← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) ခင်ဗျားက ပရိသတ်အတုပဲ

ချန်ဖုန်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ရှေ့တွင် မောက်မာသောဟန်နှင့် မျက်နှာပေါ်တွင် အထင်သေးမှု အရိပ်အယောင်များ ရှိနေသည့် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရပေ၏။

‘ဒီအရူးက ဘယ်သူလဲ ငါဒီမှာ ကောင်းကောင်းမွန်မွန် ထိုင်နေတာပဲ ဘာလို့ နေရာလဲရမှာလဲ’

"မလုဲနိုင်ဘူး"

"မင်း..."

ကျန်းချုံသည် ဤကဲ့သို့သော ငြင်းပယ်မှုမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု ရှင်းလင်းစွာ မထင်မှတ်ထားခဲ့ချေ။

သူသည် ပေ့ဟူမြို့ရှိ နာမည်ကြီး သခင်လေးတစ်ဦးဖြစ်ပြီး ဒုတိယမျိုးဆက် သူဌေးသားများ အသိုင်းအဝိုင်းတွင် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်လေသည်။ သူ့ကို ဘယ်သူက မလေးမစား လုပ်ရဲမှာလဲ။

ရွှီချင်းချန်၏ ရှေ့တွင် ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းထားရန်သာ မလိုပါက သူ စတင်ကျိန်ဆဲနေလောက်ပြီ ဖြစ်ပေ၏။

ကျစ်… ဒီကောင်က တကယ်ကို အလိုက်မသိတာပဲ။

အထူးသဖြင့် သူ၏ပတ်ဝန်းကျင်ရှိ သူဌေးသားလေးများအုပ်စုက ပြဇာတ်တစ်ပုဒ်လို စောင့်ကြည့်နေကြသည်ကို သူ ခံစားလိုက်ရချိန်တွင် ကျန်းချုံသည် အနေရခက်သော အခြေအနေသို့ ရောက်ရှိသွားပေသည်။ ထိုင်ခုံတစ်လုံးကိုတောင် မယူနိုင်ဘူးဆိုရင် တခြားသူတွေက သူ့ကို ဘယ်လို လှောင်ပြောင်ကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ နောက်ခံ အမှတ်အသားကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်၏။

"မိတ်ဆွေ မင်း ငါ့အကြောင်း ကြားဖူးမှာပါ ငါ့နာမည်က ကျန်းချုံ မိသားစုမှာ စီးပွားရေးလုပ်ငန်း သိပ်အများကြီး မရှိပါဘူး ယွမ်သန်းပေါင်း ထောင်ဂဏန်းလောက်ပဲ ရှိတာပါ"

"တကယ်လို့ မင်း ငါနဲ့ နေရာလဲပေးမယ်ဆိုရင် မင်းလိုချင်သလောက် ငါ ပေးမယ် မင်းဘေးက လှပတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာကိုလည်း မင်း သိသင့်တယ် သူမက နာမည်ကြီး မင်းသမီးတစ်ယောက်လေ"

"မင်းမှာ သူမကို ရနိုင်တဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေ ရှိတယ်လို့ ထင်နေတာလား လူတွေက ကိုယ့်ကိုယ်ကိုယ် သိစိတ်လေးတော့ ရှိသင့်တယ် မင်းနေရာကို ငါ့ကိုပေးရင် ငါ မင်းကို ပိုက်ဆံတချို့ ပြန်ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ"

သူ့အနေနဲ့ အလွန် ရှင်းလင်းစွာ ပြောဆိုခဲ့ပြီဟု ခံစားလိုက်ရပေ၏။

ပထမအချက်အနေဖြင့် သူသည် နာမည်ကျော် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးအဖြစ် သူ၏ နောက်ခံ အမှတ်အသားကို ပြောပြခဲ့ပြီး သူ၏ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုမှာ မင်း ရန်စနိုင်သော သူမဟုတ်ကြောင်း သွယ်ဝိုက်၍ ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။

ဒုတိယအချက်အနေဖြင့် သူသည် ထိုင်ခုံဝယ်ရန် ငွေပေးချင်နေသေးသည်။ သာမန်ထိုင်ခုံတစ်ခုကို ငွေအမြောက်အမြားဖြင့် လဲလှယ်ခြင်းက သာမန်လူများအတွက် သေချာပေါက် ကြီးမားသော အမြတ်အစွန်းတစ်ခုပင် ဖြစ်ပေ၏။

ရွှီချင်းချန်က ချန်ဖုန်း၏ဘေးတွင် အဘယ်ကြောင့် ထိုင်ရန် ရွေးချယ်ခဲ့သည်ကို သူ မသိခဲ့ချေ။ သို့သော် အချက်တစ်ချက်ကတော့ သေချာပါသည်။ သူ့ရှေ့ရှိ ဤလူငယ်တွင် ပိုက်ဆံများများစားစား လုံးဝမရှိချေ။ သူ၏ တစ်ကိုယ်လုံးရှိ အဝတ်အစားများမှာ ယွမ်ထောင်ဂဏန်းခန့်သာ တန်ဖိုးရှိလေ၏။

ဈေးမပေါသော်လည်း ၎င်းက သေချာပေါက် ဈေးမကြီးလှချေ။ ဘာပဲဖြစ်ဖြစ် သူ၏ ဝတ်စုံတစ်စုံတည်းပင်လျှင် ယွမ်သောင်းဂဏန်းခန့် တန်ဖိုးရှိပေ၏။

ကျန်းချုံသည် သူ၏ဖုန်းကို ထုတ်ယူကာ ငွေလွှဲပေးတော့မည့်ဟန် ပြုလုပ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်မှာပင်…

ချန်ဖုန်းက သူ့အား ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်ပြီး အရင်ကအတိုင်း စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်လေ၏။

"မလဲနိုင်ဘူး"

"ငါ..."

ကျန်းချုံသည် အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်ပေသည်။

"ငါ့ကို မလေးမစား လုပ်နေတာလား ငါ မင်းကို မှတ်ထားမယ်"

သူသည် ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် အတင်းပြုံးကာ ရွှီချင်းချန်အား ကြည့်၍ ပြောဆိုလိုက်၏။

"မစ္စရွှီ ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်ပါ ပြီးတော့ ခင်ဗျားကို အမြဲတမ်း သဘောကျနေခဲ့တာ"

"ငါတို့ ရှေ့မှာ သွားထိုင်ကြမလား ခင်ဗျားလို မြင့်မားတဲ့ အဆင့်အတန်းမျိုးနဲ့ ဒီထောင့်မှာ ဘယ်လိုလုပ် ထိုင်လို့ရမှာလဲ ဒါတွေက အောက်ခြေလူတန်းစားတွေအတွက် ထိုင်ခုံတွေလေ"

ရွှီချင်းချန်က ခေါင်းလေးစောင်းကာ သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး မေးမြန်းလိုက်ပေသည်။

"ရှင်က ကျွန်မရဲ့ ပရိသတ်ပဲပေါ့ ကျွန်မရဲ့ ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲဆိုတာ သိချင်လို့ပါ"

"အင်း..."

ကျန်းချုံမှာ ရုတ်တရက် အေးခဲသွားရလေ၏။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံသာ ဖြစ်ပေသည်။

တစ်ဖက်လူက ဘယ်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့လဲဆိုတာ သူက ဘယ်လိုလုပ် သိမှာလဲ။ ဖျော်ဖြေရေးလောကတွင် အနည်းငယ်မျှ နာမည်ကြီးသော အနုပညာရှင်များကိုပင် သူ သိထားသော်လည်း သူတို့ကို သူ အလွန် ကောင်းစွာသိသည်မှာ အထူးသဖြင့် သူတို့၏ အတင်းအဖျင်းများနှင့် ခန္ဓာကိုယ် အရွယ်အစားများကိုသာ ဖြစ်လေ၏။

သို့သော် ဘယ်အနုပညာရှင်က ဘယ်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့လဲ ဆိုတာတော့ ရိုးရိုးသားသား ပြောရလျှင် သူ လုံးဝ မသိခဲ့ချေ။ဒါက အနေရခက်တာပဲ။

ထို့ကြောင့် သူ့အနေနဲ့ အဆင်ပြေသလိုတာပြောလိုက်သည်။

"အင်း... အကုန်လုံး ကောင်းပါတယ်"

"ဟီးဟီး"

ရွှီချင်းချန်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။

"သခင်လေးကျန်းရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် တကယ်တော့ ဒီမှာထိုင်တာလည်း အဆင်ပြေပါတယ် ကျွန်မက နာမည်ကြီး တစ်ယောက်မှ မဟုတ်တာ အခုချိန်မှာ နာမည်လည်း သိပ်မရှိတော့ဘူးဆိုတော့ ရှေ့ကို မသွားတော့ပါဘူး"

ကျစ်… နောက်ထပ် ကျေးဇူးကန်းတဲ့ ခွေးကောင်တစ်ကောင်ပဲ ကျန်းချုံမှာ အလွန်အမင်း ဒေါသထွက်နေခဲ့ပေ၏။

"သောက်ကျိုးနည်း သခင်လေးကျန်း ငြင်းခံလိုက်ရတာလား"

"မဖြစ်နိုင်တာ အပေါ်က အဲဒီကောင်လေးက ဘယ်သူလဲ သခင်လေးကျန်းကို မျက်နှာနည်းနည်းတောင် မပေးဘူးလား မိန်းကလေး ညွှတ်ချင်ရင်တောင် ကိုယ့်အရည်အချင်းကို အနည်းဆုံး ထည့်စဉ်းစားသင့်တယ်"

"ဟုတ်တယ် ပြီးတော့ ရွှီချင်းချန်လည်း ပါတယ် အဲဒီမိန်းမက ခက်ခဲချင်ယောင် ဆောင်နေတယ်လို့ အမြဲ ခံစားရတယ် ဒီခေတ် ဖျော်ဖြေရေးလောကမှာ ဖြူစင်ရိုးသားတဲ့ မင်းသမီးတွေ ဘယ်မှာ ကျန်တော့လို့လဲ"

"အဲဒါက ရှင်းရှင်းလင်းလင်းကို အကျိုးအမြတ် မလုံလောက်လို့ပါ တကယ်လို့ သခင်လေးကျန်းကသာ ပိုက်ဆံတွေ အပုံလိုက် ပစ်ပေးလိုက်မယ်ဆိုရင် သူတို့ ချက်ချင်း ဟိုတယ်ကို ပြေးသွားလောက်တယ်"

"ဟီးဟီး စောင့်သာကြည့်နေလိုက် သခင်လေးကျန်းက အနှေးနဲ့အမြန် သူမကို သိမ်းပိုက်သွားမှာပါ"

လူတစ်စုသည် ဘေးတွင်ရပ်ကာ ပြဇာတ်ကို ပျော်ရွှင်စွာ ကြည့်ရှုနေကြပေ၏။

လေလံပွဲသာ စတင်တော့မည် မဟုတ်ပါက သူတို့လည်း ပါဝင်ချင်ကြမည် ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် ရွှီချင်းချန်သည် ယခုအခါ နာမည်ကျဆင်းသွားပြီဆိုသော်လည်း မင်းသမီးတစ်ယောက် ဖြစ်ပေ၏။ သူမက သာမန်မိန်းကလေးတွေထက် အများကြီး ပိုလှတယ်လေ။

ကျန်းချုံသည် သူတို့နှစ်ဦး၏ အနောက်တွင် ဒေါသတကြီး ထိုင်လိုက်သည်။ ရွှီချင်းချန်မှာ စင်္ကြံဘေးတွင်ဖြစ်ပြီး ချန်ဖုန်းက အခြားတစ်ဖက်တွင် ဖြစ်ပေ၏။ သူသည် ချန်ဖုန်းနှင့်အတူ မထိုင်ချင်သဖြင့် သူတို့၏အနောက်တွင်သာ ထိုင်ရလေသည်။

ထိုနှစ်ဦး ဆက်လက် စကားပြောနေသည်ကို မြင်ရသောအခါ သူ ပို၍ပို၍ မသက်မသာ ဖြစ်လာခဲ့၏။ ရုတ်တရက် ရွှီချင်းချန် တစ်ခုခု ပြောလိုက်သည်ကို သူ သဲ့သဲ့လေး ကြားလိုက်ရပေသည်။

"၁၀ စင်တီမီတာ ဆိုရင်တော့ လက်ခံနိုင်ပါတယ်..."

ဟင်… ကျန်းချုံ လုံးလုံးလျားလျား ဆွံ့အသွားရလေ၏။

သောက်ကျိုးနည်း… သောက်ကျိုးနည်း။

စောစောက ရွှီချင်းချန် သူ့ကို ငြင်းပယ်လိုက်ချိန်တွင် သူမက တကယ်ပဲ ဖြူစင်တယ်လို့ သူ ထင်မှတ်ထားခဲ့မိသည်။ ဒါပေမဲ့ အခုတော့...ဘာ ဖြူစင်ရိုးသားတဲ့ ကောင်မလေးလဲ။

နာမည်ကောင်းရဖို့အတွက် ကုမ္ပဏီအုပ်ချုပ်ရေးမှူးတွေနဲ့ ပြဿနာတက်ရဲတယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ… အဲဒါတွေ အကုန်လုံး အဓိပ္ပာယ်မရှိတာတွေချည်းပဲ။

ကြီးမားလှသော လျှို့ဝှက်ချက်ကြီးတစ်ခုကို ကျန်းချုံ ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင် ညဉ့်နက်တဲ့အထိ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့ တစ်ဖက်လူက ဆန္ဒမရှိတာ အံ့သြစရာ မဟုတ်ပါဘူးလေ။

‘ငါ့ရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တာ အံ့သြစရာ မဟုတ်ပါဘူး ဒီလောက် ကြိုးစားပမ်းစား လုပ်ခဲ့တာတွေ အကုန်လုံးက... အဲဒါက တစ်ဖက်လူရဲ့ အကြိုက်ကို ငါ မသိခဲ့လို့ပဲ’

သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပြည့်နှက်သွားခဲ့ပေ၏။ မထင်မှတ်ဘဲ ရွှီချင်းချန်တွင် ဤကဲ့သို့သော အခြမ်းမျိုး ရှိနေသဖြင့် သူသည် သူမထံသို့ အလျင်အမြန် သွားရောက်လိုက်သည်။

သူက ကောက်ကျစ်သော အပြုံးဖြင့် ပြောဆိုလိုက်၏။

"ဟီးဟီး မစ္စရွှီ တကယ်တော့ ကျွန်တော်က အတိအကျ ၁၀ စင်တီမီတာ ရှိပါတယ် ငါတို့ စကားပြောဖို့ အချိန်တစ်ခုလောက် ရှာလို့ရမယ် ထင်တယ်..."

ရွှီချင်းချန်က ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ပေသည်။ သူမ၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားလေ၏။

"သခင်လေးကျန်း ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုလေးတော့ ထားပါဦး"

‘ဟင်… ဘာတွေဖြစ်နေတာလဲ… မင်းပဲ အဲဒီလို ပြောလိုက်တာ မဟုတ်ဘူးလား’

ဘေးတွင်ရပ်နေသော ချန်ဖုန်းက အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။

"သခင်လေးကျန်း ကျုပ်တို့က ဒေါက်မြင့်ဖိနပ်အကြောင်း ပြောနေကြတာ ခင်ဗျားပြောနေတာကရော ဒေါက်မြင့်ဖိနပ်အကြောင်း သေချာရဲ့လား"

"သောက်ကျိုးနည်း..."

ကျန်းချုံ၏ မျက်နှာမှာ ချက်ချင်း စိမ်းဖျော့သွားလေတော့သည်။

‘ဒေါက်မြင့်ဖိနပ် ဟုတ်လား…မင်းရဲ့ ဒေါက်မြင့်ဖိနပ်ကို သွားသေလိုက် ရှက်စရာ ကောင်းလိုက်တာ’

အရှက်ကွဲခြင်းက အဓိက ပြဿနာမဟုတ်ချေ။ အရေးကြီးဆုံးအချက်မှာ သူက ရွှီချင်းချန်အပေါ် ဆိုးရွားသော အထင်အမြင်တစ်ခု ချန်ထားခဲ့ခြင်းပင်။

‘ကျစ် ငါ့ကို တမင်သက်သက် လုပ်နေတာ ဒီကောင်ပဲလို့ ငါ ထင်တယ်’

သူသည် မှုန်ကုပ်နေသော မျက်နှာဖြင့် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေ၏။ ဤနေရာတွင် ဆက်နေပါက သူ့ကို လူရယ်စရာတစ်ခုအဖြစ်သာ ဖြစ်စေလိမ့်မည်။

"ဟေး သခင်လေးကျန်း ဘာကိစ္စရှိလို့ ဒီကို လာတာလဲ"

"ဟုတ်တယ် ရွှီချင်းချန်က မင်းနောက်ကို မလိုက်ဘူးဆိုရင် ငါတို့ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်"

"ဟုတ်တယ် အဲဒီကောင်လေးကို မင်းက ဘာလို့ ဖယ်မပစ်တာလဲ အဲဒါက မင်းနဲ့ မတူဘူးနော် သခင်လေးကျန်း"

လူတစ်စုသည် ကျန်းချုံအား ဝိုင်းရံကာ စကားပြောရင်း ရယ်မောနေကြပေ၏။ ကျန်းချုံမှာမူ မှုန်ကုပ်နေသော မျက်နှာဖြင့် တိတ်ဆိတ်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်…နောက်ဆုံးတွင် စကားအနည်းငယ်ကို ညှစ်ထုတ်ကာ ပြောဆိုလိုက်၏။

"လေလံပွဲ စတော့မယ် နောက်မှ ပြောကြတာပေါ့"

"အိုကေ အိုကေ လေလံပွဲကို အရင် တက်ကြတာပေါ့"

လူအုပ်ကြီးက ရယ်မောလိုက်ကြသည်။

သူတို့အထဲမှ တစ်ယောက်က ရုတ်တရက် မေးလိုက်၏။

"သခင်လေးကျန်း မင်းရဲ့ နောက်လိုက် လွီပင်းက ဘယ်မှာလဲ ခုနလေးတင် သူဝင်လာတာ မြင်လိုက်တယ် ဘယ်ရောက်သွားပြန်ပြီလဲ"

"ငါက ဘယ်လိုလုပ် သိမှာလဲ"

ကျန်းချုံ၏ အကြည့်သည် ခန်းမအတွင်းသို့ ပေါ့ပေါ့ပါးပါး ဖြတ်ပြေးသွားလေသည်။

လွီပင်းသည် အနောက်ဘက်ရှိ လူအုပ်ထဲတွင် ပုန်းနေပုံရပြီး ယခုအခိုက်အတန့်တွင် သူ ဘာမှမပြောချင်လောက်အောင် ပျင်းရိနေခဲ့ပေ၏။ သတ္တိကြောင်လိုက်တာ။

နောက်တစ်ခဏတွင် အမျိုးသား လေလံပွဲမှူးတစ်ဦးသည် အရှေ့ဘက်ရှိ စင်မြင့်ပေါ်သို့ လျှောက်လာခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ အားလုံးပဲ ဒီနေ့ လေလံပွဲကို ကျွန်တော်က တင်ဆက်ပေးသွားမှာပါ ဒီနေ့ လေလံပစ္စည်းတွေကို အခုပဲ စတင်လေလံတင်တော့မှာ ဖြစ်ပါတယ်..."

—

All Chapters