← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈ - လူလည်လုပ်ခြင်း။

"ဒိုင်းးး"

မောင်းခလုတ်ကို ဆွဲလိုက်သည်နှင့် ရွှေရောင်ကျည်ဆန်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ယန်ထျန်းရှီထံသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။

ယန်ထျန်းရှီသည် ဘိုးဘေးဝေ့ချွမ်ဟဲအား တိုက်ခိုက်ရန် ဟာကွက်တစ်ခုကို ကပ်သီးကပ်သတ် ရှာဖွေနိုင်ခဲ့ရုံသာ ရှိသေးပြီး ချက်ချင်းဆိုသလိုပင် ချိုးချန်ကျွင်းနှင့် တိုက်ပွဲအတွင်းသို့ ပြန်လည် နစ်မြုပ်သွားခဲ့ရသည်။

ရုတ်တရက် နှလုံးတုန်လှုပ်မတတ် ဖြစ်သွားစေသည့် အန္တရာယ်အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် သူ၏ခေါင်းကို လှည့်ကြည့်လိုက်ရာရွှေရောင်အလင်းတန်းတစ်ခု သူ၏ထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုရွှေရောင်အလင်းတန်း၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်။ သူ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း ချိုးချန်ကျွင်းက သူ့ကို အဆတ်မပြတ် ဖိအားပေး တိုက်ခိုက်နေခဲ့သည်။

နောက်ဆုံးတွင်မူ သူ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ ကျည်ဆန်သည် သူ၏ ဘယ်ဘက်လက်မောင်းကို ထိမှန်သွားခဲ့တော့သည်။

"အားးး"

ယန်ထျန်းရှီသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။ သူ၏ ဘယ်ဘက်လက်မောင်းတွင် ကြီးမားလှသော အပေါက်ကြီးတစ်ပေါက် ပေါက်ကွဲထွက်သွားခဲ့ပြီး အသားစများ လွင့်စင်ကာ သွေးချင်းချင်းနီလျက် အရိုးပါ မြင်နေရတော့သည်။

ထိုမျှမက အရိုးသည်လည်း အက်ကွဲ ကြေမွသွားခဲ့ရပြီး ထိုအက်ကြောင်းများ၏ ဗဟိုချက်တွင် ရွှေရောင် ကျည်ဆန်စိုက်ဝင်နေခဲ့သည်။

ယန်ထျန်းရှီဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသည့်အခါချိုးချန်ကျွင်းအနေဖြင့် ဤအခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံပါမည်နည်း။ သူ၏ လက်ချောင်းများမှာ မြန်ဆန်စွာ လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း လက်ဟန်မန္တန် ရာပေါင်းများစွာကို ဖော်ဆောင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေပြင်ဝိညာဉ်ချီများမှာ ဟုန်းခနဲ လှုပ်ရှားလာပြီး သူ၏ရှေ့ရှိ ငါးပေရှည်သော အနက်ရောင် ဓားမကြီးအတွင်းသို့ စုပြုံစီးဝင်သွားခဲ့ကြသည်။

"မဟူရာဓား - သတ်ဖြတ်ခြင်းတံဆိပ်။"

"ရှူးးး"

အနက်ရောင်ဓားကြီးသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ထွက်ပေါ်သွားပြီး မယုံကြည်နိုင်လောက်သော အရှိန်အဟုန်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတို့ဖြင့် ယန်ထျန်းရှီထံသို့ ဖြတ်တောက်လိုက်တော့သည်။

အနက်ရောင်ဓားမကြီးသည် မျှော်လင့်ထားသည့်အတိုင်း ယန်ထျန်းရှီ၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။ ဖရဲသီးကြီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်သည့်အလား သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံမှ ပြတ်တောက်ကာ သွေးညှီနံ့များနှင့်အတူ အောက်သို့ လွင့်စင်ကျသွားခဲ့တော့သည်။

အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားသော ချိုးချန်ကျွင်းသည် သူ၏အသံကို ဝိညာဉ်ချီဖြင့် ထုပ်ပိုးကာ အရပ်မျက်နှာအားလုံးသို့ ဟိန်းထွက်သွားအောင် အော်ဟစ်လိုက်သည်။

"ယန်ထျန်းရှီကို ငါ သတ်လိုက်ပြီ။ မင်းတို့တွေက ဆက်ပြီး ခုခံချင်သေးတာလား။"

ဤအော်ဟစ်သံသည် ကျားနီခန်းမမှ လူများကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ ယန်ထျန်းရှီ အမှန်တကယ် သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ တပ်ပျက်ကာ လုံးဝ ကစဉ့်ကလျား ဖြစ်သွားခဲ့ကြရသည်။

ပါးနပ်သူများသည် ချက်ချင်းပင် တိုက်ပွဲမှ ဆုတ်ခွာကာ အဝေးသို့ ထွက်ပြေးကြတော့သည်။

တုံ့ပြန်မှု နှေးကွေးသူများမှာမူ သူတို့၏ အသက်ဖြင့်သာ ရင်းလိုက်ကြရသည်။

ပိုင်ရှန်းချိုင့်ဝှမ်းမှ လူများသည် အင်တိုက်အားတိုက်ဖြင့် ကျားနီခန်းမမှ အဖွဲ့ဝင်များကို ဆက်တိုက် နှိမ်နင်း ချေမှုန်းကြတော့သည်။

ချိုးချန်ကျွင်းသည်ပင် ငှားရမ်းထားသော ကျင့်ကြံသူနှင့် ပူးပေါင်းကာ အခြားသော မန်ရှင်းအဆင့် ၆တစ်ဦးကို သတ်ဖြတ်လိုက်သေးသည်။

ရှောင်ချီနှင့် လီယိုတို့ကို တိုက်ခိုက်နေသော မန်ရှင်းအဆင့် ၆ ကျင့်ကြံသူနှစ်ဦးသည်လည်း အခြေအနေ မဟန်တော့သည်ကို ရိပ်မိကာ ကောင်းကင်ယံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

ဤတိုက်ပွဲတွင် ပိုင်ရှန်းချိုင့်ဝှမ်းသည် လုံးဝဥဿုံ အောင်ပွဲရရှိခဲ့ပေသည်။

ထို့နောက် အားလုံးသည် စစ်‌မြေပြင်ကို ရှင်းလင်းရန် ပြင်ဆင်ကြတော့သည်။

"ဝူအာ... မင်း အဆင်ပြေရဲ့လား။"

ဘိုးဘေးဝေ့ချွမ်ဟဲပျံသန်းလာပြီးမေးမြန်းလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်။"

သူသည် လက်ညှိုးတစ်ချောင်းသာ လှုပ်ရှားခဲ့ရခြင်း ဖြစ်ရာ သူ့တွင် ဘာပြဿနာ ရှိနိုင်ပါမည်နည်း။

သူသည် ရှောင်ချီကို ပြန်လည်ခေါ်ယူကာ အသွင် ပြန်ပြောင်းစေခဲ့ပြီး လီယိုကိုလည်း ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက်မှသာ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ သူ၏ ကျည်ဆန်ကို ပြန်လည်ရှာဖွေလိုစိတ် ဖြစ်ပေါ်လာသည်။

သူ့တွင် ကျည်ဆန် ၅၀ သာ ရှိသဖြင့် ၎င်းတို့မှာ အလွန် အရေးကြီးပေသည်။

ယန်ထျန်းရှီ၏ အလောင်းကျရောက်ရာ အရပ်သို့ ပျံသန်းဆင်းသက်လိုက်သည့်အခါချိုးချန်ကျွင်းသည် အလောင်းဘေးတွင် မတ်တပ်ရပ်နေရင်း သူ၏ ကျည်ဆန်ကို လက်ထဲတွင် ကိုင်ကာ အသေအချာ စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။

ဝေ့ဝူ၏ အမူအရာသည် ရုတ်တရက် မည်းမှောင်သွားခဲ့ရသည်။

"စီနီယာ ချိုး...ဒါက ကျွန်တော်ရဲ့ ပစ္စည်း ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ပြန်ပေးပါ စီနီယာ။"

"စောစောက မင်း ဘယ်လို ရတနာမျိုးကို အသုံးပြုလိုက်လို့ ယန်ထျန်းရှီကို ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ ရစေခဲ့တာလဲ။ ငါ့ကို ထုတ်ပြပြီး အကဲခတ်ခွင့်ပေးလို့ ရမလား။"

လက်တစ်ဖက်တွင် ကျည်ဆန်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဓားကို နောက်ကျော၌ ထားရှိရင်း ချိုးချန်ကျွင်းက အလွန် စိတ်ဝင်စားဟန်ဖြင့်ဆိုသည်။

ဝေ့ဝူ၏ မျက်လုံးများ မှေးစင်းသွားခဲ့သည်။

တိုက်ပွဲက အခုတင် ပြီးဆုံးသွားခဲ့တာကို သူက အခုကတည်းက မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေပြီပေါ့လေ။

"ဒီရတနာက ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် ဆရာကြီးတစ်ယောက်က ပေးထားခဲ့တာပါ။ ပြောပလောက်စရာ မရှိပါဘူး။ ကျေးဇူးပြုပြီး ရွှေရောင်ပုတီးစေ့ကို ပြန်ပေးပါ စီနီယာ။"

ဤလှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် ဘိုးဘေး ဝေ့ချွမ်ဟဲသည်ဝေ့ဝူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အိုမင်းလှသော မျက်နှာပြင်သည်လည်း မည်းမှောင်သွားခဲ့ရပြီးချိုးချန်ကျွင်းဘာဆက်လုပ်မည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

"စီနီယာ... ငါတို့တွေ..."

ချိုးချန်ကျွင်းက လက်မြှောက်ပြကာ သူ ဘာလုပ်နေသည်ကို သူ သိကြောင်း အရိပ်အယောင်ပြလိုက်သည်။

"ဝေ့မိသားစုက ကောင်လေး... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ အဲဒီရတနာကို ငါ့ဆီသာ ရောင်းလိုက်ပါ။ ဒါဆိုရင် ငါလည်း ရွှေရောင်ပုတီးစေ့ကို မင်းဆီ ပြန်ပေးစရာ မလိုတော့ဘူးပေါ့။"

"ဒါဆိုရင် စီနီယာ ချိုးက ကျွန်တော့်ရဲ့ ရုပ်သေးရုပ်ကိုပါ မျက်စိကျနေတာပေါ့ ဟုတ်လား။ နှစ်ခုစလုံးကို တစ်ခါတည်း ဘာလို့ မဝယ်လိုက်တာလဲ။ စီနီယာ ချိုးအနေနဲ့ ဘယ်လောက်အထိ ဈေးပေးနိုင်မလဲ သိချင်မိတယ်။"

ဝေ့ဝူ၏ စကားလုံးများမှာ အလွန်ပင် တည့်တိုးဆန်လှပြီးချိုးချန်ကျွင်းက သူ၏ ရုပ်သေးရုပ်နှင့် ရတနာကို လောဘတက်နေကြောင်း ပွင့်ပွင့်လင်းလင်းပင် စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

ဘိုးဘေး ဝေ့ချွမ်ဟဲသည်လည်း ဝေ့ဝူကို တားဆီးခြင်း မပြုခဲ့ချေ။ အကယ်၍ ချိုးချန်ကျွင်းအနေဖြင့် အမှန်တကယ်ပင် လူလည်လုပ်မည့်အကြံ ရှိနေပါက သူတို့ကို စည်းဘောင်ဆိုသည်မှာ ဘာလဲဆိုတာ သွန်သင်ဆုံးမပေးရပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချိုးချန်ကျွင်း၏ အကြည့်များမှာ စူးရှသွားခဲ့သည်။

"ကောင်လေး... မင်းရဲ့ လေသံက တော်တော်လေး စော်ကားတာပဲ။ ဒါပေမဲ့ မင်းက ပွင့်ပွင့်လင်းလင်း ပြောလာပြီဆိုတော့ ငါလည်း လှည့်ပတ်မပြောတော့ဘူး။ ၀ိဉာဥ်ကျောက်တုံးတစ်သောင်း ပေးမယ်၊ ရုပ်သေးရုပ်နဲ့ မန္တန်သုံးရတနာကို ငါ့ဆီ ပေးအပ်လိုက်။"

ဝေ့ဝူရင်ထဲတွင် မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ကျောက်တုံးတစ်သောင်းတည်းနှင့်လီယို၏ လက်တစ်ဖက်ကို ဝယ်ယူရန်ပင် လောက်ပါ့မလား မသေချာချေ။

"ဒါဆိုရင် စီနီယာ ချိုးက အာဏာသုံးပြီး အနိုင်ကျင့်မလို့ပေါ့ ဟုတ်လား။"

ဝေ့ဝူသည် ချိုးချန်ကျွင်းကို တည့်တည့် စိုက်ကြည့်လိုက်သည်။

ဤနေရာတွင် ဖြစ်ပျက်နေသည့် အခြင်းအရာသည် ချက်ချင်းပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။

ရောက်ရှိနေကြသော ကျင့်ကြံသူ အများအပြားသည် သူတို့ လုပ်ဆောင်နေသည်များကို ရပ်တန့်ကာ လှမ်းကြည့်လိုက်ကြသည်။

ဟွမ်ထိုင်ဂိုဏ်းမှ လူများသည် သူတို့ကို ပိုမို နီးကပ်စွာ ဝိုင်းရံလိုက်ကြသည်။

ဝေ့ဝူ၏ အာရုံကို အထူးတလည် ဖမ်းစားလိုက်သည်မှာချိုးချန်ကျွင်း၏ ဘေးတွင် မတ်တပ်ရပ်နေသော မန်ရှင်းအဆင့် ၆ရှိ ကျင့်ကြံသူပင် ဖြစ်သည်။

"ရိုင်းစိုင်းလှချေလား။"

"ဂျူနီယာတစ်ယောက် ဖြစ်ပြီးတော့ ငါ့ကို ဒီလို စကားပြောဝံ့တယ်ပေါ့။ ဝေ့မိသားစုမှာ ဆုံးမမဲ့သူ မရှိဘူးလား။"

ဝေ့မိသားစုကို စော်ကားခြင်း ခံလိုက်ရသဖြင့် ဘိုးဘေး ဝေ့ချွမ်ဟဲသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ချေ။

"စီနီယာ ချိုး... စောစောက နှစ်ဖက်စလုံး မဟာမိတ်ဖွဲ့ပြီး ကျားနီခန်းမရဲ့ အရင်းအမြစ်တွေကို ခွဲဝေယူကြမယ်လို့ သဘောတူထားခဲ့တာ မဟုတ်လား။ အခုကျမှ ဘာဖြစ်လို့ ငါ့မိသားစုရဲ့ ရတနာတွေကို လောဘတက်ပြီး ဝေ့မိသားစုကို စော်ကားနေရတာလဲ။"

"ဟားဟား... သေးငယ်လှတဲ့ ဝေ့မိသားစုက သားရဲတစ်ကောင်နဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို အားကိုးပြီး ငါ့ရဲ့ ဟွမ်ထိုင်ဂိုဏ်းနဲ့ တန်းတူရပ်တည်ချင်နေတာလား။ ဒီနေ့သာ ရုပ်သေးရုပ်ကို အသာတကြည် အပ်နှံမယ်ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင်တော့ မင်းတို့ရဲ့ အသက်တွေကို ဒီမှာပဲ ထားခဲ့ကြရလိမ့်မယ်။"

သူ စကားပြောပြီးသည်နှင့် ဟွမ်ထိုင်ဂိုဏ်းမှ မန်ရှင်းအဆင့် ကျင့်ကြံသူများသည် တစ်လှမ်းချင်း ရှေ့သို့ တိုးလာခဲ့ကြပြီးတစ်ယောက်ပြီးတစ်ယောက် သူတို့၏ ရတနာများကို ထုတ်ဖော်ကာ အေးစက်လှသော အရှိန်အဝါများဖြင့် ဝေ့မိသားစုမှ လူနှစ်ဦးကို ဖိအားပေးလိုက်ကြတော့သည်။

"ကောင်လေး... အဲဒီရုပ်သေးရုပ်က မင်းတို့ ဝေ့မိသားစု ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ စီနီယာဦးလေး ချိုးက မင်းတို့ ကောင်းကျိုးအတွက် လုပ်ပေးနေတာ။ အမြန်ဆုံး အပ်နှံလိုက်စမ်း။"

ပိုင်ရှန်းချိုင့်ဝှမ်းရှိ အခြားသော အင်အားစုများမှ လူအချို့ပင်လျှင် ဝေ့ဝူအား ခြိမ်းခြောက်သည့်အထဲ၌ ပါဝင်လာခဲ့ကြသည်။

ယခုအချိန်တွင် မန်ရှင်းအဆင့် ၆ ရှိ ကျင့်ကြံသူ၏ အကူအညီဖြင့် ချိုးချန်ကျွင်းအနေဖြင့် သူတို့ကို မသတ်နိုင်ခဲ့လျှင်တောင်မှ ရှောင်ချီနှင့် လီယိုတို့ကို အနည်းဆုံးတော့ ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။

ထိုအတောအတွင်း အခြားသော ကျင့်ကြံသူများသည် ရုပ်သေးရုပ်နှင့် ရတနာကို လုယူရန်အတွက် ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့ကို သတ်ဖြတ်နိုင်ပေသည်။ ဤ မန်ရှင်းအဆင့် ၆ရှိ သားရဲကြီးကိုပင်လျှင် ယဉ်ပါးအောင် ပြုလုပ်ရန် မဖြစ်နိုင်သည် မဟုတ်ချေ။

အရပ်မျက်နှာအားလုံးမှ ကျရောက်လာသော သတ်ဖြတ်လိုသည့် စိတ်အာရုံများကို ခံစားနေရသော်လည်းဝေ့ဝူ၏ မျက်နှာတွင် ပျာယာခတ်သွားခြင်း လုံးဝ မရှိချေ။

"ဒါဆိုရင် စီနီယာ ချိုးက ကတိဖျက်ဖို့ အသေအလဲ ဆုံးဖြတ်ထားတာပေါ့ ဟုတ်လား။"

သူက လှောင်ပြုံးပြုံးလိုက်ရင်းဆိုလိုက်သည်။

ချိုးချန်ကျွင်းက အထက်စီးဆန်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး စကားမဆိုချေ။ သူ၏ လက်ထဲရှိ အနက်ရောင် ဓားမကြီးသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အလား ခပ်တိုးတိုး မြည်ဟည်းသံတစ်ခုသာ ထွက်ပေါ်နေခဲ့သည်။

သို့သော် ဝေ့ဝူက မသိမသာ ပြုံးလိုက်သည်။ သူ၏ သိုလှောင်အိတ်သည် လင်းလက်သွားခဲ့ပြီးသူ၏ ဘေးနားတွင် လူတစ်ဦး ရုတ်တရက် ပေါ်ပေါက်လာခဲ့တော့သည်။

ဤလူသည် လိမ္မော်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီးဝါကျင့်ကျင့် ဆံပင်များနှင့် ပါးပြင်ပေါ်တွင် အစင်းကြောင်းများ ရှိသည်။ သူ၏ နဖူးပေါ်တွင်မူ မျက်လုံးတစ်လုံးနှင့် တူသော ပုံသဏ္ဌာန် ထွင်းထုထားသည့် သတ္တုပြားတစ်ခုကို ပတ်ထားခဲ့သည်။

သူက တောက်ပပြီး ကူးစက်ရလွယ်သော အပြုံးကြီးဖြင့် ဖြဲပြုံးလိုက်သည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပျံ့လွင့်သွားခဲ့တော့သည်။

"မန်ရှင်းအဆင့် ၈။"

ချိုးချန်ကျွင်းသည် အလန့်တကြားဖြင့် နောက်သို့ အရှိန်အဟုန်ပြင်းစွာ ဆုတ်ခွာသွားခဲ့ရတော့သည်။

All Chapters