အခန်း ၁၂
Vol. 2 Ch. 12
အခန်း ၁၂:ကျင့်ကြံခြင်းအဆင့်များ ထိန်းချုပ်ခံရသောကြောင့်၊ အားလုံးမှ အံ့ဩမှင်သက်သွားခဲ့သည်။
“ လေးစားစရာကောင်းတဲ့ လူလို့ထင်နေတာ နောက်ဆုံးတော့လည်း သာမန်လူသားတစ်ယောက်ဖြစ်နေပါလား။”
လီပါ့ထန်မှ လှောင်ရယ်လိုက်သည်။
ချိုးချမ့်ထူသည် စိတ်မဝင်စားစွာ ဖျတ်ခနဲလှည့်ကြည့်လိုက်၏။
“သူက တကယ် သာမန်လူတစ်ယောက်ပါ ပဲ။”
လင်းပေါင်အာမှ စိတ်မကျေနပ်စွာဖြင့် ဂုဏ်ယူစွာကြွားဝါလိုက်သည်။
“ဟွန်း! ကျွန်မဆရာက ရှင်တို့ပြောသလို သာမန်မဟုတ်ဘူး။ လီရှောင်တောင် ကျွန်မဆရာရဲ့ လက်ချက်နဲ့သေရတာ။ ရှင်တို့လည်း မြန်မြန်ပြေးလို့ရအောင် အကြံပေးလိုက်မယ်။”
စိတ်မကောင်းစွာပင် ပြောပြီးသည်နှင့် ချမ်ချန်ကန်း၏ နောက်ထပ် လက်စာတစ်ခုအား သူမမှ ထပ်မံ၍ မြည်းမိပါတော့သည်။
“အို~ဘာလို့ တပည့်ကိုထပ်ရိုက်တာလဲ။ ဆရာ။”
ချမ်ချန်ကန်းသည် သံတုံးမှ သံမဏိမဖြစ်လာမှုအား မနှစ်သက်မိပေ။
“ ပါးစပ်ပိတ်ထား။ မင်း စကားမပြောရင် မင်းကိုဘယ်သူမှ အ နေတယ်လို့ထင်မှာမဟုတ်ဘူး။”
“ဟုတ်။ ဟုတ်။”
ယခု သူ၏အရှေ့တွင် ရှိနေသူများသည် နယ်မြေတန်ဖိုးပေးရန်လာခဲ့သော သက်ရှိများသာဖြစ်သည်။ မတော်တဆများ ကြောက်လန့်ပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။
ချိုးချမ့်ထူမှ မျက်မှောင်ကြုတ်ကာ ချမ်ချန်ကန်းအား ကြည့်လိုက်သည်။
မည်သို့ပင်ကြည့်နေပါစေ၊ သူသည် ထူးခြားမှုမရှိသည့် သာမန်လူသားတစ်ယောက်သာဖြစ်သည်။
“ အဲ့လိုလူမျိုးက ရွှေဗဟိုချက်နယ်ပယ်မှာရှိတဲ့ လီရှောင်ကို သတ်နိုင်တယ်တဲ့လား။ ငါ မယုံဘူး။”
ချမ်ချန်ကန်းမှ ဟက်ခနဲ ရယ်လိုက်သည်။
“ခင်ဗျား ပြောတာ မှန်တယ်။ ကျွန်တော် ကဘယ်လိုလုပ် အဲ့ဒီ့လီရှောင်ကို သတ်နိုင်ရမှာလဲ။ ဒီကလေးမက ဒီအတိုင်း မသိနားမလည်လို့ ပေါက်ကရတွေ လျှောက်ပြောနေတာပါ။”
သူ၏အနောက်တွင်ရှိသော လင်းပေါင်အာမှ စူပုပ်နေခဲ့သည်။ ကျွန်မက ကလေးမဟုတ်ပါဘူးနော်။
ဆရာကလူလိမ်အကြီးစားကြီး၊ မျက်လုံးနှစ်ဖက်လုံးဖွင့်ပြီး ပေါက်ကရတွေပြောနေတယ်။
“လင်းပေါင်အာ၊ လီရှောင်ဘယ်မှာလဲ။ နတ်ရတနာက သူ့လက်ထဲမှာလား။”
လီပါ့ထန်သည် ချမ်ချန်ကန်းနှင့် စကားပြောရန်ပင် အဖက်မတန်သည်ဟု သဘောထားသောကြောင့် လင်းပေါင်အာကိုသာ မေးမြန်းခဲ့သည်။
လင်းပေါင်အာမှ မျက်တောင်သာ ခတ်ခဲ့၍ ဘာမှ ပြန်မဖြေခဲ့ပေ။
ချမ်ချန်ကန်းမှ ပြန်ဖြေခဲ့သည်။
“လီရှောင်က ဘုရားကျောင်းထဲမှာ နားနေတာပါ။ ပြီးတော့ နတ်ရတနာကလည်း သေချာပေါက် သူ့လက်ထဲပေါ့။”
နားထောင်နေသော လင်းပေါင်အာမှ ထပ်မံ၍ စူပုပ်ခဲ့သည်။
ဆရာက လူလိမ်ကြီး၊ လီရှောင်ကဖြင့် သေတာကြာလို့ သူ့အလောင်းက ဘုရားကျောင်းအရှေ့က သစ်ပင်၊ ပန်းပင်တွေအတွက် မြေဩဇာတောင် ဖြစ်သွားပြီ။
လီပါ့ထန်မှ ရယ်မောလိုက်သည်။ သူသည် ချမ်ချန်ကန်းမှ သူအား လိမ်ညာရဲမည်ဟု မယုံကြည့်ခဲ့သောကြောင့်ဖြစ်သည်။
“ဒီကောင် လီရှောင်ကတော့ တော်သားပဲ။”
ထိုသို့ကြားသောအခါ ချိုးချမ့်ထူ၏ မျက်နှာမှာ သုန်မှုန်သွားတော့သည်။
သေစမ်း!
နောက်ကျသွားပြီ!
“ဂိုဏ်းချုပ်ချိုးရေ၊ ခင်ဗျားကတော့ ခင်ဗျားရဲ့ မိစ္ဆာဂိုဏ်းကိုပြန်လို့ရပြီ။”
“ဟားဟားဟား သွားမယ်။ ဘုရားကျောင်းထဲ ဝင်ရအောင်။”
လီပါ့ထန်သည် သူ၏ လက်အားဝှေ့ယမ်း၍ နတ်ဆိုးနဂါးလိုဏ်ဂူမှ အကြီးအကဲနှစ်ဦးနှင့်အတူ ဘုရားကျောင်းအတွင်းသို့ ဝင်သွားခဲ့သည်။
ချမ်ချန်ကန်းသည် သူ၏ ပြိုင်ဘက်ကင်းပိုင်နက်နှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသော ချိုးချမ့်ထူနှင့် သူ၏ အဖွဲ့သားများကိုကြည့်၍ မေးလိုက်သည်။
“ခင်ဗျားတို့လည်း နတ်ရတနာအတွက် လာခဲ့ကြတာမဟုတ်ဘူးလား။”
ချိုးချမ့်ထူ၏ မျက်နှာမှာ သုန်မှုန်နေ၍ ဘာမှပြန်ပြောခဲ့ခြင်းမရှိပေ။
သူသည် နတ်ဆိုးနဂါးလိုဏ်ဂူမှ လီရှောင်အား ဦးစွာစေလွှတ်ခဲ့မည်ဟု မထင်မှတ်ထားခဲ့ပေ။ ယခုမည်ကား နတ်ဆိုးနဂါးလိုဏ်ဂူ ဘက်တွင် လီရှောင်အပါအဝင် ရွှေဗဟိုချက်နယ်ပယ်အဆင့် ၄ဦးရှိနေပြီဖြစ်သည်။
သူ၏ ဘက်တွင်မူကား ရွှေဗဟိုချက်နယ်ပယ်အဆင့် ၃ဦးသာရှိပြီး၊ အခြားလူများမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်များသာဖြစ်သည်။
အင်မော်တယ်ရတနာသည် နတ်ဆိုးနဂါးလိုဏ်ဂူ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ၊ လီပါ့ထန်ဆီမှ တိုက်ခိုက်၍လုယူရန် လွယ်ကူမည်မဟုတ်ပေ။
သို့သော်လည်း ချိုးချမ့်ထူ၏စိတ်ထဲတွင် ထိုဖြစ်ရပ်အား လိုလားခြင်းမရှိပေ။
အင်မော်တယ်ရတနာသည် လက်တစ်ကမ်းအကွာ၌ရှိနေပြီး လီပါ့ထန်မှ နတ်ဆိုးနဂါးလိုဏ်ဂူသို့ ပြန်လည်ယူဆောင်သွားခဲ့လျှင် ပြန်လည်ရယူရန် ဖြစ်နိုင်မည်မဟုတ်ပေ။
ဒီအတိုင်း လက်လျှော့လိုက်တော့မှာလား။
ချမ်ချန်ကန်းသည် နှမြောစရာကောင်းသည်ဟု သိုသိပ်စွာ တွေးနေမိတော့သည်။
သူ၏ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ မိစ္ဆာဂိုဏ်းမှလူများ ဝင်မလာခဲ့လျှင် သူတို့အား မည်သည်ကိုမျှလုပ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရုတ်တရက်ဆိုသလိုပင် ချိုချမ့်ထူမှ အမိန့်ပေးလိုက်သည်။
“ဘာပဲသုံးရ သုံးရ၊ နတ်ရတနာကို မရ ရအောင်ယူလာခဲ့ကြ။”
မှော်စွမ်းအင်များ ပြင်းထန်လာကာ အနက်ရောင်လေထုကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ချိုးချမ့်ထူသည် သူ၏အဖွဲ့သားများအား ဘုရားကျောင်းအတွင်းသို့ ဦးဆောင်ခဲ့သည်။
ချမ်ချန်ကန်း၏ နှုတ်ခမ်းများ အပေါ်သို့ တွန့်တတ်သွားခဲ့သည်။
“ငါးစာတော့ ချိတ်ပြီ။”
“ဘယ်ငါးကို ပြောနေတာလဲ။ ဆရာ။”
“ ဒီအုပ်စုနှစ်ခုက ငါးမဟုတ်ဘူးလား။”
လင်းပေါင်အာသည် နားမလည်သော ဟန်ဖြင့် သူမ၏ ခေါင်းအားခါယမ်းခဲ့သည်။
လီပါ့ထန်နှင့် ချိုးချမ့်ထူတို့သည် သူ၏ ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သောကြောင့် ချမ်ချန်ကန်းမှ စိုးရိမ်စရာမရှိတော့ပေ။
သူသည် မီးဖိုဆီသို့ လျှောက်သွားခဲ့စဉ် အိုးထဲမှ မွှေးပျံ့နေသော အသား၏ရနံသည် သူ့အားသရေယိုစေခဲ့သည်။
“မင်းရဲ့ ဟင်းချက်လက်ရာက ကောင်းသားပဲ။ ပေါင်အာ။”
လင်းပေါင်အာမှ ချမ်ချန်ကန်း၏ လက်မောင်းအား ပွေ့ဖက်လျှက် ချွဲပျစ်စွာပြောလိုက်သည်။
“ တပည့်ရဲ့ ဟင်းချက်လက်ရာက သေချာပေါက် ကောင်းတာပေါ့။ ဒီနေ့ကစပြီး ဆရာကို စားကောင်းတာတွေပဲ နေ့တိုင်းချက်ကျွေးတော့မှာ။”
ချမ်ချန်ကန်းသည် မလှုပ်မယှက်ဖြင့် လင်းပေါင်အာအား စိုက်ကြည့်နေခဲ့သည်။
“အဲ့လောက် ယဉ်ကျေးနေနဲ့ရင် သစ္စာဖောက်နဲ့ သူခိုး နှစ်ခုထဲကတစ်ခုပဲ။ ဘာလိုချင်တာလဲ ပြော။”
“ဆရာက ဒီလောက်စွမ်းတာ၊ ဒီက ဆရာ့ရဲ့ တပည့်ကောင်းလေးကို လက်စားချေပေးလို့ မရ
ဘူးလား ဟင်။”
ယခင်ညက လင်းပေါင်အာသည် ဓါးကိုးစင်းဂိုဏ်းမှ တပည့်များနှင့် နတ်ရတနာအား ရှာဖွေ့ရန်လာခဲ့ရာ၊ သူမ မှတစ်ပါး အခြားတပည့်လက်သားများအားလုံးသည် လီရှောင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သူမ၏ ဆရာမှ လီရှောင်အားသတ်ခဲ့သော်လည်း ဤလီပါ့ထန်သည် အဓိကတရားခံဖြစ်သည်။
ထို့ကြောင့် လင်းပေါင်အာသည် လီပါ့ထန်နှင့် အခြားလူများအား ချေမှုန်းကာ သေဆုံးသွားသော တပည့်လက်သားများ၏ကိုယ်စား လက်စားချေချင်ခဲ့သည်။
သို့သော် သူမ၏ အင်အားသည် အားနည်းလွန်းလှ၍ ချမ်ချန်ကန်းအား အားကိုးရန်သာဖြစ်နိုင်သည်။
“လက်စားချေတယ်ဆိုတာ ကိုယ့်လက်နဲ့ ကိုယ်တိုင်လုပ်တာကမှ အကောင်းဆုံးပေါ့။”
“ဘာလဲ...”
လင်းပေါင်အာမှ တွန့်ဆုတ်ကာပြန်ဖြေခဲ့သည်။
“ဒါပေမဲ့ သူက ရွှေဗဟိုချက်နယ်ပယ်မှာ အင်အားအကြီးဆုံးလူလေ။ ဒီအတိုင်းသာဆိုရင် ဘယ်နှစ်၊ ဘယ်လ၊ ရောက်မှ လက်စားချေနိုင်မှာလဲတောင် မသိနိုင်ဘူး။”
ထိုစကားအားပြောပြီးသည်နှင့် လီပါ့ထန်နှင့် ချိုးချမ့်ထူသည် အင်မော်တယ်ဘုရားကျောင်းထဲမှ ပြန်လည်ထွက်လာခဲ့၏။
သူတို့၏ မျက်နှာသည်လည်း သုန်မှုန်၍ အကျည်းတန်နေခဲ့ရာ၊ သူတို့သည် သတ်ဖြတ်ချင်သော ရည်ရွယ်ချက်များနှင့် ပြည့်နေခဲ့သည်။
သူတို့သည် အင်မော်တယ်ဘုရားကျောင်းတစ်ခုလုံးအား မွှေနှောက်ရှာဖွေခဲ့သော်လည်း လီရှောင်၏ အရိပ်အယောင်ပင် ရှာလို့မတွေ့ခဲ့ပေ။
အင်မော်တယ်ရတနာသည်လည်း ရှာတွေ့ခဲ့ခြင်းမရှိပေ။
ချမ်ချန်ကန်းမှ သူတို့အား လိမ်ညာခဲ့ခြင်းဖြစ်သည်ကို ခြေချောင်းဖြင့် စဉ်းစားကြည့်လျှင်ပင် သိနိုင်သည်။
သေစမ်း!
သာမန်လူသားတစ်ယောက်ကများ သူတို့ကို လိမ်ညာရဲတယ်။
လီပါ့ထန်သည် ချမ်ချန်ကန်း၏ ခေါင်းအားလှည့်၍ ဖြုတ်ပစ်ချင်မိသည်။
ချိုးချမ့်ထူသည် ချမ်ချန်ကန်းအား စိတ်တိုနေသော်လည်း သူသည် အနည်းငယ်မျှ စိတ်သက်သာရာရမိသည်။
အင်မော်တယ်ရတနာသည် လီပါ့ထန်၏ လက်ထဲသို့ မရရောက်ခဲ့သ၍ ရတနာအားရရှိရန် အခွင့်အရေးရှိနိုင်သေးသည်။
လီပါ့ထန်သည် ချမ်ချန်ကန်းအား စိုက်ကြည့်၍ အော်ပြောလိုက်သည်။
“ မင်းကများ ငါ့ကိုလိမ်ရဲတယ် ပေါ့လေ။ မင်းရဲ့ခေါင်းကိုဖြုတ်ပြီး ကျင်ငယ်အိုးလုပ်ပစ်မယ်။ သေဖို့သာပြင်။”
လင်းပေါင်အာသည် ကြောက်လန့်တကြား ချမ်ချန်ကန်း၏ အနောက်သို့ပြေးဝင်ပုန်းခဲ့သည်။ သို့သော် ချမ်ချန်ကန်းမှ ပြုံးလျှက် သူမအား ဆွဲထုတ်လိုက်သည်။
“လက်စားမချေချင်ဘူးလား။ ပေါင်အာ။”
“ဆရာ.. ပေါင်အာ လက်စားချေချင်ပါတယ် ဆရာ။ ဒါပေမဲ့ ပေါင်အာလုပ်နိုင်မှာ မဟုတ်ဘူး။”
လင်းပေါင်အာသည် မျက်ရည်မထွက်ဘဲ ငိုချင်လာမိသည်။
အခုအချိန် လက်စားချေဖို့လုပ်တာက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ အတူတူပဲမဟုတ်လား။
“ အဲ့လောက်လဲမဟုတ်ပါဘူး။ ဒီက ရုပ်ချောပြီး သဘောကောင်း မင်းရဲ့ ဆရာကိုမယုံဘူးလား။
လင်းပေါင်အာမှ စူပုပ်နေခဲ့သည်။
“တပည့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ လူဖျင်းအဆင့်မှာပဲ ရှိသေးတာလေ ဆရာရယ်။”
“အဲ့ဒါက ပြဿနာအသေးအမွှားလေးပါ။ ငါ့တပည့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ လူဖျင်းအဆင့်မှာဆိုရင် သူတို့က ချီသန့်စင်ခြင်းနယ်ပယ်ရဲ့ လူဖျင်းအဆင့်ပေါ့။”
ချမ်ချန်ကန်းမှ ပြုံးလျှက် ‘ဖျောက်’ ဟူသောမြည်သံနှင့်အတူ လက်ဖျောက်တီးလိုက်သည်။
“အား!! ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ။”
လီပါ့ထန်၏ အော်မြည်သံသည် လက်ဖျောက်တီးသံနှင့်အတူ လိုက်ပါလာခဲ့သည်။
လီပါ့ထန်နှင့် သူ၏နတ်ဆိုးနဂါးလိုဏ်ဂူမှ အကြီးအကဲနှစ်ဦးတို့၏ ကျင့်ကြံခြင်းအဆင့်များသည် နားလည်ရန်ခက်ခဲသောအရာတစ်ခုမှ ရုတ်ချည်း ထိန်းချုပ်ခြင်းခံခဲ့ရသည်။ ထို့နောက်သူတို့သည် ရွှေဗဟိုချက်နယ်ပယ်မှ ချီသန့်စင်ခြင်းနယ်ပယ်သို့ ဖိနှိပ်ခံထားရသည်။
လီပါ့ထန်တို့ ၃ဦးမှာ ကြက်သေသေနေခဲ့သည်။
ချိုးချမ့်ထူ၏ အဖွဲ့သည်လည်း အံ့ဩမှင်သက်သွားတော့သည်။
လင်းပေါင်အာသည်လည်း အံ့အားသင့်သွားခဲ့သည်။