အခန်း ၆၇
Vol. 6 Ch. 67
အခန်း (၆၇) ဟုန်ရီ၏မနာလိုမှု၊ ထိုပါယဲ့၏အင်မော်တယ်တစ်ဝက်ခွန်အား
လင်းပေါင်အာသည် သတိပြန်ဝင်လာပြီး ခေါင်းမော့ကာ သူမ၏မျက်နှာလေးမှာ အနည်းငယ်နီရဲနေသည်။
“ဆရာ ဒီတူကူးဓားကိုးလက်က အရမ်းလေးနက်တာပဲ။ တပည့်ဘဝမှာ သင်ယူခဲ့ဘူးတဲ့ဓားသိုင်းတွေထဲမှာ ဆရာသင်ပေးတဲ့ဓားကိုးလက်နဲ့ နှိုင်းယှဉ်လို့မရဘူး။ ဆရာ့ရဲ့စကားကိုအမြဲသတိရနေမှာပါ”
ချမ်ချန်ကန်းက ပြုံးလိုက်မိသည်။
“ဒါဆိုအလွတ်ကျက်ထားတပည့်လေး။ မင်းက အရမ်းထက်မြတ်လွန်းတော့ ဒီတူကူးဓားကိုးလက်ကို သင်ဖို့ခက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုမျိုးထူးခြားတဲ့စွမ်းရည်ကို သင်ယူတယ်ဆိုတာက နားလည်သဘောပေါက်မှုမှာပဲ အခြေခံတယ်။ အလွတ်ကျက်ထားတဲ့ပေါ်မှာ မမူတည်ဘူးနော်”
လင်းပေါင်အာက ခဏလောက်စဉ်းစားပြီးမေးလိုက်သည်။
“ဒါပေမဲ့ဆရာ တပည့်က ဒီထူးခြားတဲ့ ကိုင်ဒိုစွမ်းရည်ရဲ့ ကြောက်စရာကောင်းတဲ့စွမ်းအားကို ခံစားရတယ်။ တိုက်ကွက်တော်တော်များများက ရန်သူကိုသတ်ဖြတ်တာဖြစ်ပြီး ခုခံကာကွယ်တာလုံးဝမရှိဘူး။ တိုက်ခိုက်တာပဲလား.. အကာအကွယ်လုံးဝမရှိတာမျိုးလား”
လင်းပေါင်အာ၏စကားကိုကြားလိုက်ရသည်။
ချမ်ချန်ကန်းသည် သူ၏အရင်ဘဝကဝတ္ထုများဖတ်နေပြီး ဖုန့်ချီယွင်က လင်းဟူချုံကို မည်ကဲသို့သင်ကြားပေးသည်ကို စဉ်းစားမိပြီး အနည်းငယ်ပြုံးလိုက်မိသည်။
လင်းပေါင်အာသည်လည်း အလားတူမေးခွန်းမျိုးမေးနေပေသည်။ ထို့ကြောင့် လင်းပေါင်အာ၏ သံသယ များကို သည်းမခံနိုင်တော့ပေ။
ချမ်ချန်ကန်းက ရှင်းပြလိုက်သည်။
“ပေါင်အာ တူကူးဓားကိုးလက်က အရှေ့ကိုသာဦးတည်ပြီး အနောက်ကိုဆုတ်ခြင်းမရှိဘူး။ ဒါကြောင့် လှုပ်ရှားမှုတိုင်းက တိုက်ခိုက်မှုကိုသာဦးတည်တယ်။ ရန်သူကိုတိုက်ခိုက်တာက ခုခံကာကွယ်တာနဲ့အတူတူပဲ။ အဲဒါကိုသေချာနားလည်သွားရင် သဘောပေါက်လာလိမ့်မယ်။ ပထမဦးဆုံး မင်းလုပ်ရမှာက တူကူးဓားကိုးလက်၏ ရည်ရွယ်ချက်ကို နားလည်ဖို့ပဲ”
လင်းပေါင်အာက လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။
“ဆရာ တပည့်သေချာပေါက် တူကူးဓားကိုးလက်၏ ရည်ရွယ်ချက်ကို နားလည်အောင် လုပ်ပါ့မယ်၊း ”
“ကောင်းပြီ ကောင်းပြီ ဒါဆိုရင်ကောင်းကောင်း လေ့ကျင့်တော့ ”
ချမ်ချန်ကန်းက သက်ပြင်းချပြီး လင်းပေါင်အာကို သင်ကြားပေးလိုက်သည်။
သူသည် ဤကိစ္စ၌ ရူးသွပ်သွားတော့မလို ခံစားလိုက်ရသည်။ ပေါင်အာတစ်ယောက် တူကူးဓားကိုးလက်ကို မည်သည့်အဆင့်ထိ ကျင့်ကြံနိုင်မည်ကိုတော့ ချမ်ချန်ကန်းလည်း မသိပေ။
နောက်နေ့ရက်များ၌ ချမ်ချန်ကန်း၏ဘဝက အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လင်းပေါင်အာသည် ချမ်ချန်ကန်းမှ သင်ကြားထားသော တူကူးဓားကိုးလက်ကို လက်ခံရရှိပြီးကတည်းက နှလုံးသားသုတ္တန်၏ အနှစ်သာရကိုရှာဖွေရန် နေ့တိုင်းဓားလေ့ကျင့်နေခဲ့သည်။
“နေ့တိုင်း ငါ့ရဲ့ဓားသိုင်းစွမ်းရည်က တစ်နေ့ထက်တစ်နေ့ တိုးတက်လာတယ်လိုခံစားရတယ်”
လင်းပေါင်အာသည် သူမ၏ခန္ဓာကိုယ်ထဲ၌ ကြောက်စရာကောင်းသော မှော်စွမ်းအားများရှိနေသည်ဟု ခံစားလာရသည်။
လင်းပေါင်အာလည်း တူကူးဓားကိုးလက်ကို ကြာကြာမလေ့ကျင့်နိုင်ခဲ့ပေ။ ခနကြာသောအခါ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်သွားရသည်။
ထိုကဲ့သို အခြေအနေများလေလေ လင်းပေါင်အာက ပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်လာသည်။
ဤဓားနည်းစနစ်က ဘယ်လောက်တောင်ကြောက်စရာကောင်းလည်းဆိုတာ သူမအံ့ဩသွားခဲ့သည်။
အပြည့်အဝသာ ဆုပ်ကိုင်ထားနိုင်ပါက မည်ကဲ့သို့ခွန်အားမျိုး ပေးနိုင်မည်နည်း။
ထို့အတူ အချိန်တန်သောအခါ သူမ၏ဓားသိုင်း၌ မည်သို့သောအောင်မြင်မှု နယ်ပယ်သို့ရောက်ရှိမည် နည်း။
လင်းပေါင်အာသည် ဓားသိုင်းကိုလေ့ကျင့်ခဲ့ပြီး ချမ်ချန်ကန်းကို မကြာခဏပူဆာခြင်းမရှိတော့ပေ။
ထို့ကြောင့် ချမ်ချန်ကန်းလည်း ပျင်းရိလာပြီး ဗောဓိနှင့်အမြဲတမ်းစစ်တုရင်းကစားပေသည်။
သို့သော်လည်း ချမ်ချန်ကန်းမှာ စိတ်မကောင်းဖြစ်ရပြန်သည်။ ဗောဓိကကစားတိုင်း ရှုံးတာကများပြီး နိုင်တာက နည်းပေသည်။
ဗောဓိပင်သည် ပညာရှိဖြစ်သင့်သော်လည်း လူမှားဖြစ်နေသည်ဟုခံစားရသည်။ ချမ်ချန်ကန်းသည် ယခင်ကဗောဓိကို ရှောင်ပြောင်ခဲ့သော်လည်း ယခုအခါ သူ၏အိုင်ကျူပင်လျင် ပျက်စီးသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချမ်ချန်ကန်းသည် လင်းပေါင်အာ ဓားသိုင်းလေ့ကျင့်သည်ကိုမြင်ရပြီး ရုတ်တရက်စိတ်ဝင် စားစရာတစ်ခုတွေးမိသွားသည်။
သူသည် ယခင်ဘဝက အချိန်အကြာကြီးမလေ့ကျင့်ခဲ့ရသော ဓားနည်းစနစ်ဖြစ်သည့် ထိုက်ကျိနှလုံးသားဓားသိုင်းကို ကောက်ယူလေ့ကျင့်လိုက်သည်။
လေ့ကျင့်ခန်းက မလုပ်တာကြာသဖြင့် ခန္ဓာကိုယ်က သံချေးတက်နေသည်ဟု ခံစားလိုက်ရသည်။ ဤကဲ့သို့ပင် နှစ်ရက်လောက်ကုန်ဆုံးသွားခဲ့သည်။
သုံးရက်မြောက်နေ့၌ ထို့ပါယဲ့သည် ဟုန်ရီ၊အမြီးလေးတို့နှင့်အတူပြန်လာခဲ့သည်။
“ဟီး … ဟီး … ဟီး … ဟီး .. ”
အမြီးလေးက လေထဲတွင် ကခုန်နေသည်။
သူမကိုမတွေ့ရသည်မှာ ရက်အတော်ကြာပြီးနောက် သူမ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းရည်မှာလည်း အများကြီးတိုးတက်လာခဲ့သည်။
သို့သော် သူမသည် အသံသေးသေးလေးထွက်ရုံမှအပ မည်သည့်စကားမှ မပြောနိုင်သေးပေ။ ချမ်ချန်ကန်းက ပြုံးလိုက်မိသည်။
“အမြီးလေး မင်း ဘာလို့ဒီလောက်တောင် သေးနေတာလဲ။ အခုထိမကြီးသေးဘူး”
“ဟီး … ဟီး … ဟီး … ဟီး”
“ဒီလက်အောက်ငယ်သား ဟုန်ရီက သခင့်ကိုအရိုအသေပေးပါတယ်။ ရှေးဟောင်းမြေခွေးမျိုးနွယ်စုမှာဖြစ်ခဲ့တာအတွက် ဒီလက်အောက်ငယ်သားက အပြစ်ပေးခံရဖို့ဆန္ဒရှိပါတယ် ”
ဤအခိုက်တွင် ဟုန်ရီသည် ချမ်ချန်ကန်းကို အရင်ကထက်ပိုပြီးလေးစားလာခဲ့သည်။
သူမသည် ချမ်ချန်ကန်းနားမရှိသည့်ရက်အနည်းငယ်အတွင်း မကြာသေးမီက ဖေးရှန့်တောင်တွင်း အဖြစ်အပျက်များကို ထို့ပါယဲ့ထံမှ ကြားသိခဲ့ပြီးဖြစ်သည်။
အင်မော်တယ်ဆယ့်နှစ်ပါး အောက်ဘုံသို့ဆင်းသက်လာခြင်း။
ထို့ပါယဲ့ကို အင်မော်တယ်ခန္ဓာကိုယ်ဖြစ်လာအောင်လုပ်ပေးခြင်း။
ထို့အပြင် ထို့ပါယဲ့၏ ကျင့်ကြံမှုသည် အခြေတည်စိတ်ဝိညာဉ်သာဖြစ်သော်လည်း ပြန်လည်မွေးဖွားလာခဲ့သည်။
ရှေးမြေခွေးမျိုးနွယ်စုတွင် သူသည်အဖွားဖြစ်သူ နတ်ဆိုးအင်ပါယာကို စိန်ခေါ်ခဲ့သည်။
အံအားသင့်စရာကောင်းသည်မှာ သူမ၏အဖွားက ထို့ပါယဲ့ကို ရှုံးနှိမ့်သွားခြင်းပင်ဖြစ်သည်။
ထို့ပါယဲ့၏အင်အားက ဘယ်အဆင့်ထိရောက်နေပြီလည်းဆိုတာ သူမမတွေးနိုင်ခဲ့ပေ။
ရက်အနည်းငယ်ကြာမတွေ့ရသည်နှင့် ထို့ပါယဲ့က အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သည်။
သူမ၏စိတ်ထဲ၌ ထို့ပါယဲ့ကို မနာလိုစိတ်များပြည့်နှင့်နေခဲ့သည်။
အကယ်၍ သူမသာ ရှေးခွေးမျိုးနွယ်စုသို့ ပြန်မသွားဘဲ သခင့်ဘေးနားတွင်နေခဲ့ပါက သူမလည်း အင်မော်တယ်ဖြစ်လာနိုင်ပြီလား။
ဟုတ်ပေသည်။
ဟုန်ရီ၏နှလုံးသားထဲ၌ ထိုအကြောင်းကိုပဲဘတွေးနေမိသည်။
ဟုန်ရီသည် ထို့ပါယဲ့ထံမှ အင်မော်တယ်တစ်ယောက်ဖြစ်လာသည့် အခက်ခဲများကိုလည်း သိခဲ့ပြီးပြီဖြစ်သည်။
သေလုမျောပါးဖြစ်ခဲ့ရသည်။ သို့သော်လည်း အဆုံး၌ နတ်ဘုရားမီးတောက်အောက်၌ ပြန်လည်မွေးဖွား လာခဲ့သည်။
လမ်းတစ်လျောက် ထို့ပါယဲ့၏ ရက်စက်ကြမ်းကြုပ်သောခရီးလမ်းကို နားထောင်ပြီး ဟုန်ရီသည် အသက်နှင့်သေခြင်း၏ ကြောက်စရာကောင်းသော အကြပ်အတည်းကို ခံစားလိုက်ရသည်။
ဟုန်ရီက အမှားကိုဝန်ခံခဲ့သည်။ ချမ်ချန်ကန်းက သူ့ကိုသဘာဝအတိုင်း အပြစ်မပေးပေ။ ထို့နောက် သူမအား သွေးဆေးလုံးတစ်လုံးပေးလိုက်သည်။
“ငါမင်းကိုအပြစ်မတင်ပါဘူး၊ ဒါက မင်းရဲ့ကျိုးစားအားထုတ်မှုအတွက် ဆုလာဘ်ပဲ ”
ဟုန်ရီက ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်သခင် ”
“ရှေးမြေခွေးမျိုးနွယ်စုက အမြီးလေးကို ကျင့်ကြံခြင်းတွေသင်ပေးနိုင်လား”
ချမ်ချန်ကန်းက မေးလိုက်သည်။
ဟုန်ရီက ခေါင်းညိတ်လိုက်သည်။
“သခင့်ကိုသတင်းပို့ပါတယ်။ အမြီးလေးက ရှေးမြေခွေးမျိုးနွယ်စုရဲ့ နတ်ဆိုးကျင့်ကြံနည်းစနစ်ကို သင်ယူထားပြီးပါပြီ။ သူမရဲ့အရည်အချင်းက တကယ့်ကိုသန်မာတယ်။ သူမရဲ့ကျင့်ကြံမှုအခြေခံက အခုဆိုရင် ချီသန့်စင်ခြင်းအဆင့်ရဲ့ အဆင့်ငါးကိုတောင်ရောက်နေပါပြီ။ မကြာခင်မှာပဲ သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်သွားတော့မှာပါ”
“ကောင်းတယ်”
ထို့နောက် ချမ်ချန်ကန်းသည် ထို့ပါယဲ့၏အခြေအနေကို မေးမြန်းခဲ့သည်။
ထိုနေ့က ထို့ပါယဲ့နှင့် နတ်ဆိုးအင်ပါယာအကြား တိုက်ပွဲအကြောင်းကို မေးမြန်းလိုက်သည်။
“သခင့်ကိုသတင်းပို့ပါတယ်။ နတ်ဆိုးအင်ပါယာက ဒီလက်အောက်ငယ်သားရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး ”
“နတ်ဘုရားအသွင်ပြောင်းခြင်းကတောင် မင်းရဲ့ပြိုင်ဘက်တောင်မဟုတ်ဘူးလို့ ငါမမျှော်လင့်ထားဘူး။ အခု မင်းဘယ်လောက်တောင် သန်မာနေပြီလဲ ထို့ပါယဲ့”
ထို့ပါယဲ့က ခေါင်းခါလိုက်သည်။
“ဒီလက်အောက်ငယ်သားမသိပါဘူး ”
ထို့နောက် ထို့ပါယဲ့က ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အဲနေ့ကမြေခွေးအင်ပါယာရဲ့နဲ့ ဒီလက်အောက်ငယ်သားနဲ့တိုက်ခိုက်ပြီးနောက် ဒီလက်အောက်ငယ်သားရဲ့ ခွန်အားက အင်မော်တယ်တစ်ဝက်နယ်ပယ်မှာ ရှိနေမယ်လို့ ထင်မိတယ်။”