အခန်း ၉၅
Vol. 8 Ch. 95
အခန်း (၉၅) ဝူကျိုးပြည်နယ်၏ လှုပ်ရှားမှု၊ မြို့တော်ကြီးမှ နတ်ဆိုးဘုရင် သုံးပါး။
ကျူးရှိူ့တိုက်ကြီး၏ မြို့တစ်ခုဖြစ်သော ယွင်ကျိုးပြည်နယ်။
ထိုနေရာသည် တိမ်တိုက်များ၊ မြူခိုးများ၊ ရေငွေ့များဖြင့် ဝန်းရံထားပြီး ဆယ်မိုင်လျှင် ချောင်းတစ်ခု၊ မိုင်တစ်ရာလျှင် မြစ်တစ်စင်း၊ နေရာတိုင်းတွင် စိမ်းလန်းသော တောင်များနှင့် ရေကန်များရှိကာ နဂါးငါးကြင်းများကလည်း လွန်စွာပေါများကြောင်း တွေ့ရပေသည်။
ဘုန်း...
ရုတ်တရက်ဆိုသလို ကောင်းကင်မှ တိမ်များ ပြိုကွဲသွားပြီး ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ယွင်ကျိုးပြည်နယ်၏ အလွန်နက်ရှိုင်းသော နေရာမှ ကြောက်မက်ဖွယ်ရာကောင်းသော သားရဲကြီးတစ်ကောင် ထွက်ပေါ်လာပြီး ပြည်နယ်သို့ ဦးတည်သွားခဲ့သည်။
အူး...
ရှည်လျားသော တူရိယာသံကြီးက ကောင်းကင်နှင့် မြေပြင်ကြီးကို ဖောက်ခွဲထွက်သွားခဲ့သည်။ ၎င်းသည် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသည့် ဧရာမကြေးဝါရောင် သင်္ဘောကြီးဖြစ်ပြီး ကြေးရောင်အလင်းတန်းများက တစ်ဖျပ်ဖျပ် တောက်ပနေကာ ကြည့်ရှုသူများကို အလွန်စိတ်ဖိစီးမှု ဖြစ်စေခဲ့သည်။
ယွင်ကျိုးပြည်နယ်တွင် ရှိသော ကျင့်ကြံသူတစ်ဦးက ထိုသင်္ဘောကြီးကို မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ဦးက ထိတ်လန့်တုန်လှုပ်နေသော အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
“ဒါ... ဒါက ဝူကျိုးပြည်နယ်ရဲ့ သခင်ရဲ့ ရွှေမြူခိုးအင်မော်တယ်သင်္ဘောပဲ။ ဒီရွှေမြူခိုးအင်မော်တယ်သင်္ဘောက တစ္ဆေပြည်နယ်ကို ဦးတည်သွားနေပါလား”
“ရွှေမြူခိုး အင်မော်တယ်သင်္ဘောကြီးက တစ္ဆေပြည်နယ်ကို သွားနေတာနဲ့ တူတယ်။”
“ဟုတ်တယ်... လွန်ခဲ့တဲ့ တစ်လခွဲလောက်က တစ္ဆေပြည်နယ်မှာ ပြိုင်ဘက်ကင်းသခင်တစ်ဦးက အင်မော်တယ်တစ်ပါးကို သတ်ပစ်တယ်လို့ ကြားတယ်။ အဲဒီနေ့က ဝူကျိုးသခင်က ဝူကျိုးဒယ်ဆောက်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်လေ”
ထိုစကားများ ပေါ်ထွက်လာသောအခါ တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ဝူကျိုးဒယ်ဆောက်က တော်ဝင်မင်းသမီးရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ကောလာဟလထွက်တယ် မဟုတ်လား။ ဒါဆိုရင် မင်းသမီးလေးက တစ္ဆေပြည်နယ်မှာ ပုန်းနေတာပေါ့”
“အဟုတ်ပဲ”
ထိုသင်္ဘောကြီးရှေ့တွင် ရွှေရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်များက လေထဲတွင် လွင့်ပျံနေကာ အရပ်ရှည်ရှည်နှင့် ချောမောခံ့ညားသော ပုဂ္ဂိုလ်တစ်ဦးက ရပ်နေသည်။ သူ၏ ရင်ဘတ်တွင်လည်း အမွေအနှစ်ပုတီးတစ်လုံးကို ဆွဲထားသည်။
သူ၏မျက်လုံးများက တည်ငြိမ်ပြီး နက်ရှိုင်းကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး အဝေးကို မျှော်ကြည့်နေသည်။ သူ၏ စိတ်ထဲကနေလည်း တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။ သူ၏ အသံက ခံစားချက်ကင်းမဲ့နေပြီး ဝမ်းနည်းမှုလည်းမရှိ၊ ပျော်ရွှင်မှုလည်းမရှိပေ။
“အားမြောင်... နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပေါ့။ နတ်ဆိုးအင်မော်တယ်ကို အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ကင်းအရှင်သခင် ချမ်ချန်ကန်းဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာပဲ”
ချက်ချင်းဆိုသလိုပဲ ရွှေမြူခိုးအင်မော်တယ်သင်္ဘောကြီးက တိမ်များကို ဖြတ်သန်းသွားကာ ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့သည်။
ယွင်ကျိုးပြည်နယ်၊ ရှေးဟောင်းကြေးနီတောင်တန်းနှင့် မဝေးသော ခမ်းနားကြီးကျယ်သည့် မြို့ကြီးသည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းပြီး ရှေးဟောင်းအဆောက်အအုံများ ရှိနေပေသည်။ ထိုရှေးဟောင်းအဆောက်အအုံများက နှစ်ပေါင်းမည်မျှကြာနိုင်လဲဆိုတာ ပြောပြနေသလိုပင်။ မြို့ထဲတွင် ကျင့်ကြံသူများ၊ နတ်ဆိုးများ၊ နတ်ဆိုးဘုရင်များနှင့် မိစ္ဆာသားရဲများက စည်ကားနေသည်။
ထိုအခိုက် မြို့ထဲတွင် အစွမ်းထက်သော ကျင့်ကြံသူများအကြောင်းကို အားရပါးရ ဆွေးနွေးနေကြသည်။ ထိုရှိ တည်းခိုခန်းတစ်ခု၌ ရှဲ့ကျီနယ့်၊ ဟုန်ရီ၊ ထို့ပါယဲ့တို့က အတူတကွထိုင်ကာ ကျင့်ကြံသူများ၏ ဆွေးနွေးသံများကို နားထောင်နေကြသည်။
နတ်ဆိုးဘုရင် သုံးပါးစလုံး၏ မျက်လုံးများက တောက်ပလာပြီး လေးစားမှုနှင့် အားကျမှုများ ရှိနေခဲ့သည်။ ဟုန်ရီ၏ မျက်လုံးများက အလွန်တောက်ပနေပြီး
“သခင် အင်မော်တယ်တွေနဲ့ တိုက်ခိုက်တာကို ငါတို့မမြင်လိုက်ရတာ တကယ့်ကို နှမျောစရာကောင်းတယ်။ သခင်ရဲ့ ပြိုင်ဘက်ကင်းပုံရိပ်ကို ငါတို့မျက်စိနဲ့ မမြင်လိုက်ရဘူး”
ရှဲ့ကျီနယ့်နှင့် ထို့ပါယဲ့တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချမ်ချန်ကန်းကို အဆုံးမရှိ လေးစားအထင်ကြီးနေကြသည်။ ရှဲ့ကျီနယ့်က ပြန်လည်ခြေပလိုက်ပြန်သည်။
“သခင့်ရဲ့ ကိစ္စက ယွင်ကျိုးအထိ ပျံ့နှံ့သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သခင်က တကယ့်ကို ပြိုင်ဘက်ကင်းပဲ”
ထို့နောက် ရှဲ့ကျီနယ့်က ထို့ပါယဲ့ကို အားကျသော အမူအရာဖြင့် ကြည့်လိုက်မိသည်။ ယခင်တုန်းက ထို့ပါယဲ့၏ စွမ်းအားက သူတို့နှင့် အတူတူသာဖြစ်သည်။ သို့သော် ယခုတော့ ထို့ပါယဲ့က ယွမ်ယင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပေသည်။ ဤစွမ်းအားက ထို့ပါယဲ့ကို သခင်ဖြစ်သူက ပေးခဲ့ခြင်းဖြစ်သည်။
အင်မော်တယ်…
ဤသည်က သူတို့ လုံးဝ လက်လှမ်းမမီနိုင်သည့် အရာဖြစ်သည်။ သို့သော် သခင့်အတွက်မူ အင်မော်တယ်သည် အင်မော်တယ်မျှရုံသာ ဖြစ်သည်။
ထို့ပါယဲ့က ညည်းသွားလိုက်သည်။
“ရှဲ့ကျီနယ်ြ၊ မင်း သက်ရှည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဘယ်လိုရှာဖွေနေတာလဲ။ သခင်ပေးတဲ့ တာဝန်ကို ငါတို့ပြီးဆုံးအောင် လုပ်ရမယ်လေ။ အကောင်းဆုံးကတော့ သက်ရှည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ရှေးဟောင်းကြေးနီတောင်တန်းမှာ ရှာတာ အကောင်းဆုံးပဲ”
“သဲလွန်စတွေရှိပေမဲ့ တောင်ရဲ့အနက်ရှိုင်းဆုံးနေရာအထိ ရှာဖို့က မလွယ်ကူဘူး။ အထူးသဖြင့် ရှေးဟောင်းကြေးနီတောင်တန်းရဲ့ နက်ရှိုင်းတဲ့နေရာတွေက အရမ်းကို အန္တရာယ်များတယ်။ ငါတောင်မှ အလွယ်တကူ မသွားရဲဘူး။ ပြီးတော့ အဲဒီနေရာမှာ ရွှေစပါးအုံးမျိုးနွယ်စုရဲ့ မြင့်မြတ်သားတော်ကလည်း ရှိနေသေးတယ်”
ရှဲ့ကျီနယ့်၏ မျက်နှာက အလွန်ရုပ်ဆိုးသွားသည်။ သူ၏ လက်ရှိအရည်အချင်းကြောင့် ရွှေစံပါးအုံးမျိုးနွယ်စုသို့ ပြန်သွားသောအခါ တန်ဖိုးထားခံရမည်ဟု ထင်ခဲ့မိသည်။ ထို့နောက် သက်ရှည်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ရှာဖွေရာ၌ အကူအညီရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော်လည်း သူ ရွှေစံပါးအုန်းမျိုးနွယ်စုသို့ သွားသောအခါ မျိုးနွယ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဤအရာအားလုံးသည် သူ၏အရည်အချင်းများက ရွှေစံပါးအုံး မျိုးနွယ်စုကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။ သူ၏တည်ရှိမှုက ရွှေစံပါးအုံးမျိုးနွယ်စု၏ မြင့်မြတ်သားတော်၏ အဆင့်အတန်းကို ခြိမ်းခြောက်နေပေသည်။
“သေစမ်း... သခင်ခိုင်းတဲ့ အလုပ်တွေ နှောင့်နှေးကုန်ပြီ”
ရှဲ့ကျီနယ့်၏ မျက်လုံးများက တောက်ပလာပြီး လက်သီးကို တင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်သည်။
“ဒီတစ်ခါတော့ ထို့ပါယဲ့၊ မင်းနဲ့ ဟုန်ရီ ရောက်လာတာ အရမ်းကောင်းတာပဲ။ ရွှေစံပါးအုံးမျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်က ဒီတောင်ကြားထဲမှာ ရှိနေတယ်ဆိုတော့ အဲဒီမကောင်းတဲ့ကောင်ကိုပါ တစ်ခါတည်း သတ်ပစ်လိုက်မယ်။ ငါ ရွှေစံပါးအုံးမျိုးနွယ်စုရဲ့ စွမ်းအားကို အမြန်ထိန်းချုပ်လိုက်မယ်။ ဒါဆိုရင် တောင်ပေါင်းတစ်သိန်းတောင်တန်းမှာရှိတဲ့ သက်ရှည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်”
ထို့ပါယဲ့ကလည်း ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ် အချိန်ဆွဲမနေနဲ့တော့။ အခုပဲ ဆောင်ရွက်လိုက်ကြရအောင်”
ဟုန်ရီက ပြောလိုက်သည်။ ဟုန်ရီသည် ယွင်ကျိုးသို့ ရောက်နေသော်လည်း သခင်ဖြစ်သူ၏ ထူးခြားသော ပုံရိပ်ကို မြင်တွေ့လိုသဖြင့် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ အမြန်ပြန်သွားလိုခဲ့သည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့၏။ ကျူးရှိူ့တိုက်ကြီးတွင် ချမ်ချန်ကန်းတစ်ယောက် အင်မော်တယ်များကို သတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုက မပြီးဆုံးဘဲ ပို၍ပြင်းထန်လာကာ ကျင့်ကြံသူပေါင်းများစွာက သူ့ကို ပိုမို၍ လေးစားလာကြသည်။
အထူးသဖြင့် ထိုနေ့က တိုက်ပွဲကို မြင်တွေ့ခဲ့ရသော အမျိုးသမီးကျင့်ကြံသူများ အများအပြားသည် ချမ်ချန်ကန်း၏ အင်မော်တယ်များကို သတ်ဖြတ်ပစ်သည့် ထူးခြားသော ရုပ်သွင်ပြင်ကြောင့် စိတ်ဝင်စားလာကြသည်။
ချမ်ချန်ကန်းကို ဆရာအဖြစ် ကိုးကွယ်ချင်လိုသော ကျင့်ကြံသူများလည်း ရှိပေသည်။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်၊ အင်မော်တယ်များကို သတ်ဖြတ်နိုင်သည့် ပုဂ္ဂိုလ်၊ ဤကဲ့သို့ ပုဂ္ဂိုလ်ကို သူတို့ ဆရာအဖြစ် ကိုးကွယ်နိုင်ပါက သူတို့၏ အနာဂတ်က ထူးချွန်ပြောင်မြောက်လာပေလိမ့်မည်။
ထို့ကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းအနီးတွင် ကျင့်ကြံသူများအပြား ရှိနေပေသည်။ သူတို့သည် ချမ်ချန်ကန်းကို မြင်တွေ့ရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
တချို့ကျင့်ကြံသူများက ချမ်ချန်ကန်းကို ဆရာအဖြစ် ကိုးကွယ်နိုင်ရန် မျှော်လင့်နေကြသည်။
သို့သော်လည်း တောင်ပေါင်းသိန်းသောင်းတန်းသည် အလွန်အန္တရာယ်များပြီး နတ်ဆိုးသားရဲများ ပေါများသည်။ သူတို့၏ ခွန်အားဖြင့် အလွယ်တကူ ဝင်ရောက်ပါက သေနိုင်သည့် ကံကြမ္မာနှင့် ကြုံနိုင်ပေသည်။
တစ္ဆေပြည်နယ်ရှိ အဓိက အင်အားစုအဖွဲ့အစည်းများအတွက်မူ ဓားကိုးစီးဂိုဏ်းမှလွဲ၍ ကျန်အဖွဲ့အစည်းများက ချမ်ချန်ကန်းကို လာရောက်တွေ့ဆုံခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ချမ်ချန်ကန်းသည် အထက်ဘုံမှ အင်မော်တယ်များကို ရန်စခဲ့သောကြောင့် အထက်ဘုံမှ အင်မော်တယ်များက ဤကိစ္စကို လက်လျှော့လိမ့်မည် မဟုတ်ကြောင်း သူတို့အားလုံး သိကြပေသည်။
ချမ်ချန်ကန်း အလွန်စွမ်းထက်သော်လည်း ချမ်ချန်ကန်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမှ လုပ်ဆောင်လိုခြင်း မရှိကြပေ။