အခန်း ၉၄
Vol. 8 Ch. 94
အခန်း (၉၄)ဒီအမျိုးသမီးက လှပပေမယ့် စိတ်အခြေအနေ ပုံမှန်မဟုတ်တာက သနားစရာပဲ
ချမ်ချန်ကန်းသည် အမြီးလေးနှင့် လင်းပေါင်အာကို မကူညီနိုင်ဘဲ မေးလိုက်သည်။
“မင်းတို့ရော အေးလား”
အမြီးလေးနှင့် လင်းပေါင်အာတို့က ခေါင်းခါယမ်းလိုက်သည်။
အလွန်ပူနေပေသည်။ အပူချိန်က သင့်လျော်သည်။ သူတို့အတွက် တစ်ရေးတစ်မောအိပ်ရန် အလွန်သင့်လျော်ပေသည်။
သူတို့သည် စူးစမ်းချင်စိတ်ဖြင့် တုန်လှုပ်နေသော ကျန်းယုချန်ကို ကြည့်လိုက်မိသည်။ လက်ရှိ ကျန်းယုချန်က အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ချမ်ချန်ကန်းက အကူအညီမဲ့စွာဖြင့် ထပ်မေးလိုက်သည်။
“ကျန်းယုချန်..မင်းတကယ်ကော အဆင်ပြေရဲ့လား”
“စီနီယာ... စီနီယာ… ကျွန်မ လုပ်စရာရှိလို့ အရင်သွားလိုက်ပါဦးမယ်”
ကျန်းယုချန်သည် ငါးကင်ကို နှစ်ချက်ဆက်ကိုက်ပြီး ချက်ချင်းလက်စသတ်ကာ တုန်လှုပ်သော လေသံဖြင့် ပြောလိုက်သည်။ သူမရှေ့က လူသည် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သူမ ပြောနိုင်ပေသည်။ လောင်းကြေးပင် ထပ်နိုင်ပေသည်။
သူမသည် ရွှယ်ဝူအင်မော်တယ်နယ်မြေကို အမြန်ပြန်ပြီး မိသားစုကို အကြောင်းကြားရပေမည်။ ယခုပင် သူမ၏အသက်အတွက် စိုးရိမ်လာမိသည်။
“ပြန်တော့မလို့လား”
ချမ်ချန်ကန်းက အလွန်အံ့အားသင့်သွားသည်။
“မင်းပဲ ကျူးယွမ်အင်မော်တယ်သစ်သီးနဲ့ လဲလှယ်မလို့ မဟုတ်ဘူးလား”
ကျန်းယုချန်၏ မျက်နှာလေးမှာ သွေးများဖြူဖျော့နေပြီး တစ်ကိုယ်လုံးက အေးစက်ကာ ချွေးစေးများလည်း စိုရွှဲနေသည်။ သူမ၏ လှပသော မျက်နှာလေးက ယခုအချိန်၌ လုံးဝကို ဖြားယောင်းမြူဆွယ်နေဟန်ရှိပြီး သူမသည် ချမ်ချန်ကန်းကို မော့ကြည့်ရန် သတ္တိပင်မရှိပေ။ ချမ်ချန်ကန်း၏ဝိသေသေလက္ခဏာကို သူမ ရှာတွေ့သွားကြောင်း သတိပြုမိရန် သူမ စိုးရိမ်နေမိသည်။
*စီနီယာရဲ့ မူလဇာစ်မြစ်က တကယ့်ကို ဒီလိုမျိုးဖြစ်နေတာပဲ*
သူမသည် အသက်ပြင်းပြင်းရှူထုတ်ရုံမှတစ်ပါး မကူညီနိုင်ပေ။ အလွန်အမင်း ကြောက်လန့်နေမိသည်။
“စီနီယာ... စီ... စီနီယာ ပြောသလိုပဲ လဲ... လဲလှယ်ပါ့မယ်”
ကျန်းယုချန်သည် သူမ၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကို အမြန်ချွတ်ပြီး မစဉ်းစားဘဲ အင်မော်တယ်စည်းတံဆိပ်ကို ဖယ်ရှားလိုက်သည်။
“စီနီယာ...ဒီလက်စွပ်ထဲမှာရှိတဲ့ အင်မော်တယ်လက်နက်တွေ၊ အင်မော်တယ်ဆေးဝါးတွေ၊ အင်မော်တယ်ကျောက်တုံးတွေ အကုန်လုံးက စီနီယာ့အတွက်ပါပဲ။ အကုန်လုံး စီနီယာ့အတွက်ပါ”
ချမ်ချန်ကန်းသည် နေမကောင်းပုံရပြီး ထူးဆန်းသော အမူအရာဖြစ်နေသော ကျန်းယုချန်ကိုကြည့်ကာ လက်စွပ်ကို လှမ်းရန် ခြေလှမ်းပြင်လိုက်သည်။
“ရှင်... ရှင်... ရှင် ရှေ့တိုးမလာနဲ့နော်”
ချမ်ချန်ကန်းက တိုးလာသည်ကို မြင်သောအခါ ကျန်းယုချန်က အလွန်အမင်း ထိတ်လန့်သွားပြီး သူမ၏မျက်နှာမှာ ဖြူဖျော့သွားကာ ချမ်ချန်ကန်းက သူမကို သတ်ပစ်တော့မည်ဟု တွေးမိပြီး နောက်ပြန်ဆုတ်သွားသည်။
လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကြောင်အနေမိသည်။ ဆရာက ဒီလှပတဲ့အစ်မကို တစ်ခုခုများလုပ်ခဲ့တာလားဟု သူတို့က သံသယဝင်နေမိကြသည်။
ချမ်ချန်ကန်းလည်း စကားမပြောနိုင်ဘဲ ဆွံ့အသွားပြီး မေးလိုက်မိသည်။
“အလှလေး ငါက မင်းကြောက်ဖို့ အရမ်းများ ရုပ်ဆိုးနေတာလား။ ငါတကယ်ပဲ ရုပ်ဆိုးနေတာလား”
ချမ်ချန်ကန်း၏ မျက်နှာက အနည်းငယ် ရုပ်ဆိုးသွားသည်။
*မင်းကြိုက်သလို ပြောနိုင်တယ်။ ဒါပေမဲ့ ငါ့ကို ရုပ်ဆိုးတယ်လို့တော့ လာမပြောနဲ့။ ဘာပဲဖြစ်ဖြစ် ငါ့မျက်နှာက ထောင်ပေါင်းများစွာသော မိန်းကလေးတွေကို ဆွဲဆောင်နိုင်မယ်ဆိုတာ ငါသိတယ်။ မင်းကိုယ်မင်း လှတယ်ဆိုပြီးတော့ ငါ့ကို ရုပ်ဆိုးတယ်လို့ လာမပြောနဲ့*
ချမ်ချန်ကန်း၏ ချဉ်းကပ်မှုကြောင့် ထိတ်လန့်တုန်လှုပ်နေသော ကျန်းယုချန်သည် ချမ်ချန်ကန်း၏ မျက်နှာကို မြင်သောအခါ သူမက ပို၍ကြောက်လန့်သွားပြန်သည်။ သူမက ပြင်းပြင်းထန်ထန် ထိတ်လန့်သွားပြီး ငါသေတော့မယ်ဆိုသည့် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
ကျန်းယုချန်သည် စိတ်လှုပ်ရှားလွန်းနေသဖြင့် ချမ်ချန်ကန်းကို ဖျော့တော့သော အကြည့်လေးဖြင့် ကြည့်လိုက်မိသည်။ ဤအမြင့်မြတ်ဆုံး ဖြစ်တည်မှုကို ရင်ဆိုင်ရရင်း ကျန်းယုချန်သည် အသက်ရှူရန် မေ့လျော့သွားကာ သတိလစ်သွားတော့သည်။
ချမ်ချန်ကန်း “…..”
လင်းပေါင်အာနှင့် အမြီးလေး “…..”
မြေပေါ်တွင် လဲနေသော ကျန်းယုချန်ကို ကြည့်ပြီး ချမ်ချန်ကန်း၏ နှုတ်ခမ်းမှာ တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။ သူက သူ့မျက်နှာကို အမှတ်မထင်ကိုင်ပြီး ရေရွတ်လိုက်သည်။
“ငါ တကယ်ပဲ ရုပ်ဆိုးနေတာလား”
ကျန်းယုချန် မေ့လဲမသွားခင် သူ့ကိုကြည့်လိုက်သော အကြည့်ကြောင့် ချမ်ချန်ကန်းက သူ့ကိုယ်သူ လေးလေးနက်နက် သံသယဝင်လာမိသည်။ သူက လင်းပေါင်အာနှင့် အမြီးလေးကို ကြည့်ပြီး မေးလိုက်သည်။
“ပေါင်အာ... အမြီးလေး...ဆရာ တကယ်ရုပ်ဆိုးနေတာလား”
လင်းပေါင်အာသည် သူမ၏ ထက်မြက်သော မျက်လုံးလေးများကို မှေးစင်းထားပြီး ခေါင်းခါယမ်းလိုက်သည်။
“ဆရာ... ဆရာ လုံးဝ ရုပ်မဆိုးဘူး”
“တကယ်ပဲလား”
သူမက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်”
အမြီးလေးကလည်း ခေါင်းညိတ်ပြလိုက်သည်။
“ယ... ယ... ယ... ယ…”
အမှန်အတိုင်းပြောရလျှင် ချမ်ချန်ကန်း၏ ပုံပန်းသွင်ပြင်က ရုပ်ဆိုးခြင်းမရှိပေ။ သူသည် သွယ်လျပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ရုပ်ရည်က မချောမောပေမဲ့လည်း နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းသည်ဟု ပြောနိုင်ပေသည်။
အမြီးလေးဖြစ်စေ၊ လင်းပေါင်အာဖြစ်စေ၊ အပြင်ဘက်တွင် ရှိသော ကျင့်ကြံသူများ၏ နှလုံးသားထဲတွင်ဖြစ်စေ၊ နတ်ဆိုးဘုရင်တို့၏ နှလုံးသားထဲတွင်ဖြစ်စေ ချမ်ချန်ကန်း၏ ရုပ်ရည်သည် ပြိုင်ဘက်ကင်း အင်မော်တယ်အရှင်သခင်တစ်ပါးသာဖြစ်သည်။ သူ၏ခွန်အားကို မပြဘူးဆိုလျှင်ပင် သူ၏ရုပ်ရည်ကပင် အံ့ဩလောက်အောင် ပြိုင်ဘက်ကင်းသည်ဟု ဝိုင်းဝန်းသတ်မှတ်ကြပေလိမ့်မည်။
အမြီးလေးနှင့် လင်းပေါင်အာတို့၏ စကားကြောင့် ချမ်ချန်ကန်းက နောက်ဆုံး၌ ယုံကြည်မှု ပြန်လည်ရရှိလာခဲ့သည်။ သတိလစ်နေသော ကျန်းယုချန်ကို ကြည့်ရင်း သူ့စိတ်ထဲ၌ အတွေးတစ်ခု တွေးလိုက်မိသည်။
“ဒီအမျိုးသမီးက လှပပေမဲ့ စိတ်ကျန်းမာရေးဖြစ်နေတာပဲ”
ချမ်ချန်ကန်းသည် အင်မော်တယ်များပင်လျှင် စိတ်ကျန်းမာရေးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချမ်ချန်ကန်းသည် သတိလစ်သွားသော ကျန်းယုချန်ကို စာနာစိတ်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
တစ်ချိန်၌ လင်းပေါင်အာက “ဆရာ၊ သူက ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
“မသိဘူး။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိလို့ပဲ ဖြစ်လိမ့်မယ်”
ချမ်ချန်ကန်းက မှန်းဆလိုက်သည်။
အမြီးလေးနှင့် လင်းပေါင်အာတို့သည် ချမ်ချန်ကန်း၏ မြင့်မြတ်သော အသုံးအနှုန်းအများစုကို နားမလည်သော်လည်း အနည်းငယ် နားလည်ပေသည်။
“ကျန်းယုချန်က နေမကောင်းဖြစ်နေတာပဲ”
လင်းပေါင်အာက မေးလိုက်သည်။
“ဆရာ...အင်မော်တယ်တွေက အရမ်းသန်မာတာလေ။ သူတို့လည်း ဖျားလို့လား”
ချမ်ချန်ကန်းက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
“အင်မော်တယ်တွေလည်း ထာဝရအသက်ရှင်တယ်လို့ မထင်နဲ့။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေခြင်း၊ ချစ်ခြင်း၊ နာကျင်ခြင်း၊ ခွဲခွာရခြင်း၊ နာကျည်းခြင်း၊ အဲဒီစိတ်ခံစားချက်တွေအကုန်လုံးက အင်မော်တယ်တွေမှာ ရှိတာပဲလေ။ အင်မော်တယ်တွေမှာလည်း ဒီလိုမျိုးပြဿနာအချို့ရှိတာ ပုံမှန်ပဲ”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်စွမ်းအားအောက်၌ လင်းပေါင်အာနှင့် အမြီးလေးတို့က မဟာတာအို၏ လေးနက်သော အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားပြီး ထိတ်လန့်တကြားဖြစ်သွားကြသည်။
*ဆရာကြီးက တကယ့်ကို ဆရာကြီးဖြစ်ထိုက်တာပဲ။ သူရဲ့ ကျပန်းစကားကပဲ တာအိုရဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်*
လင်းပေါင်အာနှင့် အမြီးလေးတို့ နှစ်ယောက်စလုံးက ချမ်ချန်ကန်း၏ စကားထဲမှ တစ်စုံတစ်ခုကို သင်ယူနိုင်ခဲ့ကြသည်ကို ချမ်ချန်ကန်းက မသိပေ။ သူက စိတ်ထဲမှ တွေးရင်း ပြောလိုက်သည်။
*ဒီ 36 D ဆိုဒ် အတွက်ကတော့ တကယ့်ကို သနားစရာပဲ။ အလှလေးက တကယ့်ကို သနားစရာကောင်းတာပဲ။ ဘုရားသခင်က တကယ့်ကို တရားမျှတတယ်လို့ ထင်တယ်*