အခန်း ၉၁
Vol. 8 Ch. 91
အခန်း (၉၁)ကောင်းကင်ဘုံ၏ လူဝင်စားခြင်း၊ ကောင်းကင်ဘုံရဲ့သားတော်လား
ရိုးရိုးသားသားပြောရလျှင် ကျန်းယုချန်၏ စိတ်ထဲ၌ အောက်ဘုံ၌ ဤကဲ့သို့ အင်မော်တယ်စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်လူတစ်ဦးနှင့် ဆက်သွယ်ရန် မူလက စဉ်းစားခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့် သုံးရက်တာလုံးလုံး သူမက ချမ်ချန်ကန်း၏ သတင်းများကိုပင် စုံစမ်းနေခဲ့ပြီး တံခါးဝသို့ ရောက်လာခြင်းမရှိပေ။
သို့ပေမဲ့ ယခုမူ အခြားနည်းလမ်းမရှိတော့သည်မှာ ထင်ရှားသည်။ ကျူးရှိူ့တိုက်ကြီး၏ ဥပဒေဿအရ သူမသည် ကျူးရှိူ့တိုက်ကြီး၌ အချိန်ကြာကြာ မနေနိုင်ပေ။ သူမလိုချင်သည်ကို ရဖို့အတွက် ကိစ္စကို အမြန်ဆုံးပြီးအောင် လုပ်ရပေမည်။
သူမသည် ဖေးရှန့်တောင်ကို ကြည့်ရင်း စိတ်ထဲ၌ မငြိမ်မသက်မှုများကို ထိန်းချုပ်ပြီး ဖေးရှန့်တောင်ခြေ၌ ပေါ်လာခဲ့သည်။ ဤတစ်ခေါက် သူမသည် သူမ၏ကျင့်ကြံခြင်းကို ဖိနှိပ်ထားခြင်းမရှိဘဲ အင်မော်တယ်စွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပဲ တောင်ပေါ်တွင်ရှိနေသော နတ်ဆိုးများက ခံစားမိလိုက်ကြသည်။ ထိုနတ်ဆိုးများလည်း ကြောက်လန့်သွားကြသည်။
“အင်မော်တယ် အငွေ့အသက်။ နောက်ထပ် အင်မော်တယ် တစ်ပါး ရောက်လာပြန်တာလား။ စီနီယာနဲ့ လာပြီးတော့ စာရင်းရှင်းတာပဲလား”
နတ်ဆိုးများက အလွန်အမင်း စိတ်ပူသွားကြသည်။ ကံကောင်းစွာပင် ကျန်းယုချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါက တည်ငြိမ်ပြီး သတ်ဖြတ်လိုသည့် စိတ်ဆန္ဒမရှိသောကြောင့် သူတို့၏ စိတ်ထဲ၌ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။
ထို့အပြင် သူမသည် အထက်ဘုံမှ ရောက်လာသည်ဆိုသော်လည်း မာန်မာနကြီးပြီး ရိုင်းစိုင်းခဲ့ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ သူမသည် ချမ်ချန်ကန်း၏ ခွန်အားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖူးခဲ့ပေသည်။ သူမသာ ဤနေရာ၌ ရိုင်းစိုင်းပါက သူမ သေဖို့သာ ရှိပေသည်။
“ကျေးဇူးပြုပြီး အသိပေးပေးပါ။ ရွှယ်ဝူအင်မော်တယ်နယ်မြေ၊ ကျန်းမိသားစုရဲ့တပည့် ကျန်းယုချန်က စီနီယာ့ကို လာရောက်တွေ့ဆုံပါတယ်”
ကျန်းယုချန်၏ မျက်နှာက အစစ်အမှန်လား၊ အစစ်အမှန် မဟုတ်ဘူးလားဆိုတာကို ဝေခွဲရခက်နေသည်။ ကျန်းယုချိန်သည် သူမ၏မျက်နှာကို ဖုံးအုပ်ထားပြီး အတုလား၊ အစစ်လား၊ အိပ်မက်လား၊ တကယ်လားဆိုတာ ဝေခွဲရခက်အောင် ဖန်တီးထားပေသည်။
အကယ်၍ ကျန်းယုချန်၏ မျက်နှာကိုသာ နတ်ဆိုးအုပ်စုရှေ့၌ ဖော်ထုတ်လိုက်မည်ဆိုပါက မရေတွက်နိုင်သော နတ်ဆိုးများ၏ ချစ်ခင်နှစ်သက်မှုကို လှုံ့ဆော်ပေးလိုက်သည်မှာ အသေအချာပင်ဖြစ်သည်။
ထိုနတ်ဆိုးများသည် ပေါ့ပေါ့တန်တန် သဘောမထားရဲဘဲ ဖေးရှန့်တောင်ပေါ်သို့ အလျင်အမြန်တက်ကာ ချမ်ချန်ကန်းကို သတင်းပို့လိုက်သည်။
ချမ်ချန်ကန်းလည်း ထိုသတင်းကို ကြားသောအခါ အံ့အားသင့်သွားသည်။ မမျှော်လင့်ထားဘဲ အထက်ဘုံမှ အင်မော်တယ်တစ်ပါးက ရောက်လာပြန်သည်။
တစ်ခြားတစ်ဖက်တွင်တော့ လင်းပေါင်အာက ကျူးယန် အင်မော်တယ်သစ်သီးတစ်လုံးကိုကိုင်ပြီး စားရင်းပြောလိုက်သည်။
“ဆရာ ဘာလို့ အင်မော်တယ်တွေက ဖေးရှန့်တောင်ကိုပဲ လာနေရတာလဲ”
ချမ်ချန်ကန်းက သူ့ခေါင်းကို ခါယမ်းပြီး နောက်ထပ် အင်မော်တယ်ရေကန်ထဲက နဂါးငါးကြင်းတစ်ကောင်ကို ဖမ်းလိုက်သည်။
“ဘာကိစ္စပဲလာလာပေါ့။ သတ်ခံချင်လို့ လာတယ်ဆိုရင်တော့ သူမကိုလည်း သတ်ပေးရတာပေါ့”
“ဆရာ အမှန်ဆုံးပဲ”
ပြိုင်ဘက်ကင်းနယ်မြေထဲ၌ ချမ်ချန်ကန်းက မည်သည့်အရာကိုမှ စိုးရိမ်ခြင်းမရှိပေ။ ပြိုင်ဘက်ကင်းနယ်မြေကို အဆင့်မြှင့်တင်ရန် နယ်မြေတန်ဖိုးကလည်း အနည်းငယ်လိုအပ်နေသေးပေသည်။
ဖေးရှန့်တောင်ခြေ၏ ခြေရင်း၌ ကျန်းယုချန်က ချမ်ချန်ကန်းထံမှ ခွင့်ပြုချက်ကို ရသောအခါ သက်ပြင်းချလိုက်မိသည်။ သူမသည် ဖေးရှန့်တောင်ထဲသို့ ဝင်ရောက်လာသောအခါ ချက်ချင်းဆိုသလိုပဲ ရပ်တန့်သွားခဲ့ပြီး သူမ၏ လှပသော မျက်လုံးလေးများမှ တုန်လှုပ်မှုကို မဖုံးကွယ်နိုင်တော့ပေ။
“အင်မော်တယ် နယ်မြေ….၊ အရမ်းကို ကြွယ်ဝပြီး အရမ်းကို ခမ်းနားလိုက်တာပဲ”
ဤကဲ့သို့ ကြွယ်ဝခမ်းနားသည့် အင်မော်တယ်စွမ်းအားများ၏ အောက်၌ ကျန်းယုချန်က အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
“ဒါက တကယ့်ကို အင်မော်တယ်နယ်မြေပဲ ဖြစ်ရမယ်။ ငါတို့ ကျန်းမိသားစုရဲ့ အင်မော်တယ်နယ်မြေတောင်မှ ဒီဖေးရှန့်တောင်မှာရှိတဲ့ အင်မော်တယ်စွမ်းအင်တွေလိုမျိုး ခမ်းနားထည်ဝါမှုမျိုးမရှိဘူးပဲ”
ထိုအခိုက် ကျန်းယုချန်၏ စိတ်ထဲ၌ မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာခဲ့သည်။ ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ ကျန်းမိသားစုသည် ထိပ်တန်းအင်မော်တယ်မိသားစုတစ်ခု ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအင်မော်တယ်နယ်မြေက ရွှယ်ဝူအင်မော်တယ်နယ်မြေတစ်ခုလုံး၌ ထူးခြားပေသည်။
သို့သော် သူမသည် ဖေးရှန့်တောင်သို့ လာသည့်အခါ၌ ဤနေရာက ပို၍ထူးခြားသည်ဟု ခံစားလိုက်ရသည်။
*ဒီအင်မော်တယ်နယ်မြေရဲ့ အရည်အသွေးက ကျန်းမိသားစုမှာရှိတဲ့ အင်မော်တယ်နယ်မြေထက် မနိမ့်ကျတဲ့အပြင် အဆပေါင်းများစွာတောင် ပိုပြီးသန်မာသေးတယ်*
ဤအချင်းအရာက ကျန်းယုချန်ကို ဘယ်လိုလုပ် အံ့အားမသင့်ဘဲ နေမည်နည်း။ ထို့ကြောင့် ကျန်းယုချန်က ချမ်ချန်ကန်း၏ မူရင်းဇာစ်မြစ်ကို ပို၍သိချင်လာမိသည်။
“အောက်ဘုံမှာ အင်မော်တယ်နယ်မြေတစ်ခုရှိနေတာလား”
ချမ်ချန်ကန်းအပေါ် စူးစမ်းလိုစိတ်နှင့်အတူ ကျန်းယုချန်က တောင်ပေါ်သို့ လမ်းလျှောက်တက်လာခဲ့သည်။ မကြာခင်မှာပဲ သူမက သက်ရှည်ဘုရားကျောင်းသို့ ရောက်လာခဲ့သည်။
“စီနီယာ”
ကျန်းယုချန်က ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
“ဝင်ခဲ့”
ချမ်ချန်ကန်း၏ အသံက ထွက်ပေါ်လာခဲ့သည်။
ကျန်းယုချန်က အသက်ပြင်းပြင်း ရှူထုတ်လိုက်မိသည်။ အစောပိုင်း၌ သူမသည် ချမ်ချန်ကန်းက အစိမ်းရောင်ဆံပင်နှင့် နတ်ဆိုးအင်မော်တယ်ကို တစ်ချက်တည်းနှင့် သုတ်သင်ခဲ့ရတာကို မြင်ခဲ့ရပေသည်။
ချမ်ချန်ကန်းသည် အောက်ဘုံတွင်ရှိသည့် သေးငယ်သည့် အင်မော်တယ်သတ်ဖြတ်သူတစ်ပါးလို့ သူမက ထင်ခဲ့မိသဖြင့် ချမ်ချန်ကန်းကို မကြောက်ခဲ့ပေ။ သို့ပေမဲ့ ယခု ချမ်ချန်ကန်းက အစိမ်းရောင်ဆံပင်နှင့် နတ်ဆိုးအင်မော်တယ်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီး ဖေးရှန့်တောင်ကို ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမသည် ချမ်ချန်ကန်းတစ်ယောက် အောက်ဘုံ၌ ကိုယ်ပိုင်ကျင့်ကြံခြင်း အင်မော်တယ်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားကြောင်း မြင်လိုက်ရသည်။ ဒီလိုမျိုး စွမ်းအား၊ ဒီလိုမျိုးနောက်ခံဖြင့်ဆိုပါက သူမက ချမ်ချန်ကန်းကို မထီမဲ့မြင် မလုပ်ရဲတော့ပေ။
ကျန်းယုချန်၏ စိတ်ထဲ၌ ချမ်ချန်ကန်းသည် ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုအထက်၌ ပြန်လည်မွေးဖွားလာခြင်းသာ ဖြစ်သည်ဟု ယူဆလိုက်မိသည်။ ကောင်းကင်တာအို၏ ခွင့်ပြုချက်သာ မရှိပါက ချမ်ချန်ကန်းက အောက်ဘုံ၌ အင်မော်တယ်အဖြစ် ပြန်လည်မွေးဖွားနိုင်မည် မဟုတ်ပေ။
ချမ်ချန်ကန်း၏အနီးတွင် ကလေးမလေးတစ်ယောက်ရှိနေပြီး သူမ၏ ဘေးနားတွင်တော့ ကျူးယန် င်မော်တယ်အစေ့ အနည်းငယ်ရှိသည်။ ဤအင်မော်တယ်သစ်သီးတွေက အထက်ဘုံ၌ပင် ဘယ်လောက်တောင် အဖိုးတန်လဲဆိုတာ သိဖို့လိုပေသည်။
သို့ပေမဲ့ သူမသည် အထက်ဘုံ၌ နတ်သစ်သီး ဆယ့်နှစ်လုံးကျော်သာ ရှိကြောင်း ခန့်မှန်းမိသေးသည်။ ယခုမူ ကျူးယန် အင်မော်တယ်သစ်ပင်ပေါ်၌ အသီးများအားလုံး စားကုန်သွားပြီး သုံးလုံးသာ ကျန်တော့ပေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းယုချန်၏ နှလုံးသားက သွေးများယိုကျလာသလို ခံစားလိုက်ရပြီး ဘာစကားမှ မပြောနိုင်တော့ပေ။ ကံကောင်းစွာဖြင့် အပင်ပေါ်၌ ကျူးယန်အင်မော်တယ်သစ်သီး သုံးလုံးကျန်နေသောကြောင့် ကျန်းယုချန်က သက်ပြင်းချလိုက်သည်။ ဤသုံးလုံးကိုပါ စားလိုက်မည်ဆိုပါက ကျန်းယုချန်က အမှန်တကယ် လက်လျှော့လိုက်ရပေတော့မည်။
သူမက အသက်ပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ဦးညွှတ်လိုက်သည်။
“ကျွန်မက ရွှယ်ဝူ အင်မော်တယ်နယ်မြေ၊ ကျန်းကလန်ရဲ့တပည့် ကျန်းယုချန်ပါ။ ကျွန်မ ဒီနေ့ စီနီယာကို လာရောက်တွေ့ဆုံတာပါ”
ထိုအချိန်၌ ငါးမျှားတံက တုန်ခါသွားပြီး ချမ်ချန်ကန်းက လက်မြှောက်လိုက်သောအခါ နောက်ထပ် ငါးကြင်းငါးတစ်ကောင်က ရေထဲက ထွက်လာခဲ့သည်။ ဤအခါမှ ချမ်ချန်ကန်းက သူမကို လှည့်ပြီး ကြည့်လိုက်သည်။
ပြိုင်ဘက်ကင်းနယ်မြေထဲ၌ ချမ်ချန်ကန်းက ကျန်းယုချန်၏ မျက်နှာကို မြင်လိုက်ရသောအခါ ရုတ်တရက် အံ့အားသင့်သွားသည်။ သူ မချီးကျူးဘဲ မနေနိုင်တော့ပေ။
*ဖီးနစ်မျက်လုံးတွေလိုမျိုး မျက်လုံးထောင့်က ကွေးနေပြီး အထဲမှာ ပယင်းရောင်သမ်းနေတယ်။ နှုတ်ခမ်းတွေကလည်း ချယ်ရီသီးလိုပဲ ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေတာပဲ။ အထက်ဘုံမှာ ဒီလိုမျိုးလှပတဲ့ မိန်းမတစ်ယောက် ရှိနေတာပဲ*
ဟုတ်ပေသည်။ ကျန်းယုချန်သည် ရွှယ်ဝူ အင်မော်တယ်နယ်မြေတစ်ခုလုံး၌ အလှဆုံးဖြစ်ကြောင်း သိထားရပေမည်။