အခန်း ၄၂
Vol. 4 Ch. 42
အခန်း (၄၂) ငါက တကယ့်ကို တန်ဖိုးမရှိတဲ့အမှိုက်တစ်စပဲ
ဖေးရှန့်တောင်၏ အပြင်ဘက်၌ လင်းချင်ချန်းနှင့် လင်းဟိုင်တို့သည် တောင်တန်းများနှင့် မြစ်များကို ကောင်းကင်ယံမှ ဖြတ်သန်းကာ အလျင်စလို ပျံသွားကြသည်။
ယခုအချိန်၌ သူတို့နှစ်ဦးစလုံးသည် သွေးဆေးလုံးကို အသီးသီးကိုင်ဆောင်ထားကြပြီး စိတ်လှုပ်ရှားနေကြသည်။
“စီနီယာက ရက်ရောပြီး ငါတို့ကို သွေးဆေးလုံးနှစ်လုံးတောင် ပေးလိုက်တာပဲ”
“ဟုတ်ပါ့။ ဒီသွေးဆေးလုံးနှစ်လုံးက အရမ်းအဖိုးတန်လွန်းတယ်။ ဒီသွေးဆေးလုံးတွေနဲ့သာဆိုရင် လူအိုကြီးဟိုင် ခင်ဗျားတော့ နယ်ပယ်သေးတစ်ခုကို ကျော်ဖြတ်သွားနိုင်မှာ သေချာပဲ”
“ဟား…ဟား…..ဟား….ဟား….”
“ ချင်ချန်း မင်းလည်း အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်သွားမယ်လို့ မမျှော်လင့်ထားဘူးမှတ်လား”
“ချင်ရှန်း မင်းကတော့ သမီးကောင်းတစ်ယောက်ကို မွေးထားတာပဲ”
“ဟုတ်တယ်ဗျို့ ကျုပ်သမီးက တကယ်ကံကောင်းတယ်။ သူ့ကို သေချာသင်ကြားပေးတဲ့ စီနီယာလည်းရှိတယ်။ မကြာခင်မှာပဲ သူက ကျုပ်ထက်တောင် ကျော်လွန်သွားမှာကို စိုးရိမ်မိတယ်။”
လင်းဟိုင်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ချင်ရှန်း စီနီယာက အင်မော်တယ် သတ်ဖြတ်သူဆိုတာ... ဆယ်ပုံမှာ ကိုးပုံကတော့ အသေအချာပဲ။ ဒီတစ်ခေါက် အင်မော်တယ်တွေ ဆင်းလာတဲ့ကိစ္စက အရေးကြီးတယ်။ စီနီယာသာ ငါတို့ဓားကိုးစင်းဂိုဏ်းရဲ့ကိစ္စကို ဝင်မပါချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းရော ဘယ်လိုထင်လဲ”
လင်းချင်ရှန်းက ခဏလောက်စဉ်းစားပြီး
“အင်မော်တယ်ဓားက ပေါင်အာရဲ့လက်ထဲမှာရှိတယ်လေ။ ပြီးတော့ စီနီယာလည်းရှိတယ်။ စီနီယာရဲ့ လက်ထဲကနေ အင်မော်တယ်ဓားကို လုယူဖို့ဆိုတာက သိပ်လွယ်ကူမှာ မဟုတ်ဘူး။ ပြီးတော့ စီနီယာက ကျုပ်တို့ကိုလည်း ဆေးပြားတွေ ပေးသေးတယ်။ အဲ့ဒါက ကျုပ်တို့ ဓားကိုးစင်းဂိုဏ်းအတွက်ပဲမဟုတ်လား။”
လင်းဟိုင်၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။
“ဟုတ်တာပဲ။ စီနီယာက ငါတို့တွေကို စမ်းသပ်နေတာဖြစ်ရမယ်။ ပေါင်အာက အခုစီနီယာရဲ့ တပည့်ဖြစ်ပြီးဆိုတော့ ပေါင်အာကို ငါတို့တွေ အရှက်ကွဲစေလို့မဖြစ်ဘူး”
“နောက်ဆုံးတော့ ဓားကိုးစင်းဂိုဏ်းက တစ်သက်လုံး လောဘကြီးခဲ့ပြီး သေခါနီးမှ ကြောက်နေလို့မဖြစ်ဘူး။”
“တစ္ဆေအရိုးဂိုဏ်းကလည်း ငါတို့ကို ခုလိုမျိုးပြောရဲတာ သူတို့တွေက တော်တော်သတ္တိရဲတာပဲ။ ငါတို့တွေ ပထမဦးဆုံး စီနီယာ့အတွက် တစ္ဆေအရိုးဂိုဏ်းကို နှိမ်နင်းရမယ်။”
“ဟုတ်တယ် လူအိုကြီးဟိုင်။ ကျုပ်မှာလည်း အဲ့လိုမျိုးစီစဉ်ထားတယ်။ ဒါပေမဲ့ ခင်ဗျား ဂိုဏ်းထဲကိုပြန်ရောက်သွားရင်တော့ ဂိုဏ်းထဲက တခြားလူအိုကြီးတွေ ဒီသွေးဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကို မြင်အောင်ပြရမယ်။ မဟုတ်ရင် သူတို့တွေ တစ္ဆေအရိုးဂိုဏ်းကို တိုက်ဝံ့မှာ မဟုတ်ဘူး။”
လင်းဟိုင်က ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်သား စကားများသည်ကို ရပ်လိုက်ပြီး အရှိန်မြှင့်လိုက်ကြသည်။
အင်မော်တယ်ဘုရားကျောင်း၌ ချမ်ချန်ကန်းသည် လက်ကျန်သွေးဆေးလုံး ခြောက်လုံးကို လက်ထဲ၌ ကစားရင်း တွေးနေမိသည်။
*အလုံးစုံသော သက်ရှိစွမ်းအားက ကျင့်ကြံသူတွေကို ဆေးဝါးအဖြစ် တိုက်ရိုက်ပြောင်းလဲမယ်လို့ မမျှော်လင့်ထားဘူး။ ဒါဆိုရင် အင်မော်တယ်တွေ လာရင်ရော.... အင်မော်တယ်တွေကို ဆေးလုံးအဖြစ် ပြောင်းလိုက်ရင် ပိုပြီး အစွမ်းထက်နိုင်မလား။ တစ်...တစ်...တစ်... ဒီဆေးလုံးတွေကတော့...*
“ဆရာ... ဘာတွေတွေးနေတာလဲ”
ချမ်ချန်ကန်းက အာရုံပြောင်းသွားပြီး သူ့ဘေးနားရှိ လင်းပေါင်အာကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းမှာ နားမလည်နိုင်သော အပြုံးတစ်ခု ဖြစ်တည်လာပြီး သူက သတိပြန်ဝင်လာကာ အနည်းငယ် ထပ်တွေးလိုက်မိသည်။
*ဒီအင်မော်တယ်တွေ ပေါ်လာဖို့ ဘယ်လောက်ကြာဦးမလဲ ငါသိချင်မိတယ်*
“ဆရာ... ဆရာ တကယ်ပဲ အင်မော်တယ်တွေကို ကိုင်တွယ်နိုင်ပါ့မလား။”
လင်းပေါင်အာက မေးလိုက်သည်။
“ဘာလို့လဲ။ မင်းဆရာကို မင်းမယုံဘူးလား”
“အဲ့လိုမဟုတ်ပါဘူး ဆရာရဲ့”
“ဒါပေမဲ့ မင်းက အဲ့လိုမျိုး မေးနေတုန်းပဲလေ”
လင်းပေါင်အာက ခေါင်းငုံ့ပြီး လက်ညှိုးကိုကိုက်ကာ
“အင်မော်တယ်တွေဆိုတာ အရမ်းသန်မာတာမှာ။ တပည့်က ဆရာ့ကို ယုံပါတယ်။ ဒါပေမဲ့ ဆရာ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။”
ချမ်ချန်ကန်းက ပြုံးလိုက်သည်။
“ပေါင်အာ စိတ်ပူမနေနဲ့။ အင်မော်တယ်တွေက စွမ်းအားဘယ်လောက်ပဲရှိရှိ သူတို့က မင်းရဲ့ဆရာကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး”
နောက်ဆုံးတွင် ချမ်ချန်ကန်းက သွေးဆေးလုံးနှစ်လုံးကို ထုတ်ယူပြီး လင်းပေါင်အာကို ပေးလိုက်သည်။
“ဒီဆေးလုံးနှစ်လုံးကို သောက်လိုက်။ အဲ့ဒါတွေက မင်းရဲ့ကျင့်ကြံခြင်းအတွက် အသုံးဝင်လိမ့်မယ်။”
“ကျေးဇူးတင်ပါတယ် ဆရာ”
လင်းပေါင်အာက ပျော်ရွှင်သွားသည်။
“သွားပြီး လေ့ကျင့်တော့”
“ဟုတ် ဆရာ”
လင်းပေါင်အာက လေ့ကျင့်ရန် ပြေးသွားခဲ့သည်။
ဤသွေးဆေးလုံးနှစ်လုံး၏ အကူအညီနှင့်ဆိုရင် သူမသည် အခြေတည်ဝိညာဉ်အဆင့်ကို မကြာခင် ချိုးဖျက်နိုင်တော့မည်ဖြစ်သည်။
ချမ်ချန်ကန်း၏လက်ထဲ၌ သွေးဆေးလုံး လေးလုံးသာ ကျန်တော့သည်။ ချမ်ချန်ကန်းသည် ထို့ပါယဲ့ကို တစ်လုံးပေးပြီးနောက် ၎င်းအား ထပ်မံပေးရန် အစီအစဉ်မရှိပေ။
ယခု လေးလုံးကျန်နေသေးသည်။
ချမ်ချန်ကန်းက တစ်လုံးကို သူ့ဘာသာသူ စားရန် တွေးလိုက်သည်။
ကျန်သုံးလုံးကိုတော့ မစ်ရှင်သွားကြသည့် ရှဲ့ကျီနယ့်၊ ဟုန်ရီနှင့် အမြီးလေးတို့အတွက် သီးသန့်ဖြစ်သည်။
“ထို့ပါယဲ့”
“သခင် လက်အောက်ငယ်သားဒီမှာပါ”
“ဒီမှာ နတ်ဆိုးဘုရင်ဆယ်ပါးစလုံး သေသွားတယ်ဆိုတော့ သေချာပေါက် ဆူညံသွားမှာပဲ”
“သတင်းစုံစမ်းဖို့ တောင်ပေါင်းတစ်သိန်းရဲ့အတွင်းကိုသွားပြီး တခြားလှုပ်ရှားမှုရှိမရှိ ရှာကြည့်လိုက်။ အခွင့်အရေးရှိရင် နတ်ဆိုးဘုရင်အချို့ကို ဖိတ်ခေါ်ခဲ့ဦး။”
ထို့ပါယဲ့က ချွေးစေးများ ထွက်လာကာ သူ့ဘာသာ တွေးလိုက်မိသည်။
သခင်ဖြစ်သူ၏ စကားကို နားထောင်ရသည်မှာ တောင်ပေါင်းတစ်သိန်းပေါ်ရှိ နတ်ဆိုးဘုရင်များကို လမ်းဘေးမှ ဂေါ်ဖီထုပ်ကဲ့သို့ မှတ်ယူထားပုံရသည်။
သခင်သည်... တကယ်ပဲ နတ်ဆိုးဘုရင် ဖြစ်သင့်ပေသည်။ တောင်ပေါင်းတစ်သိန်းရှိ နတ်ဆိုးဘုရင်များအားလုံးသည် သခင့်လက်တွင် သေဆုံးသွားကြပြီ ဖြစ်သည်။
ယခုအချိန်၌ တောင်ပေါင်းတစ်သိန်း၌ နတ်ဆိုးဘုရင်များ အများကြီး မကျန်တော့ပေ။ ဤသို့နတ်ဆိုးဘုရင်ဆယ်ပါး ဝမ်းနည်းကြေကွဲဖွယ်ကောင်းလောက်အောင် သေဆုံးသွားသဖြင့် တခြားနတ်ဆိုးဘုရင်များက အရမ်းကာရော ပြုမူရဲတော့မည်မဟုတ်ဟု ယူဆရသည်။
ဟုတ်ပေသည်။ ထို့ပါယဲ့က ဤစကားကို မပြောရဲပေ။ ထိုသို့ပြောခြင်းက သူ့ကို အရည်အချင်းမပြည့်ဝသည့်ပုံ ပေါက်စေသည်။
ထို့ပါယဲ့၏ ရည်မှန်းချက်က ဟုန်ရီနှင့် ရှဲ့ကျီနယ့်တို့မရှိချိန် သခင်ဖြစ်သူ၏ အနား၌ ကောင်းကောင်းလုပ်ဆောင်နိုင်ရန်သာဖြစ်သည်။ သူကလည်း တုံ့ဆိုင်းမနေဘဲ
“သခင် ဒီလက်အောက်ငယ်သား သေချာလုပ်လိုက်ပါ့မယ်”
“အရမ်းကောင်းတယ်”
ထို့ပါယဲ့ ထွက်သွားပြန်သည်။ ချမ်ချန်ကန်းသည် လက်ဆန့်တန်းပြီး သစ်သားကုလားထိုင်ပေါ်တွင် ပြန်အိပ်လိုက်သည်။
“ဗောဓိပင် ငါ့ကို နေနည်းနည်းထိုးနေတယ်။ အရွက်တွေကို ဒီဘက်နည်းနည်း တိုးပေးဦး”
ချမ်ချန်ကန်းက ဗောဓိပင်ကို ပြောလိုက်သည်။ ဗောဓိပင်သည် ချမ်ချန်ကန်း၏ ဉာဏ်အလင်းကြောင့် နတ်ဆိုးသစ်ပင်အဖြစ် ပြောင်းလဲသွားသော်လည်း ၎င်း၏ ပုံသဏ္ဌာန်က မပြောင်းလဲဘဲရှိနေခဲ့သည်။
ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ
“ရှဲ...ရှဲ...” ဟူသော အသံထွက်လာပြီး သစ်ကိုင်းများက ချမ်ချန်ကန်း၏ ခေါင်းပေါ်၌ နေရောင်ကို ဖုံးအုပ်လိုက်သည်။
“အရမ်းကောင်းတယ်”
ချမ်ချန်ကန်းက ဗောဓိပင်ကို ချီးကျူးလိုက်သည်။ ချမ်ချန်ကန်း၏ ချီးကျူးမှုကြောင့် ဗောဓိပင်၏ အကိုင်းအခက်များမှာ လှုပ်ယမ်းသွားသည်။
“ထို့ပါယဲ့ကတော့ သွေးဆေးလုံးကို စားပြီးသွားပြီ။ ငါက စိတ်ဝိညာဉ်မြစ်ပင်က အသွင်ပြောင်းတဲ့ သွေးဆေးလုံးတွေကို မစမ်းဖူးပေမဲ့... ဒီဆေးလုံးကိုတော့ ငါစမ်းကြည့်ဦးမယ်။ ဘာအကျိုးသက်ရောက်မှုများရှိမလဲမသိဘူး။”
ချမ်ချန်ကန်းသည် သစ်သားကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး စိတ်ထဲမှာ ရေရွတ်နေသည်။ သူသည် သိပ်မတွေးတော့ဘဲ ပါးစပ်ဟကာ သွေးဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
သွေးဆေးလုံးသည် သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး သန့်စင်သော စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
*အင်း... ငါ့တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရတယ်။ အယ်... ဒီဆေးလုံးက ငါ့အတွက် အသုံးဝင်တာမျိုးဖြစ်နိုင်မလား*
စိတ်ထဲမှာ အနည်းငယ် ပျော်ရွှင်သွားသည်။ သို့ပေမဲ့ နွေးထွေးမှုသည် အသက် နှစ်ရှိုက်၊ သုံးရှိုက်လောက်သာ ကြာပြီး ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်က မည်သည့်အရာမှ မခံစားရတော့ပေ။
ချမ်ချန်ကန်းသည် သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအားအနည်းငယ်မျှကို မခံစားရတော့ပေ။
ချမ်ချန်ကန်းသည် သေဆုံးနေသော ငါးဆားနယ်တစ်ကောင်လို ကောင်းကင်ကိုမော့ကြည့်ပြီး...
အင်း... ဒီသွေးဆေးလုံးကလည်း ငါ့အတွက် အသုံးမဝင်ဘူး၊ ငါက တကယ့်ကို အဖိုးမတန်တဲ့အမှိုက်ပဲ*
ခဏအကြာတွင် အက်ကွဲသံ
“ဂျွတ်... ဂျွတ်... ဂျွတ်”
ရုတ်တရက် တစ်စုံတစ်ခုကျိုးပဲ့သွားသလိုမျိုး ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးဖောက်သွားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ အလွန်ကြွယ်ဝသော ထူးခြားသည့် ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ချမ်ချန်ကန်း၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သစ်သားကုလားထိုင်ပေါ်မှ ထထိုင်လိုက်သည်။
*အိုး... သေစမ်း။ ငါ့ရဲ့... ငါ့ရဲ့ ထာဝရသက်ရှည်တဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့စည်းတံဆိပ်က ဒီဆေးလုံးကြောင့် ကျိုးပျက်သွားတာပဲ*
ထို့နောက် ချမ်ချန်ကန်းသည် ငါးဆားနယ်ကဲ့သို့ ကုလားထိုင်ပေါ်သို့ ပြန်လှဲကျသွားသည်။
*ကျိုးပျက်ရင်လည်း ကျိုးပျက်ပေါ့။ ဒီစနစ်ရှိနေမှတော့ ငါကြောက်မနေတော့ပါဘူး။ ငါ့ရဲ့ထာဝရသက်ရှင်တဲ့ ခန္ဓာကိုယ်ကို ဖော်ထုတ်ထားရင်တောင်မှ ပြိုင်ဘက်ကင်းနယ်ပယ်ထဲမှာဆိုရင် ငါ့ကို ဘယ်သူမှ အနိုင်ယူမှာမဟုတ်ဘူး။*
ထိုသို့ပြောပြီးနောက် ရုတ်တရက်... ချမ်ချန်ကန်းက
“အား” ဟု ထအော်လိုက်သည်။
လင်းပေါင်အာသည် မည်သည့်အချိန်မှ ပေါ်လာသည်ကိုမသိဘဲ ချမ်ချန်ကန်း၏ ညာဘက်လက်မောင်းကို သူ၏ ငွေသွားများဖြင့် အားရပါးရ ကိုက်ခဲနေသည်ကို တွေ့လိုက်ရသည်။