အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) ငါ့အတွက် သေအောင်ရိုက်သတ်ပေးစမ်း
“သခင်…ကျွန်မတို့ ပေါင်အာကို ပြန်ခေါ်လာခဲ့ပေးပါတယ် ”
ဟုန်ရီသည် လင်းပေါင်အာကို အင်မော်တယ်ဘုရားကျောင်းသို့ ပြန်ခေါ်လာခဲ့သည်။
ဟုန်ရီ၏လက်ထဲတွင် သတိလစ်နေသော လင်းပေါင်အာကိုကြည့်ပြီး ချမ်ချန်ကန်းက မျက်မှောင်ကျုံ့ကာ အေးစက်စွာပြောလိုက်သည်။
“ဘယ်လိုဖြစ်တာလဲ ”
ဟုန်ရီက ခေါင်းခါလိုက်သည်။
“သခင် ကျွန်မတို့လည်းမသိဘူး။ ဒါပေမဲ့ သခင်မလေးပေါင်အာပြောတာကတော့ နတ်ဆိုးနဂါးလှိုဏ်ကလူတွေက သူ့ကိုသတ်ချင်နေတယ်လို့ပြောပြီးတော့ သတိလစ်သွားတာပါပဲ”
“နတ်ဆိုးနဂါးလှိုဏ်ဂူကလူတွေက သတ်ချင်တာလား ”
ချမ်ချန်ကန်း၏ မျက်လုံးများမှာ ပို၍ပင်အေးစက်လာခဲ့သည်။ ဤသည်မှာ နတ်ဆိုးနဂါးလှိုဏ်ဂူ၏ လက်ချက်ဖြစ်သည်။
လင်းပေါင်အာသည် ယခုမူသူ၏တပည့်ဖြစ်ပြီး နတ်ဆိုးနဂါးလှိုဏ်ဂူသည် သူ၏တပည့်အား တိုက်ခိုက်ရန် အလွန်သတ္တိရှိပေသည်။
၎င်းတို့သည် အမှန်တကယ်သေဖို့တောင်းဆိုနေခြင်းဖြစ်သည်။ ဟုတ်ပေသည်။ ယခုမူ ထိုအချင်းအရာကိုစဉ်းစားရမည့်အချိန်မဟုတ်ပေ။ သူသည် လင်းပေါင်အာကို ပထမဆုံးကုသပေးရတော့မည်။
သူ၏ပြိုင်ဘက်ကင်းနယ်ပယ်ထဲ၌ ချမ်ချန်ကန်းသည် စိတ်ဝိညာဉ်မြက်ပင်ကိုနှုတ်ယူပြီး စိတ်ဝိညာဉ်ဆေးပြားအဖြစ်ပြောင်းလဲကာ လင်းပေါင်အာအား ကြွေးရန် အလုံးစုံသောသက်ရှိစွမ်အင်ကို အသုံးပြုခဲ့သည်။
လင်းပေါင်အာ ခံစားနေရသော ဒဏ်ရာများမှပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမ၏ဖြူဖျော့နေသောအသားရည်မှာလည်း နှင်းဆီရောင်သန်းလာခဲ့သည်။
သူမ၏မျက်တောင်များမှာ အနည်းငယ်တုန်ခါနေပြီး သတိမေ့မျောရာမှ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ လီဖေးဟုန်လည်း ဖေးရှန့်တောင်သို့ရောက်လာခဲ့သည်။
လီဖေးဟုန်သည် သူ့ရှေ့ရှိ ဖေးရှန့်တောင်ကို အေးစက်စွာကြည့်လိုက်သည်။
“ဟမ်း .. ဒီကောင်မလေးရဲ့ အငွေ့သက်က ဒီတောင်ပေါ်မှာရှိနေတာပဲ၊ မင်း ဒီတောင်ပေါ်မှာ ပုန်းနေတာကိုမှ ဒီအဖိုးကြီးက မင်းကိုရှာမတွေ့ဘူးထင်နေတာလား ”
သူသည် ဖေးရှန့်တောင်သို့ ပြေးတက်လာပြီး မကြာမီပင်တောင်ထိပ်၌ အင်မော်တယ်ဘုရားကျောင်းကို တွေ့လိုက်ရသည်။
ထို့အပြင် လင်းပေါင်အာ၏အငွေ့အသတ်က အင်မော်တယ်ဘုရားကျောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လီဖေးဟုန်က ရယ်မောပြီး မာနထောင်လွှားစွာ အော်ဟစ်လိုက်သည်။
“ကောင်မလေး ဒီအဖိုးကြီးဆီကနေ ဘုရားကျောင်းထဲထွက်လာဖို့ မတောင်းဆိုရစေနဲ့”
ဘုရားကျောင်းထဲတွင် ချမ်ချန်ကန်းနှင့် နတ်ဆိုးဘုရင်သုံးပါးစလုံး လီဖေးဟုန်၏ အသံကိုကြားလိုက်ရသည်။
သတိမေ့မျောရာမှနိုးလာသော လင်းပေါင်အာတစ်ယောက် ဒေါသတကြီးအံကြိတ်ကာ
“ဆရာ အပြင်ကလူဆိုးက တပည့်ကိုသတ်ချင်တာပဲ ”
ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းကိုပုတ်လိုက်ပြီး
“ငါ့တပည့်ကို ဘယ်သူကသတ်ဝံ့လည်းဆိုတာ ကြည့်ကြသေးတာပေါ့”
ချမ်ချန်ကန်းသည် အင်မော်တယ်ဘုရားကျောင်းထဲမှ ထွက်လာပြီး လင်းပေါင်အာလည်း ချမ်ချန်ကန်း၏နောက်မှ ဒေါသတကြီးလိုက်ပါလာခဲ့သည်။
ဆရာဖြစ်သူ၏ ပံ့ပိုးမှုကြောင့်သူမသည် လီဖေးဟုန်ကိုမကြောက်ပေ။ နတ်ဆိုးဘုရင်သုံးပါးစလုံးလည်း နောက်ကနေလိုက်လာခဲ့သည်။
နတ်ဆိုးဘုရင်သုံးပါးစလုံး၏ မျက်လုံးများမှာ အလွန်အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်က သခင်ဖြစ်သူ၏တပည့်ကို သတ်ချင်နေပေသည်။
ဤသည်မှာ ၎င်းသည်ရိုးရိုးရှင်းရှင်းသေဖို့တောင်းဆိုနေခြင်းဖြစ်သည်။
လီဖေးဟုန်သည် သူ့လက်ထဲတွင် ဓါးကိုကိုင်ထားပြီး လင်းပေါင်အာတစ်ယောက် အင်မော်တယ်ဘုရားကျောင်းမှ ထွက်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။
အင်မော်တယ်ဘုရားကျောင်းရှိ အကာအရံများကြောင့် ချမ်ချန်ကန်းနှင့် နတ်ဆိုးဘုရင်သုံးပါးစလုံး ဘုရားကျောင်းထဲတွင်ရှိနေသည်ကို သူမသိလိုက်ပေ။ ယခုချိန်၌ လီဖေးဟုန်သည် သူ့စိတ်ထဲ၌ အစီစဉ်တစ်ခုရှိနေသည်။
လင်းပေါင်အာကို သတ်ပြီးသောအခါ သူသည် ဤနေရာမှ ထွက်သွားပြီးအင်မော်တယ်ဓါးကို သန့်စင်မည်ဖြစ်သည်။ အင်မော်တယ်ဓါးကို သန့်စင်ပြီးသောအခါ သူသည် တစ္ဆေတိုင်းပြည်၏ အရှင်သခင်ရာထူးနှင့် အရည်အချင်းပြည့်မီမည်ဟု သူ့ကိုယ်သူယုံကြည်သည်။
လီဖေးဟုန်သည် ကောင်းကင်ပြာပြာအောက်၌ နေ့ခင်းဘက် အိပ်မက်မက်နေချိန်တွင် ချမ်ချန်ကန်းတစ်ယောက် ဘုရားကျောင်းမှ ထွက်ပေါ်လာခဲ့သည်။
သူ့နောက်၌ လင်းပေါင်အာနှင့် နတ်ဆိုးဘုရင်သုံးပါးတို့လည်း လိုက်ပါလာခဲ့သည်။
“သူက တောင်ပေါ်ကိုပြေးသွားတာ အံ့ဩစရာမရှိဘူး။ သူ့နောက်မှာတစ်ယောက်ယောက်ရှိနေတာပဲ”
လီဖေးဟုန်က အတန်ငယ်အံ့အားသင့်စွာ ရယ်မောလိုက်သည်။ သူသည် ချမ်ချန်ကန်းကို ကြည့်လိုက်သောအခါ ထိုသူ၏ကျင့်ကြံမှုကို အတိအကျမသိပေ။ သူ၏ကျင့်ကြံခြင်း စွမ်းအားမှာလည်း အတက်အကျမရှိပေ။ သာမန်လူတစ်ယောက်ဆိုတာ သိသာပေသည်။
သို့သော်လည်း လီဖေးဟုန်သည် နောက်ဆုံး၌ နတ်ဆိုးဘုရင်သုံးပါးကို ဆိုက်ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်သည့် ရယ်သံများမှာ ရုတ်တရက် တောင့်တင်းသွားသည်။
ထိုနတ်ဆိုးဘုရင်သုံးပါးသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင်ရှိသော နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။ ၎င်းတို့သည် တစ်ယောက်တည်းမဟုတ်ပဲ သုံးယောက်တောင်ဖြစ်သည်။
“နတ်ဆိုးဘုရင်သုံးပါး”
လီဖေးဟုန်တစ်ယောက် လုံးဝအံ့အားသင့်သွားသည်။ သူ့စိတ်ထဲ၌ လင်းပေါင်အာကိုသတ်ရန် စိတ်ကူးမရှိတော့ပေ။ တစ်ခုတည်းသောအတွေးမှာ လွတ်မြောက်ရန်သာဖြစ်သည်။
သို့သော်လည်း သူ့မှာ စိတ်လှုပ်ရှားနေမိသည်။ သူ၏အစွမ်းအစကို သူရှင်းရှင်းလင်းလင်းသိပေသည်။ သူသည် နတ်ဆိုးဘုရင်တစ်ပါးနှင့်သာရင်ဆိုင်နိုင်သည်။ သို့သော် သူ့ရှေ့၌ နတ်ဆိုးဘုရင်သုံးပါးရှိနေသည်။
လီဖေးဟုန်တစ်ယောက် အလွန်ထိတ်လန့်ပြီး ဤမိန်းကလေးဘေး၌ အဘယ့်ကြောင့် နတ်ဆိုး ဘုရင်သုံးပါးစလုံးရှိနေရသနည်းဟု တွေးလိုက်မိသည်။
လီဖေးဟုန်၏လက်ထဲ၌ အင်မော်တယ်ဓားရှိသော်လည်း နောက်ဆုံး၌သူသည် ဤဓားကိုမသန့်စင် ရသေးပေ။ သူသည်ဤဓား၏စွမ်းအားကို အသုံးမပြုနိုင်သေးပေ။
“ဟမ့်.. မင်းက သခင်မလေးပေါင်အာကို ထိခိုက်အောင်လုပ်ပြီးမှ ဘယ်လိုလုပ် ထွက်ပြေးဖို့ကြိုးစားရဲတာလဲ၊ ”
မြွေ၏မျက်လုံးများမှာ အေးစက်သွားသည်။ သူသည် ဤအခြေအနေကို ထို့ပါယဲ့ ဟုန်ရီနှင့်အတူ လျှို့ဝှက်စွာ စောင့်မျှော်နေခြင်းဖြစ်သည်။
လီဖေးဟုန်တစ်ယောက် ထွက်ပြေးလွတ်မြောက်ခါနီးတွင် နတ်ဆိုးမီးလျှံသုံးလုံး ချည်းကပ်လာပြီး သူ့အား တြိဂံအနေထားဖြင့် ဝန်းရံလိုက်သည်။
လီဖေးဟုန်လည်း လွတ်မြောက်လိုသည့် ရည်ရွယ်ချက်ကို ရပ်တန့်လိုက်သည်။
“သေစမ်း ဘာလို့နတ်ဆိုးဘုရင်က သုံးပါးတောင်ရှိနေရတာလဲ”
လီဖေးဟုန်၏ မျက်နှာမှာ အုံ့မှိုင်းသွားပြီး အရုပ်ဆိုးသွားသည်။ ချမ်းချန်ကန်းက ခေါင်းမော့ပြီး လီဖေးဟုန်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။
ဤလူသည် အခြေတည်စိတ်ဝိညာဉ်ဖြစ်မယ်လို့ မမျှော်လင့်ထားပေ။
*ပေါင်အာက အခြေတည်စိတ် ဝိညာဉ်အဆင့်ကနေတောင် လွတ်မြောက်နှိုင်မယ်လို့လည်း ငါမမျှော်လင့်ထားဘူး*
ချမ်းချန်ကန်းတစ်ယောက် အရမ်းကျေနပ်သွားသည်။ လင်းပေါင်အာမှာမူ သူမကိုသူမ အားနည်းသည်ဟု အပြစ်ရှိသလိုခံစားလိုက်ရသည်။
“ဆရာ တပည့် သူ့လက်ကနေလွတ်ဖို့အတွက် အင်မော်တယ်ဓားကို ငါးစာအဖြစ်အသုံးပြုခဲ့ရတယ်။ ”
“အဲ့ဒါကဓားတစ်လက်ပဲ၊ မင်းရဲ့အသက်လောက် ဘယ်လိုလုပ်အရေးကြီးမှာလဲ။ ”
ချမ်ချန်ကန်းက ထိုအချင်းအရာကို စိတ်ထဲမထားပေ။ အမှန်တော့ ထိုဓားမှာအစွမ်းထက်ပေသည်။ သို့သော် သူ၏တပည့်လောက်အရေးမကြီးပေ။
အထူးသဖြင့် လင်းပေါင်အာသည် သူပထမဆုံးခေါ်ယူခဲ့သော တပည့်ဖြစ်ပြီး သူ့အတွက် အလွန်အရေးကြီးပေသည်။ အပြင်၌သေဆုံးသွားမည်ဆိုပါက သူအရမ်းဝမ်းနည်းရပေလိမ့်မည်။
နောက်ဆုံးတော့ ချမ်ချန်ကန်းသည် လင်းပေါင်အာကို ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးရန် စီစဉ်လိုက်ပြီဖြစ်သည်။
လင်းပေါင်အာသည် ချမ်ချန်ကန်း၏စကားကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး ချမ်ချန်ကန်းကို ပွေ့ဖက်လိုက်သည်။
“ဆရာ ဒါပေမဲ့ အင်မော်တယ်ဓားကို ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာမဟုတ်ရင် ဆရာ တပည့်ကို ပြန်တွေ့နိုင်မှာတောင် မဟုတ်တော့ဘူး။ ”
ချမ်ချန်ကန်းက လင်းပေါင်အာ၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါပြီ၊ အခုအဆင်ပြေသွားပြီ မဟုတ်လား။ ”
လီဖေးဟုန်သည် သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့မဝင်ခဲ့ပေ။ သို့သော် ချမ်ချန်ကန်းက လီဖေးဟုန်ကို သူ့မျက်လုံးထဲ၌မထည့်ပေ။ ယခုအချိန်၌ သူ့တွင် နတ်ဆိုးဘုရင်သုံးပါးတောင်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူသည် နတ်ဆိုးဘုရင်သုံးပါး၏ အရည်ချင်းများကို မြင့်တင်ပေးခဲ့ပြီဖြစ်သည်။ နတ်ဆိုးဘုရင်တိုင်း၏ခွန်အားသည် လီဖေးဟုန်ထက်အားမနည်းပေ။
လီဖေးဟုန်ကို ကိုင်တွယ်ဖြေရှင်းရန် သုံးယောက်ပူးပေါင်းခြင်းက လုံလောက်သည်ထက်ပိုနေသည်။ ချမ်းချန်ကန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“စောက်အဖိုးကြီး ငါ့တပည့်ကိုအနှိုင်ကျင့်ဝံ့တယ်ဟုတ်လား။ မင်းကအသက်ရှင်ဖို့ငြီးငွေ့နေတာပဲ”
လီဖေးဟုန်သည် စိုးရိမ်နေသော်လည်း ခေါင်းမာနေဆဲဖြစ်ပြီး သူသည်ဓားကိုလက်ထဲ၌ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ
“ငါက နတ်ဆိုးနဂါးလှိုဏ်ဂူရဲ့ အကြီးအကဲလီဖေးဟုန်ပဲ ရောင်းရင်းကိုဘယ်လိုခေါ်ရမလည်းမသိဘူး။ ”
လီဖေးဟုန်သည် ချမ်ချန်ကန်း၌ မည်သည့်ကျင့်ကြံမှုမှမရှိသည်ကို မြင်သော်လည်း သာမန်လူတစ်ဦးကို နတ်ဆိုးဘုရင်သုံးပါးက အစေခံသည်ကိုမြင်သောအခါ သူသည် ချမ်ချန်ကန်းကို မထီမဲ့မြင်မပြုဝံ့ပေ။
“မင်းမေကြီးတော်လို့ပဲခေါ်လိုက်၊ မင်းကများ ငါ့တပည့်ကို သတ်ချင်နေတယ်၊ မင်းတို့သုံးယောက် ဘာလုပ်နေတာလဲ၊ ငါ့အတွက် အဲ့ကောင်ကို သေအောင်ရိုက်သတ်စမ်း”
ချမ်ချန်ကန်း၏အမိန့်ကြောင့် ထို့ပါယဲ့ ရှဲ့ကျီနယ့်နှင့် ဟုန်ရီတို့သည် အနည်းငယ်မျှ တုံ့ဆိုင်းဝံ့မနေပဲ လီဖေးဟုန်အား အစွမ်းကုန်တိုက်ခိုက်လိုက်ကြတော့သည်။
နတ်ဆိုးဘုရင်သုံးပါးစလုံး၏ ရိုက်နှက်မှုကြောင့် လီဖေးဟုန်တစ်ယောက် ပြားပြားဝပ်သွားသည်။