အခန်း ၈၁
Vol. 7 Ch. 81
အခန်း (၈၁) ကောင်းကင်နှင့်မြေကြီး၏ပိုက်ကွန်၊ နဂါးဖိနှိပ်ခြင်းနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်
တစ္ဆေပြည်နယ်တွင် ထူးခြားဆန်းကြယ်သော အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်၌ ဖေးရှန့်တောင်သည်မူ ဤရက်ပိုင်းအတွင်း၌ တိတ်ဆိတ်အေးချမ်းလျက်ရှိသည်။
ချမ်ချန်ကန်းသည် ယနေ့တွင်ညသူ့ထံသို့ လက်စားချေရန်လာရောက်မည့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်အား အလေးအနက်မထားပေ။
လွန်ခဲ့သောနှစ်ရက်ခန့်က လင်းပေါင်အာနှင့် အမြီးလေးတို့သည် ဓားကိုးစင်းဂိုဏ်းမှ ဆေးပင်မျိုးစေ့ အမြောက်များကို သယ်ဆောင်လာကြသည်။
ပြီးခဲ့သည့်နှစ်ရက်လုံးလုံး ချမ်ချန်ကန်းသည် ထိုဆေးပင်များကိုသာ စိုက်ပျိုးနေပေသည်။
အင်မော်တယ်နယ်မြေ၏ ပြုစုပျိုးထောင်မှုအောက်၌ ဆေးပင်မျိုးစေ့အများအပြားက အမြစ်စွဲ၊ အညှောင့်ပေါက်ကာ ကောင်းမွန်စွာရှင်သန်ကြီးထွားလာကြသည်။
ထို့ကြောင့် ယခုအချိန်တွင် ချမ်ချန်ကန်းသည် ဤဆေးပင်မျိုးစေ့များကို ပြုစုပျိုးထောင်ရာ အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးမပြုခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်းသည် ဆေးပင်များစိုက်ပျိုးရသည့် လုပ်ငန်းကို အလွန်နှစ်သက်ပေသည်။ ထို့အပြင်ဓားကိုးစင်းဂိုဏ်းမှ လင်းပေါင်အာ သယ်ဆောင်လာသော ဆေးပင်မျိုးစေ့များအပြင် ဖေးရှန့်တောင်ပေါ်ရှိ နတ်ဆိုးဘုရင်ကြီးများကလည်း ဤရက်ပိုင်းအတွင်း ချမ်ချန်ကန်းအတွက် ဆေးပင်နှင့် ပန်းပင်များစိုက်ပျိုးရာတွင် အလွန်စိတ်ဝင်စားကြောင်းသိလာရသည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်း နတ်ဆိုးဘုရင်ကြီးများက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အတွင်းပိုင်းမှ အဖိုးတန်ရှားပါးသည့် ဆေးပင်အမျိုးမျိုးကို ချမ်ချန်ကန်းထံ ဆက်တိုက်လာရောက် ပေးပို့ကြလေသည်။
ထိုအထဲတွင် ချမ်ချန်ကန်းသည် ဤဆေးပင်များစွာသည် ကမ္ဘာပေါ်တွင်ရှိသော ဆေးပင်များနှင့် အတော်လေးဆင်တူကြောင်းတွေ့ခဲ့ရသည်။
ဥပမာအားဖြင့် အနက်ရောင်ရေလွှမ်းမိုးနဂါးယူဆောင်လာခဲ့သော အနီရောင်ကျောက်စိမ်းနှလုံးသားဟု ခေါ်သောဆေးတို့သည် ကမ္ဘာပေါ်မှ မုန်လာဥနီနှင့် ပုံစံတူပေသည်။
အနီရောင်ကျောက်စိမ်းနှလုံးသားနှင့် မုန်လာဥနီ၏တစ်ခုတည်းသော ကွာခြားချက်မှာ အနီရောင် ကျောက်စိမ်းနှလုံးသားသည် ကျင့်ကြံသူများအတွက် အသုံးဝင်သောကြီးမားသည့် စွမ်းအားများ ပါဝင်သည့် ဆေးပင်ဖြစ်ပြီး မုန်လာဥနီကမူ ဗီတာမင်ဓာတ်များအတွက်သာဖြစ်သည်။
အချုပ်ဆိုရသော် ဤဆေးပင်များနှင့် မျိုးစေ့များကိုရရှိပြီးနောက် ဤနှစ်ရက်အတွင်း ချမ်ချန်ကန်းသည် လင်းပေါင်အာ အမြီးလေးတို့နှင့်အတူ တောင်ပေါ်ရှိဆေးစိုက်ခင်းများတွင်အလုပ်များနေပြီး အလုပ်ရှုပ်သောဘဝသို့ ဖြတ်သန်းနေကြပေသည်။
ပူးပြင်းသောနေရောင်ခြည်အောက်တွင် ဆေးစိုက်ခင်းထဲ၌ ချမ်ချန်ကန်းတစ်ယောက် ချွေးများစိုရွဲနေပြီး ကိုးဆယ့်ကိုးပင်မြောက် အပင်ကိုစိုက်ပျိုးပြီးနောက် နောက်ဆုံး၌သက်ပြင်းချကာ စိုက်ခင်းပြင်ထဲမှ ထွက်လာခဲ့သည်။
စိုက်ခင်းဘေးတွင် လင်းပေါင်အာက ရေတစ်ခွက်ကိုအမြန်ယူလာပြီး အမြီးလေးက ချမ်ချန်ကန်း၏ ပခုံးပေါ်သို့တက်ကာ သူ၏နှုတ်ဖျားလေးနှင့် နဖူးမှချွေးများကို သုတ်ပေးလေသည်။
“ဆရာပင်ပန်းသွားပြီ”
“ယ ..ယ …ယ ..ယ..ယ”
ချမ်ချန်ကန်းက အနည်းငယ်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ဒီစိုက်ခင်းကိုစိုက်ရတာ တော်တော်ပင်ပန်းတယ် ငါ့ခါးအိုကြီးတောင် ကျိုးတော့မလို့ပဲ၊”
လင်းပေါင်အာက နားမလည်နိုင်စွာမေးလိုက်သည်။
“ဆရာ ဘာဖြစ်လို့ မှော်စွမ်းအားမသုံးတာလဲ။ ဒါမှမဟုတ် သမီးတို့ကို ဘာလိုမကူညီခိုင်းရတာလဲ။ မှော်စွမ်းအားသုံးလိုက်လို့ရှိရင် အဲဒီဆေးပင်တွေက လေထဲမှာတွင်ပဲ ကြီးထွားလာရမဲ့ဟာကို”
ချမ်ချန်ကန်းက ခေါင်းခါယမ်းလိုက်သည်။
“ငါ့တပည့် နားမလည်သေးပါဘူး
ဆရာက ဒီလိုမျိုးစိုက်ပျိုးတဲ့ လုပ်ငန်းစဉ်ကိုပဲ နှစ်သက်တာ ”
“ဆရာပြောတာ တပည့်နားမလည်ဘူး”
ချမ်ချန်ကန်းက စိုက်ပျိုးပြီးသားအပင်များဖြင့်ပြည့်နေသော ဆေးဝါးစိုက်ခင်းကိုကြည့်ကာ ကျေနပ်စွာပြုံးကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
“ငါ့တပည့်လေးသိထား....မွန်းတည့်ချိန်မှာ ရိပ်သိမ်းသူက
မြေကြီးပေါ်သို့ ချွေးများကြတယ်။
ထမင်းပန်းကန်ထဲက ထမင်းကို မည်သူက သိမည်နည်း။
ဆန်စေ့တိုင်းက ပင်ပန်းဆင်းရဲမှုများပေလေသည်တဲ့”
“ဒါကြောင့် ဒီစိုက်ခင်းကို ဆရာကိုယ်တိုင်စိုက်ပျိုးတာပဲ။ ဒီအပင်တွေကြီးလာရင် ဆရာနေ့တိုင်းစားဖို့ပဲ”
“ဆရာ ဒီအပင်တွေက ဆေးပင်တွေပဲလေ။ ဒီအပင်တွေကိုစားတာက ဆရာ့အတွက်အသုံးဝင်မှာ မဟုတ်ဘူး”
ချမ်ချန်ကန်းက ခေါင်းခါယမ်းပြီး နာကျင်နေသော ခါးအိုကြီးကို ပွတ်သက်ကာ ပြန်ပြောလိုက်သည်။
“ငါ့တပည့်လေး အမှားကြီးမှားသွားပြီ။ ဒီဆေးတွေက ဆရာ့အတွက်အရမ်းအသုံးဝင်တယ် ”
ချမ်ချန်ကန်းက လေးနက်စွာဖြင့်ပြုံးလိုက်သည်။
“ဒီအသုံးဝင်ပုံကို နားလည်နိုင်ပေမဲ့ ရှင်းပြလို့မရဘူး။ ဆရာရှင်းပြရင်တောင် မင်းနားလည်မှာမဟုတ်ဘူး”
ထို့နောက် ချမ်ချန်ကန်းက ရှုပ်ထွေးနေသောအမူအယာဖြင့် မေးလိုက်သည်။
“ပေါင်အာ ဟိုဆံပင်အစိမ်းနဲ့တစ္ဆေအင်မော်တယ်က ဖေးရှန့်တောင်ကို ဒီနေ့လာမယ်လို့ပြောထားတာ မဟုတ်ဘူးလား။ အခု နေ့လယ်တောင်ရောက်နေပြီလေ ဘာလို့မရောက်သေးတာလဲ။ သူက ငါတို့ကို ကတိဖြတ်လိုက်တယ်ထင်လား”
လင်းပေါင်အာက တဟားဟားရယ်မောလိုက်ပြီး။
“ဆရာ ဆံပင်အစိမ်းနဲ့တစ္ဆေအင်မော်တယ်က ဆရာ့ကိုကြောက်လို့နေမှာပေါ့။ ဒါ့အပြင် တောင်ပေါင်းတစ်သိန်းတောင်တန်းမှာလည်း ကောင်းကင်နဲ့မြေကြီးပိုက်ကွန်ကို တည်ဆောက်ထားပြီးပြီလေ။ သူသာလာလို့ကတော့ သူ့ကိုသေအောင်လုပ်ပစ်မှာ”
လင်းပေါင်အာ၏စကားကို ကြားပြီးနောက် ချမ်ချန်ကန်းက စိတ်ညစ်စွာဖြင့် ပခုံးကိုတွန့်လိုက်သည်။
လွန်ခဲ့သောနှစ်ရက်ခန့်က ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် လင်းပေါင်အာ၏ဖခင်တို့ရောက်လာပြီး သူ့ကို ကူညီလိုကြောင်းပြောကြပေသည်။
ဥပမာအားဖြင့် ဓားကိုးစင်းဂိုဏ်းက အင်မော်တယ်တစ်ပိုင်းများကို တိုက်ခိုက်နိုင်သည်ဟူသော ဂိုဏ်း၏ အကွာအကွယ်အစီရင်ကို ယူဆောင်လာခဲ့သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အပြင်ဘက်တွင်လည်း ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက စီနီယာ၏အကြီးမားဆုံးကျေးဇူးကိုသိရှိသောကြောင့် အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေအား သတ်ဖြတ်ရန် ချမ်ချန်ကန်းဘက်ကနေ အပြည့်အဝထောက်ခံမည်ဟု ပြောခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေသည် အထက်ဘုံမှလာခြင်းဖြစ်သည်။ အကယ်၍ စီနီယာသည်လည်း အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူဖြစ်ပြီး အစွမ်းထက်သောကျင့်ကြံမှုရှိသော်လည်း သူတို့သည် စီနီယာ၏ ဘေးကင်းရေးအတွက်စိုးရိမ်ပူပန်ကြပြီး စီနီယာဘက်ကနေ ပါဝင်တိုက်ခိုက် မည်ဟု ပြောခြင်းဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏အကူအညီအတွက် ချမ်ချန်ကန်းက ငြင်းဆန်ခဲ့သည်။ သူသည် ပြိုင်ဘက်ကင်း နယ်မြေစနစ်ကို ပိုင်ဆိုင်ထားသောကြောင့် ထိုအစိမ်းရောင်တစ္ဆေအင်မော်တယ် မည်မျှအစွမ်းထက် သည်ဖြစ်ပါစေ သူသည်လာလေသည်နှင့် သေခြင်းတရားကိုသာ ရင်ဆိုင်ရပေမည်။
ထို့ကြောင့် ချမ်ချန်ကန်းက သူတို့ကို ပြောလိုက်သည်။
“ဒီအရှင်မှာ ကိုယ်ပိုင်အစီအဉ်တွေရှိတယ်။ အစိမ်းရောင်တစ္ဆေအင်မော်တယ်ကို သတ်တာက အိတ်ကပ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သလိုပဲ။ မင်းတို့တွေဘာမှပူစရာမလိုဘူး။ ကိုယ့်အလုပ်ပဲကိုယ်သွားလုပ်ကြ ”
ဓားကိုးစင်းဂိုဏ်းနှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့က ချမ်ချန်ကန်း၏ ကိုယ့်အလုပ်ကိုသွားလုပ်ကြဟူသောစကားကို နားလည်မှုလွဲသွားကြပုံရသည်။
သူတို့သည် ချမ်ချန်ကန်းနှင့်စကားပြောပြီး တောင်ပေါ်ကဆင်းလာပြီးနောက် ဓားကိုးစင်းဂိုဏ်းသည် ၎င်းတို့၏အကာအကွယ်အစီရင်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် တည်ဆောက်ခဲ့သည်။
ထို့အပြင် ကောင်းကင်မြေခွေနတ်ဆိုးအင်ပါယာက နတ်ဆိုးဘုရင်ဆယ့်ရှစ်ပါးကို ဦးဆောင်ပြီး ဓားကို သွေးကာ ထောင်ချောက်များချပြီး အစိမ်းရောင်တစ္ဆေနှင့်နတ်ဆိုးအင်မော်တယ်အား ပိုက်ကွန်ထဲသို့ ခုန်ဆင်းလာစေရန် စောင့်ဆိုင်းနေကြသည်။
ချမ်ချန်ကန်းလည်း စကားမပြောနိုင်ဖြစ်သွားရသည်။ သူ အနည်းငယ်စိတ်ထိခိုက်မိသွားခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်သည် အင်မော်တယ်တစ်ပိုင်း ကျင့်ကြံသူဖြစ်သည်။ သူ့အတွက် ဓားကိုးစင်းဂိုဏ်းနှင့် တောင်ပေါင်းတစ်သိန်းတောင်တန်းတို့က သူ့ဘက်တွင်ရပ်တည်ကာ အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်ကို ဆန့်ကျင်ကြလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ၊ အကယ်၍ ချမ်ချန်ကန်းသာ ဤတိုက်ပွဲ၌ ကြေကွဲဖွယ်သေဆုံးသွားပါက ဓားကိုးစင်းဂိုဏ်းနှင့် တောင်ပေါင်းတစ်သိန်းတောင်တို့က အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ ဖျက်စီးခံရမှာ သေချာပေသည်။
ဟုတ်ပေသည်။ သူတို့သည် ချမ်ချန်ကန်းဘက်၌ ရပ်တည်ပြီး ကူညီလိုစိတ်က ချမ်ချန်ကန်းအပေါ် သူတို့၏ ကြီးမားသောယုံကြည်မှုကို ပြသနေပေသည်။
“ဝှစ် … ဝိုး … ဝိုး …. ဝိုး ”
တစ္ဆေတိမ်တိုက်များ ပေါ်လာခဲ့သည်။
ကောင်းကင်ကြီးတစ်ခုလုံးရှိ နေရောင်ခြည်ကိုပင် ဖုံးအုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သောလေပြင်းတစ်ခုက တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်လျောက် တိုက်ခက်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။
ပေါက်ကွဲထွက်နေသော မြစ်တစ်စင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အငွေ့သက်များက တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံးကို ပြည့်နှက်သွားပြီး အတွင်းရှိသတ္တဝါအားလုံးက ထိုအချင်းအရာကိုခံစားလိုက်ရသည်။
သူတို့သည် ချက်ချင်းဆိုသလိုပဲကျောရိုးတလျောက် အေးစိမ့်သွားပြီး ကောင်းကင်အထက်သို့ မော့ကြည့်လိုက်သည်။
ချမ်ချန်ကန်းကလည်း မော့ကြည့်ပြီး သူ့မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“မဲမှောင်သွားတာပဲ”
လင်းပေါင်အာက ခေါင်းညိတ်ပြီး သူမ၏သိမ်မွေ့သောမျက်ခုံးများက အနည်းငယ်တွန့်သွားသည်။
“ဆရာ အဲဒါက အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေဖြစ်နိုင်တယ်”
ပြောပြီးနောက် သူက လင်းပေါင်အာ၏ပခုံးပေါ်သို့ လက်တင်ကာ ဆေးဝါးစိုက်ခင်းဘေးမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ခဏတွင် သူတို့သည် ဖေးရှန့်တောင်၏ထိပ်ဖျား၌ ပေါ်လာခဲ့သည်။
တောင်ထိပ်တွင် ပြင်းထန်သောလေပြင်းများကြောင့် ချမ်ချန်ကန်း၏အနက်ရောင်ဆံပင်များက လေထုထဲတွင် လွင့်ပျံနေပြီး သူ၏တာအိုဝတ်ရုံမှာလည်း လှုပ်ခတ်နေပေသည်။
သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အဝေးကို စူးစိုက်ကြည့်နေသည်။ အဝေးကိုလှမ်းကြည့်လိုက်သည့်အခါ တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားပြီး ကြောက်စရာကောင်းသော တစ္ဆေခေါင်းကြီးတစ်ခုက ဆိုးဆိုးဝါးဝါးရယ်သံပြုကာ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ဝင်ရောက်လာခဲ့သည်။
“ရွမ်း .. … ရွမ်း … ရွမ်း … ရွမ်း “
ထို့အချိန်၌ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် တောက်ပသောဓားအလင်းတန်းကိုးခုပေါ်လာခဲ့ပြီး ထိုဆိုးဝါးသော တစ္ဆေခေါင်းကြီးကို ဖုံးအုပ်ထားသည့် အတုမရှိသောအစီရင်တစ်ခုဖန်တီးလိုက်ပေ၏။
ချမ်ချန်ကန်းက ပြောလိုက်သည်။
“ပေါင်အာ ဒါက မင်းတို့ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်အစီရင်လား ”
လင်းပေါင်အာက သူ့ဘေးတွင်ရပ်ကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်ဆရာ။ အဲဒါက အဖေတို့တွေ နဂါးဖိနှိပ်ခြင်းနဲ့ အင်မော်တယ်သတ်ဖြတ်ခြင်းအစီရင်ကို ဖွင့်လှစ်လိုက်တာပဲ”