အခန်း ၁၀
Vol. 1 Ch. 10
အခန်း ၁၀:ဗောဓိပင်ဖူးပွင့်ချိန်တွင် အခြားနှစ်ဖက်မှ အဖွဲ့အစည်းများလည်း ရောက်လာခဲ့ပြီ။
သို့သော် လင်းပေါင်အာမှ ပြန်လည်ပြုပြင်ထားသော ဓားကိုရရှိသောအခါ သူမသည် လွန်စွာတုန်လှုပ်သွားခဲ့သည်။
အရမ်းကို အင်အားကြီးတဲ့ ဓါးပါလား။
ဤဓါးသည် ဆရာပြောသကဲ့သို့ ရိုးရှင်းသောဓါးဖြစ်မည့်ပုံမပေါ်ပေ။
“ဒီဓါးက ညက ကမ္ဘာပေါ်ကျလာတဲ့ နတ်ရတနာပဲဖြစ်ရမယ်။ ဆရာ။”
ချမ်ချန်ကန်းမှ ခေါင်းခါကာပြန်ပြောခဲ့သည်။
“မဖြစ်နိုင်ဘူး။ ဒီလောက် အားနည်းလွန်းတာ ဘယ်လိုလုပ် နတ်ရတနာဖြစ်နိုင်မှာလဲ။”
ချမ်ချန်ကန်း၏ စကားကိုနားထောင်မိသော လင်းပေါင်အာသည် မြင့်မြတ်သောနတ်ဓါးထဲတွင်ရှိနေသော ခမ်းနားကြီးကျယ်သောစွမ်းအင်များကိုခံစားမိ၍ သူမ၏မျက်နှာသည် ခြောက်ကပ်ကပ်ဖြစ်လာခဲ့သည်။
ဒီစွမ်းအင်က အားနည်းလွန်းတယ်တဲ့လား။
ချမ်ချန်ကန်းသည် သူ၏ လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဘုရားကျောင်းအပြင်ဘက်က ရေစည်ပိုင်းကရေပြည့်နေပြီ။ ဘုရားကျောင်းထဲကိုရွှေ့လိုက် ပြီးရင် မနက်စာပြင်တော့။”
လင်းပေါင်အာသည် ဆက်၍ စဉ်းစားမနေတော့ဘဲ မြင့်မြတ်သောအင်မော်တယ်ဓါးကို သိမ်းလိုက်သည်။ ဆရာမှ မဟုတ်ဘူးဟုပြောလျှင် ဤဓါးသည် ညကကျလာခဲ့သော နတ်ရတနာမဟုတ်လောက်ပေ။
“မနက်စာဘာစားချင်လဲ။ ဆရာ။”
ချမ်ချန်ကန်း၏ မျက်လုံးများအရောင်လက်သွားခဲ့သည်။
“ ညက ကျားမိစ္ဆာကိုပဲချက်လိုက်။ ကျားခြေထောက်ကို ပြုတ်ပြီးစားကြတာပေါ့။ ဪ ဒါနဲ့ ကျားကြာပွတ်ကိုလည်း ထည့်ဖို့မမေ့နဲ့ဦး “
“ဆရာ.. ကျားကြာပွတ်ကိုလည်း ထည့်ပြုတ်ရမှာလား။ ဆရာ။”
လင်းပေါင်အာမှ စိတ်ညစ်နေမိသည်။
“ဒါပေါ့ ဒီတလော ဆရာက တော်တော်လေး ပင်ပန်းထားတာ အားဖြည့်ဖို့လိုအပ်တယ်။”
လင်းပေါင်အာ၏ မျက်နှာသည်နီရဲ၍ ရှက်သွေးဖြာနေခဲ့သည်။
ချမ်ချန်ကန်းသည် သူမ၏ခေါင်းအား ပုတ်လိုက်သည်။
“အ! ဘာလို့ ပေါင်အာ့ခေါင်းကို ရိုက်တာလဲ ဆရာ။”
လင်းပေါင်အာသည် မကျေနပ်၍စူပုပ်သောမျက်နှာနှင့် သူမ၏ခေါင်းအား လက်ဖြင့်ကိုင်ထားခဲ့သည်။
“မနက်စာ မြန်မြန်သွား မချက်ဘဲနဲ့။ ဘာတွေစဉ်းစားနေတာလဲ။”
“ဟုတ်။ ဟုတ်။”
လင်းပေါင်အာသည် ခြေဗလာနှင့် ဘုရားကျောင်းအတွင်းသို့ ပြန်ပြေးသွားခဲ့သည်။
ချမ်ချန်ကန်းသည် သူ၏ခေါင်းအား ခါယမ်းကာ လင်းပေါင်အာ၏ အတွေးများနှင့် အချင်းချင်းဆက်သွယ်မှုရှိမနေခဲ့ပေ။
သူမသည် ဆယ်ကျော်သက်အရွယ်မျှသာရှိသေးသည်။ သူမသည် လိမ္မာရေးခြားရှိပြီး လှပသော်လည်း ချမ်ချန်ကန်း၏ အကြိုက်နှင့်မတိုက်ဆိုင်လှပေ။
ချမ်ချန်ကန်းသည် သူ၏အတွေးများကိုရပ်တန့်ရန် ခေါင်းကိုခါယမ်းကာ ဘေးဘယာသို့ လှည့်ကြည့်နေခဲ့သည်။
ဘုရားကျောင်း၏ အပြင်တွင် အလွန်ရှည်လျားနေသောမြက်ပင်များနှင့် အုတ်အကျိုးအပဲ့များသည် နေရာအနှံ့ရှိနေပြီး ကျောင်းတံခါးဝတွင် သေနေသော သစ်ပွပင်တစ်ပင်လည်းရှိနေခဲ့သည်။
ချမ်ချန်ကန်းသည် ဤပတ်ဝန်းကျင်အခြေအနေအား နှစ်သက်ခြင်းမရှိပေ။
သူ၏ လက်တဝှေ့ဖြင့် ချမ်ချန်ကန်းသည် ‘အလုံးစုံသောသက်ရှိများ’ အား ထပ်မံအသုံးပြုလိုက်သည်။
ဘုရားကျောင်းအပြင်ဘက် ၃မီတာတွင် အစိမ်းရောင်များ တဖျပ်ဖျပ်ခတ်ကာ မျက်စိတစ်မှိတ်အတွင်းတွင် ထိုမြက်ပင် ပေါင်းပင်များသည် စိတ်ဝိညာဉ်ဆေးပင်များဖြစ်လာခဲ့သည်။
ထိုအရာသည် အင်မော်တယ်ဘုရားကျောင်းကို ရတနာတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။
ပြီးနောက် ချမ်ချန်ကန်းသည် အိုမင်း၍ သေဆုံးနေသော ဗောဓိပင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဗောဓိပင်သည် ဘုရားကျောင်းနှင့် ၃မီတာအကွာတွင်သာရှိခဲ့သည်။ ချမ်ချန်ကန်းသည် သူ၏လက်ကို ဗောဓိပင်ပေါ်သို့ တင်လိုက်သည်။
သေဆုံးနေသောသစ်ပင်သည် နွေဦးသို့ရောက်ရှိသွားသကဲ့သို့ ဗောဓိပင်သည် တက်ကြွမှုအပြည့်နှင့် ပြန်လည်ရှင်သန်ထမြောက်လာခဲ့သည်။ အပင်၏အကိုင်းအခက်များနှင့် အရွက်များပွတ်တိုက်ခြင်းမှ လှုပ်ခတ်သံများ မြည်လို့နေခဲ့သည်။
ချမ်ချန်ကန်းသည် ကျေနပ်စွာပြုံးလိုက်သည်။
“ဒီလိုဖြစ်နေရမှာ။ ဒီလို ပတ်ဝန်းကျင်မျိုးကမှ ငါ့လို တိုင်းတစ်ပါးသားမျိုးနေသင့်တဲ့ နေရာပဲ။”
ထို့နောက် ရေစည်ပိုင်းရွှေ့ရန်ထွက်လာခဲ့သော လင်းပေါင်အာမှ ထိုပြောင်းလဲမှုများအားမြင်သောအခါ သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ နေရာမှာတွင် ထပ်မံ၍အံ့ဩမှင်သက်ကာ ရပ်တန့်နေခဲ့သည်။
စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှားတွေ မြင်မိတာများလား။
ဘုရားကျောင်းထဲက ထွက်လာရုံနဲ့ အပြင်ဘက်မှာ ဘယ်လိုလုပ် အများကြီး ပြောင်းလဲသွားတာလဲ။
. . . . . .
ဖေးရှန့်တောင်၏ တောင်ခြေတွင် အနက်ရောင် လေပြင်းများ တိုက်ခတ်နေသည်။
အနက်ရောင် လေပြင်းများ ငြိမ်သက်သွားချိန်တွင် မြင်းစီးနေသောလူများသည် လမ်းတစ်လျောက်တွင် ပေါ်ပေါက်လာခဲ့သည်။
သူတို့သည် ခက်ထန်သောမျက်နှာဖုံးများနှင့် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားကာ အမှောင်အော်ရာများ ဖြန့်ကျက်နေကြသည်။
ရွှေရောင်မျက်နှာဖုံးစွပ်ထားသည့် ဦးဆောင်သူသည် တောင်ထိပ်သို့ မျှော်ကြည့်လိုက်သည်။
ထိုလူ၏မျက်လုံးများသည် ခက်ထန်သောမျက်နှာဖုံးအတွင်းမှ မှောင်ရိပ်သန်းသော အေးစက်စက် အရိပ်အယောင်များလွှမ်းမိုးနေခဲ့သည်။
“ခုနက ရောင်ခြည်တော်က ကမ္ဘာပေါ်ကိုကျလာတဲ့ အင်မော်တယ်ရတနာ၏ အမြင်အာရုံပဲဖြစ်ရမယ်။ ဒီတစ်ခါတော့ အင်မော်တယ်ရတနာကို ငါရကိုရရမယ်။”
သူသည် တောင်ပေါ်သို့သွားတော့မည့် ဟန်ဖြင့် သူ၏ လက်ကိုဝှေ့ယမ်းလိုက်သည်။
ချီ!
ချီ!
ချီ!
ထိုအချိန်တွင် လင်းဟုန်၃ခုသည် အဝေးတစ်နေရာမှ ကောင်းကင်ကို ဖြတ်ကျော်ကာရောက်လာခဲ့သည်။
လင်းဟုန်ပျောက်ကွယ်သွားသည်နှင့် ဓါးခြစ်ရာအမာရွတ်များနှင့် ခက်ထန်သော မျက်နှာရှိသည့် လူထွားကြီးသုံးယောက် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့၏ မျက်နှာသွင်ပြင်များသည် အကျည်းတန်၍ ရက်စက်ကြမ်းကြုတ်လှသည်။
သူတို့၏ ဦးတည့်ရာသည် အရှေ့တွင်ရှိနေသော ဖေးရှန့်တောင်ဖြစ်သည်။
ထိပ်ဆုံးမှ မှော်စွမ်းအင်များနှင့် ပြည့်နှက်နေသောထွားကျိုင်းသော အမျိုးသားသည် ကျင်းတန် ကျို့ကျုံးထျန်း ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသူဖြစ်သည်။ သူသည် နတ်ဆိုးနဂါးလိုဏ်ဂူ၏ အရှင်သခင် လီပါ့ထန် ဖြစ်သည်။
သူ၏အနောက်မှ အမျိုးသားနှစ်ဦးမှာ နတ်ဆိုးနဂါးလိုဏ်ဂူ၏ အကြီးအကဲနှစ်ဦးဖြစ်ပြီး၊ သူတို့သည်လည်း ရွှေဗဟိုချက်နယ်ပယ်အဆင့်တွင်ရှိနေသည်။
လက်ဦးရောက်ရှိနေသော အဖွဲ့ကိုတွေ့သော လီပါ့ထန်သည် အံ့ဩမှုများအပြည့်ဖြင့် ရပ်တန့်ကာ အော်ပြောလိုက်၏။
“ခင်ဗျားက မိစ္ဆာဂိုဏ်းရဲ့ဂိုဏ်းချုပ် ချိုးချမ့်ထူ မဟုတ်လား”
အနက်ရောင်ဝတ်ရုံနှင့် ရွှေရောင်မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“နတ်ဆိုးနဂါးလိုဏ်ဂူက လီပါ့ထန်၊ ခင်ဗျားလည်း ကမ္ဘာပေါ်ကိုကျလာတဲ့ နတ်ရတနာကို ယူဖို့လာခဲ့တာပေါ့လေ။”
“ ထင်တဲ့အတိုင်းပဲ။ ဂိုဏ်းချုပ်ချိုး၊ ခင်ဗျားတောင် လာနိုင်တာ ကျုပ်က ဘာလို့ မလာနိုင်ရမှာလဲ။”
ချိုးချမ့်ထူမှ အမူမထားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ ဓါးကိုးစင်းဂိုဏ်းကလူတွေလည်း ရောက်လောက်ရောပေါ့။”
လီပါ့ထန်သည် ရယ်မော၍ပြန်ဖြေလိုက်သည်။
“ဓါးကိုးစင်းဂိုဏ်းက လူတွေ လာနိုင်မှာမဟုတ်ဘူး။”
“ ဘာကို ဆိုလိုချင်တာလဲ။”
ချိုးချမ့်ထူသည် ပဟေဠိဖြစ်နေခဲ့သည်။
“ ညက ဓါးကိုးစင်းဂိုဏ်းက လွှတ်လိုက်တဲ့အဖွဲ့ကို ကျုပ်ရဲ့ နတ်ဆိုးနဂါးလိုဏ်ဂူက အကြီးအကဲတစ်ယောက်က အပြတ်ရှင်းလိုက်ပြီ။ ဒီတော့ ဓါးကိုးစင်းဂိုဏ်းကလူတွေက အင်မော်တယ်ရတနာကို သိမ်းပိုက်နိုင်မယ့် အရည်အချင်းရှိမှာမဟုတ်ဘူး။”
“ဟုတ်လား။”
“ဂိုဏ်းချုပ်ချိုးက စောစောရောက်နေတာဆိုတော့ အင်မော်တယ်ရတနာနဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုခုတွေ့သေးလား။”
လီပါ့ထန်မှ မေးလိုက်သည်။
“ဒီတောင်ပေါ်ကို အင်မော်တယ်ရတနာကျလာတာကို အကြီးအကဲ လီကူး သိနေပြီးသားကို ဘာလို့မေးနေသေးတာလဲ။ ကျုပ်တို့နှစ်ဖွဲ့ထဲမှာ အင်မော်တယ်ရတနာကို ဘယ်အဖွဲ့ကရမလဲဆိုတာကတော့ ကံကြမ္မာအပေါ်ပဲမူတည်တယ်။”
ချိုးချမ့်ထူသည် ဂရုမစိုက်စွာ ပြန်ဖြေခဲ့သည်။
“ဟားဟားဟား ဂိုဏ်းချုပ်ချိုးပြောတာလဲ မှန်တာပဲ။”
လီပါ့ထန်သည် ရယ်မောပြီးနောက် ရုတ်တရက် သူ၏လက်ဖြင့် လက်ခုပ်တီးလိုက်ရာမှ မှော်စွမ်းအင်များ တစ်ရှိန်ထိုးတက်လာခဲ့သည်။
ထို့နောက် ကြီးမားသော စည်း(တံဆိပ်)တစ်ခုထွက်ပေါ်လာခဲ့သည်။
သူသည် အမိန့်ပေးလိုက်သည်။
“သွား။”
ထိုစည်း(တံဆိပ်)ကြီးသည် တစ်ဟုန်ထိုးထွက်လာရာ အရပ်မျက်နှာအစုံတွင် သွေးများလွှမ်းခြုံနေသကဲ့သို့ ပေ ဒါဇင်မြင့်သော သွေးရောင်တောင်ကြီးအဖြစ်သို့ ပြောင်းလဲကာ မိစ္ဆာလိုဏ်ဂူဂိုဏ်းမှ လူများကို ဖိနှိမ်နေခဲ့သည်။
“ဂိုဏ်းချုပ်ချိုး၊ ဒီအင်မော်တယ်ရတနာက ကျုပ်အပိုင်မို့လို့ စိတ်မရှိပါနဲ့။”
ထို့နောက် လီပါ့ထန်သည် သူ၏လူများကိုခေါ်၍ တောင်ပေါ်သို့ ဦးဆောင်ခဲ့သည်။
ဂိုဏ်းချုပ်ချိုးသည် သွေးရောင်တောင်ကြီးအား ခုခံကာ အံကြိတ်၍ ပြောလိုက်သည်။
“ဒီကောင် ကွာ။”
ချိုးချမ့်ထူသည် သွေးတောင်ကြီးအား ခုခံပြီးသည်နှင့် တုံ့ဆိုင်းမနေဘဲ သူ၏လူများကိုခေါ်ကာ တောင်ပေါ်သို့လိုက်သွားခဲ့သည်။
ထိုအဖွဲ့နှစ်ဖွဲ့သည် ဖေးရှန့်တောင်သို့ ဝင်သွားခဲ့ပြီးနောက် တောင်ခြေရင်းဆီမှနေ တောင်ထိပ်အထိ နတ်ရတနာ၏ သဲလွန်စအား လိုက်လံရှာဖွေခဲ့သည်။
မကြာမီမှာပင် သူတို့သည် တောင်၏ထိပ်ဖျားတွင် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းတစ်ခုအား ရှာတွေ့ခဲ့သည်။
လီပါ့ထန်မှ ဦးစွာတွေ့၍ ချိုးချမ်ထုမှ လိုက်ပါရှာတွေ့ခဲ့သည်။
သူတို့သည် ဖေးရှန့်တောင်တစ်ခုလုံးအား ရှာဖွေခဲ့သော်လည်း နတ်ရတနာအား ရှာမတွေ့ခဲ့ကြပေ။
ထိုကြောင့် အင်မော်တယ်ရတနာသည် ဤယိုယွင်းနေသော ဘုရားကျောင်းထဲတွင် ရှိနေမှာ အသေအချာပင်ဖြစ်သည်။