← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆: မိစ္ဆာဘုရင် ၃ဦး၊ မိုးကြီးကပ်ဘေးဖြင့် ပြုပြင်ဖွဲ့စည်းခံရခြင်း။

ကောင်းကင်ရှိ တိမ်ထုများသည် တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထပ်နေခဲ့ရာ ထိုသို့ကျော်လွှားရန် ကြီးမားလွန်းသော လွှမ်းခြုံမှုသည် လူသားများအား အသက်ရှုမဝသည်အထိဖြစ်စေခဲ့သည်။

ဘုံး ဘုံး ဘုံး!

မိုးကြိုးများ တစ်ခုပြီး တစ်ခု ကျဆင်းခဲ့ပြီးနောက်၊ မိုးကြိုးနဂါးနဲ့ စပါးအုံးမြွေကြီးများအဖြစ်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင်ရှိ အရာရာအားကို တိုက်စားဖျက်ဆီးခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အသက်ရှုသံသည် လူသားတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။

ရှစ်ဝမ်တတောင်၏ဦးတည်ရာတွင်၊ မြောက်မြားစွာသော မိစ္ဆာများနှင့် တစ္ဆေသရဲတို့သည် ဖေးရှန့်တောင်ဘက်သို့ကြည့်နေကြသည်။

၎င်းတို့သည် မကြောက်ရွံ့၍ပင် မနေနိုင်တော့ပေ။

ယခင်ညကပင် နတ်ရတနာ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရိပ်သည် ကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီး ယနေ့တွင် ကြောက်မက်ဖွယ် မိုးကြီးကပ်ဘေးကြီး ဖြစ်ပွားခဲ့သည်။

ဖေးရှန့်တောင်တွင် ဘာတွေဖြစ်နေတာပါလိမ့်။

“တပည့် သေချာပေါက် တောင့်ခံထားပါ့မယ် ဆရာ။”

အင်မော်တယ်ဘုရားကျောင်း၏ အရှေ့ခြံဝန်းအတွင်းတွင်၊

လင်းပေါင်အာ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ရာ၊ သူမသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် တိုးတက်လာမှုကြောင့် ခံစားနေသော နာကျင်မှုဝေဒနာကို တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

သူမ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အရောင်အဝါများနှင့် ပြည့်နှက်နေသည်။

သူမသည် ငယ်ရွယ်သေးသလို ဤကမ္ဘာကြီး၏ အလှတရားကိုလည်း အပြည့်အဝမခံစားရသေးသူဖြစ်သည်။

သူမမှ မသေချင်သေးပါ။

ရုတ်တရက်ပစ်ချလာသော မိုးကြိုးမှ ပျက်စီးမှုဖြစ်စေသော ချီစွမ်းအင်များကို ထုတ်လွှတ်ပေးလိုက်သည်။

သို့သော် ထျန်းလဲ့ ဟာ ချမ်ချန်ကန်း၏ ပြိုဘက်ကင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်နှင့် ချက်ချင်းဆိုသလိုပင် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။

လင်းပေါင်အာသည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေတွင်ရှိနေသရွေ့ သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် တိုးတက်လာမှုကြောင့်ဖြစ်ပေါ်လာသည့် မိုးကြိုးကပ်ဘေးသည် သူမအား မည်သို့မျှ ဒုက္ခပေးနိုင်မည်မဟုတ်ပေ။

လင်းပေါင်အာ၏ အသက်ရှုသံသည် ဖြည်းညင်းစွာ ငြိမ်သက်သွား၍ သူမ၏ အသက်ရှုနှုန်းမှာ ပုံမှန်သို့ပြန်ရောက်သွားခဲ့သည်။

အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်သည် အရောင်လင်းလက်လာခဲ့သည်။

အတွင်းမှအပြင်သို့ ကြောက်မက်ဖွယ် ပြောင်းလဲမှုများ ဖြစ်ပွားလာခဲ့သည်။

ချမ်ချန်ကန်းသည် သူ၏လက်ဖဝါးအား ပြန်ရုပ်သိမ်း၍ အနောက်သို့ဆုတ်သွားခဲ့သည်။

‘အလုံးစုံသောသက်ရှိများ’ အား အသုံးပြု၍ ပြောင်းလဲခဲ့သော လင်းပေါင်အာ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် မည်သည့်အတိုင်းအတာအထိ တိုးတက်သွားခဲ့သည်ကို သူသည် အလွန်သိချင်နေခဲ့သည်။

ဘုံး ဘုံး ဘုံး!

လင်းပေါင်အာ၏ ဆွဲဆောင်မှုဖြင့် လဲ့ကျယ်သည် ကမ္ဘာပေါ်သို့ ရောက်ရှိလာခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တိုးတက်လာသော လင်းပေါင်အာအား ဤနေရာတွင် နေထိုင်ခွင့် မပြုတော့မည့်ပုံပေါ်သည်။

လင်းပေါင်အာအား ဤကမ္ဘာမြေမှ လုံးဝ သုတ်သင်ရန် ပြုလုပ်နေခဲ့သည်။

ပျက်စီးခြောက်သွေ့နေသော အရာများဖျက်ဆီး၍ ပုပ်သိုးဆွေးမြည့်နေသည့် အရာများအားဆွဲထုတ် လောင်မြိုက်ရန် ကောင်းကင်ယံမှာ မိုးခြိမ်းသံက တစ်ခုပြီး တစ်ခု သက်ဆင်းလာခဲ့သည်။

ပျက်သုဉ်းခြင်း!

အရာအားလုံးကို ဖြိုလှဲဖျက်ဆီးစေခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ် မိုးခြိမ်းသံကို မြင်တွေ့ခဲ့ရသော တောင်တစ်သိန်းတောင်တန်းရှိ မွန်းစတားများနှင့် တစ္ဆေသရဲများသည် စိတ်ဝိညာဉ်ထဲအထိ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ ၃ဦးတို့သည် တောင်တစ်သိန်းတောင်တန်း၏ နက်နဲသောအရပ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် နတ်ဆိုးအလင်းတန်းသုံးစင်း ထွက်ပေါ်လာ၍ ဖေးရှန့်တောင်တန်းဆီသို့ ဦးတည်၍သွားခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ထိုနတ်ဆိုးအလင်းရောင် ၃ခုသည် ဖေးရှန့်တောင်၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။

နတ်ဆိုးအလင်းရောင် ပျောက်ကွယ်သွားသည့်နောက်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးပေါ်လာခဲ့သည်။

သူတို့သည် သူတို့၏အရှေ့တွင်ရှိသော ဖေးရှန့်တောင်အား လှမ်းကြည့်ခဲ့သည်။

တစ်ဦးမှာ ထွားကျိုင်းသောအရပ်အမောင်းရှိ၍ အင်္ကျီဝတ်ဆင်ထားခြင်းမရှိပေ။ ၎င်း၏ ခေါင်းပေါ်တွင် အနီရောင်ဆံပင်နှင့် ဦးချိုများရှိပြီး မျက်နှာဖုံးတပ်ထားသော အမျိုးသားသည် ပြင်းထန်သော နတ်ဆိုးအရောင်ဝါများရှိနေသည်။

ထိုအမျိုးသားမှ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“လီကျီက ဒီတောင်ကို ဒီလောက် တိုက်ခိုက်နေတာ မဟုတ်မှလွဲရော မနေ့ညက ကျလာတဲ့ နတ်ရတနာကြောင့် ဖြစ်နေမလား။”

ဘေးတွင်ရှိသော အခြားအမျိုးသားတစ်ဦးမှ ပြုံး၍ပြောလိုက်သည်။

“ထုံပါ့ယဲ့၊ နတ်ရတနာက ဒီတောင်ထဲမှာရှိနေတာကို မြန်မြန်သွားမယူသေးဘူးလား။”

“ ဟွန်း၊ ဒီမိုးကြိုးကပ်ဘေးမှာပါရှိတဲ့ စွမ်းအားက ဒီလောက်ကြောက်စရာကောင်းတာ။ ငါက အခြေတည်စိတ်ဝိညာဉ်နယ်ပယ် တတိယအဆင့်ကို ရောက်နေပြီ။ တောင်ထဲမှာ ကျရောက်နေတဲ့အန္တရာယ်ကို ငါခံစားခဲ့မိသလောက်ဆိုရင် အဲ့ဒီ့အထဲကိုဝင်သွားတာက အရိုးရှင်းဆုံးနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာပဲ။”

သွယ်လျသောခြေထောက်များဖြင့် အနီရောင်ဝတ်စုံအား ဝတ်ထားသော အမျိုးသမီးသည် ၎င်းတို့၏ ဘေးနားတွင် ရပ်နေခဲ့သည်။

သူမသည် မြေခွေးနားရွက်တစ်စုံနှင့် ဆွဲဆောင်မှုရှိသော မျက်နှာရှိပြီး သူမ၏ဆံပင်သည်လည်း ခါးအထိ ရှည်လျားလျှက်ရှိရာ၊ တိုင်းပြည်တစ်ခုအား ပျက်စီးနိုင်မည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဘယ်ညာယိမ်းနေသော အဝါရောင်ဖျော့ဖျော့ အမြီးတစ်ခုရှိနေသည် ။

သူမသည် ခပ်ပါးပါးလေးပြုံး၍ ပြောလိုက်သည်။

“မြွေ နယ့်နယ့်၊ ထုံပါ့ယဲ့က ဒီနတ်ရတနာကို လိုချင်နေတာဆိုရင် ရှင်ကရောမလိုချင်လို့လား။ တောင်တစ်သိန်းတောင်တန်းရဲ့ မိစ္ဆာဘုရင်နှစ်ပါးအနေနဲ့ ဒီကပ်ဘေးလောက်ကို ရှင်က ကြောက်နေတာလား။”

“နတ်ရတနာကိုပိုင်ဆိုင်ဖို့ ရှင်တို့နှစ်ယောက် ပူးပေါင်းပြီး ဒီတောင်ထဲကို ဝင်မယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။”

မြွေသည် မြွေမျက်လုံးတစ်စုံနှင့် ပိန်၍ ရှည်လျားသော ပုံသဏ္ဌာန်ရှိသည်။ သူသည် အမျိုးသမီးအား ရှုံ့မဲ့စွာ ပြုံး၍ပြောလိုက်သည်။ “ဟုန်ရီ၊ မင်းလည်း မိစ္ဆာဘုရင်ပဲလေ။ ငါတို့ မိစ္ဆာဘုရင်သုံးယောက်လုံး ပူးပေါင်းပြီး နတ်ရတနာကို ရှာရင်လဲ ဖြစ်တာပဲလေ။

ဟုန်ရီသည် သူမ၏ပါးစပ်ကိုအုပ်၍ ချိုမြိန်သောအသံလေးဖြင့် ခပ်တိုးတိုးလေး ရယ်လိုက်သည်။

“မြွေနယ့်နယ့်၊ ဟုန်ရီက ဒီကိုအပျော်ကြည့်ဖို့ပဲ လာခဲ့တာ၊ ဒီနတ်ရတနာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားပါဘူး နော်။”

မြွေမှ အေးစက်စွာ ငေါ့လိုက်သည်။ သူသည် ဟုန်ရီမှ ပြောခဲ့သောစကားကို မယုံကြည်ခဲ့ပေ။

ထိုအချိန်တွင် ထုံပါ့ယဲ့မှ တစ်ခုခုကို သတိပြုမိဟန်ဖြင့် သူ၏မျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။

“ ပြန်သွား။”

မိစ္ဆာဘုရင်သုံးဦးသည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

၎င်းတို့မှ ပေထောင်ချီအကွာသို့ ဆုတ်ခွာသွားပြီးနောက်တွင် ဖေးရှန့်တောင်ပေါ်သို့ အဆုံးမဲ့သော မိုးကြိုးများ ကျဆင်းလာသည်ကို တွေ့ခဲ့ရသည်။

ကောင်းကင်သည် နဂါးငွေ့တန်းဂလက်ဆီတစ်ခုအား ဖြိုခွင်းခဲ့သကဲ့သို့ ဖေးရှန်တောင်တစ်ခုလုံးအား မိုးခြိမ်းသံများ ဝန်းရံနေသော သမုဒ္ဒရာကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် မိုးကြီးကပ်ဘေး၏ မြင်ကွင်းသည် သူတို့မှ ကျင့်ကြံခြင်းအဆင့် အင်အားကြီးမားနေလျှင်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

မြွေသည် အထိတ်တလန့်ဖြင့် တံတွေးများမျိုချနေခဲ့သည်။

“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ မိုးကြီးကပ်ဘေးမျိုးလဲ။”

ထုံပါ့ယဲ့နှင့် ဟုန်ရီသည် ဘာစကားမှမပြောခဲ့သော်လည်း သူတို့၏အမူအရာများမှာ အလွန်လေးနက်နေပါသည်။

ဤမျှထိတ်လန့်စရာကောင်းသော မိုးကြီးကပ်ဘေးမျိုးဖြင့်သာ ၎င်းတို့မှ အပစ်ခံရလျှင် ၎င်းတို့သည် ဤနေရာတွင် အဆုံးသတ်သွားလိမ့်မည်။

ဖေးရှန့်တောင်တစ်ခုလုံးသည် ထိုမိုးကြိုးများ၏ ပစ်ခတ်မှုဖြင့် ခဏအကြာတွင် ပြာအဖြစ်သို့ အဆုံးသတ်သွားမည်ကို အသေချာပင်ဖြစ်သည်။

ဖေးရှန့်တောင်တစ်ခုလုံးသည် မိုးကြီးကပ်ဘေး၏အောက်တွင် ပြာပုံအဖြစ်သို့ရောက်ရှိသွားလိမ့်မယ်ဟု တွေးနေခဲ့ချိန်တွင် ၎င်းတို့သည် ပုံသဏ္ဌာန်တစ်ခုအား တွေ့လိုက်ရသည်။

မြွေမှ သိချင်စိတ်ဖြင့် မေးခဲ့သည်။

“အဲ့ဒါက ဘာလဲ။”

ဟုန်ရီမှ ပြန်ဖြေခဲ့သည်။

“လူပုံစံနဲ့ တူသလိုပဲ။”

ထိုပုံရိပ်သည် ရွှေရောင်အလင်းတန်းများ စီးဆင်းလျှက် တောင်ထိပ်ပေါ်တွင်ပေါ်လာခဲ့ရာ၊ ၎င်းသည် ရွှေအိုရောင်နေမင်းကြီးကဲ့သို့ ပြိုးပြိုးပြက်ပြက်ဖြစ်နေကာ အဆုံးမရှိသော မိုးကြိုးများအား သက်ရောက်စေခဲ့သည်။

အဆုံးမဲ့သော လဲ့ဟိုင် ဝမ့်ယန်သည် ထိုပုံရိပ်တစ်ခုလုံးအား ဖုံးလွှမ်းနေခဲ့ရာ၊ ၎င်းသည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံး စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး အကြမ်းဖက်၍ ဖျက်စီးခြင်းမရှိတော့ဘဲ ထိုပုံရိပ်အား ပြုပြင်ဖွဲ့စည်းပေးနေပုံရသည်။

တစ်ချိန်တည်းမှာပင်၊ ဖေးရှန့်တောင်တစ်ခုလုံးသည် မိစ္ဆာဘုရင်သုံးဦးတို့ တွေးထားသည့်အတိုင်း ကြောက်မက်ဖွယ်မိုးကြိုးများမှ လုံးလုံးလျားလျား ထိခိုက်မှုမရှိခဲ့သည့်အပြင် ပြာအဖြစ်သို့မပြောင်းလဲသွားခြင်းလည်းမရှိခဲ့ပေ။

မည်မျှကြာသွားမှန်း မသိသောအချိန်တွင် လဲ့ဟိုင်ဝမ်ယန်သည် ကွဲထွက်သွားခဲ့ရာ တိမ်မည်းများသည်လည်း နောက်သို့ဆုတ်သွားကာ ကြောက်မက်ဖွယ် မိုးကြီးကပ်ဘေး၏ အမြင်အာရုံများလည်း ပျောက်ကွယ်သွားခဲ့သည်။

ဘာအဖြစ်အပျက်မှ မဖြစ်ပျက်ခဲ့သည့်ဟန်ဖြင့် ကနဦးတည်ငြိမ်အဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။

“တကယ် မိန်းကလေးတစ်ယောက်ပဲ။”

ထုံပါ့ယဲ့သည် တောင်ထိပ်ပေါ်ရှိ ပုံရိပ်အား ၎င်း၏ အရောင်တောက်ပနေသော မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားခဲ့သည်။

ထိုကဲ့သို့ ကြောက်စရာကောင်းသော မိုးကြီးကပ်ဘေးဒုက္ခအား ကျရောက်စေခဲ့သည်မှာ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးဖြစ်မည်ဟု သူသည် မည်သိုမျှ စိတ်ကူးမိခဲ့ခြင်းမရှိပေ။

မဟုတ်မှလွဲရော ထိုမိန်းကလေးငယ်သည် အင်မော်တယ်ရတနာတစ်ခုမှ လူသားအသွင်ပြောင်းသွားခြင်းဖြစ်လေမလား။

“မိုးကြီးကပ်ဘေးက ပျောက်ကွယ်သွားပြီ၊ သွားရအောင်၊ တောင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်။”

၎င်းတို့သုံးဦးသည် နတ်ဆိုးအလင်းရောင်များအဖြစ်သို့ တစ်ဖန်ပြောင်းလဲကာ ဖေးရှန့်တောင်တန်းဆီသို့ တိုက်ရိုက်ပျံသန်းသွားတော့သည်။

All Chapters