အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) ရုပ်ရှင်ကုမ္ပဏီ ဟုတ်လား
လေလံပွဲမှူးသည် စင်မြင့်ပေါ်တွင် အဆက်မပြတ် စကားပြောနေခဲ့ပေ၏။ ချန်ဖုန်း၏ အကြည့်များသည် ရှေ့ဆုံးတန်းရှိ ထိုင်ခုံများပေါ်သို့ ကျရောက်သွားရာ ထိုင်ခုံငါးခုံမှာ လွတ်နေဆဲ ဖြစ်လေသည်။
ရွှီချင်းချန်က ချိုသာစွာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ပထမတန်း ထိုင်ခုံတွေက ပေ့ဟူမြို့က လွှမ်းမိုးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် ခေါင်းဆောင်တွေလို အဆင့်အတန်းရှိတဲ့ လူတွေအတွက် သီးသန့်ဖယ်ထားတာလေ"
"ယေဘုယျအားဖြင့် ဒီလူတွေ လာဖို့ အချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုင်ခုံတွေကို အဆင်သင့် ထားရှိပေးရတယ် ဒီနေ့ အခြေအနေအရ ကြည့်ရရင် အဲဒီလူနည်းစုက ဒီလေလံပွဲကို တက်ရောက်ဖို့ အချိန်ရှိမှာ မဟုတ်လောက်ဘူး"
ချန်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပေ၏။
"ခင်ဗျားက တော်တော်များများ သိနေပုံရတယ် မစ္စရွှီက ဒီကို ဘာလာဝယ်တာလဲ သိချင်လို့ပါ"
"ကျွန်မလား"
ရွှီချင်းချန်က ပခုံးတွန့်ပြလိုက်သည်။
သူမက အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"မစ္စတာချန် ကျွန်မအကြောင်း ကြားဖူးမှာပါ အခုဆို ကုမ္ပဏီက ကျွန်မကို လက်တွေ့မှာ အမည်ပျက်စာရင်း သွင်းထားသလို ဖြစ်နေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မမှာ လုပ်စရာ တခြားဘာမှ မရှိဘူးလေ"
"ဒီနေ့ လေလံပွဲတစ်ခုရှိတယ်လို့ ကြားလိုက်တော့ ကျွန်မ ခရီးထွက်ရင်း လာခဲ့တာ ကျွန်မ သဘောကျတာ တစ်ခုခုရှိမလားလို့ ကြည့်ချင်ရုံပါ ပျော်ဖို့သက်သက် လာခဲ့တာပါ မစ္စတာချန်ကရော ဘယ်လိုလဲ"
ချန်ဖုန်းသည် နောက်သို့ မှီချလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ဒီနေ့ လေလံတင်မယ့် စံအိမ်တစ်ခု ရှိတယ်လို့ ကြားတယ် ကျွန်တော့်နေရာက သေးလွန်းလို့ အဲဒါကို ဝယ်ဖို့ စဉ်းစားနေတာ"
"..."
ရွှီချင်းချန်၏ နှုတ်ခမ်းများ မရည်ရွယ်ဘဲ တွန့်ချိုးသွားလေ၏။ သူမလည်း ထိုစံအိမ်အကြောင်း ကြားဖူးထားပေသည်။
မူလပိုင်ရှင်က ၎င်းကို တည်ဆောက်ရန် ယွမ်သန်းငါးဆယ် ခြောက်ဆယ်ခန့် သုံးစွဲခဲ့ပြီး ပြီးစီးရန် နှစ်နှစ် အချိန်ယူခဲ့ရသည်ဟု ဆိုကြသည်။ အလုံးစုံ ပြုပြင်မွမ်းမံစရိတ်နှင့် အခြား အထွေထွေ ကုန်ကျစရိတ်များမှာ ယွမ်သန်း ၇၀ ခန့် ရှိသင့်ပေ၏။
ဤမျှ ဈေးကြီးသော စံအိမ်ကြီးကို ချန်ဖုန်း ပြောလိုက်ချိန်တွင် ပေါ့ပေါ့ပါးပါး ထမင်းစားနေသကဲ့သို့ပင်။
‘ရှင့်အိမ်က သေးလွန်းလို့လား ဘုရားရေ ရှင့်မိသားစုမှာ လူဘယ်နှယောက်များ ရှိလို့လဲ’
ဤစံအိမ်သည် အနည်းဆုံး စတုရန်းမီတာ ၅,၀၀၀ ကျယ်ဝန်းပြီး ဘောလုံးကွင်းတစ်ကွင်း၏ သုံးပုံနှစ်ပုံ အရွယ်အစားနှင့် ညီမျှလေ၏။
ရွှီချင်းချန် အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ပေသည်။ သူမသည် အနုပညာရှင်တစ်ဦး ဖြစ်၏။
ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီးနောက် သူမသည် ယွမ်သန်းလေးဆယ်မှ ငါးဆယ်ခန့်သာ ရှာဖွေနိုင်ခဲ့သည်။ အရင်တုန်းက ဟွာရှန်းဆေးရုံမှာ ရှိနေစဉ်က ချန်ဖုန်းကို ကျေးဇူးဆပ်ရန်အတွက် သူမသည် ယွမ်ဆယ်သန်း ဆုချီးမြှင့်ခဲ့သေးသည်လေ။
ချန်ဖုန်းကို ကြည့်လိုက်ဦး… သူသည် ယွမ်သန်းဆယ်ဂဏန်းတန် ဇိမ်ခံကားကို မောင်းနှင်ပြီး ပြီးခဲ့သောတစ်ကြိမ် ရှီချောင်မြို့နယ်တွင် ဆေးရုံကို ယွမ်သန်း ၄၀ ဖြင့် ဝယ်ယူခဲ့ကာ ပြုပြင်မွမ်းမံရန်အတွက် နောက်ထပ် ယွမ်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံခဲ့သေးသည်။
အခုတော့ကော သူက ယွမ်သန်း ၆၀ ကနေ ၇၀ အထိ သုံးပြီး စံအိမ်ကြီးတစ်ခုကို ဝယ်ဖို့တောင် စီစဉ်နေတယ်။ဤသည်မှာ အခြားသူများ၏ လေလံဆွဲမှု မပါဝင်သေးဘဲ ဖြစ်ပေ၏။
အကယ်၍ လေလံဆွဲမှုများသာ ရှိလာပါက စံအိမ်၏ ဈေးနှုန်းသည် ယွမ်သန်း ၁၀၀ အထိပင် ရောက်ရှိသွားနိုင်လေသည်။
‘သူက မယုံနိုင်လောက်အောင်ကို ချမ်းသာတာပဲ’
ရွှီချင်းချန်သည် ချန်ဖုန်းအား စူးစိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“မစ္စတာချန် ရုပ်ရှင်နဲ့ ရုပ်သံကုမ္ပဏီတစ်ခု ထောင်ဖို့ စဉ်းစားဖူးလား”
"ရုပ်ရှင်နဲ့ ရုပ်သံကုမ္ပဏီ ဟုတ်လား"
ချန်ဖုန်းသည် ဤအရာများအကြောင်းကို အမှန်တကယ် မတွေးဖူးခဲ့ချေ။
ရွှီချင်းချန်က အလျင်အမြန် ပြောဆိုလိုက်၏။
"ဟုတ်တယ် ရုပ်ရှင်နဲ့ ရုပ်သံကုမ္ပဏီတွေက အရမ်း အမြတ်အစွန်း ရနိုင်သေးတယ် ဥပမာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Wolf Warrior 2 ဆိုရင် ရုံဝင်ငွေ ယွမ် ၅ ဘီလီယံ နီးပါးလောက် ရခဲ့တာလေ"
"ကုန်ကျစရိတ်က ယွမ်သန်း ၂၀၀ ပဲ ရှိတယ်လို့ ပြောကြတယ် ဒီလို အောင်မြင်တဲ့ ဇာတ်ကားကြီးတွေက အမြဲမရှိပေမဲ့ သေချာဖန်တီးထားပြီး ဇာတ်ညွှန်းကောင်းကောင်း ရှိသရွေ့တော့ အောင်မြင်နိုင်ပါတယ် သူတို့ အကုန်လုံးက အခြေခံအားဖြင့် အရမ်းကို အမြတ်အစွန်း ရနိုင်ပါတယ်"
ချန်ဖုန်း ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ပေ၏။
"ကောင်းပြီလေ ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် ပြန်သွားပြီး ကျွန်တော့်အတွက် အသေးစိတ် အစီအစဉ်တစ်ခု ရေးဆွဲပေးပါ အမြတ်အစွန်းရနိုင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်သရွေ့ ကျွန်တော် သေချာပေါက် ရင်းနှီးမြှုပ်နှံမှာပါ"
"မစ္စရွှီ ခင်ဗျားရဲ့ လက်ရှိ အခြေအနေကို ကျွန်တော် သိပါတယ် တကယ်လို့ ကျွန်တော့်အတွက် အကျိုးရှိမယ်ဆိုရင် ခင်ဗျားကို ကူညီပေးဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ပါဘူး"
"မစ္စတာချန် ရှင် နားလည်မှုလွဲနေပြီ"
ရွှီချင်းချန်က မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်မက ဒီလုပ်ငန်းမှာ ခြောက်နှစ် ခုနစ်နှစ်လောက် ရှိနေပြီဆိုတော့ ဒီလုပ်ငန်းက တကယ်ကို အမြတ်အစွန်းရတယ်ဆိုတာကို သိလို့ပါ"
"ရှင့်ဆီမှာ ရန်ပုံငွေတွေ ရှိနေတော့ ဒါကြောင့်မလို့ ကျွန်မက ရှင့်ကို ဒါကို အကြံပေးရတာပါ ရိုးရိုးသားသား ပြောရရင် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက် နည်းနည်းလည်း ပါပါတယ်"
"ရုပ်ရှင်နဲ့ ရုပ်သံလောကက အခု လုံးဝ ရှုပ်ထွေးနေတာ ဘယ်သူမှ ရုပ်ရှင်ကို ကောင်းကောင်းမွန်မွန် မရိုက်ကြတော့ဘူး အဆက်အသွယ်ရှိတဲ့သူ နောက်ခံရှိတဲ့သူ ဒါမှမဟုတ် မသမာတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ ဆန္ဒရှိတဲ့သူတိုင်းက ခေါင်းဆောင်မင်းသား ဖြစ်လာနိုင်တယ်"
"ဒါပေမဲ့ ထွက်လာတဲ့ ဇာတ်ကားတွေကတော့ အရမ်း ဆိုးရွားတာပဲ မစ္စတာချန်ရဲ့ စရိုက်ကို ကျွန်မ နားလည်ပါတယ် ရှင်က ကျွန်မအပေါ် ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသားပါပဲ"
"ရှင် ရင်းနှီးမြှုပ်နှံတဲ့ ဘယ်ဇာတ်ကားမဆို အရည်အသွေးမြင့်ပြီး ပိုပိုသာသာတွေ မပါဘူးဆိုတာကို ကျွန်မ ယုံကြည်တယ် ဒါက လုပ်ငန်းအတွက်လည်း စံနှုန်းတစ်ခု သတ်မှတ်ပေးနိုင်လိမ့်မယ်"
သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု လင်းလက်သွားလေ၏။
"ပြောရမယ်ဆိုရင်…ကုမ္ပဏီနဲ့ ကျွန်မရဲ့ စာချုပ်က ခြောက်လနေရင် သက်တမ်းကုန်တော့မယ် အဲဒီအချိန်ကျရင် မစ္စတာချန်ဆီမှာ စာချုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
တစ်ဖက်လူ၏ စိတ်ထဲတွင် သူ ဤမျှကောင်းမွန်သော ပုံရိပ်တစ်ခု ရှိနေလိမ့်မည်ဟု ချန်ဖုန်း မထင်မှတ်ထားခဲ့ချေ။ ဤအတွက် သူ အနည်းငယ် ရှက်ရွံ့သွားခဲ့ပေသည်။
"ကောင်းပြီလေ ကျွန်တော်လည်း ရုပ်ရှင်နဲ့ ရုပ်သံလောကအကြောင်း သိပ်မသိပါဘူး ခင်ဗျား အားတဲ့အချိန်ကျရင် ကျွန်တော် ကြည့်ဖို့အတွက် အစီအစဉ်တစ်ခုလောက် ပြင်ဆင်ပေးပါ နောက်ကျရင် ပူးပေါင်းဖို့ အခွင့်အရေး ရလာနိုင်တာပဲလေ"
"အင်း"
ရွှီချင်းချန်က ပြုံးလျက်
ခေါင်းညိတ်လိုက်၏။
ထိုအချိန်၌… လေလံပွဲ စတင်ပြီဖြစ်ပြီး လေလံပွဲမှူးသည် ပထမဆုံး လေလံပစ္စည်းကို ထုတ်ယူလာခဲ့သည်။
"ဒီနေ့ လေလံတင်မယ့် ပစ္စည်းတွေ အကုန်လုံးက အရမ်းကို အဖိုးတန်ပါတယ် အထူးသဖြင့် ပထမဆုံး ပစ္စည်းကတော့ မင်မင်းဆက်က ပန်းချီဆရာ ထန်ပေါ်ဟူရဲ့ မူရင်း ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကား ပဲ ဖြစ်ပါတယ်"
ဤစကားများ ပြောဆိုလိုက်သည်နှင့် ခန်းမတစ်ခုလုံး အော်ဟစ်သြဘာပေးသံများဖြင့် ပေါက်ကွဲသွားလေ၏။ အခြားအကြောင်းပြချက်များကြောင့် မဟုတ်ဘဲ ထန်ပေါ်ဟူ ဆိုသော နာမည်ကြောင့်သာ ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ထန်ပေါ်ဟူ၏ မူရင်းပန်းချီကား အနည်းငယ်သာ ယနေ့တိုင် ကျန်ရစ်ခဲ့ပြီး ဤ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကား သည် စုဆောင်းသူများအတွက် အထူးတန်ဖိုးရှိလှပေ၏။ အစဖွင့်ရုံမျှဖြင့် ဤအရာက လူတိုင်း၏ စိတ်ခံစားမှုများကို မီးမွှေးပေးလိုက်ပြီ ဖြစ်လေသည်။
"သောက်ကျိုးနည်း ဒီမှာ ထန်ပေါ်ဟူရဲ့ မူရင်းပန်းချီကား ရှိတယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး ငါ ပိုက်ဆံ ပိုယူလာခဲ့သင့်တာ"
"ဝိုး ဒီနေရာမှာ ထန်ပေါ်ဟူရဲ့ လက်ရေးလှစာတွေနဲ့ ပန်းချီကားတွေကို အမှန်တကယ် ရှာတွေ့ခဲ့တာပဲ"
သောက်ကျိုးနည်း… သောက်ကျိုးနည်း… လူတိုင်းမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြပေ၏။
လေလံပွဲမှူးသည် ဤလူများ၏ တုံ့ပြန်မှုကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အရင်တုန်းကတော့ အသုံးမကျတဲ့ ပစ္စည်းတွေ အများကြီးကို အရှေ့မှာ ထားခဲ့တာကြောင့် အစဖွင့်ပွဲက အမြဲတမ်း ကျရှုံးခဲ့ရပြီး ဘယ်သူကမှ စိတ်မဝင်စားခဲ့ကြချေ။ ဤတစ်ကြိမ်တွင်မူ သူသည် အကောင်းဆုံး ပစ္စည်းများကို ချက်ချင်း ထုတ်ယူလာခဲ့ခြင်း ဖြစ်ပေ၏။
"ကျွန်တော် ထပ်မိတ်ဆက်ပေးဖို့ မလိုတော့ဘူးလို့ ထင်ပါတယ် ဒီ 'ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကား' ဟာ ထန်ပေါ်ဟူ နာမည်ကြီးပြီးနောက် ဖန်တီးခဲ့တဲ့ လက်ရာတစ်ခုဖြစ်ပြီး သူ့ရဲ့တန်ဖိုးကတော့ ရှင်းနေပါတယ်"
"ဒီလေလံပွဲအတွက် စတင်လေလံကြေးက ယွမ်သန်း ၃၀ ဖြစ်ပြီး အဆိုပြုကြေးတိုင်းဟာ အနည်းဆုံး ယွမ် ၁ သန်း ပိုများရပါမယ် အခုပဲ လေလံစတင်ပါပြီ"
လေလံပွဲမှူး စကားပြော၍ မပြီးဆုံးမီမှာပင် တစ်စုံတစ်ယောက်က လေလံစဆွဲလိုက်လေ၏။
"ယွမ် သန်းသုံးဆယ့်ငါးသန်း"
သူက တိုက်ရိုက် ယွမ်ငါးသန်း တိုးလိုက်ကြခြင်းပင်။
"ယွမ် သန်းသုံးဆယ့်ရှစ်သန်း"
"ယွမ် သန်းလေးဆယ်"
"..."
လေလံဆွဲသံများ ပဲ့တင်ထပ်နေခဲ့ပေ၏။
ဈေးနှုန်း နှစ်ဆတက်သွားလျှင်ပင် သူတို့ ဂရုစိုက်မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် ထန်ပေါ်ဟူ၏ မူရင်းပန်းချီကားများမှာ အလွန်နည်းပါးလှသည်။ သေချာ သိမ်းဆည်းထားပါက နှစ်အနည်းငယ်အတွင်း ဈေးနှုန်းမှာ ထပ်မံ၍ နှစ်ဆ တက်သွားနိုင်ပေ၏။
တစ်မိနစ်အတွင်းမှာပင် လေလံကြေးမှာ ယွမ်သန်း ၇၀ အထိ ရောက်ရှိသွားခဲ့လေပြီ။
ထိုအချိန်၌ ရုတ်တရက် ကျန်းချုံက လူအုပ်ထဲမှ အော်ဟစ်လိုက်သည်။
"ယွမ် သန်းတစ်ရာ"
လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြ၏။ ကျန်းချုံသည် ယုံကြည်မှုရှိပုံရပြီး ချန်ဖုန်းရှိရာဘက်သို့ အထင်သေးစွာ တစ်ချက်ကြည့်လိုက်သေးသည်။ အဲဒါကတော့…’မြင်တယ်မလား ငါက အဲဒီလောက် ချမ်းသာတာ’ဟုပြောနေသလို…
"ယွမ် သန်းတစ်ရာ့တစ်ဆယ်"
လေလံပွဲ၏ တစ်နေရာတွင် ဆိုင်ပိုင်ရှင်တစ်ဦးက ဈေးထပ်မံမြှင့်လိုက်လေ၏။
ကျန်းချုံက အလျှော့မပေးဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။
"ယွမ် သန်းတစ်ရာ့ငါးဆယ်"
ထိုအချိန်၌ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပေ၏။ ထန်ပေါ်ဟူ၏ လက်ရာသည် အလွန် စုဆောင်းသင့်သော်လည်း ယွမ် သန်း ၁၅၀ ဈေးနှုန်းမှာ အနည်းငယ် မြင့်မားနေဆဲဖြစ်ပြီး ဆက်လက်လေလံဆွဲနေရန် မလိုအပ်တော့ချေ။
ထို့အပြင် ယနေ့ ဤသို့ဖြစ်လာမည်ကို သူတို့ မသိခဲ့ကြသဖြင့် သူတို့နှင့်အတူ ငွေများများစားစား ပါမလာခဲ့ကြချေ။
လေလံပွဲမှူးက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဒီမှာ ယွမ် သန်း ၁၅၀ ထက်ပိုပြီး လေလံဆွဲမယ့်သူ ရှိသေးလား"