို ကူညီပေးခဲ့သည်ကို သူမ မသိသလို ယခုအချိန်တွင် ဝေ့ဝူ၌ ထိုသို့သော စွမ်းရည်မျိုး ရှိမရှိလည်း မသိချေ။ ထို့ပြင် ဝေ့ဝူက သူမကို ကူညီရန် သဘောတူမည့် အခွင့်အရေး မည်မျှရှိသည်ကိုလည်း သူမ လုံးဝ မသိပါ။
သို့သော် သူမ ကြိုးစားကြည့်ရမည် ဖြစ်သည်။
ကျူးမေတွင် ဝိညာဉ်အပေါက်တစ်ခုသာ ရှိပြီး ယခု အသက် ၂၀ ကျော်အရွယ်အထိ ချီသန့်စင်ခြင်း အဆင့် ၅တွင်သာ ရှိသေးသည်။ ၎င်းမှာလည်း ငယ်စဉ်က အခွင့်အရေး သေးသေးလေးတစ်ခု ရရှိခဲ့၍သာ ဖြစ်ပြီးမဟုတ်ပါက အဆင့် ၄ တွင်သာ ရှိနေဦးမည် ဖြစ်သည်။
ရှေ့ဆက်ရမည့် လမ်းစဉ်မှာ ပိုမိုခက်ခဲလှရာထူးခြားသော အလှည့်အပြောင်း မရှိပါက သူမ၏ တစ်သက်တာတွင် မန်ရှင်းအဆင့် သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိဘဲ အသက်တစ်ရာမပြည့်မီ မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။
ယခုအခါ လျူရှုယွီ၏ ကျင့်ကြံခြင်းအဆင့် ရုတ်တရက် တက်လှမ်းသွားသည်ကို မြင်ရသောအခါ သူမ၏ အလိုဆန္ဒကို မထိန်းချုပ်နိုင်တော့ချေ။ အခွင့်အရေး နည်းပါးမှန်း သိသော်လည်း သူမ လာရောက် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
ဝေ့ဝူက ကျူးမေကို အံ့ဩစွာ ကြည့်လိုက်မိသည်။
သူမက တကယ်ကြီး ဤမျှ ပွင့်လင်းရဲတာလား။ သူတို့က ထိုမျှအထိ ရင်းနှီးကြလို့လား။
"ပြက်လုံးထုတ်မနေပါနဲ့။ ငါ့မှာ အဲဒီလို နည်းလမ်းမရှိတာကို ထားဦး ရှိတယ်ဆိုရင်တောင် မင်းကို ငါက ဘာလို့ ကူညီရမှာလဲ။ မြန်မြန် ပြန်ပါတော့။"
ကျူးမေအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း သူမ၏ အမူအရာမှာ မှေးမှိန်သွားခဲ့ရသည်။
"စောစောက နင်တို့ ဝေ့မိသားစုထဲမှာ လျိုမိသားစုနဲ့ ချင်းမင်ဂိုဏ်းက လူအချို့ကို ငါ တွေ့ခဲ့သေးတယ်။"
"အဲဒီလူတွေက ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ဆီမှာ လာပြီး ခိုလှုံရင်း ဒဏ်ရာကုနေကြတာ အချို့လူတွေက အခုထိ မပြန်ကြသေးဘူး။"
ကျူးမေ ခေါင်းညိတ်ကာ အရှိန်မြှင့်အင်းစာရွက်တစ်ရွက်ကို အသုံးပြု၍ ထွက်ခွာသွားခဲ့သည်။
ထိုခိုလှုံနေသူများအကြောင်းကို ကြားရသောအခါ ဝေ့ဝူ စိတ်ထဲတွင် တွေးလိုက်မိသည်။
"ဒီလူတွေကို ပြန်ဖို့အချိန်တန်ပြီလို့ အဖေ့ကို ပြောရမယ်။ ဒီမှာပဲ အမြဲ နေနေကြတာ ဘာသဘောလဲ။"
ဝေ့ဝူ သူ၏ မသေမျိုးဂူသို့ ပြန်လာပြီးနောက် သောင်းတန်ရိုလက်စ်နာရီ၏ နှစ်ဆသော အချိန်အရှိန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။
နောက်ရက်တွင်မူ ဝေ့ကျင်းပေါ်က ဟွမ်ထိုင်ဂိုဏ်းနှင့် ဆက်သွယ်ပြီးပြီဖြစ်ကြောင်း သတင်းပေးပို့လာခဲ့သည်။
ဟွမ်ထိုင်ဂိုဏ်းက ဝေ့မိသားစုအနေဖြင့် ရှောင်ချီနှင့် လီယိုတို့ကို ပိုင်ရှန်းချိုင့်ဝှမ်းသို့ အရင်ဆုံးခေါ်ဆောင်လာပြီး စောင့်ဆိုင်းနေရန် အဆိုပြုလာသည်။
ဤသို့ဖြင့် အကယ်၍ ကျားနီခန်းမက ရုတ်တရက် တိုက်ခိုက်လာပါက အချိန်မီ ပူးပေါင်းတိုက်ခိုက်နိုင်မည် ဖြစ်သည်။
ဟွမ်ထိုင်ဂိုဏ်းက ကိစ္စရပ်များကို အုန်းအုန်းထွက်အောင် မလုပ်ရန်လည်း အထူးမှာကြားထားသည်။ အကြောင်းမှာ အဆင့် ၆ တိုက်ခိုက်ရေးသမား နှစ်ဦးကို အသုံးပြု၍ ကျားနီခန်းမကို အလစ်အငိုက် တိုက်ခိုက်ရန် ဖြစ်သည်။
ထို့အပြင် ဝေ့ကျင်းပေါ်သည် မိသားစုအကြီးအကဲ ဖြစ်သဖြင့် မိသားစုနယ်မြေမှ မဆင်မခြင် ထွက်ခွာ၍ မရချေ။
နောက်ဆုံးတွင် ဝေ့မိသားစုမှ ဘိုးဘေး ဝေ့ချွမ်ဟဲနှင့် ဝေ့ဝူတို့ နှစ်ဦးစလုံး ပိုင်ရှန်းချိုင့်ဝှမ်းရှိ ဟွမ်ထိုင်ဂိုဏ်းသို့ အတူတူ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုနေ့တွင် ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် ကောင်းကင်ထက်၌ ပျံသန်းရင်း ဝေ့မိသားစုဝင်များကို နှုတ်ဆက်ကာနှစ်ဦးသား ပိုင်ရှန်းချိုင့်ဝှမ်းဆီသို့ ဦးတည်ထွက်ခွာသွားကြတော့သည်။