← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) ကျွန်တော် မေးချင်တာက အဲဒါက လူကို သယ်နိုင်လား

"မင်း..."

ပရော်ဖက်ဆာဝူတဖူသည် သူ၏မျက်နှာဖုံးကို တိုက်ရိုက် ခွာချလိုက်တော့၏။

"ကျောင်းသားချန်... မင်း မစဉ်းစားဘူးလား... ပတီးရိုဆောတွေက လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုနိုင်တဲ့ ကြမ်းတမ်းတဲ့ သားရဲတွေလေ... မင်း တကယ်ပဲ သူ့ကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား..."

"တစ်ခုခု မှားယွင်းသွားရင် မင်း တာဝန်ယူရလိမ့်မယ်..."

"မင်းက တက္ကသိုလ်ကျောင်းသားပဲ ရှိသေးတယ်... ဒီပြဿနာတွေကို မင်း တကယ် ဖြေရှင်းနိုင်လို့လား... မင်းရဲ့ ပညာရေးကို စဉ်းစားပါ... မင်းရဲ့ မိဘတွေကို စဉ်းစားပါ..."

"မင်းက ဘွဲ့မရသေးဘူး... အိမ်ထောင်လည်း မကျသေးသလို ကလေးလည်း မရှိသေးဘူး... တကယ်လို့ တစ်ခုခုသာ ဖြစ်သွားရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်..."

"ငါတို့ သုတေသနအင်စတီကျုကို မြန်မြန် အပ်နှံလိုက်ဖို့ ငါ အကြံပေးချင်တယ်..."

ပရော်ဖက်ဆာဝူတဖူသည် လူများက မြေကြီးထဲမှ တစ်ခုခု တူးဖော်တွေ့ရှိသည့်အခါ ခြောက်လှန့်ရန် ဤနည်းလမ်းကို အသုံးပြုလေ့ရှိပေသည်။

ပစ္စည်းကို လက်ထဲရောက်စေရန် ယွမ်ငါးရာနှင့် ဂုဏ်ပြုစာလိပ်ကို အသုံးပြုကြခြင်း ဖြစ်၏။

သို့မဟုတ်ပါက ပစ္စည်းသည် အတုဖြစ်ကြောင်း ပြောဆိုကာ စျေးကွက်ပေါက်စျေးထက် နည်းသော စျေးနှုန်းဖြင့် ဝယ်ယူရန် လှည့်စားလေ့ရှိကြပေသည်။မည်သို့ပင်ဆိုစေကာမူ ဤလှည့်ကွက်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ဖြစ်လေ၏။

သူက အကြိမ်တိုင်းနီးပါး အောင်မြင်ခဲ့သည်။ပရော်ဖက်ဆာဝူတဖူသည် သုတေသနအင်စတီကျုတွင် အလုပ်လုပ်နေစဉ် လစာများများစားစား မရရှိချေ။သုတေသန လုပ်ဖူးသူတိုင်း သိသည့်အတိုင်း တစ်ခါတစ်ရံတွင် သုတေသန ပရောဂျက်တစ်ခုမှ ရလဒ်များ ထွက်ပေါ်လာရန် နှစ်ပေါင်းများစွာ အချိန်ယူရပေသည်။

ထို့အပြင် ကုန်ကျစရိတ်များက မြင့်မားလှသဖြင့် လစာ သို့မဟုတ် ဆုကြေးငွေ သိပ်မများပြားလှချေ။

ဆန့်ကျင်ဘက်အနေဖြင့် ပရော်ဖက်ဆာဝူတဖူ၏ နည်းလမ်းကမူ…

၎င်းက သူ့ကို ကြီးမားသော ကြွယ်ဝချမ်းသာမှုများ စုဆောင်းနိုင်စေခဲ့ပေ၏။

သို့သော် ယခုအခါတွင် တူညီသော လှည့်ကွက်များသည် ချန်ဖုန်းအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိကြောင်း သူ တွေ့ရှိသွားခဲ့လေသည်။ထိုမျှသာမက

အခြား ပရော်ဖက်ဆာများကပင် သူ့ကို အနှောင့်အယှက်ပေးရန် လုပ်နေကြသေးသည်။

‘မင်းတို့ အကုန်လုံး အရူးတွေလား...

ဒီပတီးရိုဆောကို ငါ့ဆီပေးဖို့ သူ့ကို လှည့်စားပြီးတာနဲ့ မင်းတို့ လိုချင်သလောက် သုတေသန လုပ်လို့ရပြီလေ... ဘာလို့ အခု အရူးတွေလို ပြုမူပြီး ငါ့ကို အနှောင့်အယှက် ပေးနေကြတာလဲ...အသုံးမကျတဲ့ အသင်းဖော်တွေ…’ဟု

စိတ်ထဲကကျိန်ဆဲလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သုတေသီများသည် မည်သို့ ပြောင်းလွယ်ပြင်လွယ် လုပ်ရမည်ကို မသိကြချေ။

"အရူးပဲ..."

ချန်ဖုန်းသည် တစ်ဖက်လူအား ဂရုစိုက်ရန် ပျင်းရိနေခဲ့ပေ၏။

အကယ်၍ သူက ရှောက်ရိလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးပါက ပတီးရိုဆောသည် ကြီးလာသည့်အခါ သူ၏ အမိန့်များကိုသာ နာခံမည်ဖြစ်ရာ မည်သို့ အန္တရာယ်ပြုနိုင်မည်နည်း။

ထို့အပြင် သမိုင်းမတင်မီက သတ္တဝါများသည် အပ်နှံရမည့် အတိုင်းအတာထဲတွင် အမှန်တကယ် မပါဝင်ချေ...‘ကျုပ်ပိုင်တဲ့အရာကိုခင်ဗျားကို ဘာလို့ ပေးရမှာလဲ…

သူ့ကိုသူဘာထင်နေလဲမသိဘူး…’

‘မသိရင် ငါ့ပုံစံကပဲ ဘာမှနားမလည်တဲ့ပုံ အလွယ်တကူ လှည့်စားလို့ရမယ်များ

ထင်နေလားမသိဘူး…

သူက ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးထံ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

"မန်နေဂျာကျန်း... သူစိမ်းတစ်ယောက် ကျွန်တော့်အိမ် ဝင်လာလို့... လုံခြုံရေး နှစ်ယောက်လောက် ခေါ်လာပြီး သူ့ကို အပြင်မောင်းထုတ်ပစ်ဖို့ ကူညီပါဦး..."

ဤစကားကို ကြားရချိန်တွင် ဖုန်း၏ အခြားတစ်ဖက်ရှိ မန်နေဂျာကျန်းမှာ...

လန့်ဖြတ်သွားပြီး အော်ဟစ်လိုက်၏။

"မစ္စတာချန်... ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်..."

ဟာသပဲ…ယွီလုံအော် သည် အဆင့်မြင့် ဗီလာဧရိယာတစ်ခုဖြစ်ပြီး ဤဗီလာတွင် နေထိုင်နိုင်သူများမှာ သာမန်လူများ လုံးဝ မဟုတ်ကြချေ။ပိုင်ဆိုင်မှုမန်နေဂျာတစ်ဦးအနေဖြင့် သူ မည်သို့ ပေါ့ဆရဲမည်နည်း။

မကြာမီမှာပင်။

မန်နေဂျာကျန်းသည် လုံခြုံရေး လေးငါးဦးကို ခေါ်ဆောင်လာခဲ့ပေသည်။

"မစ္စတာချန်... ဘယ်ခွေးကောင်က ခင်ဗျားရဲ့ ဗီလာထဲကို ဝင်လာရဲတာလဲ..."

"သူပဲ..."

ချန်ဖုန်းက ပရော်ဖက်ဆာဝူတဖူအား လက်ညှိုးထိုးပြသည်ကို မြင်သောအခါ မန်နေဂျာကျန်းသည် ပယ်ချသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်၏။

လုံခြုံရေး အနည်းငယ်က ပရော်ဖက်ဆာဝူတဖူအား ဆွဲထုတ်သွားကြလေသည်။

"ကျစ်... မင်းက ဘာကောင်မို့လို့လဲ... မစ္စတာချန် ရဲ့ ဗီလာထဲကို ဒီအတိုင်း ဝင်သွားလို့ရမယ် ထင်နေတာလား..."

"ညီအစ်ကိုတို့ သူ့ကို ဆွဲထုတ်သွားကြ..."

"ဒီမျက်နှာကို မှတ်ထားပြီး အခုကစလို့ ယွီလုံအော် ရဲ့ အမည်ပျက်စာရင်းထဲ ထည့်လိုက်..."

ပရော်ဖက်ဆာဝူတဖူသည် အမှန်တကယ်ပင် မြေပြင်ပေါ်မှ ဆွဲထုတ်ခံလိုက်ရပြီး ကျယ်လောင်စွာ ကျိန်ဆဲလေ၏။

"မင်းတို့... နံစော်နေတဲ့ လုံခြုံရေးကောင်တွေ ငါ့ကို လွှတ်စမ်း... ငါက သုတေသနအင်စတီကျုက ပရော်ဖက်ဆာကွ..."

"ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ... ငါ တိုင်တောပစ်မယ်..."

"ယုံချင်ယုံ မယုံချင်နေ... မင်းတို့ကို မိနစ်ပိုင်းအတွင်း အလုပ်ပြုတ်သွားအောင် ငါ လုပ်နိုင်တယ်..."

"မင်းက ပရော်ဖက်ဆာဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ... ညီအစ်ကိုတို့ သူ့ကို ဆုံးမလိုက်ကြ..."

ထို့နောက် လုံခြုံရေး အနည်းငယ်သည် လျှပ်စစ်တုတ်များကို အသုံးပြု၍ ပရော်ဖက်ဆာဝူတဖူအား အကြိမ်ကြိမ် ထိုးနှက်ကြလေတော့သည်။နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သူတို့သည် ဗီလာဧရိယာထဲမှ ချက်ချင်း ဆွဲထုတ်ခံလိုက်ရပေ၏။

အခန်းထဲတွင်။

ပရော်ဖက်ဆာကျုံးချန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ကျောင်းသားချန်... တကယ်ကို တောင်းပန်ပါတယ်... ပရော်ဖက်ဆာဝူတဖူက ဒီလောက် လောဘကြီးလိမ့်မယ်လို့ ငါ မသိခဲ့ဘူး... ဇီဝဗေဒ ပရော်ဖက်ဆာတစ်ယောက်အနေနဲ့ သူက ပိုက်ဆံကို အရမ်း တန်ဖိုးထားလွန်းတယ်..."

ပရော်ဖက်ဆာဝမ်ကလည်း အလျင်အမြန် တောင်းပန်လိုက်၏။

"အဓိကက ငါ့အမှားပါ... သူ့ကို ငါ မခေါ်လာသင့်ဘူး... ဒီလူကတော့ ဟူး..."

"ဘာမှမဖြစ်ပါဘူး... လူရွှင်တော်တစ်ယောက်ပါပဲ..."

ချန်ဖုန်းသည် မလှမ်းမကမ်းတွင် ရှိနေသော ရှောင်ရိအား လက်ဝှေ့ယမ်းပြလိုက်သည်။

ရှောင်ရိသည် အလျင်အမြန် ပျံသန်းလာပြီး သူ၏ ပခုံးပေါ်တွင် နားလိုက်၏။

"ပရော်ဖက်ဆာကျုံး... ခင်ဗျားတို့ ဒီပတီးရိုဆောကို အရင် လေ့လာသင့်တယ်... မဟုတ်ရင် နောက်ကျရင် အခွင့်အရေး ရမှာမဟုတ်ဘူး..."

"ဟုတ်တယ် ဟုတ်တယ်... ပတီးရိုဆောကို လေ့လာကြမယ်..."

ထို့နောက် ပရော်ဖက်ဆာကျုံးချန်သည် ရှောင်ရိအပေါ်သို့ အာရုံစိုက်လိုက်လေသည်။

ချန်ဖုန်းသာ မရှိခဲ့လျှင် သူတို့အတွက် ဤမျှ အနီးကပ် လေ့လာရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

အနီးအနားတွင် ရပ်နေသော ပရော်ဖက်ဆာဝမ် (Wang) က ပြောဆိုလိုက်၏။

"ချန်ဖုန်း... ဒီအကောင်ပေါက်လေးက အရမ်း မြန်မြန်ကြီးထွားလာတတ်တယ်... မင်းရဲ့ ဗီလာက အရမ်းကြီးပေမဲ့ ပတီးရိုဆောက အရွယ်အစား သုံးမီတာကနေ ငါးမီတာလောက်အထိ ကြီးလာရင် ဒီနေရာက လောက်မှာ မဟုတ်ဘူး..."

"အဲဒါ ဖြေရှင်းရ လွယ်ပါတယ်... အဆိုးဆုံးအခြေအနေမှာ ပိုကြီးတဲ့ စံအိမ်တစ်ခု ဝယ်လိုက်ရုံပဲလေ..."

ချန်ဖုန်းက အမှန်တကယ်ပင် ယင်းကို အလေးအနက် မထားခဲ့ချေ။ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သော မည်သည့်အရာမဆို ပြဿနာ မဟုတ်ပေ။

"အင်း..."

ပရော်ဖက်ဆာဝမ်က နှုတ်ခမ်းကို သပ်လိုက်၏။

နေရာမကောင်းသော စံအိမ်ကြီးတစ်ခုပင်လျှင် ယွမ်သန်းငါးဆယ် ခြောက်ဆယ်ခန့် တန်ဖိုးရှိပေသည်။

အကယ်၍ နေရာက မြို့လယ်ခေါင်တွင် ဖြစ်နေပါက ဥပမာအားဖြင့် ပြည်နယ်မြို့တော် သို့မဟုတ် ကျိုတို၏ ဗဟိုဧရိယာတွင်ဆိုလျှင် စျေးနှုန်းမှာ အနည်းဆုံး ယွမ်သန်းရာချီ ရှိပေလိမ့်မည်။

ချန်ဖုန်း၏ လေသံက ဤအရာကို မည်သို့ ထုတ်ဖော်ပြသနေသနည်း။ စံအိမ်တစ်လုံး ဝယ်ခြင်းက ထမင်းစားသကဲ့သို့ ရိုးရှင်းနေသလား အခြားသူများ၏ မျက်နှာအမူအရာများမှာလည်း ထူးဆန်းနေကြပေ၏။

ချန်ဖုန်းသည် သူတို့၏ ပုံမှန်မဟုတ်မှုများကို သတိမထားမိဘဲ ခဏတာ တွေးတောပြီးနောက် မေးလိုက်သည်။

"ပတီးရိုဆောက ကောင်းကင်ဘုရင်လို့ ခင်ဗျားတို့ ပြောတာ ကြားတယ်... ဆိုတော့ သူ့ရဲ့ ပျံသန်းနိုင်စွမ်းက အရမ်း အစွမ်းထက်ရမယ်...ကျွန်တော် သိချင်တာက အဲဒါက လူကို သယ်နိုင်လား..."

ပရော်ဖက်ဆာကျုံးချန် …

ပရော်ဖက်ဆာဝမ် …

ပရော်ဖက်ဆာဝမ် (Wan) …

ဒီကောင်လေးက တကယ်ကို ခန့်မှန်းရခက်တာပဲ…

လူကို သယ်နိုင်လား ဟုတ်လား…

ရှေးခေတ်ကနေ အခုအချိန်အထိ မင်းတစ်ယောက်တည်းပဲ ဒီလိုတွေးဖူးမှာ…

"ဘာလဲ... သူက ဒီလောက်ကြီးတာကို လူကို မသယ်နိုင်ဘူးလား..."

ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွားရပေ၏။

"မဟုတ်ဘူးလေ..."

ပရော်ဖက်ဆာကျုံးချန်က အနေရခက်စွာဖြင့် ရှင်းပြလိုက်သည်။

"သီအိုရီအရဆိုရင်တော့ ဖြစ်နိုင်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ အရွယ်ရောက်ပြီးသား ပတီးရိုဆောက အရမ်းကြီးပြီး လူတစ်ယောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိလို့ပဲ..."

"ဒါပေမဲ့ သူက အရမ်းမြန်မြန် ပျံသန်းတတ်ပြီး အမြင့်မှာရှိတဲ့ လူတွေက လေဖိအားနဲ့ ဆွဲငင်အားကို ခံနိုင်ရည်ရှိရမယ်...မဟုတ်ရင် သာမန်လူတွေက လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."

"အော် ဒါကြောင့်ကိုး..."

ချန်ဖုန်းသည် မျက်လုံးများကို မှေးစင်းလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှု အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။

သီအိုရီအရ ဖြစ်နိုင်သည်ဆိုလျှင် အဆင်ပြေသည်။စနစ်၏ အားဖြည့်မှုဖြင့်ဆိုလျှင် လူတစ်ဦး၏ ခန္ဓာကိုယ်သည် လေထုခုခံမှုကို ရင်ဆိုင်နိုင်စွမ်း ရှိသေးပေသည်။

ယခုအခါတွင် ရှောင်ရိ လျင်မြန်စွာ ကြီးထွားလာရန်သာ စောင့်ဆိုင်းနေရတော့၏။

အချိန်ကျလာသောအခါ ပတီးရိုဆောစီးပြီး ကောင်းကင်ဘုံသို့ သွားမည်။တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

လုံခြုံရေးလှည့်ကင်းများအတွက်လည်း ဗီလာတွင် ပုံမှန်အားဖြင့် သူ့ကို ထားရှိမည်ဖြစ်ရာ ကောင်းကင်တွင်ဖြစ်စေ မြေပြင်ပေါ်တွင်ဖြစ်စေ မည်သူမျှ ပတီးရိုဆော၏ မျက်လုံးများမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

မိုက်တယ် မဟုတ်လား...

လုံခြုံရေး လှည့်ကင်းတွေနဲ့ CCTV စောင့်ကြည့်ကင်မရာတွေကို အသုံးပြုတာက ခေတ်နောက်ကျနေပြီ...သူကတော့ ပတီးရိုဆောကို လုံခြုံရေးအဖြစ် အသုံးပြုမယ်…

ထိုအချိန်ရောက်လျှင် လူတစ်ဦးတစ်ယောက်မျှ ဗီလာတစ်ခုလုံးသို့ ဝင်ရောက်နိုင်မည်မဟုတ်သလို စာကလေးတစ်ကောင်ပင် ပျံသန်းဝင်ရောက်နိုင်မည် မဟုတ်ချေ။

ချန်ဖုန်း၏ ပါးနပ်သော အပြုံးကို မြင်သောအခါ ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများသည် ခေါင်းမခါဘဲ မနေနိုင်ကြတော့ချေ။

သူက ပတီးရိုဆောကို လူတွေ သယ်ခိုင်းဖို့ ကြိုးစားဖို့ စီစဉ်နေတာများလား…

ကောင်းပြီလေ...လူ့အဖွဲ့အစည်းရဲ့ ကြမ်းတမ်းတဲ့ အဖြစ်မှန်တွေကို မကြုံဖူးဘူးဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်... ဒီကောင်လေးကို စမ်းသပ်ခွင့်ပေးတာက အကြံကောင်းပါပဲ…

ပရော်ဖက်ဆာကျုံးချန်က ရုတ်တရက် ပြောဆိုလိုက်၏။

"ကျောင်းသားချန်... တကယ်တော့ ဒီပတီးရိုဆောရဲ့ သွေးက သုတေသနအတွက် အရမ်းတန်ဖိုးရှိတယ်... မင်း သွေးတစ်စက်လောက်ယူပြီး ရောင်းလို့ရတယ်..."

"တချို့ သုတေသနအင်စတီကျုတွေက မျိုးဗီဇပုံတူပွားခြင်းကို လေ့လာဖို့ စိတ်အားထက်သန်နေကြတယ်... အဲဒါက ပတီးရိုဆော မျိုးစိတ်တွေကို ပြန်ပေါ်လာစေနိုင်တယ်..."

"ဘာပဲဖြစ်ဖြစ် မင်းဆီမှာ ပတီးရိုဆော တစ်ကောင်ပဲရှိတာဆိုတော့ မျိုးပွားဖို့ မလုံလောက်ဘူးလေ..."

ချန်ဖုန်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားပေသည်။

"နောက်မှ ကြည့်ကြတာပေါ့... ပိုက်ဆံက အရေးမကြီးပါဘူး... ကျွန်တော် ကိုယ်တိုင် လုပ်နိုင်စွမ်းရှိလာတဲ့အခါ သုတေသန လုပ်လို့ရတာပဲ..."

"ဟဲဟဲ..."

ပရော်ဖက်ဆာကျုံးချန်က ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ချေ။

ပရော်ဖက်ဆာများသည် သူတို့၏ သုတေသနကို ပြန်လည်စတင်ကြပြီး ပတီးရိုဆော၏ ပုံပန်းသဏ္ဌာန်ကို လေ့လာကာ သူတို့၏ မှတ်စုစာအုပ်များတွင် မှတ်စုများ ရေးမှတ်ကြလေတော့၏။

—

All Chapters