အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) ပြဿနာရှာခြင်း
မည်သူမျှ စကားမပြောကြတော့ချေ။
ဈေးထပ်ပေးမည့်သူ မရှိတော့ကြောင်း ရှင်းလင်းနေပေ၏။
ယွမ် သန်းတစ်ရာ့ငါးဆယ်ဆိုသော ဈေးနှုန်းမှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။
သုံးကြိမ်တိုင်တိုင် မေးမြန်းပြီးနောက် လေလံပွဲမှူးက နောက်ဆုံးတွင် ကြေညာလိုက်လေ၏။
"ထန်ပေါ်ဟူ ရေးဆွဲခဲ့တဲ့ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားစစ်စစ်ကို စားပွဲအမှတ် ၁၅ က မစ္စတာကျန်းချုံ ရရှိသွားပါပြီ..."
"ကျေးဇူးတင်ပါတယ်... လမ်းလေးနည်းနည်း ဖယ်ပေးပါ..."
ကျန်းချုံက တဟားဟား ရယ်မောလိုက်ပေသည်။
သူ၏ ယခုတစ်ကြိမ် ရည်ရွယ်ချက်မှာ ထန်ပေါ်ဟူ၏ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားအတွက် သီးသန့်ဖြစ်ပြီး လေလံပွဲမတိုင်မီကတည်းက သတင်းရရှိထားခဲ့ခြင်း ဖြစ်၏။
နောက်ဆုံး ဈေးနှုန်းမှာ မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုများနေခဲ့သော်လည်း ဂရုစိုက်နေစရာ မလိုချေ။
အနည်းဆုံးတော့ သူသည် ရွှီချင်းချန်၏ရှေ့တွင် ဟန်ရေးပြနိုင်ခဲ့ပြီ ဖြစ်သည်။
‘မကြာခင်မှာ ဒီမိန်းမက ငါ့ဆီ မျက်နှာပြောင်တိုက်ပြီး လာဖားတော့မှာပဲ... ငွေကြေးရဲ့ သွေးဆောင်မှုကို မင်း မမက်မောဘူးလို့ ငါ မယုံဘူး…’
‘ပြီးတော့ သူ့ဘေးကကောင်... အခု ငွေကြေးအာဏာဆိုတာ ဘာလဲ သိသွားပြီ မဟုတ်လား…’
ကျန်းချုံက စိတ်ထဲမှ ကြိတ်တွေးလိုက်လေ၏။
"ဒုတိယမြောက် လေလံပစ္စည်းကိုတော့ အားလုံးပဲ ကြားဖူးကြမှာပါ... ပြီးခဲ့တဲ့အကြိမ်က လေလံမအောင်ခဲ့တဲ့ စံအိမ်ကြီးပါ... ဒီတစ်ခါလည်း ဘယ်သူမှ ဝယ်မှာမဟုတ်ဘူးဆိုတာ သိပေမဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်သွားရပါမယ်... ယုံဟယ်စံအိမ် ဧရိယာ စတုရန်းမီတာ ၅၅၀၀ စတင်လေလံကြမ်းခင်းဈေး ယွမ်သန်း ၇၀ ပါ... တစ်ကြိမ်ကို ယွမ်တစ်သန်း တိုးခေါ်ရပါမယ်... လေလံဆွဲခြင်းကို အခု စတင်နိုင်ပါပြီ..."
လေလံမအောင်ခြင်း ဆိုသည်မှာ မည်သူကမျှ ဈေးမပေးသော ပစ္စည်းများကို ဆိုလိုခြင်း ဖြစ်ပေ၏။
ပြီးခဲ့သည့် လေလံပွဲတွင် မည်သူမျှ ဈေးမပေးသဖြင့် ထိုစံအိမ်သည် လေလံမအောင်ဘဲ ကျန်ရစ်ခဲ့သည်။
ထိုအချိန်၌ စင်မြင့်နောက်ဘက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် စံအိမ်အတွင်းပိုင်း ဓာတ်ပုံများသည် အဆက်မပြတ် ပြောင်းလဲပြသနေခဲ့၏။
လုပ်ထုံးလုပ်နည်းတစ်ခုမျှသာ ဖြစ်သော်လည်း လေလံပွဲမှူးမှာ အတော်လေး တာဝန်ကျေပွန်စွာဖြင့် တင်ပြသင့်သည်များ အားလုံးကို ထုတ်ဖော်ပြသနေခဲ့ပေသည်။
"ဒီစံအိမ်ကြီး ပြန်ပါလာပြန်ပြီ... အဘိုးကြီးကျိုး က တကယ်ကို စိတ်ရှည်တာပဲ... ဘယ်သူမှ မဝယ်ချင်တာကို သိသိကြီးနဲ့..."
"စံအိမ်ရဲ့ ဖွဲ့စည်းပုံက တော်တော်လေး အထင်ကြီးစရာဆိုပေမဲ့ အရမ်း ကြီးလွန်းတယ်... ဒီလောက် ပိုက်ဆံအများကြီး အကုန်ခံဖို့က မတန်ဘူး... တကယ်လို့ ယွမ်သန်း လေးငါးဆယ်လောက်ဆိုရင်တော့ စဉ်းစားကြည့်လို့ရသေးတယ်..."
"ဟုတ်တယ်..."
"တော်ပါတော့... ဒါက လုပ်ထုံးလုပ်နည်းသက်သက်ပါပဲ... အားလုံးပဲ ဒီအတိုင်း ကြည့်ပြီး
ကျော်သွားလိုက်ကြပါ..."
လူတိုင်းက တဟားဟား
ရယ်မောလိုက်ကြ၏။
၎င်းတို့က ဤစံအိမ်ကို အထင်သေးနေခြင်းမျိုး မဟုတ်ဘဲ အလွန်အမင်း ကြီးမားလွန်းနေသောကြောင့်သာ ဖြစ်ပေသည်။
အကယ်၍ ဝယ်ယူလိုက်မည်ဆိုပါက လုံခြုံရေးအဖွဲ့တစ်ဖွဲ့၊ ဥယျာဉ်မှူးများနှင့် သန့်ရှင်းရေးသမား ဒါဇင်ပေါင်းများစွာကို ခန့်အပ်ရမည် ဖြစ်၏။
စီမံခန့်ခွဲရခြင်းက တကယ်ကို ပင်ပန်းလွန်းလှချေသည်။
အမှန်တကယ်တွင် ကျန်းချုံက ၎င်းကို ဝယ်ယူချင်နေခဲ့ပေသည်။
အကယ်၍ ဝယ်ဖြစ်ခဲ့ပါက မင်းသမီးလေးအချို့ကို ရှာဖွေကာ စံအိမ်ပေါ်တွင် တူတူပုန်းတမ်း ကစားပါက အလွန်ကောင်းမွန်သော အကြံတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ဤမျှကြီးမားသော အသုံးစရိတ်အတွက် မိသားစုက ရှင်းလင်းစွာ ခွင့်ပြုမည် မဟုတ်ချေ။
သူ၏မိသားစုတွင် ပိုင်ဆိုင်မှု ယွမ် ၂ ဘီလီယံနီးပါး ရှိနေသည်ဆိုသော်လည်း အထင်မကြီးလိုက်ပါနှင့်။
ကျန်းချုံ၏ လက်ထဲတွင် အိတ်ကပ်ထဲမှ သုံးစွဲနိုင်သောငွေမှာ ယွမ်သန်း ငါးဆယ် ခြောက်ဆယ်ခန့်သာ ရှိပေ၏။
သူ ယခုလေးတင် ဝယ်ယူလိုက်သော ထန်ပေါ်ဟူ၏ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားမှာ သူ၏ဖခင်က တောင်းဆိုထားခြင်းဖြစ်ရာ အနည်းငယ် ဈေးကြီးသွားလျှင်ပင် အဆင်ပြေနေဆဲ ဖြစ်သည်။
"ဘယ်သူမှ ဈေးမပေးကြဘူးဆိုတော့ ဒီပစ္စည်းကို..."
လေလံပွဲမှူးက ပစ္စည်းပြောင်းတော့မည့်အချိန်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
"ကျွန်တော် ယွမ် သန်းခုနစ်ဆယ့်တစ်သန်း ပေးမယ်..."
"ဒါက ဘယ်လို အခြေအနေကြီးလဲ..."
လူတိုင်း တွေးလိုက်မိကြသည်။
လူတိုင်း အံ့အားသင့်သွားကြပြီး အသံထွက်ပေါ်လာရာဆီသို့ အံ့သြတကြီး လှည့်ကြည့်လိုက်ကြပေသည်။
ကျန်းချုံပင်လျှင် ခေါင်းလှည့်ကြည့်လိုက်၏။
"အဲဒီကောင်လေးလား..."
ချန်ဖုန်းက ဤစံအိမ်ကို အမှန်တကယ် သဘောကျသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူ့မှာ တကယ်ပဲ အဲဒီလောက် ပိုက်ဆံအများကြီး ရှိနေလို့လား...
အခြားသူများမှာလည်း ထပ်တူပင် ဆွံ့အ မှင်တက်သွားကြလေ၏။
သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဒီလူက ဘယ်သူလဲ..."
"မသိဘူးလေ... အရင် လေလံပွဲတွေမှာ တစ်ခါမှ မမြင်ဖူးပါဘူး..."
"မဖြစ်နိုင်တာ... သူက တကယ်ကြီး ယွမ်သန်း ခုနစ်ဆယ်ကျော် သုံးပြီး အဲဒီစံအိမ်ကို ဝယ်လိုက်တာလား... သူ့မိသားစုက အရမ်းချမ်းသာရမယ်..."
"ချမ်းသာတယ် ဟုတ်လား... မထင်ပါဘူး... ငါကြည့်ရတာတော့ သူက မိန်းမလှလေးရှေ့မှာ ဟန်ရေးပြနေသလိုပဲ... သူ့ဘေးမှာ ထိုင်နေတဲ့ နာမည်ကြီး မင်းသမီးကို မမြင်ဘူးလား..."
"ဟက်... ဒီလိုလူမျိုးတွေကို ငါ အများကြီး မြင်ဖူးတယ်... သူတို့က လေလံပွဲတွေမှာ ပါးစပ်အရသာခံဖို့သက်သက် ရမ်းသန်းပြီး ဈေးခေါ်တတ်ကြတာ..."
"ဟုတ်တယ် မဟုတ်လား... လေလံပွဲတွေမှာ ဒီအတိုင်း ဈေးခေါ်လို့ရတယ်လို့များ ထင်နေတာလား..."
လူတိုင်းက ခေါင်းခါလိုက်ကြပေ၏။
လေလံပွဲဆိုသည်မှာ အလွန် အလေးအနက်ထားရမည့် နေရာတစ်ခု ဖြစ်သော်လည်း ယခုအခါတွင်မူ အနှောင့်အယှက် ပေးခံနေရပြီ ဖြစ်သည်။
အနီးတွင် ရပ်နေသော ကျန်းချုံသည် ရုတ်တရက် နားလည်သဘောပေါက်သွားလေ၏။
အတိအကျပင် ထိုကောင်လေးသည် ရွှီချင်းချန်၏ရှေ့တွင် ဟန်ရေးပြရန်သာ ကြိုးစားနေခြင်း ဖြစ်ပေသည်။
သူက ဘယ်လိုလုပ် ပိုက်ဆံရှိနိုင်မှာလဲ…
"လေလံပွဲမှူး... ဒီလူရဲ့ ဘဏ်ကတ်ကို အရင်စစ်ဆေးဖို့ ကျွန်တော် အကြံပြုချင်တယ်... တကယ်လို့ သူက ဈေးသာခေါ်ပြီး အဲဒီလောက် ပိုက်ဆံ မထုတ်ပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ..."
"လူကြီးမင်း..."
လေလံပွဲမှူးမှာလည်း မျက်မှောင်ကြုတ်သွားခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ချန်ဖုန်းသည် လူသစ်တစ်ဦးဖြစ်ရာ အကယ်၍ တစ်ဖက်လူက ငွေမထုတ်ပေးနိုင်ပါက စည်းမျဉ်းများကို ချိုးဖောက်ရာကျမည် မဟုတ်ပါလော။
"ရပါတယ်..."
ချန်ဖုန်းက ဘဏ်ကတ်တစ်ကတ်ကို တည်ငြိမ်စွာ ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"စကားဝှက်က ကတ်နံပါတ်ရဲ့ နောက်ဆုံး ဂဏန်းခြောက်လုံးပဲ..."
လေလံပွဲမှူးသည် စင်နောက်ဘက်သို့ အလျင်အမြန် သွားရောက်ခဲ့လေ၏။
ထိုနေရာတွင် ဘဏ်ကတ်လက်ကျန်ငွေကို စစ်ဆေးပေးမည့် သီးသန့်ဝန်ထမ်းများ ရှိနေပေသည်။
အနီးတွင် ရပ်နေသော ရွှီချင်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
‘ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ... မစ္စတာချန်က ပိုက်ဆံမတတ်နိုင်ဘူးလို့ ထင်နေတာလား…’
သူမ စိတ်ထဲမှ တွေးလိုက်မိ၏။
ဤအချိန်၌ ကျန်းချုံအပေါ် သူမ၏ အမြင်များ ဆက်တိုက် ဆိုးရွားလာခဲ့သည်။ ဤဒုတိယမျိုးဆက် သူဌေးသားသည် တကယ်ကို သဘောထား သေးသိမ်လွန်းလှပေ၏။
"ဟန်ဆောင်နေတုန်းပဲ..."
ကျန်းချုံက အေးစက်စွာ နှာမှုတ်လိုက်သည်။
ယခုလေးတင် ချန်ဖုန်းက ဘဏ်ကတ်ကို ကမ်းပေးလိုက်ချိန်တွင် သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်၊ ၎င်းမှာ သာမန်ကတ်တစ်ကတ်သာ ဖြစ်ပေ၏။
အကယ်၍ သူ့မှာ တကယ်ပိုက်ဆံရှိခဲ့မည်ဆိုလျှင် ဘဏ်က သူ့အတွက် VIP ကတ်တစ်ကတ်ကို ထုတ်ပေးပြီးနေပြီ ဖြစ်လိမ့်မည်။
ပမာဏတစ်ခုသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် Black ကတ်ကိုပင် တိုက်ရိုက် လျှောက်ထားနိုင်ပေသည်။
သန်းပေါင်းရာချီပြီး ငွေပိုထုတ်ယူနိုင်သည့် ကတ်မျိုးပင်။
‘ဟွန့်... ဟန်ရေးပြဖို့ ကြိုးစားနေတုန်းပဲ... နောက်ကျရင် မင်း ဘယ်လို အရှက်ကွဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့…’
သူ ဆက်တွေးနေမိသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် လေလံပွဲမှူး အလျင်အမြန် ပြန်ရောက်လာခဲ့၏။
သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်နေပြီး သူ၏ အသက်ရှူသံများပင် မြန်ဆန်လာသကဲ့သို့ ထင်ရပေသည်။
အထူးသဖြင့် သူ ချန်ဖုန်းကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာပေါ်၌ ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာခဲ့လေ၏။
ခန္ဓာကိုယ်ကို ပိုမိုကိုင်းညွတ်လိုက်ပြီးနောက် လေလံပွဲမှူးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။
"ချန်... မစ္စတာချန်... ကျွန်တော်တို့ အခုလေးတင် စစ်ဆေးပြီးသွားပါပြီ... လူကြီးမင်းက လေလံပွဲမှာ ပါဝင်ဖို့ အပြည့်အဝ အရည်အချင်းပြည့်မီပါတယ်..."