အခန်း ၂၇
Vol. 3 Ch. 27
အခန်း(၂၇) နဂါးကြက်ဆင်ဘုရင်၊ နတ်ဆိုးနဂါးလှိုင်ဂူမှ ယွမ်ယင်အဘိုးအို
နေရောင်ခြည်မှာ နွေးထွေးနေပြီး စွယ်တော်ပင်အောက်၌ နေရောင်ခြည်က ဖြာကျနေသည်။ ထိုအောက်၌ လေးထောင့်ကျောက်စားပွဲတစ်ခုရှိပြီး ချမ်ချန်ကန်းနှင့် နတ်ဆိုးဘုရင်သုံးပါးတို့က တစ်ဖက်စီထိုင်နေကြသည်။
ကျောက်စားပွဲပေါ်တွင် ကျောက်စိမ်းတုံးများကို လေးတန်းစီစုပုံထားသည်။ မှန်ပေသည်။ ၎င်းတို့ မှာ မာကျောက်ကစားနေကြခြင်းဖြစ်သည်။ ထို့ပါယဲ့သည် မာကျောက်ကိုလက်ထဲတွင် ကိုင်ထားပြီး ချသင့်လား မချသင့်လား စဉ်းစားနေသကဲ့သို့ မျက်မှောင်ကျုံ့လိုက်သည်။
ထိုအခိုက် ဟုန်ရီက စိတ်မရှည်တော့ပဲ ထို့ပါယဲ့၏ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး
“ထို့ပါယဲ့..နွားစုတ်… ဘာလို့အချိန်တိုင်းအကြာကြီးတွေးနေရတာလဲ၊ ငါတို့ကိုအကြာကြီး စောင့်ခိုင်းနေတာပဲ။ မြန်မြန်လုပ်လို့မရဘူးလား။ ”
“ခဏလေး…ခဏလေး… မထိနဲ့…မထိနဲ့ ငါ့ကိုစဉ်းစားခွင့်ပေးပါဦး”
မြွေကလည်း “မြန်မြန်လုပ် မြန်မြန် ငါစိတ်မရှည်တော့ဘူး။ ”
ထို့ပါယဲ့ကလည်း
“ကောင်းပြီ ကောင်းပြီ၊ မင်းတို့နှစ်ယောက် မျောက်နဲ့ရောင်ခြည်ကိုအရင်ချလိုက်”
သို့သော် ထိုအခိုက်၌ ချမ်းချန်ကန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်
“တစ်.. နှစ်.. သုံး..လေး..ငါး..ခြောက်..ခုနှစ်၊ တောင်းပန်ပါတယ်။ ခုတော့ ငါးပဲနိုင်ပြန်ပြီ၊ ”
ထို့ပါယဲ့က
“ကြည့်စမ်း မင်းနဲ့လုပ်လို့ သခင်ပဲ ထပ်နိုင်ပြန်ပြီ ”
“အရူး နင်ကပဲ ငါတို့ကိုအပြစ်တင်နေရသေးတယ်။ ”
သူတို့သုံးယောက် ရန်ဖြစ်သည်ကိုနားထောင်ရင်း ချမ်ချန်ကန်းက ပြုံးလိုက်မိသည်။
သူတို့အတွက် မာကျောက်ကစားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အတွေ့အကြုံမှာ အလွန်ဆန်းသစ်ပေသည်။ ပိုအရေးကြီးသည်မှာ ချမ်းချန်ကန်းနှင့် မာကျောက်ကစားသည့်ဖြစ်စဉ်၌ သူတို့သည် မဟာတာအို၏အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရခြင်းဖြစ်သည်။
အကယ်၍ သူတို့သာ ချမ်ချန်ကန်းနှင့် မာကျောက်ဆက်ကစားပါက သူတို့၏အခြေတည်စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံအလွှာလေးအဆင့်မှ ကောင်းကင်ဘုံအလွှာငါးအဆင့်သို့ အချိန်တိုအတွင်း ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
“သခင် ဆက်ကစားရအောင်”
ချမ်ချန်ကန်းက အချိန်ကိုကြည့်လိုက်သောအခါ
“မွန်းတည့်ချိန်နီးနေပြီး ခဏလောက်နားကြတာပေါ့၊ နေ့လယ်စာစားပြီးမှ ငါတို့ဆက် ဆော့ကြမယ်။”
“ ဒီအချိန်တော့ ပေါင်အာပြန်လာသင့်နေပြီ၊ နဂါးကြက်ဆင်ဘုရင်က ကြက်ဆင်တောင်တန်းမှာရှိတာပဲ။ သခင်မလေးပေါင်အာရဲ့ခွန်အားနဲ့ဆိုရင် နဂါးကြက်ဆင်ဘုရင်ကို ဖမ်းမိဖို့လုံလောက်ပါတယ်။ သခင်မလေးပေါင်အာရဲ့ လုံခြုံရေးကိုစိတ်ပူစရာမလိုတော့ပါဘူးသခင်ရဲ့”
“ကောင်းပြီလေ”
ချမ်ချန်ကန်းက အနည်းငယ်ခေါင်းငြိမ့်လိုက်သည်။ နတ်ဆိုးဘုရင်သုံးပါးတို့၏စကားအရ ကျီပတောင်သည် ဖေးရှန့်တောင်နှင့်မိုင်ထောင်ချီဝေးသော နေရာတွင်တည်ရှိသော်လည်း ထိုနေရာ၌ နတ်ဆိုးကြီးများမရှိပေ။
နဂါးကြက်ဆင်ဘုရင်၌ အသန်မာဆုံးအဆင့်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာဖြစ်သည်။
မြွေ၏အဆိုပြုချက်အရ နဂါးကြက်ဆင်ဘုရင်၌ အင်မော်တယ်သွေးမျိုးဆက်ပါရှိသဖြင့် အသားမှာ အလွန်အရသာရှိကြောင်းသိရသည်။ ထို့ကြောင့် ချမ်ချန်ကန်းသည် နတ်ဆိုးဘုရင်သုံးပါးကို နဂါးကြက်ဆင်ဖမ်းရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း လင်းပေါင်အာက စေတနာအလျောက် ချမ်ချန်ကန်းအတွက် သူကိုယ်တိုင် သွားဖမ်းမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထိုအချိန်၌ ဖေးရှန့်တောင်နှင့် မိုင်ပေါင်းဒါဇင်လောက်ကွာသည့်နေရာ၌ လင်းပေါင်အာသည် သူမထက်ကြီးသော နဂါးကြက်ဆင်ဘုရင်ကိုဆွဲကိုင်ကာ ဖေးရှန့်တောင်သို့ ပြန်လာခဲ့သည်။
“မွန်းတည့်ချိန်နီးနေပြီ ဆရာတော့ဗိုက်ဆာနေတော့မှာပဲ၊ မြန်မြန်ပြန်ရမယ် ”
လင်းပေါင်အာက ညည်းညူရင်းအလျင်အမြန် ပြန်လိုက်သည်။ တစ်ချိန်တည်းမှာပင် လင်းပေါင်အာသည် ဖေးရှန့်တောင်သို့သွားသည့်လမ်း၌ ကောင်းကင်ကိုဖြတ်သန်းသွားသော သက်တန့်ရောင်အလင်းကို မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းက သူမရှေ့၌ ရပ်တန့်သွားသည်။ ရုတ်တရက်ပေါ်လာသဖြင့် လင်းပေါင်အာလည်း ထိတ်လန့်သွားသည်။ ထိုပေါ်လာသူမှာ အသက်ကြီးကြီး ရုပ်ဆိုးသောမျက်နှာရှိပြီး အနက်ရောင်ဝတ်ရုံနှင့်အဖိုးအိုတစ်ဦးဖြစ်သည်။ သူ့မျက်လုံးများမှာ နီရဲနေပြီး လင်းပေါင်အာကို အေးစက်စွာစိုက်ကြည့်လိုက်သည်။
“ကောင်မလေး မင်းမှာ လွှမ်းမိုးနိုင်တဲ့အော်ရာရှိနေတာပဲ။ မင်း သူ့ကိုသတ်လိုက်တာလား”
ထိုအေးစက်နေသောအသံက လင်းပေါင်အာကို ရေခဲဂူအတွင်း ပိတ်လှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
ယခုမူ သူမသည် အလွန်အန္တရာယ်များသော အခြေအနေတွင်ရှိနေခဲ့သည်။
“အိုး.. သေစမ်း နတ်ဆိုးနဂါးလှိုဏ်ဂူကလာတာပဲ”
လင်းပေါင်အာ၏နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူ့သခင်အတွက် နေ့လယ်စာစားရန် လိုက်ရှာပေမဲ့လည်း နတ်ဆိုးနဂါးလှိုဏ်ဂူမှလူနှင့် တွေ့ခဲ့ရသည်။
ယခုမူ လင်းပေါင်အာ၌ ကျင်းတန်အဆင့်ကျင့်ကြံမှုအခြေခံရှိနေပြီဖြစ်သည်။ သို့သော်လည်း သူမရှေ့ကအဖိုးအိုက သူမအား ဖိအားအများကြီးပေးနေခဲ့သည်။ ဆရာသခင်အနိုင်ယူခဲ့သည့် နတ်ဆိုးဘုရင်သုံးပါးကဲ့သို့ ဖိအားမျိုး သူမခံစားလိုက်ရသည်။
ဆိုလိုသည်မှာ သူမအရှေ့က အဖိုးအိုသည် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်နိုင်သည်။
*နတ်ဆိုးနဂါးလှိုဏ်ဂူမှာ အခြေတည်စိတ်ဝိညာဉ်တွေရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး၊ အဲ့ဒါကြောင့် သူတို့တွေက ဒီနှစ်တစ်လျှောက် အရမ်းမောက်မာနေတာ အံ့ဩစရာမရှိဘူး*
သူမရှေ့ကအဖိုးအိုသည် ယွမ်ယင်အဆင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လင်းပေါင်အာက မကြောက်ပေ။
(ယွမ်ယင်အဆင့်နှင့် အခြေတည်စိတ်ဝိညာဉ်အဆင့်မှာ အတူတူပင်ဖြစ်သည်။)
သူမသည် ပါးစပ်ဟောင်းလောင်းဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
“ဟမ့်… မင်းက ငယ်ငယ်လေးနဲ့ ကျင်းတန်အဆင့်ကျင့်ကြံသူတောင်ဖြစ်နေတာပဲ၊ မင်းက အရမ်းစိတ်ကြီးဝင်နေတာတော့ မဆန်းပါဘူး၊ ဒါပေမဲ့ ပါ့ထန်းကို သတ်လိုက်တာတော့ မင်းမဟုတ်ဘူး။ ဒီအဖိုးကြီးကိုပြောစမ်း ဘယ်သူသတ်တာလဲ၊ ”
သူ့အသံက အေးစက်နေပြီး လူသတ်ချင်စိတ်အပြည့်ဖြစ်နေသည်။ အထူးသဖြင့် အဖိုးအို၏အသံ က လင်းပေါင်အာ၏ အတွင်းစိတ်ဝိညာဉ်ကို ကြီးစွာတုန်လှုပ်သွားစေခဲ့သည်။
သူမ၏မျက်နှာမှာ ဖြူဖျော့ပြီး သည်းမခံနှိုင်အောင်ဖြစ်လာသည်။
“အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအား…ဒါက အရမ်းကြောက်စရာ ကောင်းတာပဲ၊”
ကံကောင်းစွာဖြင့် ထိုအချိန်၌ အင်မော်တယ်ဓားသည် သူ့သခင်ဖြစ်သူ လင်းပေါင်အား၏ ခြိမ်းခြောက်ခံရမှုကို ခံစားသိရှိသဖြင့် အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်ကာ လင်းပေါင်အာကို ကာကွယ်ခဲ့သည်။
မှန်ပေသည်။ အင်မော်တယ်ဓားသည် ချမ်ချန်ကန်း၏နယ်မြေ၌ သစ္စာခံခဲ့ခြင်းဖြစ်သည်။ ဓားတစ်လက်အနေဖြင့် သူ့သခင်အား ကာကွယ်ပေလိမ့်မည်။
အင်မော်တယ်ဓား၏ကာကွယ်မှုအောက်၌ လင်းပေါင်အာတစ်ယောက် သက်ပြင်းချလိုက်မိသည်။
ထိုအခိုက် အဖိုးအိုသည် အင်မော်တယ်ဓားကိုကြည့်ကာ ရုတ်တရက် မျက်လုံးများ မှေးစင်းလာသည်။
“ဒီဓားက”
အင်မော်တယ်ဓားမှထွက်လာသော အင်မော်တယ်စွမ်းအားများကို ခံစားလိုက်ရသည်။
“အင်မော်တယ်ရတနာဖြစ်နိုင်လား”
ထိုအဖိုးအိုသည် နတ်ဆိုးနဂါးလှိုဏ်ဂူ၏အကြီးအကဲ လီဖေးဟုန်ဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာလေးအဆင့်တွင်တည်ရှိသည်။ လီပါ့ထန်း၏ဖခင်လည်းဖြစ်သည်။ သူသည် လီပါ့ထန်းအစား လက်စားချေရန် ချီဝမ်တတောင်သို့ လာခဲ့ခြင်းဖြစ်သည်။
ဒုတိယအချက်မှာတော့ အင်မော်တယ်ရတနာကိုရှာဖွေရန်ဖြစ်သည်။ မမျှော်လင့်ဘဲ သူအားထုတ်စရာမလိုခင် ထိုရတနာက ကောင်မလေး၏လက်ထဲတွင်ရှိနေခဲ့သည်။
လင်းပေါင်အာက
“ဟုတ်တယ်၊ ဒါက ရှန်းပေါင်ပဲ။ ငါ့ကိုလာမနှောင့်ယှက်နဲ့”
ထိုသို့ပြောလိုက်သော်လည်း လီဖေးဟုန်က ရုတ်တရက် သူမရှေ့သို့ ပြေးလာခဲ့သည်။ လင်းပေါင်အာလည်း ထိတ်လန့်သွားပြီး နောက်သို့ပြန်ဆုပ်သွားသည်။
“ကောင်မလေး မင်းငါ့လက်ကလွတ်မြောက်နိုင်မယ်ထင်လို့လား”
လီဖေးဟုန်က လင်းပေါင်အာ နောက်ပြန်ဆုတ်ခြင်းမှ တားမြစ်လိုက်သည်။ အလွန်ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားများက ရုန်းရင်းဆန်ခက်ဖြစ်ပေါ်လာပြီး သူ၏ညာလက်သည်လည်း တစ္ဆေလက်သည်း အဖြစ်သို့ ပြောင်းလဲသွားသည်။
အေးစက်နေသောလက်သည်းငါးချောင်းက လင်းပေါင်အာ၏လက်မှ အင်မော်တယ်ဓားကို လုယူရန်လှမ်းလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လင်းပေါင်အာ၏အရည်အချင်းများမှာ တိုးတက်လာသဖြင့် သူမသည်လည်း အလွန်ပင်ကျွမ်းကျင်လာပြီဖြစ်သည်။
လင်းပေါင်အာသည် နဂါးကြက်ဆင်ဘုရင်ကို လက်တစ်ဖက်တည်းကိုင်ထားပြီး တစ်ဖက်တွင် အင်မော်တယ်ဓားကို ကိုင်ထားသည်။ ထို့နောက် ဓားနှင့်ဖြတ်ပိုင်းလိုက်သည်။ လင်းပေါင်အာ၏ကျင့်ကြံမှုသည် ကျင်းတန်အဆင့်၏ စတုတ္ထအဆင့်တွင်ရှိသော်လည်း လီဖေးဟုန်၏ကျင့်ကြံမှုအကြား ကွာခြားမှုမှာ ကောင်းကင်နှင့်မြေပြင်ကဲ့သို့ဖြစ်နေသည်။
လီဖေးဟုန်သည် လင်းပေါင်အာ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ လီဖေးဟုန်၏ ပြစ်မှတ်မှာ အင်မော်တယ်ဓားကို သိမ်းပိုက်ရန်သာဖြစ်သည်။ သူ့အမြင်၌ ဤသည်မှာ လုပ်ရတာလွယ်ကူပေသည်။
သို့သော်လည်း လီဖေးဟုန်သည် သူစိတ်ကူးထားသည့်အတိုင်း လင်းပေါင်အာ၏လက်ထဲမှ အင်မော်တယ်ဓားကို အလွယ်တကူဖမ်းယူရန်ပြုလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။ လင်းပေါင်အာ၏ဓားသည် လီဖေးဟုန်၏ တစ္ဆေလက်သည်းမှ အားနည်းချက်ကိုတိုက်ခိုက်လိုက်သည်။
ထို့ကြောင့် လင်းပေါင်အာသည် လီဖေးဟုန်၏ တိုက်ခိုက်ခြင်းကို တားဆီးနိုင်ခဲ့သည်။
“ပိတ်ဆို့လိုက်တာလား။”
ထိုအခိုက် လီဖေးဟုန်လည်း လင်းပေါင်အာကြောင့် ထိတ်လန့်သွားသည်။
“ဒီမိန်းကလေးရဲ့ခွန်အားက မသန်မာပေမယ့် သူ့လက်ထဲမှာရှိတဲ့ အင်မော်တယ်ဓားအကူညီနဲ့ ငါ့ရဲ့တစ္ဆေလက်သည်းရဲ့ အားနည်းချက်ကို တိုက်ခိုက်လိုက်တာပဲ။ ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် ဒီကောင်မလေးက ငါ့ရဲ့အားနည်းချက်ကို ရှာတွေ့လိုက်တာလား“
လီဖေးဟုန်က လင်းပေါင်အာကို စိုက်ကြည့်ရင်း ညည်းညူလိုက်သည်။ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လျှင်သူသည် ဂရုစိုက်မနေပေ။ သို့သော် လင်းပေါင်အာသည်သာ သူ၏တိုက်ခိုက်မှု၏အားနည်းချက်ကို ရှာဖွေတွေ့ရှိပြီဆိုပါက ကြောက်စရာကောင်းပေလိမ့်မည်။
အချိန်တိုအတွင်း သူ၏အားနည်းချက်ကို ရှာဖွေတွေ့ရှိနိုင်သဖြင့် ဤမိန်းကလေးသည် သူမ၏ပါရမီမှာ အဆင့်ခုနှစ် သို့မဟုတ် ထိုအဆင့်အထက်သို့ရှိပေမည်။ လင်းပေါင်အာ၏မျက်နှာမှာ ဖြူဖျော့နေပြီး သူမမှာ မောဟိုက်နေသည်။
လီဖေးဟုန်၏တိုက်ခိုက်မှုကို သူမတားနိုင်သော်လည်း သူမ၏ခန္ဓာကိုယ်တွင်း ရှိ စွမ်းအင်များမှာလည်း ကုန်ဆုံးလို့နေပြီဖြစ်သည်။ အင်မော်တယ်ဓား၏စွမ်းအားမှာ အဆုံးမရှိပေ။ ထို့ကြောင့် မှော်စွမ်းအား စားသုံးမှုကလည်း ကြီးကျယ်ပေသည်။
*အခြေတည်စိတ်ဝိညာဉ်အဆင့်ရဲ့ခွန်အားက သန်မာလွန်းတယ်။ ငါ့ဆရာက ငါ့အရည်အချင်းတွေကို ကဏ္ဍပေါင်းစုံကနေ မြင့်တင်ပေးခဲ့ပေမယ့် ငါကတော့ ကျင်းတန်အဆင့်ကျင့်ကြံမှုမှာပဲရှိသေးတယ်။ သူနဲ့ငါ့ရဲ့ ကွာဟချက်က နည်းနည်းနောနောမဟုတ်ဘူး။ သနားစရာကောင်းတာက ငါ့မှာအင်မော်တယ်ဓားရှိပေမယ့် မှော်စွမ်းအားက အရမ်းစားတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားက အကန့်အသတ်ရှိပြီး ထပ်မသုံးနိုင်တော့ဘူး။ ဖေးရှန့်တောင်ကို မြန်မြန်ပြန်ရောက်မှဖြစ်မယ်*
လင်းပေါင်အာသည် တန်ပြန်အစီအမံများကို ဆက်လက်စဉ်းစားနေခဲ့သည်။ သူမရှေ့ရှိ လီဖေးဟုန်သည်။ သူမပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် သူမဆရာအနီးပြန်ရောက်မှ အဆင်ပြေပေလိမ့်မည်။ သူမဆရာ၏ခွန်အားဖြင့် ဤအဖိုးကြီးကို လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်သည်။
“ကောင်မလေး မင်းအဖေက မင်းကိုမပြောဘူးလား ရန်ဖြစ်တဲ့အခါမှာ စိတ်မပျံ့လွင့်ဖို့”
လီဖေးဟုန်မှာ ထပ်မံတိုက်ခိုက်လိုက်သည်။ သူမ၏ငယ်ရွယ်မှုနှင့် ကျင့်ကြံမှုအားနည်းချက်ကြောင့် လင်းပေါင်အာကို ကရုဏာမပြခဲ့ပေ။ ဤတစ်ကြိမ်၌ လင်းပေါင်အာတစ်ယောက် တုံ့ပြန်ရန်နောက်ကျသွားခဲ့သည်။
သူ၏လက်သီးချက်ကြောင့် တောင်ပေါ်သို့လွင့်စင်သွားခဲ့သည်။