← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀ - မန်ဒလာ။

ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်မှာ ယခုကာလအတွင်း လေလံတင်ရောင်းချခံရဖွယ် ရှိနေသည်။ ကန်စွန်းဥများမှာ မကြာမီ ရင့်မှည့်တော့မည် ဖြစ်သော်လည်းပထမဦးစွာအနေဖြင့် ရှုယွီ၏ ပိုးသတ်ခြင်းနည်းလမ်းမှာ အောင်မြင်စွာ မသုတေသနပြုနိုင်သေးချေ။

ဒုတိယအနေဖြင့်မူ သူသည် ကန်စွန်းဥများကို အမှန်တကယ်ပင် မရောင်းချချင်တော့ပေ။

ဤမျှ အရေးကြီးသော အရာမျိုးကို မိမိကိုယ်တိုင် အသုံးပြုရန်အတွက်သာ သိမ်းဆည်းထားခြင်းက ပိုမိုကောင်းမွန်ပေသည်။

ဘာပဲဖြစ်ဖြစ် ကန်စွန်းဥကိုယ်တိုင်က ဝိဉာဥ်ကျောက်တုံးများနှင့် တန်ဖိုးချင်း တူညီနေပြီး၎င်း၏ တန်ဖိုးမှာ ဝိဉာဥ်ကျောက်တုံးများထက်ပင် များစွာ ပိုမိုမြင့်မားနေသေးသည်။ ထိုအရာကို ရောင်းချရန် အဘယ်ကြောင့် စွန့်စားရပါမည်နည်း။

အထူးသဖြင့် ယခုအခါ သူ့တွင် ဝိဉာဥ်ကျောက်တုံးများကို လုယူနိုင်မည့် နည်းလမ်း ရှိနေပြီ ဖြစ်ရာကန်စွန်းဥများအပေါ် မျက်စိကျနေရန် ပို၍ပင် လိုအပ်ချက် မရှိတော့ချေ။

ဆုံးဖြတ်ချက် ချပြီးနောက်ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့၏ အကြည့်များမှာ အေးစက်သွားခဲ့ပြီးစောစောက သူတို့ကို ဝိုင်းရံသတ်ဖြတ်ရန် ပါဝင်ခဲ့ကြသူအချို့ထံသို့ လှမ်းကြည့်လိုက်ကြသည်။

ဝေ့ဝူက သူ၏ သတ်ဖြတ်လိုသည့် စိတ်အာရုံကို ထုတ်ဖော်လိုက်သည့်အခါအမှန်တကယ်ပင် ပထမဆုံး တုံ့ပြန်လာသူမှာ ယွီကျန့်ရှီး ဖြစ်သည်။

"ဝေ့ဝူ... သတ်ဖြတ်လိုတဲ့စိတ် အရမ်းများတာက ကောင်းကင်ဘုံတရားနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်ပါတယ်။ မင်းလည်း ကလဲ့စားချေဖို့အတွက် ငါ့ရဲ့ စီနီယာကို သတ်ပြီးပြီပဲမလို့ကျေးဇူးပြုပြီး ဒီလူတွေကို ချမ်းသာပေးပါဦး။"

ဝေ့ဝူသည် ဤ ယွီကျန့်ရှီးအပေါ် အထင်အမြင် သိပ်မဆိုးလှသဖြင့် သူက အေးစက်စွာသာပြန်ပြောလိုက်သည်။

"ဘေးမှာပဲ နေစမ်း။"

အခြားသူများမှာမူ မူလကတည်းက ရှောင်ချီနှင့် လီယိုတို့၏ ဟန့်တားမှုကြောင့် မလှုပ်ရှားဝံ့ဘဲ ရှိနေကြခြင်း ဖြစ်သည်။

ယခုအခါ ဝေ့ဝူ၏ သတ်ဖြတ်လိုသော စိတ်အာရုံမှာ အပြည့်အဝ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ကြရသည်။ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ခြေဦးတည့်ရာသို့ လှည့်၍ ထွက်ပြေးကြတော့သည်။

"ရှောင်ချီ လီယို နာရူတို... သူတို့ကို သတ်ပစ်စမ်း။"

ထိုသုံးဦးသည် ချက်ချင်းပင် လှုပ်ရှားသွားခဲ့ကြသည်။ လင်းယုန်ငှက်က စာကလေးပေါက်လေးများကို ဖမ်းဆီးသည့်အလား သူတို့သည် လက်မြှောက်ကာ ဓားချက်များကို ချပစ်ရင်း လူအချို့ကို ဆက်တိုက်ဆိုသလို သတ်ဖြတ်လိုက်ကြတော့သည်။

နာရူတိုသည် အထူးသဖြင့် အကြမ်းတမ်းဆုံး ဖြစ်နေခဲ့သည်။

သို့သော်လည်း သူတို့မှာ လူဦးရေ များပြားလှသဖြင့် အရပ်မျက်နှာအသီးသီးသို့ ကွဲပြားစွာ ထွက်ပြေးနေကြရာအချို့မှာမူ အဝေးသို့ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရရှိသွားကြဆဲပင် ဖြစ်သည်။

ဝေ့ဝူသည် သူ၏ ကစားစရာ သေနတ်ကို ထုတ်ယူရန် ပြင်ဆင်နေစဉ်မှာပင်သူ၏ ဘေးနား၌ အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။

အသေအချာ ကြည့်လိုက်သည့်အခါ ၎င်းမှာ CrossFire ဂိမ်းထဲမှ မန်ဒလာဖြစ်နေခဲ့သည်။

မန်ဒလာသည် ဆံပင်တိုတိုနှင့် အနောက်တိုင်း အလှပဂေးကဲ့သို့ ရုပ်ရည်ရှိပြီး အေးစက်ကာ ရင့်ကျက်သော အရှိန်အဝါမျိုး ရှိသည်။ ဂိမ်းထဲတွင် သူမ၌ ပုံစံနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ ဆံပင်အဖြူရောင် ဖြစ်ပြီး အခြားတစ်မျိုးမှာ ညိုနီရောင် ဆံပင် ဖြစ်သည်။

ဝေ့ဝူခေါ်ဆောင်လာခဲ့သည့် ပုံစံမှာမူ ဆံပင်တိုတိုနှင့် အဖြူရောင် ပုံစံရှိသော မန်ဒလာ ဖြစ်သည်။

သူမသည် သွယ်လျပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်း ရှိကာ ကျပ်ထုတ်နေသော အနက်ရောင် သားရေဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပေါင်ပေါ်တွင် သေနတ်အိမ်ကို ချည်နှောင်ထားရန် အနက်ရောင် ကွင်းတစ်ခုကို ပတ်ထားပြီး ခြေထောက်တွင်မူ ဒေါက်မြင့် သားရေဖိနပ်တစ်စုံကို စီးထားခဲ့သည်။

ဝေ့ဝူသည်မန်ဒလာကို တစ်ချက် ကြည့်လိုက်မိသည်။ မျှမျှတတ ပြောရလျှင် အမျိုးသမီးများ၏ အလှအပကို ဖော်ဆောင်သည့် နေရာတွင် ကျင့်ကြံခြင်းကမ္ဘာသည် ကမ္ဘာမြေကြီးကို ဖယောင်းတိုင်မီးနှင့် နေမင်းကြီးအလား ယှဉ်ရန်ပင် မမှီချေ။

မန်ဒလာ၏ လက်ထဲတွင်မူ အကြီးအကျယ် ပြုပြင်မွမ်းမံထားသော M4A1 ရိုင်ဖယ်သေနတ်တစ်လက် ရှိနေသည်။ ၎င်းမှာ တစ်ကိုယ်လုံး နီရဲနေပြီး အလွန်ပင် မိုက်လှသည့်အပြင် အဝေးကြည့်မှန်ပြောင်းပါ တပ်ဆင်ထားသေးသည်။

သူသည် ဘိုးဘေး ဝေ့ချွမ်ဟဲ၏ အမိန့်ပေးသံကို ကြားလိုက်ရသည်။

"သူတို့ကို ပစ်စမ်း။"

ထို့နောက် မန်ဒါလာသည် သူမ၏ သေနတ်ကို မြှောက်ကာ ပစ်ခတ်မည့် ပုံစံကို ယူလိုက်သည်။

သူမသည် လူတစ်ဦးကို ချိန်ရွယ်ကာ မောင်းခလုတ်ကို ဆွဲလိုက်သည်။ သေနတ်သံနှင့်အတူ ထိုလူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။

နောက်တစ်ဆင့်အနေဖြင့် သူမသည် နောက်ထပ် ပစ်မှတ်တစ်ခုကို အလျင်အမြန် ရှာဖွေပြန်သည်။

ဝတ်စုံရှည် ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူ ဘိုးဘေးအိုကြီးတစ်ဦးက ရင့်ကျက်သော အနောက်တိုင်းအသွင်ရှိ အမျိုးသမီးအလှလေးတစ်ဦးကို အမိန့်ပေးနေခြင်း... ဤပြင်းထန်လှသော ဖီလာဆန့်ကျင်ဘက် အမြင်အာရုံကြောင့် ဝေ့ဝူမှာ ခဏတာ စကားအံ စွံ့အသွားခဲ့ရသည်။

ဝေ့ဝူသည် သေနတ်သံ နှစ်ခုစလုံး တူညီနေသော်လည်း ကစားစရာသေနတ်နှင့် မန်ဒလာ၏ လက်ထဲရှိ သေနတ်တို့မှာ မတူညီကြောင်း အာရုံခံမိလိုက်သည်။

မန်ဒလာ၏ ပစ်ခတ်မှုမှာ မန္တန်တစ်ခုနှင့် ပို၍ တူညီနေသည်။ ထွက်ပေါ်သွားသော ကျည်ဆန်ကို သူ အာရုံခံကြည့်လိုက်သည့်အခါ ၎င်းတွင် အလွန် ပြင်းထန်လှသော ဝိညာဉ်ချီများသာ ပါဝင်နေပြီး ရုပ်ဝတ္ထုပစ္စည်း သက်သက် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။

တစ်နည်းအားဖြင့် ပြောရလျှင် မန်ဒလာ၏ ကျည်ဆန်များမှာ ဝိညာဉ်ချီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

CrossFire ထဲမှ အခြားသော ဇာတ်ကောင်များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်တန်ရာသည်။

မန်ဒလာ ပါဝင်လာမှုနှင့်အတူ သတ်ဖြတ်ရန် လိုအပ်သော လူများမှာ အလျင်အမြန်ပင် အပြတ်ရှင်းခြင်း ခံလိုက်ရတော့သည်။

ယခုအချိန်တွင် လူတစ်ယောက်သာ ကျန်ရှိတော့သည်။

"မန်ဒလာ... ဓားကို သုံးစမ်း။"

ဝေ့ဝူ၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။

သူသည် ဤပုံရိပ်အချို့ကို အသေအချာ နက်နက်ရှိုင်းရှိုင်း သုတေသနမပြုရသေးသဖြင့် သူတို့သည် သေနတ်ပစ်နိုင်သည့်အပြင် အနီးကပ် တိုက်ခိုက်ရေးပါ လုပ်ဆောင်နိုင်သည်ကို မသိရှိခဲ့ချေ။

"သူမက ဓားကို သုံးနိုင်တယ်ဆိုတော့ အခြားအရာတွေကော ဘာတွေ သုံးနိုင်သေးလဲ။ ဥပမာ - ပစ္စတိုသေနတ်တွေ၊ ဒါမှမဟုတ် လက်ပစ်ဗုံးတွေကော။"

"အဲဒီ မန္တန်နှစ်ခုကို ပစ္စတိုနဲ့ လက်ပစ်ဗုံးလို့ ခေါ်တာကိုး... လက်ထဲက မိုးကြိုးဆိုတာ တကယ်ကို လိုက်ဖက်ပါတယ်။ လက်ပစ်ဗုံးတွေကို သုံးလို့ရပြီးတော့ ၎င်းတို့ရဲ့ ဖျက်ဆီးအားက အလွန် မြင့်မားတယ်။ ဒါပေမဲ့ ဝိညာဉ်ချီကို အလွန်အမင်း ကုန်ဆုံးစေလို့ ဆက်တိုက်တော့ သုံးလို့မရဘူး။"

ဝေ့ဝူခေါင်းညိတ်လိုက်မိသည်။ ဘိုးဘေးအနေဖြင့် သူတို့ကို အသေအချာ သုတေသနပြုထားပုံရသည်။

ဤဘက်တွင်မူ အမိန့်ကို လက်ခံရရှိပြီးနောက် မန်ဒလာ၏ လက်ထဲရှိ သေနတ်မှာ Kukriတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမသည် ထိုလူ့ထံသို့ ပြေးဝင်သွားပြီး ခေါင်းကို တည့်တည့် ဖြတ်ချပစ်လိုက်တော့သည်။

"တကယ့်ကို အစွမ်းထက်တာပဲ။"

ဝေ့ဝူ*အံ့ဩချီးကျူးမိသည်။ သူမ၏ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်မှာလည်း မန်ရှင်းအဆင့် ၇ဝန်းကျင်တွင် ရှိတန်ရာသည်။

ဤနေရာတွင် ချိုးချန်ကျွင်းကို အားကိုးပြီး သူတို့အပေါ် လှုပ်ရှားရန် ကြိုးစားခဲ့ကြသည့် လူအားလုံးမှာ လုံးဝဥဿုံ ကွပ်မျက်ခြင်း ခံလိုက်ရချေပြီ။

ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် အခြားသော လူများသည် ထွက်ပြေးရန် သို့မဟုတ် လှုပ်ရှားရန်ပင် မဝံ့ကြဘဲ ကောင်းကင်ယံ၌ ဟိုနားဒီနား ပျံသန်းရင်း တုန်တုန်ရင်ရင်ဖြင့် ရှိနေခဲ့ကြသည်။

ဝေ့ဝူသည် သူ၏ လက်များကို နောက်ကျောတွင် ထားရှိရင်း ခေါင်းကို မော့ကာ ပြောလိုက်သည်။

"ချိုးချန်ကျွင်းနဲ့ ဒီလူတွေက သစ္စာမရှိဘဲ ငါ့ရဲ့ ဝေ့မိသားစုကို ရန်ပြုဖို့ ကြံရွယ်ခဲ့ကြတယ်။ သူတို့ဟာ ငါတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ ဖြစ်ပြီး သေထိုက်လို့ သေကြတာပဲ။"

"သူတို့ထဲမှာ ဟွမ်ထိုင်ဂိုဏ်းကလွဲလို့ အချို့က မင်းတို့ရဲ့ အသီးသီးသော အင်အားစုတွေက ဖြစ်ကြတယ်။ ဒါကြောင့် မင်းတို့မှာလည်း တာဝန်ရှိတယ်။ မင်းတို့ တစ်ယောက်ချင်းစီအနေနဲ့ ၀ိဉာဥ်ကျောက်တုံး ငါးထောင် စီ ထုတ်ပြီး ငါ့ဆီ ပေးအပ်ရမယ် ဒါဆိုရင် ဒီကိစ္စက ပြီးပြတ်သွားလိမ့်မယ်။ မဟုတ်ရင်တော့..."

ဝေ့ဝူက ပြင်းထန်စွာ နှာမှုတ်လိုက်ရာ တစ်ချိန်တည်းမှာပင် ရှောင်ချီ၊ လီယို၊ နာရူတိုနှင့် မန်ဒလာတို့သည် ပြင်းထန်လှသော အရှိန်အဝါများကို ချက်ချင်း ထုတ်ဖော်လိုက်ကြတော့သည်။

ထိုလူများ၏ အမူအရာများမှာ တင်းမာသွားခဲ့ကြရသည်။ သူတို့အနေဖြင့် အလွန်အမင်း မလိုလားကြသော်လည်း မည်သူမျှ မနာခံဝံ့ကြဘဲ အရှုံးပေးရန်သာ ရှိတော့သည်။

အတိအကျပင် ထိုအချိန်၌ လူတစ်ဦး ပျံသန်းထွက်ပေါ်လာခဲ့သည်။

ဝေ့ဝူလှမ်းကြည့်လိုက်ရာ ၎င်းမှာ လွန်ခဲ့သော လအနည်းငယ်ခန့်က ဝေ့မိသားစုအနေဖြင့် ရွှန်းဖုန်းဂိုဏ်းနှင့် ချင်မိသားစုကို အပြတ်ရှင်းပြီးနောက် အခြေအနေကို လာရောက် စူးစမ်းခဲ့သော ကူယွန်းတောင်တန်းမှ အလှပန်းလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"သခင်လေး ဝေ့... ဒီအမျိုးသမီးငယ်က ဂါရဝပြုပါတယ်။"

သူမက ဂါရဝပြုလိုက်သည်။

"စောစောက သခင်လေးကို ဖိအားပေးခဲ့ကြတဲ့အထဲမှာ ကျွန်မတို့ လန်ယွဲ့ဂိုဏ်းက လူတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ကျွန်မတို့တွေက ဝေ့မိသားစုအပေါ် မကောင်းတဲ့အကြံမျိုး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒီ၀ိဉာဥ်ကျောက်တုံး ငါးထောင်ကိုတော့..."

ဤအလှပန်းလေးသည် လှမ်းကြည့်လိုက်ရာသူမ၏ မျက်လုံးများထဲတွင် သံယောဇဉ် အရိပ်အယောင်များနှင့် နူးညံ့ပျော့ပြောင်းမှုများ ပြည့်နှက်နေခဲ့သည်။

သို့သော် သူမ ကြားလိုက်ရသည်မှာ ဝေ့ဝူ၏ အေးစက်လှသော အော်ဟစ်သံသာ ဖြစ်သည်။

"အဓိပ္ပာယ်မရှိတာ။"

ဤအော်ဟစ်သံကြောင့် အလှပန်းလေးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရတော့သည်။

"ဘယ်အင်အားစုပဲဖြစ်ဖြစ် အားလုံးက ၀ိဉာဥ်ကျောက်တုံး ငါးထောင်စီ ပေးအပ်ရမယ်။ မင်းတို့တွေ အမြန်ဆုံး သွားပြီး ၀ိဉာဥ်ကျောက်တုံးတွေကို စုဆောင်းတာ ပိုကောင်းလိမ့်မယ်။ စကားတွေ အများကြီး ပြောမနေနဲ့တော့။"

သူက လူအုပ်ကို ထပ်မံ ကြည့်လိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

"ငါ ဟွမ်ထိုင်ဂိုဏ်းမှာ မင်းတို့ကို စောင့်နေမယ်။ အကယ်၍ တစ်နာရီအတွင်း ငါ့လက်ထဲကို ၀ိဉာဥ်ကျောက်တုံး ငါးထောင် မရောက်လာဘူးဆိုရင် ငါကိုယ်တိုင် မင်းတို့ရဲ့ တံခါးဝအထိ လာပြီး သိမ်းဆည်းရလိမ့်မယ်။"

ဤစကားများကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးသည် ၀ိဉာဥ်ကျောက်တုံးများကို သွားရောက် ယူဆောင်ရန်အတွက် အလျင်အမြန်ပင် လူစုခွဲသွားကြတော့သည်။

ဝေးကွာသော နေရာတွင် ရှိနေကြသူများမှာမူ အရှိန်မြှင့်ရန်အတွက် သူတို့၏ ရတနာများကိုပင် အသုံးပြုကြတော့သည်။

ဝေ့ဝူက သူတို့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ အကြောင်းမူကား ဘုန်းကြီးက ထွက်ပြေးနိုင်သော်လည်း ကျောင်းကတော့ ထွက်မပြေးနိုင်သောကြောင့် ဖြစ်သည်။

၀ိဉာဥ်ကျောက်တုံး ငါးထောင်ဆိုသည်မှာ ဤအင်အားစုများအတွက် များပြားလှသော်လည်း လက်မခံနိုင်စရာတော့ မဟုတ်ချေ။

ဟွမ်ထိုင်ဂိုဏ်းကို ဖယ်ထုတ်လိုက်လျှင် ပိုင်ရှန်းချိုင့်ဝှမ်းတွင် စုစုပေါင်း အင်အားစု ရှစ်ခု ရှိနေသဖြင့် ၀ိဉာဥ်ကျောက်တုံး လေးသောင်း ရရှိမည် ဖြစ်သည်။

ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် သေဆုံးသွားသော ကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်ကြပြီး ဟွမ်ထိုင်ဂိုဏ်းထံသို့ ဦးတည်ရန် ပြင်ဆင်နေစဉ်ဝေ့ဝူသည် ကောင်းကင်ယံ၌ မှင်တက်နေသော အမူအရာဖြင့် ပျံသန်းနေဆဲဖြစ်သည့် ယွီကျန့်ရှီးကို သတိပြုမိလိုက်သည်။

ထို့ကြောင့် ဝေ့ဝူက လှမ်းခေါ်လိုက်သည်။

"စီနီယာ ယွီ... ကျွန်တော်တို့နဲ့ အတူတူ လိုက်ခဲ့ပါဦး။"

သူတို့သည် ဟွမ်ထိုင်ဂိုဏ်းနှင့် အကျွမ်းတဝင် မရှိချေ။ အကယ်၍ လမ်းပြပေးမည့်သူတစ်ဦး ရှိနေပါက ပိုမို အဆင်ပြေပေလိမ့်မည်။

ထို့အပြင် ဝေ့ဝူအနေဖြင့် ယွီကျန့်ရှီးကို ဤအတိုင်း လွှတ်ပေးလိုက်၍ မရချေ။ ဘာပဲဖြစ်ဖြစ် သူက ဟွမ်ထိုင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဘယ်ကိုလဲ..."

ယွီကျန့်ရှီးကမေးမြန်းလိုက်သည်။

"ဟွမ်ထိုင်ဂိုဏ်းကိုပေါ့။"

ဝေ့ဝူကလှမ်းအော်လိုက်သည်။

"ကျောက်တုံး ငါးထောင်အတွက်လား။ ငါ အခုချက်ချင်း သွားယူပေးပါ့မယ်။"

"အခြားအင်အားစုတွေက ငါးထောင် ပေးရင် အဆင်ပြေပေမဲ့၊ မင်းတို့ရဲ့ ဟွမ်ထိုင်ဂိုဏ်းက ချမ်းသာပြီး အင်အားကြီးတာပဲကို။ ဘယ်လိုလုပ်ပြီး ငါးထောင်တည်းနဲ့ ပြီးပါ့မလဲ။ သဘာဝကျကျပဲ... ကျွန်တော်ကိုယ်တိုင် ခရီးတစ်ခု သွားရမှာပေါ့။"

ယွီကျန့်ရှီးနားလည်သွားခဲ့သည်။

"မင်း... မင်းက ငါ့ရဲ့ ဟွမ်ထိုင်ဂိုဏ်းကို လုယက်မလို့..."

သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျော့ခွေသွားခဲ့ရသည်။ သေဆုံးသွားခဲ့ကြရရှာသော ဟွမ်ထိုင်ဂိုဏ်းမှ ကျင့်ကြံသူများကို ပတ်ဝန်းကျင်၌ ဝေ့ဝဲကြည့်ရင်း သူ၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုနှင့် မကျေနပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှချေလား။ ငါ ဘာဖြစ်လို့ စီနီယာကို မတားဆီးခဲ့မိတာလဲ။"

All Chapters