← Chapters

အခန်း ၉၆

Vol. 8 Ch. 96

အခန်း ၉၆

Vol. 8 Ch. 96

အခန်း (၉၆) တစ္ဆေအရိုးဂိုဏ်း၏ ပျက်စီးခြင်း၊ အိမ်မှထွက်ပြေးလာသော အားမြောင်

တစ္ဆေတိုက်ကြီးရှိ အဓိကအင်အားစုများက ချမ်ချန်ကန်းနှင့် မဆက်ဆံရဲကြသော်လည်း ဓားကိုးစင်းဂိုဏ်းနှင့်တော့ မိတ်ဆွေဖွဲ့နိုင်ပေသည်။

ဤအဖွဲ့အစည်းကြီးများက ကြီးမားသည့် နောက်ခံအင်အား သဘာဝကို နားလည်ပေသည်။ သူတို့၏အမြင်၌ ဓားကိုးစင်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်းခြင်းက ချမ်ချန်ကန်းနှင့်ပါ ကောင်းမွန်သည့် မိတ်ဆွေများဖြစ်လာနိုင်သည်ဟု ယူဆရပေသည်။

ဤသို့ဆိုလျှင်ပင် အင်မော်တယ်များက ချမ်ချန်ကန်းကို လာရောက်တိုက်ခိုက်သည်ဆိုပါက သူတို့နှင့် တိုက်ရိုက်ပတ်သက်သည်ဟု မဟုတ်ဘဲ သူတို့အပြစ်မှ ကင်းလွတ်မည်ဟု ယူဆကြပေသည်။

ထို့ကြောင့် ဤကာလအတွင်း တစ္ဆေစီရင်စုရှိ အင်အားစုအသီးသီးက ဓားကိုးစင်းဂိုဏ်းသို့ လာရောက်ပြီး အဖိုးတန်လက်ဆောင်များကို ပေးအပ်ကြပေသည်။ တစ္ဆေပြည်နယ်ရှိ အင်အားအကြီးဆုံးဖြစ်သည့် ဖုန့်ယွင်ရှေးဟောင်းဂိုဏ်းကပင် အကြီးအကဲများကို စေလွှတ်ပြီး ဓားကိုးစင်းဂိုဏ်းဆီသို့ လာရောက်လည်ပတ်ခဲ့ကြသည်။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် တစ္ဆေပြည်နယ်စုရှိ အဖွဲ့အစည်းများအားလုံးက ချမ်ချန်ကန်းကို ဘယ်လောက်တောင် အလေးထားပြီး ကြောက်ရွံ့ကြောင်း သဘာဝအတိုင်း မြင်သာပေသည်။

ထို့အတူ ဓားကိုးစင်းဂိုဏ်း၏ အဆင့်အတန်းကလည်း မြင့်တက်လာပြီး နာမည်ကျော်ကြားလာခဲ့သည်။ သို့ပေမဲ့ ဓားကိုးစင်းဂိုဏ်းသည် သူတို့၏အဆင့်အတန်း မြင့်မားလာပေမဲ့လည်း မာန်မာနထောင်လွှားခြင်းမရှိဘဲ နှိမ့်ချစွာ ဆက်လက်နေထိုင်ခဲ့သည်။

သို့သော် ဓားကိုးစင်းဂိုဏ်းသည် နှိမ့်ချစွာ နေထိုင်ခဲ့သော်လည်း အရေးကြီးသော ကိစ္စတစ်ခုကိုတော့ လုပ်ဆောင်ခဲ့သည်။ ဤသည်ကား တစ္ဆေအရိုးဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

တစ္ဆေအရိုးဂိုဏ်းသည် သူတို့စီနီယာ၏ ရန်သူဖြစ်သောကြောင့် မချန်ထားနိုင်ပေ။ တစ္ဆေအရိုးဂိုဏ်းကို ဖျက်ဆီးလိုက်သည်က တစ္ဆေပြည်နယ်၏ အခြားတစ်ဖက်တွင်ရှိသော နတ်ဆိုးနဂါးလိုဏ်ဂူကိုပါ ကြောက်ရွံ့သွားစေခဲ့သည်။ သူတို့သည်လည်း စီနီယာနှင့် ဓားကိုးစင်းဂိုဏ်းကို ရန်စခဲ့ဖူးပေသည်။

ယခု တစ္ဆေအရိုးဂိုဏ်း ပျက်စီးသွားပြီဖြစ်သောကြောင့် နောက်ထပ်ဖျက်ဆီးခံရသူမှာ နတ်ဆိုးနဂါးလိုဏ်ဂူပဲ ဖြစ်မည်ဟု ထင်ကြပေသည်။ ထို့ကြောင့် တစ္ဆေအရိုးဂိုဏ်း ပျက်စီးသွားသည့်ည၌ နတ်ဆိုးနဂါးလိုဏ်ဂူက အဖွဲ့ဝင်များသည် အရင်းအမြစ်အားလုံးကို ချန်ခဲ့ကာ သူတို့၏မိသားစုများနှင့်တကွ တစ္ဆေစီရင်စုမှ ထွက်ပြေးသွားကြသည်။

တောင်ပေါင်းတစ်သိန်းတောင်တန်း၏ တစ်ဖက်တွင် ရှေးဟောင်းမြေခွေးကလန်၏ ပိုင်နက်ထဲ၌ တောင်ကြား၏ အတွင်းပိုင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး စိမ်းလဲ့သော အလင်းတန်းများ ထွက်ပေါ်နေကာ အပင်များနှင့် သစ်ပင်များကလည်း ရွှေအိုရောင် ကျောက်စိမ်းများ ထွင်းထုထားသလို တောက်ပနေပြီး ထူးခြားသော အလင်းရောင်များဖြင့် လှပနေသည်။

ဤနေရာသည် ရှေးဟောင်းမြေခွေးကလန်အတွက် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး အလွန်လှပသော ရေကန်ကြီးတစ်ခုလည်း ရှိသည်။ အဝေးကကြည့်လိုက်လျှင် ခရမ်းရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ကြယ်တာရာများဖြင့် ပြည့်နေသည်ဟု မြင်နိုင်ပေသည်။

ညကောင်းကင်ယံထက်၌ လရောင်က တောက်ပနေပြီး ရေကန်ထဲတွင်တော့ ပြီးပြည့်စုံသော အမျိုးသမီးနှစ်ဦးက ရေချိုးနေကြသည်။

သူတို့မှာ အားမြောင်နှင့် ပိုင်ယွဲ့တို့ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် အလွန်လှပသည့် နတ်ဆိုးအမျိုးသမီးများဖြစ်ကြပြီး သူတို့၏မျက်လုံးများကလည်း ရေခဲကဲ့သို့ ကြည်လင်ကာ လရောင်အောက်ထဲ၌ ပို၍ ပြီးပြည့်စုံနေတော့သည်။

ပိုင်ယွဲ့သည် ရေကန်ထဲမှ ထလာပြီး သူမ၏ခန္ဓာကိုယ်ကလည်း ဆောင်းရာသီ၌ တောင်ပေါ်မှ လွင့်ကျလာသော နှင်းများကဲ့သို့ ဖြူစင်သန့်ရှင်းနေတော့သည်။ သူမ၏အသားအရေကလည်း ကြည်လင်နေပြီး ရေပေါ်တွင် ပွင့်လန်းနေသော ကြာပွင့်တစ်ပွင့်ကဲ့သို့ သဘာဝအတိုင်း လှပနေတော့သည်။

သူမ၏ သေးသွယ်သော ခန္ဓာလေးက ကျောက်စိမ်းဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ သူမက ရေကန်ထဲက အားမြောင်ကို ပြောလိုက်သည်။

“အားမြောင်၊ ငါအရင်သွားတော့မယ်”

ရေကန်ထဲတွင် အားမြောင်က ခေါင်းလေးသာပေါ်ပြီး စိတ်မကောင်းစွာ ပြောလိုက်သည်။

“ပိုင်ယွဲ့ နင်အရင်သွားရင် ငါတစ်ယောက်တည်း ပျင်းနေတော့မှာပဲ... မြောင်”

ပိုင်ယွဲ့က ခပ်ဖွဖွလေးပြုံးပြီး ပြောလိုက်သည်။

“ဒါက ရှေးဟောင်းမြေခွေးကလန်က တားမြစ်နယ်မြေလေ။ ငါကြာကြာနေလို့ မရဘူး။ နောက်တစ်ကြိမ် မြင့်မြတ်တဲ့ ရေချိုးကန်အလှည့်ရောက်မှ ငါ နင့်ကိုလာပြီး အဖော်ပြုပေးမယ်”

အားမြောင်က သက်ပြင်းချ၍ ပြောလိုက်သည်။

“စီနီယာသာ ဒီလောက်စွမ်းအားကြီးတယ်ဆိုတာ ကြိုသိခဲ့ရင် ဝူကျိုးဒယ်စောက်ကို ငါသုံးခဲ့မှာ မဟုတ်ဘူး။ နောက်ပြီးတော့ အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ကလည်း ငါ့ကိုဖမ်းပြီးတော့ ငါ့အဖေပေးထားခဲ့တဲ့ အသက်ကယ်သွေးကိုလည်း သုံးလိုက်ရတယ်။ အခုဆိုရင် အားမြောင်က ဘယ်မှာရှိလဲဆိုတာ ငါ့အဖေက သိလောက်ပြီ.... မြောင်”

“နင်သာ တားမြစ်နယ်မြေထဲမှာ ဆက်နေရင် နင့်အဖေစေလွှတ်လိုက်တဲ့လူတွေက နင့်ကိုရှာတွေ့မှာ မဟုတ်ပါဘူး”

“ ငါမျှော်လင့်ပါတယ်.....မြောင်”

အားမြောင်က သူမ၏ခေါင်းကို ရေထဲ၌ ဖြည်းဖြည်းချင်းနှစ်ပြီး ချစ်စရာကောင်းသည့် ကြောင်နားရွက်နှစ်ခုက ရေပေါ်တွင် ပေါ်နေသည်။

ပိုင်ယွဲ့က ခဏလောက် ချီတုံချတုံဖြစ်နေပြီး ထွက်မသွားသေးဘဲ မေးလိုက်သည်။

“အားမြောင်....ငါနင့်ကို တစ်ခါမှ မမေးဖူးသေးဘူး။ နင်ဘာလို့ အိမ်ကနေ ထွက်ပြေးလာတာလဲ”

အားမြောင်ရဲ့ ခေါင်းလေးက ရေထဲကနေထွက်လာပြီး နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။

“အဖေက ငါ့ကို ဝူကျိုးမှာရှိတဲ့ ဖူထျန်းဘုရားကျောင်းက ဘုန်းကြီးတစ်ပါးနဲ့ လက်ထပ်စေချင်တာလေ။ အဲဒါကြောင့် ငါလည်း စိတ်ဆိုးသွားပြီး ထွက်ပြေးလာခဲ့တာ”

ပိုင်ယွဲ့က အံ့အားသင့်သွားသည်။

“ဘာရယ် ဘုန်းကြီးတစ်ပါးနဲ့ လက်ထပ်စေချင်တာ ဟုတ်လား”

“ဟုတ်တယ်။ ငါ့အဖေပြောတာတော့ အဲဒီဘုန်းကြီးက ပြန်ဝင်စားလာတဲ့ အင်မော်တယ်ဘုန်းကြီးလို့ပြောတာပဲ။ သူ့ရဲ့နောက်ခံက အရမ်းကို အံ့ဩစရာကောင်းတယ်လို့ ပြောတယ်။ အားမြောင်သာ သူ့ကိုလက်ထပ်နိုင်မယ်ဆိုလို့ရှိရင် နောက်တစ်ချိန်မှာ ငါက အင်မော်တယ်ဘုံကို တက်နိုင်လိမ့်မယ်လို့ ပြောတယ်”

“ဒါပေမဲ့ အားမြောင်က သူ့ကိုမကြိုက်ဘူးလေ။ ပြီးတော့ အဲဒီဘုန်းကြီးနဲ့လည်း လက်ထပ်မှာမဟုတ်ဘူး။ အားမြောင်က နတ်သမီးလည်း မဖြစ်ချင်ဘူး.... မြောင်”

အားမြောင်၏စကားကို ကြားပြီးနောက် ပိုင်ယွဲ့က သဘောပေါက်သွားသည်။

“ဒါကြောင့် ဒီလိုဖြစ်နေတာကိုး”

ပိုင်ယွဲ့၏စိတ်ထဲ၌ ဘုန်းကြီး၏ပုံရိပ်က ပေါ်လာခဲ့သည်။ ထိုဘုန်းကြီးသည် သင်္ကန်းကိုဝတ်ထားပြီး ခေါင်းပြောင်ကြီးဖြင့် လက်အုပ်ချီကာ ကြင်နာသော မျက်နှာထားဖြင့်

“အလှူရှင်... အော်မီတောဖော...”

ထိုသို့တွေးပြီး ပိုင်ယွဲ့က အားမြောင်ကို သနားစိတ်ဝင်လာမိသည်။ ဤကဲ့သို့ အခြေအနေမျိုး၌ အားမြောင်က အိမ်ကနေ နှစ်အကြာကြီး ထွက်ပြေးပြီး ပြန်မသွားတာ အံ့ဩစရာ မဟုတ်ပေ။

“အားမြောင်...စိတ်မပူပါနဲ့။ ဘာမှမဖြစ်ဘူး။ နင်တားမြစ်နယ်မြေက ထွက်မသွားသေးသ၍ နင့်အဖေလွှတ်လိုက်တဲ့ လူတွေက နင့်ကိုရှာတွေ့မှာ မဟုတ်ဘူး”

ပိုင်ယွဲ့က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“ဟုတ်ပြီ....မြောင်”

ပိုင်ယွဲ့ထွက်သွားပြီးနောက် ရှေးဟောင်းမြေခွေးကလန်ရှိ တားမြစ်နယ်မြေထဲ၌ အားမြောင်တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ အားမြောင်က သက်ပြင်းချပြီး ရေကန်ထဲက ထလာလိုက်သည်။ သူမ၏ ဖြူစင်လှပသည့် ခန္ဓာကိုယ်လေးက လူများကို ရင်ခုန်စေပြီး အထူးသဖြင့် သူမ၏အမြီးက ပို၍ ဆွဲဆောင်မှုရှိပေသည်။ အားမြောင်က သူမ၏ ပထမဆုံးအမြီးကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“အဖေ ဘာလို့ အားမြောင်ကို မကြိုက်တဲ့လူနဲ့ လက်ထပ်ပေးရတာလဲ”

သူမက သူမ၏ ပထမဆုံးအမြီးကို ကြည့်ရင်း တစ်စုံတစ်ခုကို ပြန်တွေးလိုက်မိသည်။ သူမ၏လှပသော မျက်နှာလေးက လင်းလက်လာပြီး လရောင်အောက်၌ သူမ၏မျက်နှာလေးက အနည်းငယ် နီရဲလာခဲ့သည်။

All Chapters