အခန်း ၉၆
Vol. 10 Ch. 96
အခန်း ၉၆- ဟွမ်ထိုင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခြင်း။
ကောင်းကင်ယံအထက်သို့ ရောက်ရှိသွားသည်နှင့် ဝေ့ဝူသည် ကစားစရာကားလေးကို ထုတ်ယူလိုက်ရာ ၎င်းမှာ လေထဲတွင် ဝူးခနဲ မြည်ဟည်းလျက် အလျား ၃ ဝါခန့်အထိ ကြီးမားလာခဲ့သည်။
"ဘိုးဘေး... တက်ပါ။"
ဘိုးဘေး ဝေ့ချွမ်ဟဲမှာ ကြောင်အသွားပြီးနောက်မေးလိုက်သည်။
"ဝူအာ... ဒါက ဘာပစ္စည်းလဲ။ ပျံသန်းနိုင်တာပဲကို ဘာဖြစ်လို့ ဘီးလေးဘီး တပ်ထားရတာလဲ။"
"ဒီအရာကို ကားလို့ ခေါ်တယ် ဘိုးဘေး။ ဘီးတွေက အလှပြတပ်ထားတာပါ။ တက်သာ တက်ပါ။"
ဘိုးဘေးဝေ့ချွမ်ဟဲသည် ဘေးနားရှိ ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက်ဝေ့ဝူက ရှောင်ချီကိုပါ ကားပေါ်သို့ တက်စေကာ ကစားစရာကားကို မြောက်ဘက်သို့ ဦးတည်မောင်းနှင်လိုက်တော့သည်။
သူတို့သည် အလွန်အမင်း မြန်ဆန်စွာ မောင်းနှင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အရှိန်ပြင်းပြင်း မောင်းပါက ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးမှု ပိုမိုပြင်းထန်လာမည် ဖြစ်သောကြောင့်ပင်။
"ဘိုးဘေး... ဘိုးဘေး ဘယ်ရုပ်သေးရုပ်ကို ယူလာခဲ့လဲ။"
ဘိုးဘေးဝေ့ချွမ်ဟဲက ရှေ့သို့ စိုက်ကြည့်နေရင်း တိုးညင်းစွာဖြင့်ဆိုသည်။
"ဧကရီ..."
ကားအတွင်း၌ ခေတ္တမျှ တိတ်ဆိတ်မှုကြီး စိုးမိုးသွားခဲ့ရသည်။
အကယ်၍သာ ဤနေရာ၌ ရှိနေသူမှာဝေ့ကျင်းပေါ်ဖြစ်ပါက ဝေ့ဝူတစ်ယောက် သေချာပေါက် စနောက်ကျီစယ်မိမည် ဖြစ်သော်လည်းယခုမှာ ဘိုးဘေး ဖြစ်နေသဖြင့် သူ့တွင် ထိုမျှအထိ သတ္တိမရှိချေ။
ဧကရီ အပြင် ယခုစစ်ဆင်ရေးအတွက် ဘိုးဘေးသည် Naruto မှ Hinata နှင့် CrossFire ထဲမှ Mandala တို့ကိုပါ အထူးတလည် ယူဆောင်လာခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မန်ရှင်းအဆင့် ၇ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"ဒါဆို အဖေကော ဘယ်သူ့ကို ရွေးလိုက်လဲ။"
"မြေခွေးမလေး။"
ဝေ့ဝူမျက်ခုံးပင့်မိသွားသည်။
ဒါကလည်း CrossFire ထဲက ဇာတ်ကောင်တစ်ခုပဲ မဟုတ်ပါလား။
ထိုမြေခွေးမလေး၏ ဆွဲဆောင်မှုရှိပြီး အမိုက်စား ကိုယ်လုံးကိုယ်ပေါက်ကို ပြန်လည်တွေးတောမိရင်း အမေ့ထံ သွားရောက် တိုင်တန်းရမလားဟုပင် စဉ်းစားမိလိုက်သည်။
ကားမောင်းနေစဉ်မှာပင် သူ၏ စိတ်အာရုံထဲ၌ မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"ဝူအာ... မင်းတို့ ဘယ်နား ရောက်နေပြီလဲ။"
ဝေ့ဝူလန့်သွားရသည်။
ဒါသည် တတိယဘိုးဘေး ဝေ့ကျန့်၏ အသံ ဖြစ်နေသည်။
ဝေ့ကျင်းပေါ်တစ်ယောက် အခြားသူများကိုပါ မိုဘိုင်းဖုန်းများ ဖြန့်ဝေပေးလိုက်ပြီဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်မိသည်။
"ကူယွန်းတောင်တန်းကနေ ထွက်တော့မယ်။"
ထို့နောက် ဘိုးဘေးအား မေးမြန်းကြည့်ရာ မိုဘိုင်းဖုန်း ၅ လုံးကို ဘိုးဘေး၊ ဝေ့ကျန့်၊ ဒုတိယအကြီးအကဲ ဝေ့ဒုံချန်၊ တတိယအကြီးအကဲဝေ့ရှင်းယန် နှင့် ဦးလေး ဝေ့ဆန်းတို့အား ဖြန့်ဝေပေးထားပြီးဘဏ်ကတ် ၄ ကတ်ကိုမူ ဘိုးဘေး၊ ဝေ့ကျင်းပေါ်၊ ဝေ့ကျန့်နှင့် ဝေ့ဒုံချန် တို့ထံ အသီးသီး ပေးအပ်ထားကြောင်း သိရသည်။
၎င်းမှာ အခြေခံအားဖြင့် အသက်အရွယ်ကြီးရင့်မှုနှင့် အစွမ်းအစအပေါ် မူတည်၍ ခွဲဝေထားခြင်း ဖြစ်သည်။
သူတို့ ပိုင်ရှန်းချိုင့်ဝှမ်း နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဒုတိယအကြီးအကဲ ဝေ့ဒုံချန်က ဖုန်းထဲရှိ လူမှုကွန်ရက်ပေါ်သို့ ဗီဒီယိုဖိုင်တစ်ခု တင်လိုက်ပြီး အသံပါ ပို့လာခဲ့သည်။
"ဒီနေ့ ဝိညာဉ်စိုက်ခင်းက ထွက်သမျှ... ဝိညာဉ်ဆေးဝါးတွေအားလုံး တော်တော်လေး ဖြစ်ထွန်းပြီး လှပနေတယ်။ အားလုံး စိတ်ချကြပါ။"
ဝေ့ဝူစိတ်ထဲတွင် ရယ်မောလိုက်မိသည်။
"သူကပုံတင်တာတောင် စလုပ်နေပြီလား။ တကယ့် ပင်ကိုယ်ပါရမီရှင်ပဲ။"
နောင်တွင် မိသားစုဝင်များ ဖုန်း ပိုမိုကိုင်လာနိုင်ပါက မိသားစု သီးသန့်ဂရုများ မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ သူတို့ ဟွမ်ထိုင်ဂိုဏ်း အနီးအနားသို့ ရောက်ရှိလာခဲ့သည်။
ရှေ့တွင် ကြီးမားလှသော တောင်ကြီးတစ်လုံး ပေါ်လာခဲ့ရာ၎င်းတို့နှစ်ဦးမှာ ကစားစရာကားပေါ်မှ ဆင်းသက်ကာ ရှေ့သို့ ပျံသန်းလာခဲ့ကြသည်။
ဂိုဏ်းစောင့်တပည့်တစ်ဦး ပျံတက်လာပြီး မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းရာ ဘိုးဘေးက သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ကြေညာလိုက်သဖြင့် ထိုသူကဖိတ်ခေါ်ကာ ဟွမ်ထိုင်ဂိုဏ်းအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။
တောင်ထွတ်ပေါ်သို့ မရောက်မီမှာပင် လူတစ်ဦးက ထွက်၍ ကြိုဆိုလာခဲ့သည်။ ၎င်းမှာ အသားညိုညိုနှင့် သက်ကြီးရွယ်အို အဘိုးအိုတစ်ဦး ဖြစ်သည်။
ထိုသူသည်*ဝေ့ဝူ၏ ပခုံးပေါ်ရှိ ရှောင်ချီကို အရင်ဆုံး လှမ်းကြည့်လိုက်ပြီးနောက် ဘိုးဘေးထံ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေ ဝေ့"
ဘိုးဘေးကလည်း အလျင်အမြန်ပင် ရှေ့သို့တက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ဤသူမှာ ဟွမ်ထိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် ချီမင်းထုံ ဖြစ်ပြီး မန်ရှင်းအဆင့် ၃ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ချီမင်းထုံက သူတို့အား နွေးထွေးစွာ ကြိုဆိုကာ ခန်းမကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ခန်းမအတွင်း၌ လူအချို့ ထိုင်နေကြပြီး ၎င်းတို့အားလုံးမှာ ဟွမ်ထိုင်ဂိုဏ်းမှ မန်ရှင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်းမန်ရှင်းအဆင့် ၅ ရှိသော မဟာအကြီးအကဲတစ်ဦးမှလွဲ၍ ကျန်ရှိသူများမှာ အောက်ခြေ အဆင့် ၃ ဆင့်အတွင်း၌သာ ရှိကြသည်။
ဟွမ်ထိုင်ဂိုဏ်းတွင် မန်ရှင်းအဆင့် အလယ်အလတ် ၃ ဆင့်၌ ရှိသော မဟာအကြီးအကဲ ၄ ဦး ရှိသည်။ မန်ရှင်းအဆင့် ၆ တစ်ဦး၊ မန်ရှင်းအဆင့် ၅ တစ်ဦးနှင့် မန်ရှင်းအဆင့် ၄ နှစ်ဦးတို့ ဖြစ်ကြသော်လည်း အခြား ၃ ဦးမှာမူ ဤနေရာတွင် ရှိမနေကြချေ။
ဝေ့ဝူဤအခြေအနေအပေါ် အနည်းငယ် အေးစက်သွားမိသည်။
ဒါက ဘာသဘောလဲ။ သူတို့က မန်ရှင်းအဆင့် ၆ တိုက်ခိုက်ရေးအင်အားရှိသောရှောင်ချီနှင့် လီယိုတို့ကို ခေါ်ဆောင်လာခဲ့သော်လည်းဟွမ်ထိုင်ဂိုဏ်း၏ ကိုယ်ပိုင် မန်ရှင်းအဆင့် ၆ ကျွမ်းကျင်သူကမူ သူတို့အား ထွက်၍ တွေ့ဆုံရန်ပင် မတန်ဟု တွေးတောနေပုံရသည်။
ဤအချိန်တွင် ဟွမ်ထိုင်ဂိုဏ်း၏ မြူခိုးများ ရစ်ဆိုင်းနေသော တောင်ထွတ်တစ်ခုပေါ်၌ လူနှစ်ဦး မတ်တပ်ရပ်နေကြသည်။
"ဒီဝေ့မိသားစုက ဘယ်လိုလုပ်ပြီး မန်ရှင်းအဆင့် ၆ တိုက်ခိုက်ရေးအင်အား နှစ်ခုကို ရလာတာလဲ တကယ်ကို စဉ်းစားလို့မရဘူး။ သူတို့ရဲ့ အမြင့်ဆုံးအဆင့်ကိုက မန်ရှင်းအဆင့် ၂ ရှိတဲ့ ဘိုးဘေး ဝေ့ချွမ်ဟဲ ပဲ ရှိတာကို။"
စကားပြောနေသူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကြမ်းတမ်းသော ပုံစံရှိသည့် အဘိုးအိုဖြစ်ကာ ၎င်းမှာ အခြားသူမဟုတ်ဘဲ မန်ရှင်းအဆင့် ၆ ကျင့်ကြံသူ ချိုးချန်ကျွင်းပင် ဖြစ်သည်။
ဝေ့ဝူမှာမူ ကောင်းကင်လှည့်စားခြင်းအတတ်ကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရာ၊ ချီသန့်စင်ခြင်း အဆင့် ၁ အဖြစ်သာ ပြသထားသည်။
သူ့ဘေးတွင် ရှိနေသူမှာ အဖြူရောင်ဝတ်စုံနှင့် ယွီကျန့်ရှီးဖြစ်ပြီး မန်ရှင်းအဆင့် ၅ ကျင့်ကြံသူ ဖြစ်သည်။
"အကယ်၍ သူတို့က ရတနာသိုက်တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့တာဆိုရင် အလွန်ဆုံးရှိမှ ရုပ်သေးရုပ် တစ်ရုပ်ပဲ ရနိုင်မှာလေ မိစ္ဆာအိမ်မွေးသားရဲကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ ဝေ့မိသားစုရဲ့ နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့ အင်အားကြီးတစ်ခုခု ရှိနေတာများလား။"
"မဖြစ်နိုင်တာ။ ဝေ့မိသားစုက ကူယွန်းတောင်တန်းမှာ နေလာတာ အနှစ်နှစ်ရာကျော်ပြီ။ ဘယ်သူ့ကိုမှလည်း မပြစ်မှားဝံ့ဘူး။ စွန့်စားရမှာလည်း ကြောက်တတ်ပြီး သူတို့ရဲ့ ပုံစံက အမြဲ သတိကြီးပြီး သူရဲဘောကြောင်တယ်။ အဲဒီလိုလူမျိုးတွေကို ဘယ်သူက ရုတ်တရက် အထင်ကြီးပေးမှာလဲ။ သူတို့မှာ ဘာအရည်အချင်း ဘာပါရမီ ရှိလို့လဲ။"
"ကျွန်တော် ကြားတာတော့ ဝေ့မိသားစုဂိုဏ်းချုပ်ရဲ့ သားဖြစ်သူ ဝေ့ဝူက ပင်ကိုယ်ပါရမီ အရမ်းမြင့်တယ်တဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ရွှမ်းဖုန်းဂိုဏ်းနဲ့ ချင်မိသားစု အရေးတုန်းကလည်း သူကပဲ အဲဒီမိစ္ဆာသားရဲနဲ့ ရုပ်သေးရုပ်ကို သုံးပြီး မန်ရှင်းအဆင့် ကျင့်ကြံသူ အများကြီးကို ဆက်တိုက် သတ်ပစ်ခဲ့တာ။ ဒါတင်မကသေးဘူး... သူ့ရဲ့ ကျင့်ကြံခြင်းကလည်း မန်ရှင်းအဆင့်ကို ရောက်နေပြီ။ အင်အားကြီးတစ်ခုခုရဲ့ ပံ့ပိုးမှုမပါဘဲနဲ့ ဝေ့မိသားစုလို ဂိုဏ်းလေးက အသက် ၂၀ မပြည့်သေးတဲ့ မန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်လိုလုပ် မွေးထုတ်နိုင်မှာလဲ။"
ဝေ့ဝူ၏ တကယ့်အစွမ်းမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်အောက်တွင်သာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သော်လည်းကူယွန်းတောင်တန်း၌ သွားလာလှုပ်ရှားစဉ်တွင် ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုလေ့ရှိသဖြင့် အခြားသူများ သိရှိသွားခြင်း ဖြစ်သည်။
"သူတို့နောက်မှာ အင်အားကြီးတစ်ခုခု ရှိနေတယ်ဆိုရင် အရင်တုန်းက ကျင့်ကြံသူတွေ ဝင်တိုက်တုန်းက ဘာလို့ အသေအပျောက် အများကြီး ရှိခဲ့ရတာလဲ။ ငါ့အထင်တော့... အဲဒီကလေးက ကြီးမားတဲ့ အခွင့်အရေးတစ်ခုခုကို ရထားတာပဲ။ ငါတို့အနေနဲ့ မန်ရှင်းအဆင့် ၆ မိစ္ဆာသားရဲကို မနှိမ်နင်းနိုင်ရင်တောင်မှ အဲဒီ မန်ရှင်းအဆင့် ၆ ရုပ်သေးရုပ်ကိုသာ ရနိုင်မယ်ဆိုရင်..."
"စီနီယာ... အခု ဝေ့မိသားစုက ငါတို့ကို ကူညီဖို့ လာတာလေ။ သူတို့အပေါ် ဒီလိုစိတ်ကူးမျိုး ဘယ်လိုလုပ် ရှိရတာလဲ။ ကျွန်တော်စကားများတယ်လို့ မထင်ပါနဲ့မတရားတဲ့ အမှုတွေကို အများကြီး ပြုလုပ်ရင် ဘေးဒုက္ခ ကြုံရတတ်ပါတယ်။"
"ဘေးဒုက္ခ ဟုတ်လား။ ဝေ့မိသားစုလို ဂိုဏ်းအသေးအဖွဲလေးက အဲဒီ မိစ္ဆာသားရဲနဲ့ ရုပ်သေးရုပ်သာ မရှိရင် ငါတို့ ဟွမ်ထိုင်ဂိုဏ်းနဲ့ စကားပြောဖို့တောင် အရည်အချင်း မရှိပါဘူး။ သူတို့က ငါတို့ကို ဘေးဒုက္ခပေးနိုင်မယ့် အဆင့်မျိုးမလို့လား။"
"ဒါဆိုရင်လည်း ကျွန်တော်ရဲ့ ပွင့်ပွင့်လင်းလင်း အကြံပေးမှုကိုပဲ အပြစ်တင်ပါတော့။ စီနီယာ သေသေချာချာ ပြန်စဉ်းစားပေးပါဦး။"
ယွီကျန့်ရှီးက ထပ်မံ၍ သက်ပြင်းချလိုက်ရင်းထွက်ခွာသွားခဲ့သည်။
ဟွမ်ထိုင်ဂိုဏ်း၏ ခန်းမကြီးမှ ထွက်ခွာလာပြီးနောက် ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် တည်းခိုရန် တောင်ထွတ်တစ်ခုသို့ လမ်းညွှန်ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
သူတို့အား ခြံဝင်းတစ်ခုအတွင်း၌ နေရာချပေးထားပြီး ပတ်ဝန်းကျင်မှာ အတန်ငယ် ကောင်းမွန်လှသည်။
ယခုအခါ သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သဖြင့်ဝေ့ဝူက မေးလိုက်သည်။
"ဘိုးဘေး... ချိုးချန်ကျွင်းက ငါတို့ကို ထွက်တောင်မတွေ့ဘူး။ ဒါက ငါတို့ကို အထင်သေးတာ သိသာနေတာပဲ။ ဘာလို့ စောစောက သူ့ကို အဲဒီလောက် ယဉ်ကျေးပြနေရတာလဲ။"
"သူတို့ ဘာတွေးနေလဲဆိုတာ ငါမသိဘဲ နေမလား။ သူတို့က ရှောင်ချီနဲ့ လီယိုကို အပြင်ပစ္စည်းတွေလို့ပဲ သတ်မှတ်ပြီး ငါတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း အဆင့်က နိမ့်နေတော့ ငါတို့ကို အထင်သေးနေကြတာပေါ့။"
"ဒါဆို ဘာလို့..."
"ပြဿနာတွေ ပိုမကြီးထွားတာ အကောင်းဆုံးပါပဲ။ ငါတို့က မဟာမိတ်ဖွဲ့တော့မှာဆိုတော့ သင့်မြတ်ခြင်းကိုပဲ ရှေ့တန်းတင်ရမယ်။"
ဘိုးဘေး၏ အမူအရာကို ကြည့်ပြီး ဝေ့ဝူသည် ရင်ထဲရှိ စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ကာအခြားကုတင်တစ်ခုပေါ်၌ ထိုင်၍ မျက်လုံးများကို ပိတ်ကာ ကျင့်ကြံခြင်းသို့ ဝင်ရောက်လိုက်သည်။
သူ မျက်လုံးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘိုးဘေး ဝေ့ချွမ်ဟဲ၏ အသံကို ကြားလိုက်ရသည်။
"ချိုးချန်ကျွင်းရဲ့ စရိုက်ကို ငါ အနည်းငယ် ကြားဖူးပါတယ်။ အကယ်၍ သူတို့က အမူအရာပိုင်းမှာပဲ ဒီလိုလုပ်တာဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါတို့ကို တကယ်ကြီး လာရောက်ဖိနှိပ်ဖို့ ကြံစည်လာမယ်ဆိုရင်တော့... ငါတို့ရဲ့ သိုလှောင်အိတ်ထဲက ရုပ်သေးရုပ်တွေက အလှပြသက်သက် မဟုတ်ဘူး။ ငါတို့ တကယ် ရက်စက်ပြလိုက်ရင် ဟွမ်ထိုင်ဂိုဏ်းတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြာကျသွားနိုင်တယ်။"
ဝေ့ဝူမျက်လုံးများကို ဖွင့်ကာ ဘိုးဘေးအား လှမ်းကြည့်လိုက်ရာ ဘိုးဘေးမှာ မျက်လုံးများကို ပိတ်လျက် အေးချမ်းစွာ တရားထိုင်နေသည်ကို တွေ့ရသည်။
သူသည် အသာအယာ ပြုံးလိုက်မိပြီး စိတ်အေးချမ်းစွာဖြင့် ဆက်လက်ကျင့်ကြံနေလိုက်တော့သည်။
ဤမတိုင်မီကတည်းက ဝေ့ကျင်းပေါ်သည် ဟွမ်ထိုင်ဂိုဏ်းနှင့် အပြန်အလှန် ဆက်သွယ်ကာ အခြေအနေများကို ညှိနှိုင်းထားခဲ့ပြီး ဖြစ်သည်။ ကိစ္စရပ်များ အောင်မြင်ပြီးပါက စစ်သုံ့ပန်းများနှင့် ပစ္စည်းများကို ခွဲဝေယူကြမည် ဖြစ်ပြီးပိုင်ရှန်းချိုင့်ဝှမ်း၏ နေရာလေးခုတွင် တောင်စောင့်နန်းဆောင်လေးခု ဆောက်လုပ်မည် ဖြစ်ရာ ဟွမ်ထိုင်ဂိုဏ်းဘက်ကလည်း ငြင်းပယ်စရာ အကြောင်းမရှိခဲ့ချေ။
ညနေပိုင်းတွင် ဟွမ်ထိုင်ဂိုဏ်းမှ လူတစ်ဦး လာရောက်ခေါ်ယူကာ အခြားအင်အားစုများမှ လူများ ရောက်ရှိလာပြီဖြစ်သဖြင့် လူစုဝေးရန် ပြောကြားလာခဲ့သည်။
ယခုတစ်ကြိမ်တွင် ကျားနီခန်းမကို ခုခံရန်အတွက် ဟွမ်ထိုင်ဂိုဏ်းသည် ပိုင်ရှန်းချိုင့်ဝှမ်းရှိ အင်အားစုအားလုံးကို စုစည်းထားခဲ့ရာ ယခင်က ဝေ့ဝူဆုံတွေ့ခဲ့ဖူးသော လန်ယွဲ့ဂိုဏ်းလည်း ပါဝင်သည်။
ဟွမ်ထိုင်ဂိုဏ်း၏ ခန်းမဆောင်တစ်ခုအတွင်း၌ အားလုံး စစုဝေးကြပြီး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကာ မဟာမိတ်ဖွဲ့ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြသည်။
ဤစုဝေးပွဲတွင် ဝေ့မိသားစုမှ နှစ်ဦးမှာ အလွန်ပင် အသံတိတ်နေခဲ့ပြီး အခြားသူများ သဘောထားထုတ်ဖော်သည်ကိုသာ နားထောင်နေခဲ့ကြသည်။
ထိုအတောအတွင်း တစ်စုံတစ်ယောက်က ဘိုးဘေးဝေ့ချွမ်ဟဲအား ရှောင်ချီနှင့် လီယိုတို့ကို ထုတ်ပြရန် တောင်းဆိုလာခဲ့ရာအဘိုးနှင့် မြေးနှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မငြင်းပယ်ခဲ့ကြချေ။
ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သဖြင့် အခြားသူများ စိတ်အေးချမ်းစေရန်အတွက် သူတို့၏ စွမ်းအားကို ထုတ်ပြခြင်းက သဘာဝကျပေသည်။
၃ ဝါခန့် ကြီးမားလှပြီး ရောင်စုံတောက်ပနေသော ရှောင်ချီနှင့် သံမဏိကဲ့သို့ မာကျောလှသော လီယိုတို့ကို မြင်တွေ့လိုက်ရသည့် အခါကျမှသာ ထိုလူများ၏ ဝေ့ဝူတို့အပေါ် ထားရှိသော အမူအရာမှာ အတန်ငယ် ပိုမိုရိုသေလေးစားမှု ရှိလာခဲ့တော့သည်။
မှန်ပေသည်... လောဘတကြီး စိုက်ကြည့်နေသော အကြည့်များလည်း မနည်းလှချေ။
ခြံဝင်းအတွင်းသို့ ပြန်ရောက်သောအခါ ဘိုးဘေး ဝေ့ချွမ်ဟဲက သက်ပြင်းချလိုက်ရင်းဆိုသည်။
"သူတို့မျက်လုံးထဲမှာ ငါတို့ ဝေ့မိသားစုက ဒီနေရာနဲ့ မထိုက်တန်ဘူးလို့ ထင်နေကြတာပေါ့။ ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းအားက အခုထိ နိမ့်လွန်းနေသေးတယ်။"
ဝေ့ဝူလည်း ခေါင်းညိတ်ထောက်ခံလိုက်မိသည်။ ထိုလူများ၏ အမူအရာမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသော်လည်း ၎င်းက ထင်ဟပ်နေသော အခြေခံပြဿနာကိုမူ ဂရုပြုရန် လိုအပ်ပေသည်။
အမှန်ပင်... မိသားစု၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးပြီးသည့်နောက်တွင် မိသားစုဝင်များ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ပေးခြင်းမှာ အရေးကြီးဆုံး လုပ်ငန်းတာဝန် ဖြစ်လာပေတော့သည်။