အခန်း ၈၄
Vol. 7 Ch. 84
အခန်း (၈၄) မင်းအမေကတောင် မင်းကိုမမှတ်မိတဲ့အထိ ငါမင်းကိုပြင်းပြင်းထန်ထန်ရိုက်ပေးမယ်
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က အားမြောင်၏လည်ပင်းကို ဆုပ်ကိုင်ထားသည်။ အားမြောင်၏မျက်နှာလေးမှာ ဖြူဖျော့နေပြီး စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။
သူမ၏အမူယာမှာ အလွန်နာကျင်နေပြီး သေခြင်းတရား၏အငွေ့သက်က သူမကို လွမ်းခြုံထားသည်။ အားမြောင်၏နှလုံးသားထဲ၌ စိတ်ပျက်အားငယ်မူများ ပြည့်နှက်နေသည်။
*ဒါကသေခြင်းတရားရဲ့ အငွေ့သက်ပဲလား....မြောင်*
“အားမြောင်......”
ပိုင်ယွဲ့၊ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် နတ်ဆိုးဘုရင်များက အုပ်စုလိုက် ချက်ချင်းပဲရှေ့သို့ တက်လာကြသည်။
“ဟမ့် … မင်းတို့က မင်းတို့ကိုမင်းတို့အထင်ကြီးလွန်းနေကြတာပဲ”
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူ့လက်ကိုမြှောက်ပြီးဆုပ်ကိုင်လိုက်သည်။ ထိုအခိုက်တွင်အစိမ်းရောင်တစ္ဆေမြူခိုးများက လှိုင်ထလာပြီး အဆုံးမရှိသောမိုးကြိုးနှင့် လျှပ်စီးကြောင်းများက ငါးကြိမ် ဆက်တိုက်ပေါက်ကွဲထွက်လာကာ တစ္ဆေအမှုံအမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုလျှပ်စီးကြောင်းများသည် အလွန်လျင်မြန်ပြီး အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ “မိုကြိုးကြာပွတ်ငါးသွယ်အဆက်မပျက်တိုက်ခိုက်ခြင်း” အင်မော်တယ်နည်းစနစ်တစ်ခုဖြစ်သည်။
ထိုမိုးကြိုးကြာပွတ်ငါးသွယ်၏အောက်၌ တောင်များပြိုလဲသွားသည်။
ဤကဲ့သို့ အင်မော်တယ်နည်းနစ်အောက်၌ ကောင်းကင်မြေခွေနတ်ဆိုးအင်ပါယာနှင့် အခြားနတ်ဆိုးများက မည်ကဲ့သို့ခံနိုင်ရည်ရှိမည်နည်း။
သူတို့အားလုံး ရိုက်နှက်ခံလိုက်ရသည်။ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ဝိညာဉ်၏စွမ်းအားသည် ဤအခိုက်အတန့်၌ လုံးဝကို ပေါက်ကွဲထွက်လာတော့သည်။
မည်သူကမှ သူ့ပြိုင်ဘက်မဟုတ်ပေ။ ကံအားလျောစွာဖြင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာနှင့် အခြားနတ်ဆိုးများ၏ လုပ်ဆောင်ချက်ကြောင့် အားမြောင်တစ်ယောက် အသက်ရှုရန်အခွင့်အရေး ရလိုက်သည်။
သူမသည် ဝူကျိုးဒယ်စောက်ကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်သည်။ ဒယ်စောက်သည် ဧရာမတောင်ကြီးနှင့်တူပြီး အစတစ်သောင်းချဲ့ထွင်လိုက်သည့်အခါ ကောင်းကင်ထက်တွင် နေလုံးကိုပင် ဖုံးကွယ်ထားသည့် ဧရာမတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အားမြောင်၏မျက်ခုံးကြား၌ ရွှေရောင်သွေးတစ်စက်ထွက်ပေါ်လာခဲ့သည်။ ထိုသွေးစက်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကိုထုတ်လုပ်ပြီး တောက်ပစွာ လင်းထိန်နေသည်။
အားမြောင်သည် မည်သည့်လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရမှန်းမသိသော်လည်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ဝိညာဉ်၏ ဖမ်းဆုပ်ရာမှ ရုတ်တရက် လွတ်မြောက်သွားခဲ့သည်။
သူမပြန်ပေါ်လာသောအခါ သူမသည်မိုင်းပေါင်းရာချီ အကွာဝေးတွင်ရှိနေပြီဖြစ်သည်။ အားမြောင်၏ မျက်နှာလေးမှာ အလွန်ဖြူဖျော့နေပြီး သူမ၏ခန္ဓာကိုယ်လေးမှာ အားနည်းကာ ကောင်းကင်ယံမှ ပြုတ်ကျလူ့နီးပါးဖြစ်နေခဲ့သည်။
ကံကောင်းစွာပင် ပိုင်ယွဲ့ပေါ်လာပြီး အားမြောင်ကို ထောက်ပံ့ပေးလိုက်သည်။
“အားမြောင် အဆင်ပြေရဲ့လား”
အားမြောင်က အတင်းပြုံးပြပြီး
“အဆင်ပြေပါတယ်။ အဖေက ငါ့ကိုပေးထားတဲ့ အသက်ကယ်သွေးနဲ့ လွတ်မြောက်ခဲ့ရတာပဲ”
သူမက အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကိုကြည့်လိုက်သည်။ ဝူကျိုးဒယ်စောက်သည် ကြောက်မက်ဖွယ်ရာကောင်းသော မြူခိုးချည်မျှင်များစီးဆင်းနေပြီး အံအားသင့်ဖွယ်ရာ စွမ်းအားများကိုထုတ်လုပ်ကာ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို ဖိနှိပ်ထားခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်၏အမူအရာက ဝူကျိုးဒယ်စောက်ကို တွန်းလှန်ရင်း အေးစက်သွားခဲ့သည်။
သူ၏အရှိန်အဝါက ပို၍ပြင်းထန်လာခဲ့သည်။ ဝူကျိုးဒယ်စောက်သည် အစွမ်းထက်သော်လည်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်သည် ဤတစ်ကြိမ်၌ ပြင်ဆင်ထားသဖြင့် ထပ်မံ၍ ဒဏ်ရာရခြင်းမရှိတော့ပေ။
“ဝူကျိုးဒယ်စောက်က အကြာကြီးမထိန်းနိုင်တော့ဘူး။ မြန်မြန်ပြန်ရအောင် ”
“ကောင်းပြီ”
ဓားကိုးစင်းဂိုဏ်း၊ ပိုင်ယွဲ့၊ အားမြောင်၊ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာအပါအဝင် နတ်ဆိုးဘုရင်အုပ်စုတို့က အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ စွမ်းအားကိုမြင်တွေ့ခဲ့ရသည်။
ဤကဲ့သို့ကြောက်စရာကောင်းသော စွမ်းအားက သူတို့မလွန်ဆန်နိုင်မှန်းသူတို့သိလိုက်သည်။ ဤနေရာ၌ ကြာကြာနေမည်ဆိုပါက သူတို့အားလုံးသေသွားနိုင်ပေသည်။
သူတို့သည် မဆိုင်းမတွပဲ ဖေးရှန့်တောင်သို့ ဦးတည်သွားကြသည်။ ဝူကျိုးဒယ်စောက်၏ ဖိနှိပ်မှုအောက်တွင် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က ခေတ္တမလှုပ်ရှားနိုင်တော့ပေ။
သူ့အမူရာက ကြမ်းကြုတ်ပြီး သူ၏မျက်လုံးများက ပြင်းထန်လာသည်။
“ပုရွက်ဆိတ်တွေ မင်းတို့အားလုံးကိုငါစားတဲ့အထိစောင့်လိုက်စမ်း။ တစ်ကောင်မှအလွတ်ပေးမှာမဟုတ်ဘူး ”
ခဏအကြာတွင် ဝူကျိုးဒယ်စောက်၏စွမ်းအားက ကုန်ဆုံးသွားခဲ့သည်။
အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ်သည် ဝူကျိုးဒယ်စောက်မှလွတ်သွားသည့်အခါ ဒယ်စောက်ကို တစ်ကြိုက်တည်း မျိုချလိုက်သည်။
ထို့နောက် သူသည် ဓားကိုးစင်းဂိုဏ်းနှင့် နတ်ဆိုးအုပ်စုများပြေးသွားရာဆီသို့ လျှပ်စီးကဲ့သို့ အလျင်အမြန်ဖြင့် အင်မော်တယ်သက်တံအဖြစ် ပြောင်းလဲကာ လိုက်ပါသွားခဲ့သည်။
အဝေးတွင်ရှိသော ကောင်းကင်ယံထက်၌ ကျင့်ကြံသူများ၊ နတ်ဆိုးများနှင့် အခြားသောသရဲတစ္ဆေများ အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆွေးနွေးနေကြသည်။
“ဓားကိုးစင်းဂိုဏ်းနဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်းက နတ်ဆိုးဘုရင်တွေက အရမ်းကြောက်စရာ ကောင်းတာမှန်ပေမဲ့။ အစိမ်းရောင်ဆံပင်နဲ့တစ္ဆေအင်မော်တယ်ကိုတော့ ဒဏ်ရာရစေမယ်လို့ ငါမမျှော်လင့်ထားဘူး”
“အဲလိုမျိုးဖြစ်ပေမဲ့လည်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က လုံးလုံးလျားလျား ဒေါသထွက်နေတဲ့ပုံပဲ။ အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က သူတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး”
“ကြည့်စမ်း...ဓားကိုးစင်းဂိုဏ်းကလူတွေနဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်းက နတ်ဆိုးတွေဖေးရှန့် တောင်ကိုပြေးနေကြပါလား။ အင်မော်တယ်ဆယ့်နှစ်ပါးကို သတ်ဖြတ်ထားတဲ့ အင်မော်တယ်က အဲဒီတောင်ပေါ်မှာရှိနိုင်မလား ”
ဖေးရှန့်တောင်၏ တောင်ထိပ်၌ ချမ်ချန်ကန်း လင်းပေါင်အာနှင့်အမြီးလေးတို့က တိုက်ပွဲကိုစောင့်ကြည့် နေကြသည်။
လင်းပေါင်အာ၏အမူအရာက ပြောင်းလဲသွားသည်။
“ဆရာ နဂါးဖိနှိပ်ခြင်းအင်မော်တယ်သတ်ဖြတ်သူအစီအရင်က ပျက်စီးသွားပြီ။ အဖေနဲ့အခြားသူတွေ အဆင်ပြေပါ့မလား”
ချမ်ချန်ကန်းက လင်းပေါင်အာ၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
“စိတ်ပူမနေပါနဲ့ မင်းအဖေနဲ့အခြားသူတွေက မိုက်မဲတာမဟုတ်ဘူး။ သူတို့မနိုင်ရင်ပြန်လာကြလိမ့်မယ်”
ချမ်ချန်ကန်းသည် သူ့စိတ်ထဲတွင် မထိန်းနိုင်ပဲ သက်ပြင်းချလိုက်မိသည်။
ဟုတ်ပေသည်။ သူက သူတို့အားမည်သည်ကိုမှ မဖြစ်စေချင်ပေ။ အမှန်ပင် အင်မော်တယ်တစ်ပိုင်း အဆင့်က အလွန်ပဲအားကောင်းပေသည်။
ဓားကိုးစင်းဂိုဏ်းနှင့် တောင်ပေါင်းတစ်သိန်းတောင်တန်းက ကိုင်တွယ်ဖြေရှင်းနိုင်သည့်အရာမဟုတ်ပေ။ ချမ်ချန်ကန်းသည် ဖေးရှန့်တောင်တွင်သာ ပြိုင်ဘက်ကင်းပေသည်။ အပြင်ဘက်တွင် ချမ်ချန်ကန်းက သူတို့ကိုမကူညီနိုင်ပေ။
အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်က သူတို့ကိုမသတ်ခင် သူတို့ကဖေးရှန့်တောင်သို့ အမြန်ရောက်လာကြရန် မျှော်လင့်မိသည်။
“ဆရာ အဲဒါအဖေနဲ့အခြားသူတွေပဲ ”
ရုတ်တရက် လင်းပေါင်အာ၏ မျက်လုံးများက လင်းချင်ရှန်းနှင့် အခြားသူများဖေးရှန့်တောင်ကို ပြေးလာကြသည်ကိုတွေ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဖေးရှန့်တောင်သည် နဂါးဖိနှိပ်ခြင်းအင်မော်တယ်သတ်ဖြတ်သူအစီအရင် စိုက်ထူထားသည့် တိုက်ပွဲဝင်သည့်နေရာနှင့် သိပ်မဝေးလှပေ။
သူတို့က ဖေးရှန့်တောင်ကို အမြန်ပြန်ရောက်လာကြသည်။
“သူတို့ပြန်လာကြပြီ”
ချမ်ချန်ကန်း၏ မျက်လုံးများကအနည်းငယ် မှေးစင်းသွားခဲ့သည်။
ဓားကိုးစင်းဂိုဏ်းမှလူများနှင့် တောင်ပေါင်းတစ်သိန်းတောင်တန်းမှနတ်ဆိုးဘုရင်အုပ်စုက သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာကြသည်။
အတွေးတစ်ခုတည်းဖြင့် ချမ်ချန်ကန်း ဖေးရှန့်တောင်ထိပ်တွင်ပေါ်လာခဲ့သည်။
“စီနီယာ ကျွန်တော်တို့စီနီယာကို စိတ်ပျက်စေခဲ့ပြီ”
သူတို့က ချမ်ချန်ကန်းကိုကြည့်ပြီး အလွန်အပြစ်ရှိကြောင်း ခံစားလိုက်ရသည်။
မူလကတော့ သူတို့သည် စီနီယာကို ကူညီချင်ခဲ့သော်လည်း အင်မော်တယ်တစ်ပိုင်းအဆင့်က ဤမျှထိတ်လန့်ဖွယ်ကောင်းလိပ်မည်ဟု မည်သူမှမမျှော်လင့်ထားကြပေ။
နဂါးဖိနှိပ်ခြင်းအင်မော်တယ်သတ်ဖြတ်သူအစီအရင်နှင့် ဝူကျိုးဒယ်စောက်ကိုအသုံးပြုခြင်းကပင် သူ့အား မကိုင်တွယ်နိုင်ခဲ့ပေ။
သူတို့က စီနီယာကို အရှက်ရစေခဲ့ပေသည်။ ချမ်ချန်ကန်းက လူအုပ်စုကိုစစ်ဆေးကြည့်လိုက်သည်။ ဓားကိုးစင်းဂိုဏ်းဘက်တွင် လူတိုင်းနီးပါးဒဏ်ရာအပြင်းအထန်ရခဲ့ကြပြီး သူတို့ရဲ့အရှိန်အဝါများကလည်း အားနည်းနေပေသည်။
အထူးသဖြင့် လင်းဟိုင်၏ရင်ခွင်ထဲတွင်ကိုင်ထားသည့် အကြီးအကဲလင်းစုန်က သွေးများဖြင့်ဖုံးလွှမ်းပြီး မေ့လဲနေသည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းထဲမှ နတ်ဆိုးဘုရင်အုပ်စုအတွက် ၎င်းတို့၏နတ်ဆိုးစွမ်းအားများကို ဝူကျိုးဒယ်စောက်ထဲသို့ ထိုးသွင်းထားရသဖြင့် သူတို့၏မျက်နှာများမှာ ဖြူဖျော့ပြီး အားနည်းနေပေသည်။
အထူးသဖြင့် အားမြောင်သည် ဝူကျိုးဒယ်စောက်ကို အသက်သွင်းသူဖြစ်၍ သူမက အများဆုံးဒဏ်ရာရသူဖြစ်သည်။
သူမသည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်၏ လက်ထဲ၌ဖမ်းမိပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ လင်းစုန်ထက် ပို၍အဆင်ပြေသော်လည်း သူမ၏အသက်အငွေ့အသက်က အလွန်အားနည်းနေပေသည်။
ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။
“ဘာမှစိတ်ပျက်စရာမလိုဘူး။ အင်မော်တယ်တွေကိုသတ်ဖြတ်တာ ကိုင်တွယ်ရလွယ်တာမဟုတ်ဘူး။ ဘာမှအသေအပျောက်မရှိတာပဲ အဆင်ပြေတယ် ”
သူက အတွေးတစ်ခု ဖန်တီးလိုက်သည်။
ဤအင်မော်တယ်နယ်မြေ၌ ကြီးမားလှသော အင်မော်တယ်စွမ်းအားများက လူတိုင်း၏အထက်တွင် စုစည်းလာခဲ့သည်။
ထို့နောက် မိုးအဖြစ် သူတို့ပေါ်သို့ရွာချသွားခဲ့သည်။
မိုးရေစက်တိုင်းက အင်မော်တယ်စွမ်းအားများဖြင့် ပေါင်းစည်းထားပြီး အင်မော်တယ်ရေဟုပင်ခေါ်ရလောက်ပေသည်။
သူတို့ခန္ဓာကိုယ်ပေါ်သို့ မိုးရေစက်များ ကျဆင်းလာပြီးနောက် သူတို့၏ဒဏ်ရာများမှာ ပြန်လည်ကောင်း မွန်လာကာ သူတို့၏ခန္ဓာကိုယ်တွင်းက ကုန်ဆုံးသွားသောမှော်စွမ်းအားများကို အထောက်အကူဖြစ်စေခဲ့သည်။
“ကျေးဇူးတင်ပါတယ်စီနီယာ”
လူတိုင်းက ကျေးဇူးတင်ပြီး စိတ်ထဲ၌ ပို၍အပြစ်ရှိသလို ခံစားလိုက်ရသည်။
ချမ်ချန်ကန်းကို ကူမည့်အစား သူ့ကိုဒုက္ခပေးလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြပေ။
ဤအခိုက်အတန့်၌ အားမြောင်က ထပြောလိုက်သည်။
“စီနီယာ အင်မော်တယ်တစ္ဆေရဲ့အစွမ်းက အရမ်းသန်မာတာပဲ။ စီနီယာအင်မော်တယ်သတ်ဖြတ်သူတွေကြားမှာ သူက ထိပ်တန်းအဆင့်ပဲဖြစ်ရမယ်။ စီနီယာသတိထားရမယ်နော်.... မြောင်”
အားမြောင်က အရမ်းစိတ်ပူသွားသည်။
ဝူကျိုးဒယ်စောက်သည် စီရင်စုကိုးခုရှိ အရေးအကြီးဆုံးသော ရှေးဟောင်းပစ္စည်းများထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။
သူမ၏ဖခင်သည် ဝူကျိုးဒယ်စောက်ကို ပိုင်ဆိုင်ထားပြီး အရမ်းအစွမ်းထက်သော အင်မော်တယ်တစ်ပိုင်းအဆင့်များထဲတွင် သေချာပေါက်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သို့သော်လည်း အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်နှင့် ရင်ဆိုင်ရသည့်အခါ ထိုအင်မော်တယ်၏ စွမ်းအားက သူမကို လေးလေးနက်နက်ခံစားခဲ့ရပေသည်။
သူမအဖေသာ ဝူကျိုးဒယ်စောက်ကို ကိုင်ဆောင်ထားရင်လျှင်ပင် ဤအင်မော်တယ်လက်မှ လွတ်မြောက်မည်မဟုတ်ဟု သူမ ခံစားရပေသည်။
ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြုံးပြီးခေါင်းညိတ်လိုက်သည်။
“အင်မော်တယ်တစ်ပိုင်းအဆင့်ထဲမှာ ထိပ်တန်းအဆင့်လား။ ကောင်းပြီလေ ဒီအရှင်သတိထားလိုက်မယ်”
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်အထက်၌ ပြင်းထန်သောဟိန်းဟောက်သံတစ်ခုက ကောင်းကင်နှင့် မြေကြီးတလျောက် ပဲ့တင်ထွက်သွားခဲ့ပေသည်။
“မင်းတို့အားလုံး ဒီတောင်ကုန်းမှာ ပုန်းနေကြတာပဲ။ အင်မော်တယ်စစ်သူကြီးဆယ့်နှစ်ပါးကိုသတ်ခဲ့တဲ့ အင်မော်တယ်ဆိုတဲ့ သူရဲကောင်းက ဒီတောင်ပေါ်မှာရှိနေတာလား။ ဟမ်း.... ဒီကနေထွက်လာခဲ့စမ်း”
ဓားကိုးစင်းဂိုဏ်းကလူတွေက စိုးရိမ်နေကြသည်။ နတ်ဆိုးဘုရင်တွေကလည်း သူတို့စိတ်များလေးလံပြီး သူတို့လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အံကြိတ်နေကြသည်။
သို့တိုင် ချမ်ချန်ကန်းက သူ၏လက်နှစ်ဖက်ကို နောက်ကျောသို့ပစ်ပြီး အနီးအနားတွင် အကြောဆန့်ကာ အစိမ်းရောင်ဆံပင်နှင့် အင်မော်တယ်တစ္ဆေကိုကြည့်ကာ တိုးတိုးလေးရေရွတ် လိုက်မိသည်။
“အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က တကယ့်ကိုမာနကြီးတာပဲ။ နောက်မှ မင်းအမေတောင် မင်းကိုမမှတ်မိအောင် ငါမင်းကိုရိုက်သတ်ပေးမယ်”
(စာကြွင်း- မူရင်းစာရေးသူထံမှ) မဟာအကြီးအကဲကို ရှေ့အခန်းမှာ သေတယ်လို့ရေးခဲ့ပေမယ့် ကြေကွဲစရာအဖြစ်အပျက်မလိုချင်သဖြင့် ဒဏ်ရာရသွားကြောင်းသား ပြန်လည်ဖြည့်စွက်ရေးသားလိုက်ရပါတယ်။