အခန်း ၃၇
Vol. 4 Ch. 37
အခန်း(၃၇) ငါ့တပည့်ဆီကဓားကို လုယူဝံ့တဲ့သူရှိရင် ငါကိုယ်တိုင်သတ်ပစ်မယ်
“ပေါင်အာ သမီး.... သမီး လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ဂိုဏ်းကထွက်သွားတယ်ဆိုတာ အဖေမှတ်မိပါတယ်။ အဲ့ဒီအချိန်မှာတောင် သမီးရဲ့ကျင့်ကြံခြင်းအဆင့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ ဆဌမအဆင့်မှာပဲ ရှိသေးတာလေ။ ရက်ပိုင်းအတွင်းမှာပဲ ရွှေဗဟိုချက်နယ်ပယ်ကို ဘယ်လိုတောင်ထိုးဖောက်သွားတာလဲ”
လင်းချင်ရှန်းတစ်ယောက် အသက်ပြင်းပြင်းရှုကာ တုန်လှုပ်နေသောအသံဖြင့် မေးလိုက်သည်။ တစ်ဖက်တွင်ရှိသော လင်းဟိုင်မှာလည်း အခြေတည်စိတ်ဝိညာဉ်အဆင့် စွမ်းအားရှိသော်လည်း ယခုအခိုက် အတန့်၌ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။
ရက်အနည်းငယ်လောက်အတွင်း ဤလောက်များပြားသော ကျင့်ကြံမှုနယ်ပယ်ကို ချိုးဖြတ်နိုင်ခြင်းမျိုး သူတို့ တစ်ခါမှမကြားဘူးပေ။
သို့သော် လင်းပေါင်အာက သူမ၏ကျင့်ကြံမှုမှာ အစစ်အမှန်ဖြစ်ကြောင်း သူမ၏ပြင်းထန်သော အရှိန်အဝါက ပြသခဲ့ပြီးဖြစ်သည်။
နည်းနည်းလေးမှ လိမ်ညာခြင်းမဟုတ်ပေ။ မည်သို့ပင်ကြည့်ကြည့် ယုံနိုင်စရာမရှိပေ။ လင်းပေါင်အာက ခေါင်းလေးကိုမော့ကာ ဂုဏ်ယူစွာကြွားလိုက်သည်။
“အဲ့ဒါပြောတာပေါ့။ ဆရာကအရမ်းစွမ်းအားကြီးတယ်။ ဒါပေမယ့် အဖေတို့ကမယုံဘူးလေ ”
တစ်ဖက်တွင် ထို့ပါယဲ့ကလည်း
“သခင်က ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ၊ သခင်မလေးပေါင်အာရဲ့ ကျင့်ကြံမှုကို တိုးတက်စေရုံသာမက၊ ဒီလက်အောက်ငယ်သားတွေကိုလည်း အခြေတည်စိတ်ဝိညာဉ်အလွှာလေးကနေ အလွှာငါးထိရောက်အောင် တစ်ရက်တည်းနဲ့ လုပ်ပေးခဲ့တာလေ”
ထို့ပါယဲ့က နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ သူ့ဆီမှ ထိုစကားများ ကြားလိုက်ရသောအခါ လင်းချင်ရှန်း နှင့် လင်းဟိုင်တို့မှာ အလွန်ထိတ်လန့်သွားကြသည်။
ချမ်ချန်ကန်းကလည်း ပြောလိုက်သည်။
“ခင်ဗျားတို့လည်း ပေါင်အာကိုတွေ့တာပဲမလား။ သူကကျုပ်နဲ့ဆို အဆင်ပြေတယ်။ ပေါင်အာ သမီး ပြန်ချင်တယ်ဆိုရင်တော့ ဆရာက အတင်းအကျပ်မလုပ်ဘူး၊ ဒါပေမဲ့ သမီးမပြန်ချင်ဘူးဆိုရင်လည်း ဘယ်သူမှ အတင်းအကျပ်ခေါ်သွားလို့မရဘူး”
လင်းပေါင်အာက ဝမ်းသာအားရပြုံးလိုက်ပြီး သူမ၌ ပံ့ပိုးပေးမည့်ဆရာရှိတာကြောင့် ပြန်သွားစရာမလိုတော့ပေ။
“အဘိုးဟိုင် သမီးဆရာနဲ့ပဲနေချင်တယ်။ မပြန်ချင်ဘူး”
လင်းချင်ရှန်းနှင့် လင်းဟိုင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ တစ်နည်းအားဖြင့် ချိုးချမ့်ထူပြောသောစကားသည် အမှားမဟုတ်ပေ။ အရာအားလုံးအမှန်ဖြစ်ပုံရသည်။
ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် သူတို့ရှေ့တွင်ရှိသော ချမ်ချန်ကန်းကိုကြည့်သောအကြည့်များမှာ ပြောင်းလဲသွားသည်။
လင်းချင်ရှန်းက သက်ပြင်းချပြီးပြောလိုက်သည်။
“ဒီလိုမျိုးဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း ပေါင်အာကအသက်အန္တရာယ်ကင်းဖို့ ကျုပ်တို့နဲ့ အတူပြန်လိုက်ရမှဖြစ်မယ်”
ချမ်ချန်ကန်းက မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
“ဘာလို့အဲလိုမျိုးပြောရတာလဲ”
“တစ္ဆေအရိုးဂိုဏ်းရဲ့ခေါင်းဆောင် ချိုးချမ့်ထူက အင်မော်တယ်ရတနာကိုတောင်းဖို့ ငါတို့ဂိုဏ်းကိုလာခဲ့တယ်လေ။ အင်မော်တယ်ရတနာက မင်းလက်ထဲမှာရှိတယ်လို့လည်း ငါတို့ကိုလာပြောတယ်”
“အဘိုးဟိုင် အဘိုးပြောတဲ့ဓားက ဒီဓားလား ”
လင်းပေါင်အာက အင်မော်တယ်ဓားကိုထုတ်ယူလိုက်သည်။ အင်မော်တယ်ဓားသည် မသေမျိုးစွမ်းအားများ ကို ထုတ်လွှတ်နေပြီးအလွန်ဝံ့ကြွားနေသည်။
ထိုအချင်းအရာက နှစ်ယောက်စလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
“ဒါက ချိုးချမ့်ထူပြောတဲ့ အင်မော်တယ်ရတနာပဲ ”
နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ လင်းပေါင်အာက ခေါင်းညိတ်ပြီး
“ဟုတ်တယ်လေ ဆရာက ဒီဓားကိုပေးထားတာ။ နတ်ဆိုးနဂါးလှိုဏ်ဂူထဲက အခြေတည်စိတ်ဝိညာဉ်အဆင့် မကောင်းတဲ့အဘိုးကြီးကတောင်မှ သမီးဆီက ဒီဓားကို လုယူဖို့ သမီးကိုလာတိုက်ခဲ့သေးတယ်လေ။ ဟုတ်တယ် သမီးက ယွမ်ယင်အဆင့်နဲ့တောင် တိုက်ခိုက်နိုင်ခဲ့သေးတာလေ။ ဒါပေမဲ့သူ့ခမျာ ဒီဓားကိုမယူနိုင်ခဲ့တာတော့ သနားစရာပဲ”
“နတ်ဆိုးနဂါးလှိုဏ်ဂူက အခြေတည်စိတ်ဝိညာဉ်အဆင့်လား”
လင်းချင်ရှန်းနှင့် လင်းဟိုင်တို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ အင်မော်တယ်ရတနာက လွန်စွာအဖိုးတန်ပေသည်။ ၎င်းသည် နတ်ဆိုးနဂါးလှိုဏ်ဂူမှ အခြေတည်စိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်ကြီးကိုပင် စွဲဆောင်ထားနိုင်ပြီးသားဖြစ်သည်။
“အဖေ သမီးရဲ့လုံခြုံရေးအတွက် ဘာပြောချင်သေးလဲ”
လင်းပေါင်အာက စိတ်ဝင်တစားမေးလိုက်သည်။ လင်းချင်ရှန်းက ချမ်ချန်ကန်းကို တစ်ချက်ကြည့်လိုက်သည်။
ဤအရာသည် အင်မော်တယ်ရတနာတစ်ခုဖြစ်ပြီး မရေတွက်နိုင်သော အင်အားကြီးပုဂ္ဂိုလ်များ လိုအပ်နေသည့်အရာဖြစ်သော်လည်း သူသည် ထိုဓားကို လင်းပေါင်အာအား ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ၊
*သူက ပေါင်အာအတွက် တကယ်ကောင်းပုံရတယ်*
ထို့ကြောင့် သူ့စကားများသည် အစကကဲ့သို့ ရန်လိုခြင်းမရှိတော့ပေ။
“ချိုးချမ့်ထူက ငါတို့ဂိုဏ်းကိုလာပြီးတော့ အင်မော်တယ်ရတနာကို လာတောင်းတယ်။ ငါတို့ကသာ အင်မော် တယ်ရတနာကို ပြန်မပေးဘူးဆိုရင် သုံးရက်အတွင်းမှာပဲ ဓားကိုးစင်းဂိုဏ်းကို ဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်သွားတယ် ”
လင်းဟိုင်၏စကားက အလွန်အရေးကြီးပေသည်။ ချိုးချမ့်ထူနှင့်အတူ အထွတ်အထိပ်အကြီးအကဲသုံးဦးလည်းပါလာခဲ့သည်။
ဓားကိုးစင်းဂိုဏ်းနှင့် တစ္ဆေအရိုးဂိုဏ်းတို့သည် ကွေ့ကျိုးတွင် အင်အားချင်းတူညီကြသောကြောင့် အတူတကွရပ်တည်ကြပေသည်။
ယခုမူ တစ္ဆေအရိုးဂိုဏ်းက ဓားကိုးစင်းဂိုဏ်းကို ဖျက်စီးရန် လာရောက်ပြောဆိုခဲ့သည်။
“ဆန့်ကျင်ဘက်အနေနဲ့ဆိုရင် သူတို့ကဂိုဏ်းကိုဖျက်စီးဖို့ ဒီလောက်ထိစွမ်းအားရှိတယ်ဆိုလို့ရှိရင် သူတို့မှာ အားကိုးစရာတစ်ခုခုတော့ရှိရမှာပဲ။ နောက်ပြီးတော့ တစ္ဆေအရိုးဂိုဏ်းမှာ အင်မော်တယ်အရှင်တွေ ပေါ်လာတယ်လို့ကြားတယ်။ အဲဒါက အင်မော်တယ်ရတနာကြောင့်ဖြစ်မှာကြောက်မိတယ်။ ဒါကြောင့် ငါတို့တွေလည်း ချိုးချမ့်ထူပြောတဲ့စကားကိုကြားပြီး တောင်ပေါင်းတစ်သိန်းတောင်ကို ပြေးလာခဲ့တာပဲ။ မထင်မှတ်ထားတာက အင်မော်တယ်ရတနာက တကယ်ပဲ သမီးနဲ့အတူရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ”
လင်းချင်ရှန်းနှင့် လင်းဟိုင်တို့မှာ အားကိုးရာမဲ့သွားကြသည်။ အကယ်၍ ဤကိစ္စသာ မဖြစ်ခဲ့ဘူးဆိုပါက လင်းပေါင်အာလက်ထဲ၌ အင်မော်တယ်ဓားရှိနေသဖြင့် သူတို့အလွန်အမင်း ဂုဏ်ယူဝမ်းမြောက်ပေလိမ့်ပေမည်။
သို့ပေမယ့် ခုကတော့မတူတော့ပေ။ အင်မော်တယ်ရတနာသည် အထက်ဘုံမှ အင်မော်တယ်များကိုပင် စွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအချင်းအရာသည် သူတို့ဂိုဏ်းကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေနိုင်သည်။ ယခုအင်မော်တယ်ရတနာသည် အာလူးပူပူတစ်လုံးနှင့်တူပြီး မည်သူမှမကိုင်ရဲတော့ပေ။
“အင်မော်တယ်အောက်ဘုံလား”
(ငရဲပြည်)
ချမ်ချန်ကန်းလည်း အနည်းငယ်အံအားသင့်သွားပြီး သူတို့လင်းပေါင်အာကို ခေါ်သွားချင်းမှာ အံဩစရာမရှိတော့ပေ။ ဘေးနားရှိ ထို့ပါယဲ့ကလည်း လေးနက်နေသည်။
“သခင် အင်မော်တယ်တွေက အင်မော်တယ်ဓားအတွက်လာတယ်ဆိုရင် ကျွန်တော်တို့ဘာလုပ်သင့်လဲ ”
ရိုးရိုးသားသားပြောရလျင် ထို့ပါယဲ့သည် အင်မော်တယ်အောက်ဘုံဟူသော စကားကိုကြားလိုက်ရသောအခါ ကြောက်လန့်သွားသည်။
“မင်းက ကြက်ပေါက်ကလေးလို ကြောက်နေတာပဲ”
ဂုဏ်သိက္ခာရှိသော ယွမ်ယင်အဆင့်သည် အင်မော်တယ်ဟူသော စကားကိုကြားလိုက်ရသောအခါ ထိတ်လန့်သွားသဖြင့် ချမ်ချန်ကန်းက မထီမဲ့မြင်ပြုလိုက်သည်။
“သခင် ဒါပေမယ့် အဲဒါကအင်မော်တယ်တွေလေ ”
ထို့ပါယဲ့က တိုးတိုးလေးပြောလိုက်သည်။ ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
“သူ့ဟာသူ အင်မော်တယ်ပဲဖြစ်ဖြစ် မသေမျိုးပဲဖြစ်ဖြစ်။ ဒီနေရာမှာဆိုရင် ငါက သူဌေးပဲ ”
ထိုစကားသည် ရိုးရှင်းသောစကားများဖြစ်သော်လည်း မဖော်ပြနိုင်သော လွှမ်းမိုးချုပ်ကိုင်မှုများပါဝင်သည်။ ချမ်ချန်ကန်း၏စကားကြောင့် လူတိုင်းသက်ပြင်းချလိုက်ကြသည်။
ချမ်ချန်ကန်းသည် အင်မော်တယ်များကို အလွန်မကြောက်လန့်ပုံပေါ်သည်။ သို့သော် အင်မော်တယ်များသည် အထက်ဘုံတွင်ရှိရုံသာမက ၎င်းတို့ကျူးရှို့တိုက်ကြီးထက် သာလွန်သော တိုက်ခိုက်ရေးစွမ်းအားလည်းရှိပေသည်။
သန်မာသောအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသည်ပင် အင်မော်တယ်များ၏ တိုက်ခိုက်ခြင်းကို မတားစီးနိုင်ပေ။
*အဲဒါကိုမကြောက်ဘူးလား *
ဓားကိုးစင်းဂိုဏ်းသာ အင်မော်တယ်များကို ရန်စမိလျှင် ချိုးချမ့်ထူပြောသည့်အတိုင်း သူတို့ဂိုဏ်းက ပျက်စီးသွားတော့မှာအသေအချာပင်။ ချမ်ချန်ကန်းသည် မည်မျှပင်သန်မာပါစေ သူသည် အင်မော်တယ်များ၏ ပြိုင်ဘက်မဟုတ်ဟု ထင်မိကြသည်။
ချမ်ချန်ကန်းက ကြီးကြီးကျယ်ကျယ်ပြောနေသည်ဟုလည်း ထင်မိကြသည်။
“တာအိုရောင်းရင်း အင်မော်တယ်တွေဆိုတာ ခန့်မှန်းလို့မရဘူး။ ဒီဓားကိုယူပြီး ချိုးချမ့်ထူကို ပေးသင့်တယ်လို့ ကျုပ်တို့ထင်တယ်”
လင်းဟိုင်က ခဏတုန့်ဆိုင်းသွားသည်။ လင်းချင်ရှန်းကလည်း ခေါင်းညိတ်လိုက်ပြီး သူ့၌လည်း ဤကဲ့သို့ ရည်ရွယ်ချက်ရှိပေသည်။
လင်းပေါင်အာသည် သူ့အဖေနှင့် အဘိုးဟိုင်တို့သာမက ထို့ပါယဲ့သည် အင်မော်တယ်များကို အလွန်ကြောက်ကြောင်းတွေ့လိုက်ရသည်။
လင်းပေါင်အာသည် သူမ၏စိတ်ထဲ၌ သူမဆရာသည်သာ အသန်မာဆုံးဟုယုံကြည်ပေသည်။ သို့ပေမဲ့ ယခုချိန်မှာတော့ စိတ်ထဲ၌ ပူပန်စိတ်များဖြစ်လာသည်။
“ဆရာ ဒီဓားကိုဘာလို့ထုတ်မပေးလိုက်တာလဲ”
ချမ်ချန်ကန်းက လင်းပေါင်အာ၏ခေါင်းကို ပုတ်လိုက်သည်။
“ပေါင်အာ ဒီဓားကို ဆရာက သမီးအတွက် ပေးပြီးသားပဲ။ ဒီဓားကိုဆရာကိုယ်တိုင်ပြန်ယူတာကလွဲရင် သမီးလက်ထဲကနေ ဘယ်သူမှမယူနိုင်ဘူး။ ငါ့တပည့်လက်ထဲကဓားကို ယူဝံ့တဲ့သူရှိရင် အဲ့လူကို ငါကိုယ်တိုင် သတ်ပစ်မယ်”
ချမ်ချန်ကန်း၏ စကားများက တည်ငြိမ်ပြီး အရေးမစိုက်ဟန်ပေါ်သော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပါဝင်နေသည်။
ချမ်ချန်ကန်း၏စကားကို နားထောင်ပြီးနောက် လင်းပေါင်အာမှာ စိုးရိမ်စိတ်များမရှိတော့ပဲ သူမ၏နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာထက်၌ အပြုံးလေးတစ်ခုဖြစ်တည်လာသည်။
“အဆိုလည်းပြီးရော ဒီတပည့်က ဆရာကိုယုံတယ်”
ချမ်ချန်ကန်းက လင်းချင်ရှန်းနှင့် လင်းဟိုင်ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး
“ခင်ဗျားတို့နှစ်ယောက် ပေါင်အာကမလိုက်ချင်ဘူးဆိုမှတော့ အခုထွက်သွားလို့ရပြီ။ ပြန်သွားပြီး ချိုးချမ့်ထူကိုပြောလိုက်။ အထက်ဘုံက အင်မော်တယ်ဓားကိုလိုချင်လို့ရှိရင် ဖေးရှန့်တောင်မှာရှိတယ်လို့။ မင်းကိုယ်တိုင်လာယူလို့ပြောလိုက်”
လင်းဟိုင်က သက်ပြင်းချပြီး
“တာအိုရောင်းရင်း မင်းက အင်မော်တယ်စွမ်းအားတွေရဲ့ အကြောင်းကိုမသိသေးဘူး။ အင်မော်တယ်တွေကို ရန်မစတာပိုကောင်းမယ်”
လင်းချင်ရှန်းက
“စီနီယာ ပေါင်အာကိုဒီရက်ပိုင်း ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်
ဒါပေမယ့် ဒီနေ့ ကျုပ်တို့နဲ့အတူတူ လိုက်လာမှရမယ် ”
ချမ်ချန်ကန်းက အေးစက်စွာအော်ဟစ်လိုက်သည်။
“ပေါင်အာနဲ့မင်းတို့ရဲ့ဆက်ဆံရေးကြောင့်သာမဟုတ်ရင် မင်းတို့နှစ်ယောက်စလုံး အခုချိန်မှာ အလောင်း နှစ်လောင်းဖြစ်နေလောက်ပြီ ”
*ငါအရမ်းစိတ်ကောင်းထားနေပုံရတာပဲ *
သူသည် လင်းဟိုင်နှင့် လင်းချင်ရှန်းတို့အပေါ် ရင်းနှီးစိတ်မရှိတော့ပဲ ဒေါသထွက်လာခဲ့သည်။ ငြိမ်သက်နေ းသောမီးတောင်က တခဏအတွင်းကြောက်မက်ဖွယ်ကောင်းသော အငွေ့သက်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးမှာလည်းအရောင်ဖျော့သွားကာ အရာအားလုံးအုံ့မှိုင်းသွားသည်။
လင်းဟိုင်နှင့် လင်းချင်ရှန်းတို့လည်း သွေးများမရှိတော့သလို ဖြူဖျော့သွားကြသည်။ တောင်တန်းများက ၎င်းတို့အပေါ် ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။
ဤကဲ့သို့ကြောက်စရာကောင်းသည့် ဖိနှိပ်မှုမျိုးက သူတို့အသက်တောင်မရှုဝံ့တော့ပေ။