အခန်း ၂၀
Vol. 2 Ch. 20
အခန်း ၂၀:မလိုပါဘူး၊ ကျွန်မမှာ ဆရာရှိပြီးသား။
မိစ္ဆာဘုရင်သုံးပါးသည် အင်မော်တယ်ဘုရားကျောင်း၏ အပြင်ဘက်သို့ ရောက်ရှိလာရာ၊ ၎င်းတို့၏အရှေ့ရှိ ခြံဝန်းထဲတွင် စားသောက်နေကြသော လင်းပေါင်အာနှင့် ချမ်ချန်ကန်းကို ကြည့်၍ မျက်မှောင်ကြုတ်မိသွားကြသည်။
သူတို့က မိစ္ဆာဘုရင်တွေလေ၊ ဒီခြံဝန်းထဲကလူနှစ်ယောက်က သူတို့ကို မကြောက်ကြဘူးလား။
ဟုန်ရီ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် မျှတွန့်တက်သွားပြီး ချမ်ချန်ကန်းနှင့် လင်းပေါင်အာကို ကြည့်လိုက်သည်။
“ဘယ်လိုတောင် ထူးဆန်းတဲ့ ကလေးနှစ်ယောက်လဲ”
“ဟို သုံးယောက်၊ မင်းတို့ငါ့အိမ်ကို ဘာလာလုပ်တာလဲ”
ချမ်ချန်ကန်းသည် သူ၏ ပြည့်ဖောင်းနေသော ဗိုက်ကိုကိုင်၍ ကြို့ထိုးပြီးနောက် မိစ္ဆာဘုရင်သုံးပါးကို နူးညံ့ခြင်းရော ရင့်သီးခြင်းပါ မရှိသည့် လေသံဖြင့်မေးလိုက်သည်။
လင်းပေါင်အာသည် မိစ္ဆာဘုရင်သုံးဦးကို စူးစူးစိုက်စိုက်ကြည့်နေသည်။
ထိုကဲ့သို့ ပြင်းထန်သော မှော်စွမ်းအင်အတက်အကျများရှိနေသည့် ၎င်းတို့ကို မည်ကဲ့သို့ ကြည့်နေပါစေ၊ ရွှေဗဟိုချက်နယ်ပယ်အဆင့်ရှိသော မိစ္ဆာ၏ အသွင်အပြင်နှင့် တူညီခြင်းမရှိပေ။
မဟုတ်မှလွဲရော အခြေတည်စိတ်ဝိညာဉ်နယ်ပယ်၏ မဟာမိစ္ဆာဘုရင်များဖြစ်နေမလား။
ကံမကောင်းစွာပင်၊ ချမ်ချန်ကန်း၏ မေးမြန်းစုံစမ်းမှုကို မိစ္ဆာဘုရင်သုံးဦးက တုံ့ပြန်ခြင်းမရှိဘဲ လင်းပေါင်အာကို အာရုံစိုက်နေခဲ့သည်။
ငါအခု လျစ်လျူရှုခံလိုက်ရတာလား။
ချမ်ချန်ကန်းသည် အနည်းငယ်မျှရှက်သွား၍ သူ၏နှာခေါင်းကို ပွတ်လိုက်သည်။
လင်းပေါင်အာသည် မိစ္ဆာဘုရင်သုံးပါး၏ အကြည့်များကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ဆရာက ဤနေရာတွင် ရှိနေသော်လည်း သူမသည် အနည်းငယ် ကြောက်လန့်နေပြီး ချမ်ချန်ကန်း၏ အနောက်သို့ ပြေးဝင်ပုန်းခဲ့သည်။
“ဆရာ၊ သူတို့က ဘာလို့ တပည့်ကို စိုက်ကြည့်နေရတာလဲ”
ချမ်ချန်ကန်းက မျက်စောင်းထိုး၍ ပြန်ဖြေလိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ”
ဤအချိန်တွင်၊ထုံပါ့ယဲ့သည် စကားပြောရန်မစောင့်နိုင်တော့သည့်ဟန်ဖြင့် အလျင်အမြန် မေးလိုက်သည်။
“ ကလေးမ၊ ငါ့ကို ဆရာအဖြစ် ကိုးကွယ်ချင်လား”
ထိုသို့ပြောပြီးသည်နှင့် ထုံပါ့ယဲ့၏ လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို့နောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ရာ၊ သေတ္တာထဲတွင် ရွှေရောင်တောက်နေသော ရွှေရောင်ဆေးလုံးသုံးလုံး ရှိနေသည်။
“ဒါက မိစ္ဆာကြီးသုံးပါးရဲ့ အနှစ်သာရတွေနဲ့ စုစည်းထားတဲ့ ရွှေရောင်ဆေးလုံးတွေ။ မင်း ငါ့ကို ဆရာအဖြစ် ကိုးကွယ်မယ်ဆိုရင် မင်းကို တပည့်ဖြစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ဒီရွှေရောင်ဆေးလုံးသုံးလုံးကိုပေးမယ်”
မြွေက မကျေနပ်သည့် ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ဒီ ထုံပါ့ယဲ့၊ တောရိုင်းကောင်က ဒီလောက် စလာတည်းက လက်ကြဲကြီးနဲ့ ရွှေဆေးပြားသုံးလုံးကို တစ်ခါတည်း ထုတ်ပြမယ်လို့ မထင်မှတ်ထားပေ။
သို့သော် သူသည်လည်း အထင်သေးလို့ရသူ မဟုတ်ပေ။
သူ၏လက်ဖဝါးတွင် ခရမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာ၍၊ လင်းလက်နေသော ကြက်သွေးရောင် ဗာမီလီယံအသီးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
“ဒါက နှစ်ထောင်ချီကြာမှ အပွင့် ပွင့်ပြီး အနှစ် တစ်သောင်းကြာမှ အသီးတွေသီးတဲ့ ကျူးယန်အင်မော်တယ်အသီးပဲ။ ဒီအသီး တစ်လုံးကို စားထားသရွေ့ မင်းရဲ့အလှက ထာဝရတည်မြဲပြီး နုပျိုနေမှာ။ ပြီးတော့ ကျူရှို့တိုက်ကြီးမှာ ကျူးယန်အင်မော်တယ်အသီးက အပင်မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။ အဲ့ဒီ့တော့ ဒီ ကျူးယန်အင်မော်တယ်အသီးက ဆန်းကြယ်ပြီး အတုမရှိတဲ့ သစ်သီးမျိုး။ ဟီးဟီး၊ မင်းသာ ငါ့ကို ဆရာအဖြစ်ကိုးကွယ်မယ်ဆိုရင် ဒီသစ်သီးကို မင်းကို ပေးမယ်”
မြွေ၏ ပြောင်းပြန်အယူအဆသည် အလွန် ကောင်းလွန်းသည်ဟု ပြောရပေလိမ့်မည်။
ကမ္ဘာပေါ်ရှိလူများသည် အသက်ရှည်ခြင်းအတွက် ကျင့်ကြံနေကြသော်လည်း ၎င်းတို့သည် အသက်အရွယ်ကြီးရင့်နိုင်ကြသေးသည်။
အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူများသည် အလှအပရေးရာကို စိတ်ဝင်စားကြသည်။
အထူးသဖြင့် ကျူရှို့တိုက်ကြီးတွင်၊ တသီးတခြားနေကြသော နတ်မိမယ်များပင် ဤ အင်မော်တယ်သစ်သီးကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။
မြွေ၏အမြင်တွင် ဤလင်းပေါင်အာသည်လည်း အင်မော်တယ်သစ်သီးကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။
ဟုန်ရီက မြွေကို မျက်စောင်းတစ်ချက်လှည့်ထိုး၍ ပြောလိုက်သည်။
“ရှဲကျိနီက ရှင် ဒီလောက်ဉာဏ်နီဉာဏ်နက်များလိမ့်မယ်လို့ မထင်ထားဘူး။ ရှင်က ဒီလောက်ကောင်းတဲ့ ကျူးယန်အင်မော်တယ်အသီးမျိုးကို ဝှက်ထားတယ်ပေါ့လေ”
မြွေက ပြုံးပြီးပြောသည်။
“အမှန်တော့ ဒီအင်မော်တယ်သစ်သီးက မင်းအတွက် ရည်ရွယ်ထားတာ ဟုန်ရီ။ ဒါပေမယ့် စိတ်မကောင်းစွာပဲ၊ ဒီလို ပါရမီရှိတဲ့ ကလေးမမျိုးကို တွေ့ခဲ့တယ်ဆိုတော့ ကြည့်ရတာ ဒီအင်မော်တယ်သစ်သီးက မင်းနဲ့ ကံမပါတဲ့ပုံဘဲ”
ဟုန်ရီက ခေါင်းကိုခါယမ်း၍ တခစ်ခစ်ရယ်မောလိုက်သည်။
“ပါရမီရှိတဲ့ ကလေးမကို တပည့်အဖြစ်လက်ခံဖို့ ဒီကျူးယန်အင်မော်တယ်သစ်သီးတစ်လုံးနဲ့ လဲလှယ်မယ်ဆိုရင်တော့ ဒီအပေးအယူက တွက်ခြေမကိုက်လောက်ဘူးနော်”
ဟုန်ရီက လင်ပေါင်းအာကို ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
“ငါ့မှာတော့ မင်းအတွက် လက်ဆောင်မရှိဘူး၊ ဒါပေမယ့် ကတိတစ်ခုတော့ပေးနိုင်တယ်။ မင်းငါ့ကို ဆရာအဖြစ် ကိုးကွယ်မယ်ဆိုရင် ကောင်းကင်ဘုံနတ်ဆိုးရဲ့ ရှေးဟောင်းမြေခွေးမျိုးနွယ်က မင်းကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးမယ်။ မင်းရဲ့အရည်အချင်းနဲ့သာဆိုရင် မင်းက အင်မော်တယ်တစ်ယောက် ဖြစ်လာမှာ သေချာတယ်။”
ဟုန်ရီ၏စကားကို နားထောင်ပြီးနောက် ရှဲကျိနီနှင့် ထုံပါ့ယဲ့တို့သည် အံ့ဩတကြီး တုန်လှုပ်သွားခဲ့သည်။
ရှေးဟောင်းမြေခွေး၊ ရှေးဟောင်းမြေခွေးမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံခဲ့ရာ၊ ခိုင်မာသော နောက်ခံအသိုင်းအဝိုင်းရှိသည့် မျိုးနွယ်ဖြစ်သည်ကို သိထားရပေလိမ့်မည်။
သို့သော် ဤလူသားမိန်းကလေးကို အစွမ်းကုန် ပြုစုပျိုးထောင်မည်ဟု ကတိပေးလိမ့်မည်ဟု
သူတို့မှ မမျှော်လင့်ထားခဲ့ပေ။
ရှဲကျိနီနှင့် ထုံပါ့ယဲ့ပင်လျှင် ဤမျှကြီးမားသောကိစ္စရပ်ကို အမှီမလိုက်နိုင်တော့ပေ။
ဤလင်းပေါင်အာအတွက် ဟုန်ရီ၏ ကတိကဝတ်သည် သူတို့၏ စိတ်ကူးစိတ်သန်းထက်ပင် သာလွန်နေပုံရသည်။
“ငါ့ကို ဆရာအဖြစ်ကိုးကွယ်ရင်၊ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးရမယ်။ ဘယ်လိုလဲ”
ဟုန်ရီက ပြုံးလိုက်သည်။
မိစ္ဆာဘုရင်သုံးဦး၏ စစ်ဆင်ရေးများကို ဆက်တိုက်ရင်ဆိုင်လိုက်ရသော ချမ်ချန်ကန်းနှင့် လင်းပေါင်အာသည် အလွန်အံ့အားသင့်သွားခဲ့သည်။
ချမ်ချန်ကန်း : ? ? ?
လင်းပေါင်အာ : ? ? ?
ဤမိစ္ဆာဘုရင်သုံးဦးသည် အင်မော်တယ်ရတနာအတွက် ရောက်လာခဲ့ခြင်း မဟုတ်ဘဲ လင်းပေါင်အာအတွက် ရောက်လာခဲ့ခြင်းဖြစ်သည်ကို ချမ်ချန်ကန်းမှ မမျှော်လင့်ထားခဲ့ပေ။
ဤကိစ္စသည် ချမ်ချန်းကန်းကို ပိုလို့ပင် ဒေါသထွက်စေခဲ့သည်။ ၎င်းတို့သုံးဦးသည် သူ့ဆီမှ လင်းပေါင်အာကို လုယူရန်လာခဲ့ခြင်းဖြစ်သည်။
လင်းပေါင်အာသည် သူ၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်ကို သူတို့ မသိခဲ့ဘူးလား။
လင်းပေါင်အာသည် အံ့အားသင့်သွားသည်။
မိစ္ဆာဘုရင်သုံးဦးက သူမကို တပည့်အဖြစ် လက်ခံချင်လိမ့်မည်ဟု လင်းပေါင်အာက မထင်မှတ်ထားခဲ့ပေ။
နတ်ဆိုးဆေးလုံး သုံးလုံး၊ မအိုမင်းစေသော အင်မော်တယ်သစ်သီး၊ အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးများ၊ ၎င်းတို့အားလုံးသည် လင်းပေါင်အာကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။
ဓားကိုးစင်းဂိုဏ်းမှာပင် ထိုအရာများကို အသုံးပြုနိုင်မည်မဟုတ်ပေ။
ဟုန်ရီ၏ တပည့်ဖြစ်ခြင်း အထိမ်းအမှတ်ကတိကို ရှဲကျိနီနှင့် ထုံပါ့ယဲ့တို့မှ ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ချို့ယွင်းသွားခဲ့သည်။
အင်မော်တယ်အဖြစ်တတ်လှမ်းနိုင်မည့် အခွင့်အရေးသည် သူတို့ပေးခဲ့သော တပည့်ဖြစ်ခြင်း အထိမ်းအမှတ်လက်ဆောင်နှင့် ယှဉ်လျှင် တော်ရုံခြားနားချက် မဟုတ်ပေ။
လင်းပေါင်အာသာ မိုက်မဲသူ မဟုတ်သရွေ့ ဟုန်ရီကို ဆရာအဖြစ် ကိုးကွယ်ရန် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။
ဟုန်ရီသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိသည့်ဟန်ဖြင့် အလှပဆုံးပြုံးနေခဲ့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် မိစ္ဆာဘုရင်သုံးဦးက မည်သို့မျှ မတွေးခဲ့မိသောအရာကို ကြုံတွေ့ခဲ့တော့သည်။
ဤမျှကြီးမားသော သွေးဆောင်ဖြားယောင်းခြင်းနှင့် ရင်ဆိုင်နေရသော်လည်း လင်းပေါင်အာသည် တွေဝေခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည်။
သူမသည် ခေါင်းခါ၍ ငြင်းလိုက်သည်။
“မလိုပါဘူး၊ ကျွန်မမှာ ဆရာရှိပြီသား”
ချမ်ချန်ကန်းက ဒေါသမထွက်တော့ဘဲ အနည်းငယ်ပြုံးလိုက်မိသည်။
သူ၏ တပည့်ကောင်းလေးသည် သူ့ကိုအရှက်မရစေသည့်အပြင် အခြားလူများမှ သွေးဆောင်မှုကို ငြင်းဆန်ခဲ့သော လုပ်ရပ်သည် သူ့ကိုစိတ်ကျေနပ်စေသည်။
ဤသည်မှာ အင်မော်တယ်အဖြစ် တတ်လှမ်းနိုင်မည့် အခွင့်အရေးမဟုတ်သလော့။
ဤကတိသာ အစစ်အမှန်ဖြစ်ခဲ့မည်ဆိုလျှင် လူတော်တော်များများမှ ငြင်းဆန်နိုင်မည်မတုတ်ဟု ချမ်ချန်ကန်းက ထင်မြင်ယူဆမိသည်။