အခန်း ၈၀
Vol. 7 Ch. 80
အခန်း (၈၀) နတ်သမီးယုချန်၊ အားလုံးသတိပြုမိကြသည်
အထက်ဘုံထျန်းယွင်အင်မော်တယ် နန်းဆောင်၌ ကျန်းယုချန်တစ်ယောက် ရောက်လာခဲ့သည်။
အင်မော်တယ်ဘုရင်ထျန်းယွင်က လျင်မြန်စွာဖြင့် ဧည့်ခံရန်ထွက်လာခဲ့သည်။
“အင်မော်တယ်နတ်သမီးယုချန် ကျုပ်ရဲ့နိမ့်ကျတဲ့နေရာကို ရောက်လာတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ချက်ချင်းကြိုဆိုဖို့ မထွက်လာနိုင်တာကိုလည်း ခွင့်လွတ်ပေးပါ”
ကျန်းယုချန်က သိုလှောင်လက်စွပ်ကို ထုတ်လိုက်သည်။
“အင်မော်တယ်ဘုရင်ထျန်းယွင် ရှင့်ရဲ့အနန္တပုံရိပ်ပြကြေးမုံမှန် ပျက်စီးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါကလျော်ကြေးအဖြစ် ပထမတန်းစား အင်မော်တယ်ကျောက်တုံးငါးတုံးပါ၊ ”
အင်မော်တယ်ဘုရင်ထျန်းယွင်ကဝမ်းသာပျော်ရွှင်သွားမိသည်။
“ကျေးဇူးတင်ပါတယ် နတ်သမီးယုချန်၊ တကယ်တော့အနန္တပုံရိပ်ပြကြေးမုံကို ပြင်ဖို့အတွက် ပထမတန်းစား အင်မော်တယ်ကျောက်တုံး နှစ်တုံးပဲလိုပါတယ်”
“ကောင်းပြီလေ ဒါဆိုလည်းနှစ်တုံးပေါ့”
ထို့နောက် အင်မော်တယ်ဘုရင်ထျန်းယွင်အကြည့်အောက်တွင် ကျန်းယုချန်က ပထမတန်းစား အင်မော်တယ်ကျောက်တုံးသုံးတုံးကို ပြန်ယူလိုက်သည်။
အင်မော်တယ်ဘုရင်ထျန်းယွင်၏ နှုတ်ခမ်းထောင့် လှုပ်ယမ်းသွားပြီး ကိုယ့်ခြေထောက်ကို ပြန်ရိုက်ချိုး ခံရသလို ခံစားလိုက်ရသည်။
“အား …. တကယ်တော့နတ်သမီးယုချန် ကျွန်တော်ကနောက်တာပါ”
အင်မော်တယ်ဘုရင်ထျန်းယွင်က မျက်နှာပြောင်တိုက်ကာ နေရခက်သောအပြုံးဖြင့် ကြည့်နေမိသည်။
သို့သော်လည်း သူဘာမှမတတ်နိုင်ပေ။
လိပ်နက်အင်မော်တယ်နယ်မြေတွင် ပထမတန်းစားအင်မော်တယ်ကျောက်တုံးသုံးတုံးက အင်မတန်တန်ဖိုးရှိပေသည်။
မျက်နှာပြောင်တိုက်ရသော်လည်း ပထမတန်းစား အင်မော်တယ်ကျောက်တုံးကိုရနိုင်ပါက အရာအားလုံးအဆင်ပြေပေသည်။
ကျန်းယုချန်သည် အင်မော်တယ်ဘုရင်ထျန်းယွင်၏ မျက်နှာပြောင်တိုက်ပုံကိုမြင်ပြီး တခစ်ခစ်ရယ်မောကာ ပထမတန်းစား အင်မော်တယ်ကျောက်တုံးသုံးတုံးကို ပြန်ပေးလိုက်သည်။
အင်မော်တယ်ဘုရင်ထျန်းယွင်က ကျန်းယုချန်၏အပြုံးကို မြင်လိုက်ရသဖြင့် လုံးဝကိုစွဲလန်းသွားခဲ့ သည်။
သူ့စိတ်ထဲ၌ ကဗျာတစ်ပုဒ်ကို ရေရွတ်မိလိုက်သည်။
“ပန်းထိုးဖန်သားပြင်မှ ကြာပန်းတွေပြုံးနေသလို
ရတနာဘဲရုပ်ကိုမှီရင်း မွေးရနံ့ပါးပြင်ကိုဖုံးအုပ်က။
သူမရဲ့မျက်ဝန်းတွေ လှုပ်ရှားရုံနဲ့
ရင်ထဲမှာရှိတာတွေကို ခန့်မှန်းနိုင်တယ်”
“ကျေးဇူးတင်ပါတယ် အင်မော်တယ်နတ်သမီးယုချန်။ ဒါနဲ့အင်မော်တယ်နတ်သမီးယုချန် ကျွန်တော့မှာ အလယ်လတ်တန်းစား အင်မော်တယ်ကျောက်တုံးတစ်တုံးနဲ့တန်တဲ့ သတင်းအသေးစားတစ်ခုရှိသေးတယ်။ အဲဒါက သစ်ပင်နဲ့ ပတ်သက်တယ်။ သိချင်သလား၊”
“ဝှစ် … ”
ချစ်ချင်းပဲ အလယ်လတ်တန်းစား အင်မော်တယ်ကျောက်တုံးတစ်တုံးက အင်မော်တယ်ဘုရင်ထျန်းယွင်၏ လက်ထဲသို့ ရောက်လာခဲ့သည်။
အင်မော်တယ်ဘုရင်ထျန်းယွင်ကပြုံးပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။
*လိပ်နက်အင်မော်တယ်နယ်မြေက ထိတ်တန်းအင်မော်တယ် မိသားစုတစ်စုဆိုတဲ့အတိုင်း တကယ့်ကိုပဲ အခြေခံအုတ်မြစ်က ကောင်းကြတာပဲ။ ပထမတန်းစား အင်မော်တယ်ကျောက်တုံးကို အေးအေး ဆေးဆးထုတ်နိုင်တဲ့အပြင် ထက်ပြီးတော့တောင်ပေးနိုင်သေးတယ်။ တကယ့်ကို ချမ်းသာကြွယ်ဝကြတာပဲ*
“ခင်ဗျားရှာနေတဲ့ အင်မော်တယ်သစ်ပင်က ခင်ဗျားနဲနဲနောက်ကျသွားတာနဲ့ အင်မော်တယ်သိုင်းသူတော်စင်ရဲ့ လက်ထဲကိုရောက်သွားတော့မယ် ”
“ဘာကိုဆိုလိုတာလဲ”
“လွန်ခဲ့တဲ့ရက်အနည်းငယ်က အင်မော်တယ်သိုင်းသူတော်စင်က တစ်စုံတစ်ယောက်ကိုရှာခိုင်းလို့ ကျုပ် ရဲ့အနန္တပုံရိပ်ပြကြေးမုံက ပျက်စီးသွားခဲ့တာလေ။ အင်မော်တယ်နတ်သမီးယုချန်လိုပဲ သူက အင်မော်တယ်သစ်ပင်ကိုရှာနေရင်းနဲ့ အနန္တပုံရိပ်ပြကြေးမုံက ပျက်စီးသွားခဲ့တာပဲ။ ကံအားလျော်စွာပဲ အဲဒီအင်မော်တယ်သစ်ပင်ရဲ့ ပိုင်ရှင်ကအင်မော်တယ်သိုင်းသူတော်စင် သတ်ချင်နေတဲ့သူပဲ”
“အင်မော်တယ်နတ်သမီးယုချန် ခင်ဗျားအထက်ဘုံကနေ အောက်ဘုံကိုဆင်းသွားမယ်ဆိုလို့ရှိရင် အင်မော်တယ်သိုင်းသူတော်စင်စေလွတ်တဲ့သူက အဲဒီလူကိုသတ်ပစ်လိမ့်မယ်။ သူတို့က အင်မော်တယ်သစ်ပင်ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး”
အင်မော်တယ်နတ်သမီးယုချန်က နားထောင်ပြီးနောက် ကျေးဇူးတင်စကားပြောလိုက်သည်။
“သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသတင်းက တကယ့်ကိုအလယ်လတ်တန်းစား အင်မော်တယ်ကျောက်တုံးတစ်တုံးထိုက်တန်တယ်၊ ”
ပြောပြီးနောက် သူမက အကြာကြီးမနေတော့ပဲ ချက်ချင်းထွက်သွားခဲ့သည်။
အင်မော်တယ်နတ်သမီးယုချန် ထွက်သွားပြီးနောက် အင်မော်တယ်ဘုရင်ထျန်းယွင်က တဟားဟား ရယ်မောကာ ရေရွတ်လိုက်သည်။
“အင်မော်တယ်သိုင်းသူတော်စင်ရေ အောက်ဘုံကလူက နတ်သမီးယုချန်ရဲ့ အကာအကွယ်ကို ရသွားတာနဲ့ မင်းဘာလုပ်မလဲကြည့်ကြသေးတာပေါ့။ မင်းကို စိတ်တိုအောင်လုပ်ပစ်မယ်၊”
တစ္ဆေပြည်နယ်၊ ယွမ်ကျိုးမြို့တော် အင်အားစုများအားလုံးက စောင့်ကြည့်နေကြသည်။ ၎င်းသည် သန်းပေါင်းများစွာသော ရုပ်အလောင်းများ သေဆုံးနေကြပြီး အစိမ်းရောင်စွမ်းအင်များဖြင့် ပြည့်နေသော မြို့ပျက်ကြီးတစ်မြို့အလားဖြစ်နေသည်။
၎င်းသည် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ ခေတ္တနေထိုင်ရာနေရာဖြစ်သည်။ သူက အသက်ကိုရူသွင်းလိုက် ရှုထုတ်လိုက်နှင့် သူ့တစ်ကိုယ်လုံးတွင် ကြောက်စရာကောင်းသော အငွေ့ အသတ်များလှိုင်းထနေသည်။
သူ၏ပတ်ပတ်လည်တွင်လည်း သရဲတစ္ဆေများက ငိုကြွေးနေပြီး ဝံပုလွေများကလည်း အူနေကြသည်။
၎င်းတို့က တကယ့်ကိုသရဲတစ္ဆေများ၏နတ်ဘုံငရဲခန်းတစ်ခုလိုပင်။ သူက မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်သည်။ သူ့အကြည့်များက ရက်စက်ကြမ်းကြုတ်နေပေသည်။
“သုံးရက်ပြည့်သွားပြီ...”
“ဝုန်း ”
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏ခန္ဓာကိုယ်က ငြိမ်သက်နေသော မီးတောင်တစ်ခုလုံး ပေါက်ကွဲ ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအားများက နေရာအနှံ့လွမ်းမိုးသွားပြီး ပင်လယ်ရေများလွမ်းမိုး ခံလိုက်ရသကဲ့သို့ ပေါက်ကွဲထွက်လာကာ မြို့တစ်ခုလုံး ချက်ချင်းပဲဖျက်ဆီးခံလိုက်ရသည်။
သူသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ကြီးမားသောတစ္ဆေမြူခိုးများကို ဖြစ်ပေါ်စေကာ တောင်ပေါင်းတစ်သိန်းတောင်သို့ ဦးတည်သွားခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ အင်အားစုများက ချက်ချင်းပဲ ထိတ်လန့်သွားကြသည်။
အင်အားစုအမျိုးမျိုးက ဆွေးနွေးမှုများစတင်ပြုလုပ်ကြပြီး လျှို့ဝှက်စွာလိုက်ပါသွားရင်း တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ သွားရောက်ကာ အကဲခက်ရန်စီစဉ်နေကြသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့က အင်မော်တယ်နှစ်ပါးပင်ဖြစ်သည်။
အကယ်၍ သူတို့သာ တိုက်ခိုက်ကြမည် ဆိုလျှင် ကောင်းကင်နှင့်မြေကြီးတခွင် လှုပ်ခက်မည်မှာ သေချာပေသည်။
ယခင်က တောင်ပေါင်းတစ်သိန်းတောင်တန်း၌ ချမ်ချန်ကန်းတစ်ယောက် အင်မော်တယ်ဆယ့်နှစ်ပါးကို သတ်ခဲ့သည်ကို သူတို့မသိလိုက်ကြပေ။
သို့ပေမဲ့ ယခု ချမ်ချန်ကန်းနှင့် အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်တို့၏ တိုက်ပွဲကိုတော့ သူတို့ လက်လွတ်ခံမည်မဟုတ်ပေ။
“အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်က လှုပ်ရှားနေပြီ။ သူက တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဦးတည်သွားပြီပဲ”
“ဟုတ်တယ်... ဟုတ်တယ်။ သုံးရက်တောင်ကြာသွားပြီပဲ။ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီက ဘာမှ လှုပ်ရှားမှုမရသေးဘူး။ သူက သေဖို့ထိုင်စောင့်နေတာများလား”
တစ်စုံတစ်ဦးက ပြောလိုက်သည်။
“ငါတော့အဲလိုမထင်ဘူး။ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲက အဲဒီလူကညမပြေးသေးတဲ့အတွက် သူ့မှာအင်အားကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိရမယ်”
“အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကို မကြောက်ဘူးလား။ ဒါပေမဲ့....”
အခြားတစ်ယောက်က ထပြောလိုက်သည်။
“ဒါပေမဲ့ ငါကြားတာကတော့ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲက ဘယ်နတ်ဆိုးဘုရင်မှ ထွက်မသွားကြဘူးတဲ့”
“ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာကတောင်မှ အဲဒီအင်မော်တယ်ဘက်ကရပ်တည်ပြီး အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို အတူတူတိုက်ခိုက်မယ်လို့ စစ်ကြေညာထားတယ်”
“တောင်ပေါင်းတစ်သိန်းတောင်တန်းထဲက နတ်ဆိုးဘုရင်တွေက ခေါင်းထဲမှာချီးတွေပြည့်နေတာလား။ ဘယ်ဘက်မှမပါပဲနေတာက ပိုမကောင်းဘူးလား။ ဘာလို့ အဲဒီအင်မော်တယ်ဘက်မှာ ရပ်တည်ဖို့ လိုအပ်နေတာလဲ”
“တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်မကဘူး ငါကြားတာက တစ္ဆေပြည်နယ်က ထိပ်တန်းအင်အားစုဖြစ်တဲ့ ဓားကိုးစင်းဂိုဏ်းကလည်း မနေ့က တောင်ပေါင်းတစ်သိန်းတောင်တန်းကိုသွားတယ်လို့ ကြားတယ်။ ဂိုဏ်းတစ်ခုလုံးပြောင်းရွေ့သွားတယ်လို့တောင် ကြားတယ်နော်။ ဂိုဏ်းရဲ့အကာအကွယ်ဖြစ်တဲ့ အကြီးစားအစီအရင်ကိုပါတောင်ပေါင်းတစ်သိန်းတောင်တန်းဆီ ပြောင်းရွှေ့သွားတယ်လို့ကြားတယ်”
“ဟင် … တကယ်ပဲလား။ အဲဒါက တကယ့်ကိုရက်စက်လွန်းတာပဲ။ ဓားကိုးစင်းဂိုဏ်းရဲ့အကာအကွယ်အစီရင်က ဓားကိုးစင်းဂိုဏ်းရဲ့ပထမဆုံးဂိုဏ်းချုပ် အထက်ဘုံကိုမတက်ခင်က ဆောက်ထားခဲ့တယ်လို့ကြားဖူးခဲ့တယ် ”
“အဲဒါက အင်မော်တယ်တစ်ပါးတောင် ဖြိုခွဲလို့မရတဲ့ အစီရင်တစ်ခုပဲ”
“ဟုတ်လား။ အဲ့လောက်တောင် အစွမ်းထက်တာလား။ ငါဘာလို့ သိပ်မကြားမိတာလဲ”
“ဟားဟားဟား.. အဲဒါက မင်းက ဗဟုသုတနည်းလို့နေမှာပေါ့။ ငါ့မှာဓားကိုးစင်းဂိုဏ်းက သူငယ်ချင်းတစ်ယောက်ရှိတယ်လေ။ ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရဲ့သမီး လင်းပေါင်အာက အဲဒီအင်မော်တယ်ရဲ့တပည့်ဖြစ်နေတယ်လို့ကြားတယ်”
ထိုစကားကိုပြောလိုက်သည့် ကျင့်ကြံသူ၏မျက်နှာပေါ်မှ အလွန်မနာလိုစိတ်မွေးရာဖြစ်နေသည်။
“ငါကြားတာတော့ လင်းပေါင်အာက အဲဒီအင်မော်တယ်ရဲ့ တပည့်ဖြစ်နေတာတဲ့။ စစတုန်းက သူမက အခြေခံတည်ဆောက်ခြင်းအဆင့်မှာသာရှိသေးတာတဲ့။ ရက်အနည်းငယ်အတွင်းမှာပဲ သူမ ဂိုဏ်းကို ပြန်လာတော့ အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုတောင် ရောက်သွားပြီတဲ့လေ။ အဲဒီအချက်ကြောင့် ဓားကိုးစင်းဂိုဏ်းရဲ့တပည့်တွေနဲ့ အကြီးအကဲတွေအားလုံးက အံအားသင့်သွားကြတယ်တဲ့။ မင်းတို့သိတဲ့အတိုင်းပဲမလား လင်းပေါင်အာရဲ့အဖေ လင်းချင်ရှန်းရဲ့ကျင့်ကြံမှုတောင်မှ အခြေတည်စိတ်ဝိညာဉ်ကို မရောက်သေးဘူးလေ”
ထိုစကားကိုကြားသောအခါ လူတိုင်းအသက်ရှုကြပ်သွားကြသည်။
“အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကနေ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်သွားတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ပြောနေစရာတောင်မလိုဘူးလေ။ အဲဒါက အဲဒီအင်မော်တယ်နဲ့ ဆက်စပ်နေနေတာ သေချာတာပေါ့။ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲက အဲဒီအင်မော်တယ်က ဘယ်လိုလည်းဆိုတာသိချင်မိတယ်။ သူကအရမ်းကို လျှို့ဝှက်ဆန်းကြယ်တာပဲ”
“ဒီရက်အတွင်းမှာ ဘာသတင်းအချက်အလက်မှမရခဲ့ဘူး။ ဒီနေ့ အစိမ်းရောင်ဆံပင်အင်မော်တယ် တစ္ဆေနဲ့တိုက်ပွဲမှာ အင်မော်တယ်ရဲ့အစစ်အမှန်ပုံရိပ်ကို နောက်ဆုံးတော့မြင်ရတော့မှာပဲ။ လူတော်တော်များများတောင် ရောက်နေကြပြီထင်တယ်။ ငါတို့လည်း မြန်မြန်သွားကြရအောင်”
တစ္ဆေပြည်နယ်တခွင် လေနှင့်မိုးကြိုးများတိုက်ခက်နေပေသည်။ အင်အားစုအမျိုးမျိုး၊ မရေတွက်နှိုင်သည့် ကျင့်ကြံသူများ၊ နတ်ဆိုးဘုရင်ကြီးများ၊ နတ်ဆိုးသားရဲများနှင့် တစ္ဆေသရဲများစသော ကျင့်ကြံသူအမျိုးမျိုးက တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ဦးတည်သွားနေကြသည်။
ယနေ့တောင်ပေါင်းတစ်သိန်းတောင်တန်းသည် တစ်ကမ္ဘာလုံး၏အာရုံကို ဆွဲဆောင်ထားနိုင်သည့် တစ္ဆေပြည်နယ်တစ်ခုလုံး၏ အဓိကအာရုံစိုက်ရာနေရာဖြစ်လာမှာသေချာပေသည်။