← Chapters

အခန်း ၃၂

Vol. 3 Ch. 32

အခန်း ၃၂

Vol. 3 Ch. 32

အခန်း (၃၂) မြင့်မြတ်သောဘိုးဘေး၊ အမြီးလေးက နတ်ဆိုးဘုရင်ဖြစ်လာခြင်း

နတ်ဆိုးနဂါးလှိုဏ်ဂူ၏ ကျောက်တုံးခန်း၌ နတ်ဆိုးနဂါးလှိုဏ်ဂူ၏ တပည့်တစ်ယောက်မှ စောင့်ကြပ်နေသည်။

ထိုကျောက်တုံးခန်းထဲတွင် ဝိညာဉ်မီးခွက်တစ်ခု တောက်လောင်နေပြီး ထိုမီးခွက်က အခန်းတစ်ခုလုံးကို တောက်ပစွာလင်းထိန်နေသည်။

ရုတ်တရက် ဝိညာဉ်မီးခွက်က မီးငြိမ်းသွားခဲ့သည်။ ထို့အပြင် ထိုဝိညာဉ်မီးခွက်သည် နတ်ဆိုးနဂါးလှိုဏ်ဂူမှ အထွဋ်အထိပ်အကြီးအကဲလီဖေးဟုန် ချန်ထားခဲ့သော ဝိညာဉ်မီးခွက်ဖြစ်သည်။

လူသေလျှင် မီးခွက်လည်း ငြိမ်းသွားမည်ဖြစ်သည်။ ထိုနေရာ၌ စောင့်ကြပ်နေသော နတ်ဆိုးနဂါးလှိုဏ်ဂူ၏တပည့်လည်း ဤအချင်းအရာကို မြင်သောအခါထိတ်လန့်သွားသည်။

သူသည် ကျောက်တုံးခန်းထဲမှ အမြန်ထွက်သွားလိုက်သည်။ နတ်ဆိုးနဂါးလှိုဏ်ဂူ၏ အရှင်သခင်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ထိုအပြင် အထွဋ်အထိပ်အကြီးကဲကလည်း ယခုသေသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“အပြင်မှာဘာတွေဖြစ်နေတာလဲ”

အထွဋ်အထိပ်အကြီးအကဲ့သည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုအခြေခံရှိသည်ကို သိရပေမည်။ သူသည် တစ္ဆေတိုင်းပြည်ရှိ ထိပ်တန်းစွမ်းအားရှင်ဖြစ်ပြီး နတ်ဆိုးနဂါးလှိုဏ်ဂူ၏ အဖိုးတန်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

ယခုမူ အကြီးကဲသည် အပြင်ဘက်၌ တိတ်ဆိတ်သေဆုံးသွားသဖြင့် နတ်ဆိုးနဂါးလှိုဏ်ဂူတစ်ခုလုံး သေချာပေါက် အုံကြွတော့မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချိုးချမ့်ထူသည်တစ္ဆေအရိုးဂိုဏ်းသို့ ပြန်လာခဲ့သည်။

“အဲဒီကောင်လေးက ယွမ်ယင်အဆင့်ဖြစ်ရမယ်” ”

“ငါ့ရဲ့တစ္ဆေအရိုးဂိုဏ်းမှာကော ယွမ်ယင်အဆင့်မရှိဘူးလို့ မင်းကထင်နေတာလား”

ချိုးချမ့်ထူက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူသည်အကြီးအကဲများကို သွားတွေ့တော့မည် ဖြစ်သည်။ အကြီးအကဲများကိုယ်တိုင် လုပ်ဆောင်ရမည့်မှာ ချမ်ချန်ကန်းကိုသတ်ပြီး အင်မော်တယ်ရတနာကို ရယူရန်တွေးလိုက်သည်။

ရုတ်တရက် တစ္ဆေအရိုးဂိုဏ်းမှ တပည့်တစ်ဦးပြေးထွက်လာခဲ့သည်။

“ဂိုဏ်းချုပ် နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ ”

“ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန်ပြေးနေတာလဲ”

ချိုးချမ့်ထူက မေးလိုက်သည်။

“ဂိုဏ်းချုပ် လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်က အင်မော်တယ်ဘိုးဘေးတွေ အခုပေါ်လာပြီ။ ဘိုးဘေးအကြီးအကဲတွေနဲ့ တွေ့ဆုံနေတယ်။ ဂိုဏ်းချုပ်မြန်မြန်သွားသင့်တယ်။”

ချိုးချမ့်ထူက အံ့အားသင့်သွားပြီး

“မင်း ဘာတွေပြောနေတာလဲ။ ဘိုးဘေးက ကိုယ်ထင်ပြတာလား ”

သူသည် မဆိုင်းမတွပဲ ဘိုးဘေးခန်းမအတွင်းသို့ အမြန်သွားလိုက်သည်။ သူဘိုးဘေးခန်းမသို့ ရောက်သောအခါ တစ္ဆေအရိုးဂိုဏ်း၏ အထွဋ်အထိပ်အကြီးအကဲသုံးယောက်က မြေပြင်ပေါ်၌ ဒူးထောက်နေသည်။

သူသွားသောအခါ အထွဋ်အထိပ်အကြီးအကဲသုံးယောက်က သူ့ကိုတင်းမာသောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ချိုးချမ့်ထူလည်း စိတ်လှုပ်ရှားသွားပြီး တုန်ရီနေသောခြေထောက်များကို ဒူးထောက်လိုက်သည်။

“ချမ့်ထူနောက်ကျသွားတယ်။ ခွင့်လွတ်ပေးပါဘိုးဘေး”

ထိုအခိုက် တန်ခိုးစွမ်းအားကြီးသည့်အသံက ဘိုးဘေးခန်းမထဲ၌ ပဲ့တင်ထွက်လာသည်။

“ဒီအင်မော်တယ်က မကြာခင်မှာ အင်မော်တယ်အရှင်ရဲ့အမိန့်နဲ့ မင်းတို့အောက်ဘက်ကို ဆင်းသက်လာတော့မယ်။ ”

“ငရဲအင်မော်တယ်အရှင်”

ထိုစကားကိုကြားသောအခါ အထွဋ်အထိပ်အကြီးအကဲအပြင် ချိုးချမ့်ထူမှာလည်း တုန်လှုပ်သွားခဲ့သည်။ ထို့အပြင် စိတ်လှုပ်ရှားသွားသည်။

ဘိုးဘေးသာ အောက်ဘုံကို ဆင်းသက်လာမည်ဆိုပါက တစ္ဆေအရိုးဂိုဏ်းသည် တစ္ဆေတိုင်းပြည်တစ်ခုလုံးကို စိုးမိုးနိုင်မည်မှာ အိပ်မက်မဟုတ်တော့ပေ။

*မည်သူက စိတ်မလှုပ်ရှားပဲနေမှာလည်း*

ဘိုးဘေးက လူတိုင်း၏ရည်ရွယ်ချက်ကို သိပုံရသည်။

သူက အေးစက်စွာပြောလိုက်သည်။

“မင်းတို့အောက်ကမ္ဘာမှာ အရှင်ရှန့်ကျွမ်းပျောက်သွားတဲ့ အင်မော်တယ်ဓါးကို ရှာဖို့အတွက်ပဲ။ ငါ့ရဲ့တာဝန်က မင်းတို့ ကျူးရှို့တိုက်ကနေ အင်မော်တယ်ဓားကိုရှာဖို့ ဆင်းလာရမှာပဲ ”

“ဘိုးဘေးရဲ့အမိန့်ကို နားထောင်ပါ့မယ် ”

အထွဋ်အထိပ်အကြီးအကဲသုံးဦးက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ ချိုးချမ့်ထူလည်း ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားခဲ့သည်။

“ဘိုးဘေး…ဘိုးဘေးပြောတဲ့ အင်မော်တယ်ဓားရဲ့နေရာကို ကျွန်တော်သိပါတယ်”

ဘိုးဘေးက ချိုးချမ့်ထူကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ဖုံးအုပ်ထားသည်။ သို့သော် ချိုးချမ့်ထူက ဘိုးဘေးမှ သူ့ကိုကြည့်နေကြောင်း သိလိုက်သည်။ သူလည်း စိတ်လှုပ်ရှားသွားသည်။

“ဘယ်မှာလဲ”

“အင်မော်တယ်ရတနာက ဒီကမ္ဘာကိုရောက်လာပြီးနောက် ကောင်းကင်နဲ့ မြေပြင်နဲ့ပြောင်းလဲသွားတယ်။ ကျွန်တော်တို့တွေလည်း တောင်ပေါင်းတစ်သိန်းတောင်တန်းကို ပတ်ရှာပြီးနောက် ဖေးရှန့်တောင်မှာ အင်မော်တယ်ရတနာကို တွေ့လိုက်ရတယ် ”

“အဲဒါဆိုရင် အင်မော်တယ်ရတနာကို ပြန်ယူနိုင်လား”

ချိုးချမ့်ထူက ခေါင်းခါလိုက်သည်။

“ဘိုးဘေးကို သတင်းပို့ပါတယ်။ အဲဒီရတနာကို ဓားကိုးဆင်းဂိုဏ်းရဲ့ဂိုဏ်းချုပ် လင်းချင်ရှန်းရဲ့ သမီးလက်ထဲကို ရောက်သွားပါတယ်။ ကျွန်တော်တို့တစ္ဆေအရိုးဂိုဏ်းအပြင် အဲဒီနေရာမှာ နတ်ဆိုးနဂါးလှိုဏ်ဂူက လူတွေလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကလွဲရင် လင်းချင်းရှန်းသမီးနံဘေးက ဝတ်ရုံဖြူ ဝတ်ထားတဲ့လူငယ်ကြောင့် အကုန်သေကုန်ကြတယ်။ ဧကန္တတော့ သူက ဓားကိုးဆင်းဂိုဏ်းရဲ့ အထွဋ်အထိပ်အကြီးကဲလည်းဖြစ်နိုင်တယ်။ ”

ဘိုးဘေးက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။

“ဓားကိုးဆင်းဂိုဏ်းကို သွားပြီးတော့ အင်မော်တယ်ဓါးကိုယူလာခဲ့။ ဓားကိုးဆင်းဂိုဏ်းသာ အင်မော်တယ်ဓားကို လွှဲမပေးဘူးဆိုရင် ဓားကိုးဆင်းဂိုဏ်း ပျက်စီးရမယ်လို့ သူတို့ကိုပြောခဲ့လိုက်။ အဲဒီဓားက အင်မော်တယ်အရှင်ရဲ့ဓါးပဲဆိုတာကို တစ်ခါတည်းပြောခဲ့လိုက် ”

“အမိန့်အတိုင်းပါ”

ဘိုးဘေးက မည်သည့်စကားကိုမှ မဆိုတော့ပဲ ပျောက်ကွယ်သွားသည်။ ဘိုးဘေးခန်းမထဲ၌ ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားများမှာလည်း ပျောက်ကွယ်သွားသည်။

သူတို့လေးယောက်စလုံး ဖိအားများလျော့ကျသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့သည် ဘိုးဘေး၏ အမိန့်ကိုမလွန်ဆန်ဝံ့ပေ။

အမိန့်အနည်းငယ်ပေးပြီးနောက် ဓားကိုးဆင်းဂိုဏ်သို့ ဦးတည်သွားကြသည်။

နေ့ခင်းဘက်၌ လင်းပေါင်အာတစ်ယောက် ဗောဓိပင်အောက်၌တင်ပျဉ်ခွေပြီး ကျင့်ကြံနေသည်။ ထို့ပါယဲ့ကမူ အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်နေသည်။

ချမ်ချန်ကန်းကမူ ခြံဝန်းငယ်လေးထဲရှိ သစ်သားကုလားထိုင်ပေါ်တွင် လှဲလျှောင်းပြီး နေရောင်အောက်တွင် နားနားနေနေ အနားယူနေသည်။

သူသည် ဘေးနားရှိ ဟုန်ရီ၏လုံးကြီးပေါက်လှအသွင်ကို သဘောအကျကြီးကျနေသည်။ ထိုအချိန်၌ သူ့စိတ်ထဲတွင် စနစ်ပေါ်လာသည်။

“စနစ်၏သတိပေးချက်: ခွေးအမြီးမြက်ပင်သည် နတ်ဆိုးဖြစ်လာသဖြင့် သင်သည် နယ်မြေတန်ဖိုးဆုလာဘ် ၁၀၀ကို ရရှိမည်ဖြစ်သည်”

ချမ်ချန်ကန်းက ကုလားထိုင်မှချက်ချင်းထလိုက်ပြီး

“အမြီးလေးက နတ်ဆိုးတစ်ကောင်ဖြစ်သွားတာလား ”

အံ့အားသင့်စွာပြောလိုက်သည်။

ထိုအချိန်တွင် အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်နေသော ထို့ပါယဲ့က ဗိမာန်တော်ထဲမှ အားနည်းသော နတ်ဆိုးစွမ်းရည်ကို ရုတ်တရက်သတိပြုမိလိုက်သည်။

သူသည် ဗိမာန်တော်ရှိ ကျောက်ဆင်းတုတော်၏ဘေးတွင် ခွေးအမြီးမြက်လေးကို မြင်လိုက်ရ သောအခါ အံ့အားသင့်သွားသည်။

“ဟေ့ … ဟေ့ ….”

အမြီးလေးသည် ပုံသဏ္ဍာန်ပြောင်းသွားပြီး လက်ကလေးကိုဝှေ့ယမ်းကာ ထို့ပါယဲ့ကို နှုတ်ဆက်လိုက်သည်။ ထို့ပါယဲ့လည်း မျက်လုံးပြူးသွားသည်။

“ဒီလိုမျိုးခွေးအမြီးမြက်က နတ်ဆိုးဖြစ်လာနိုင်တာလား ”

ဤခွေးအမြီးမြက်သည် အလွန်အသုံးများသော အပင်ဖြစ်သော်လည်း မည်သည့်သွေးမျိုးဆက်မှမရှိပေ။ ယုတ္တိဗေဒအရပြောရလျှင် တစ်သက်လုံးနတ်ဆိုးအဖြစ်ပြောင်းလဲရန် မဖြစ်နိုင်ပေ။

“သခင်ရေ…နတ်ဆိုးဖြစ်သွားတဲ့ ခွေးအမြီးမြက်တစ်ပင်ကို ဘုရားကျောင်းထဲမှာ တွေ့လိုက်တယ်။ ”

ထို့ပါယဲ့က ချက်ချင်းသတင်းလာပို့လိုက်သည်။ ကျင့်ကြံနေသည့် လင်းပေါင်အာလည်း ထိုစကားကို ကြားသောအခါ ကျင့်ကြံနေတာကိုရပ်ပြီး အမြီးလေးဆီသို့ ပြေးသွားလိုက်သည်။

“ဟယ် .. အမြီးလေး နင်ကနတ်ဆိုးတစ်ကောင်ဖြစ်သွားတာပဲ”

လင်းပေါင်အာက အလွန်သိချင်စိတ်ဖြင့် အမြီးလေးကို တောက်ပသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။

အမြီးလေးသည် မပီသသော လူ့အသံလေးဖြင့် ကျယ်လောင်စွာ ရယ်မောပြီး လက်ခုပ်တီးကာ ချစ်စရာကလေးမလေးအဖြစ်သို့ပြောင်းလဲသွားပြီး လင်းပေါင်အာကို ပွေ့ဖက်လိုက်သည်။

ကံမကောင်းစွာပဲ သူမသည် လင်းပေါင်အာ၏ ခြေသလုံးကိုသာ ကိုင်ထားနိုင်သည်အထိ အလွန်သေးငယ်လွန်းသည်။

ဆန့်ကျင်ဘက်အနေဖြင့် ထိုအချင်းရာက လင်းပေါင်အာကို ယားယံစေခဲ့သည်။

“အမြီးလေး နင်က ငါ့ကိုယားအောင်လုပ်နေတာပဲ ”

ထို့နောက် လင်းပေါင်အာသည် အမြီးလေးကို လက်ဖဝါးပေါ်သို့တင်လိုက်သည်။

“ဆရာ့ကိုတွေ့ဖို့ ခေါ်သွားပေးမယ်”

“ဟုတ် … ဟီး … ဟီး .. ”

အမြီးလေးက ရယ်မောလိုက်သည်။

“ဆရာအမြီးလေးက နတ်ဆိုးဖြစ်သွားပြီ ”

လင်းပေါင်အာသည် အမြီးလေးကိုခေါ်ကာ ချမ်ချန်ကန်းထံ ရောက်လာခဲ့သည်။

“အရမ်းသေးတယ် ”

ချမ်ချန်ကန်းက သူ့လက်ဖဝါးပေါ်ရှိ အမြီးလေးကိုကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။

“ဒီလိုမျိုး သာမန်အပင်တစ်ပင်က နတ်ဆိုးတစ်ကောင်ဖြစ်လာနိုင်တာ တကယ်ကိုကြီးကျယ်တဲ့ကောင်ချီးပဲ။ နတ်ဆိုးတစ်ကောင်ဖြစ်လာတောင်မှ ဒီလောက်သေးသေးလေး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”

ဟုန်ရီသည် သူမ၏လှပသော မျက်လုံးလေးများကို မှေးစင်းပြီး အမြီးလေးကို အလွန်စိတ်ဝင်စား စွာကြည့်လိုက်သည်။ သူမသည် အပင်မှ ဤမျှသေးငယ်သော နတ်ဆိုးတစ်ကောင်ကို တစ်ခါမျှမမြင်ဖူးပေ။

All Chapters