← Chapters

အခန်း ၉၇

Vol. 8 Ch. 97

အခန်း ၉၇

Vol. 8 Ch. 97

အခန်း (၉၇)ကြက်မဲဂျင်ဆင်းစွပ်ပြုတ်၊ ငါတော့ အဆိပ်မိသွားပြီ

ကျန်းယုချန်တစ်ယောက် အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း သူမ၏မျက်တောင်လေးများက တဆတ်ဆတ်တုန်ခါကာ သတိပြန်လည်လာခဲ့သည်။

သူမက ခေါင်းအနည်းငယ်ကိုက်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။ ခေါင်းကို ပွတ်သပ်လိုက်မိသည်။ သူမက ကြောက်စရာကောင်းသော အိမ်မက်တစ်ခုကို မက်ခဲ့ကြောင်း သတိရလိုက်သည်။

အမှောင်တိုက်ကြီး၏ ဗုဒ္ဓအရှင်ကို အိပ်မက်မက်ပြီး သူ၏ အင်မော်တယ်နတ်ဆိုးခန္ဓာမှ ထွက်ပေါ်လာသော ပျက်စီးခြင်းအငွေ့အသက်ကို ရှူရှိုက်ခဲ့ရကြောင်း အိမ်မက်မက်လိုက်ပေသည်။ ထိုအကြောင်းကို တွေးမိပြီး ကျန်းယုချန်က ပြောလိုက်မိသည်။

*ဗုဒ္ဓအရှင်ကို အင်မော်တယ် နယ်မြေ ၃၈ ခုက အရှင်သခင်များ စုစည်းပြီး သူ့ကို သတ်ခဲ့ကြတာ မဟုတ်ပါလား။ သူက ဘယ်လိုလုပ် အခုထိ အသက်ရှင်နေနိုင်မှာလဲ*

သို့သော် ထိုအချိန်၌ လင်းပေါင်အာ၏အသံက နားထဲ ကြားလာရသည်။

“မမအလှလေး နိုးလာပြီလား။ နေကောင်းရဲ့လားဟင်”

လင်းပေါင်အာ၏ စကားသံကြောင့် ကျန်းယုချန်၏ မျက်နှာပေါ်မှ အပြုံးတို့က အေးခဲသွားခဲ့သည်။ သူမ၏ ဖြူဖွေးသော လည်တိုင်လေးကို တောင့်တင်းစွာ လှည့်ကြည့်လိုက်သောအခါ အိပ်ရာနှင့် မလှမ်းမကမ်းတွင် ငါးကင်များကို အားရပါးရစားနေသော လင်းပေါင်အာနှင့် အမြီးလေးကို တွေ့လိုက်ရသည်။ ဤခဏအတွင်းမှာပင် သတိမမေ့ခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး သူမစိတ်ထဲ၌ ပေါ်လာခဲ့သည်။

*ဒါ… ဒါတွေအားလုံးက အိမ်မက်မဟုတ်ဘူးပဲ*

ကျန်းယုချန်တစ်ယောက် အလွန်ဝမ်းနည်းအားငယ်သွားခဲ့သည်။ အခန်းထဲ ရောက်နေချိန်မှာပင် အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းအငွေ့အသက်များကို ရရှိနေသေးသည်။

ဤရနံ့သည် နတ်ဘုရားတို့၏ နံ့သာပေါင်းအနံ့ကဲ့သို့ အမှောင်လွှမ်းသောအရောင်နှင့်တူပြီး လူတို့၏ စိတ်ခံစားချက်များကို ပျက်စီးယိုယွင်းစေခဲ့သည်။ ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများ၌ မရေတွက်နိုင်သော အင်မော်တယ်များသည် ထိုရနံ့ကြောင့် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ဗုဒ္ဓအရှင်၏ သုတ်သင်ခြင်းကို ခံရပေသည်။ ယခု သူမအလှည့် ဖြစ်တော့မည်လား။

ကျန်းယုချန် ငေးငိုင်နေသည်ကို မြင်သောအခါ လင်းပေါင်အာက သူမ၏ သနားစဖွယ်ရုပ်ကလေးကို ကြည့်ရင်း ပြောလိုက်သည်။

“ဟူး... အစ်မအလှလေးက အရမ်းကို သနားစရာကောင်းတာပဲ”

“အီ… အီ… အီ… အီ…”

ဘေးမှ အမြီးလေးကလည်း ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။

ဤအင်မော်တယ် အမျိုးသမီးက ဖျားနာနေပေသည်။ အထူးသဖြင့် သူမ၏ သနားစရာပုံလေးကို ကြည့်လိုက်သောအခါ ကြောက်ရွံ့သော သမင်လေးတစ်ကောင်လို ဖြူဖျော့ပြီး ချုံးချုံးကျနေသည်ကို မြင်လိုက်ရသည်။

ကျန်းယုချန်တစ်ယောက် လင်းပေါင်အာ၏စကားကို ကြားလိုက်ရသောအခါ သူမ၏ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်။ လင်းပေါင်အာက သူမကို သနားသည်ဟု ပြောနေပေသည်။ သူမကို အသေသတ်တော့မှာလား။

*မဟုတ်…. မဟုတ်ဘူး၊ ငါအမြန်ဆုံး ထွက်သွားမှဖြစ်မယ်*

ကျန်းယုချန်က တွန့်ဆုတ်မနေတော့ဘဲ ချမ်ချန်ကန်းမရှိတုန်း လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီးကို ချိုးဖျက်လိုက်သည်။

ဤသည်မှာ ကျန်းမိသားစု၏ အဖိုးတန်အသက်ကယ်ကျောက်စိမ်းဖြစ်သည်။ ဤကျောက်စိမ်းကို ချိုးလိုက်သည်နှင့် အချိန်မရွေး ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး အထက်ဘုံသို့ ပြန်သွားနိုင်ပေသည်။ ဤအကြောင်းကို တွေးမိပြီး ကျန်းယုချန်က စိတ်သက်သာရာရသွားသည်။

ဂျွတ်...

အသက်ကယ်ကျောက်စိမ်းကို ချိုးလိုက်သောအခါ ကျန်းယုချန်မျက်နှာပေါ်တွင် သက်ပြင်းချရင်း စိတ်သက်သာရာရသည့် အပြုံးတစ်ခု ဖြစ်လာခဲ့သည်။ သူမသာ အင်မော်တယ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွားပါက လုံခြုံသွားပေလိမ့်မည်။

သို့သော် သူမ၏ စိတ်ကူးနှင့် လက်တွေ့က တစ်ထပ်တည်းမကျပေ။ အသက်ကယ်ကျောက်စိမ်းကို ချိုးလိုက်သော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ သူမသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဤနေရာမှ ထွက်ခွာစေမည့် စွမ်းအားလည်း ပေါ်ထွက်မလာတော့ချေ။

ကျန်းယုချန်သည် အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ လှပသော မျက်လုံးလေးများကိုသာ ဖွင့်လိုက်ပိတ်လိုက် လုပ်နေသည်။

???......

*အို… ကလေးမလေး…မေးခွန်းအမှတ်အသားတွေ ပေါ်နေတာလား*

*သနားစရာကောင်းလိုက်တဲ့ မိန်းကလေး*

*ဒီပြိုင်ဘက်ကင်းအင်မော်တယ်နယ်မြေမှာ အသက်ကယ်ကျောက်စိမ်းကို သုံးဖို့ စဉ်းစားနေသေးတာလား*

*ချမ်ချန်ကန်းဆိုတဲ့ ငါ့ကို မလေးစားတာလား*

*ဒါမှမဟုတ် ဒီအင်မော်တယ်နယ်မြေကို မလေးစားတာလား*

ထိုအခိုက် အိမ်ပြင်ဘက်တွင် ချမ်ချန်ကန်းက ကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို ချက်လာခဲ့သည်။ ဤကြက်မဲမှာ သူသည် နတ်ဆိုးဘုရင်များကို တောင်ပေါင်းတစ်သိန်းတောင်တန်းက ဖမ်းခိုင်းထားသော အနှစ်တစ်ထောင်ကြက်မကြီး၏ အသားဖြစ်သည်။ ကံမကောင်းသည့် အနှစ်တစ်ထောင်ကြက်မကြီးမှာ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ဥပေါက်ရန် လာခဲ့သော်လည်း ယခုမူ ဤကဲ့သို့သာ အဆုံးသတ်ခဲ့ရသည်။

ဂျင်ဆင်းအကြောင်းပြောရလျှင် တောင်ပေါ်၌ စိုက်ပျိုးထားသော အနှစ်တစ်ထောင်ဂျင်ဆင်းအိုကြီးက အနည်းငယ်ပေါက်နေပြီဖြစ်သည်။ ချမ်ချန်ကန်းက ဤအနှစ်တစ်ထောင်ဂျင်ဆင်းကို တူးလိုက်သောအခါ ဂျင်ဆင်းက အလွန်ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ သို့သော် ဖေးရှန့်တောင်သည် ချမ်ချန်ကန်း၏ ပိုင်နက်နယ်မြေဖြစ်သောကြောင့် အနှစ်တစ်ထောင်ဂျင်ဆင်းအိုကြီးမှာ ပျံသန်းနိုင်စွမ်း မရှိတော့ဘဲ ချမ်ချန်ကန်း၏လက်ထဲ၌ မလွတ်မြောက်နိုင်တော့ပေ။

ထို့ကြောင့် အနှစ်တစ်ထောင်ဂျင်ဆင်းနှင့် သနားစရာကောင်းသော အနှစ်တစ်ထောင်ကြက်မကြီးတို့ကို ဟင်းခတ်အမွှေးအကြိုင်မျိုးစုံထည့်ကာ စွပ်ပြုတ်တစ်အိုးဖြစ်လာခဲ့သည်။

သက်ရှည်ဘုရားကျောင်းတော်ထဲ၌ ပြင်းထန်သော စွပ်ပြုတ်နံ့က သင်းပျံ့နေခဲ့သည်။ မကြာခင်မှာပင် အခန်းထဲတွင်ရှိသော လင်းပေါင်အာနှင့် အမြီးလေးတို့က စွပ်ပြုတ်နံ့ကို ရလိုက်သည်။ ချက်ချင်းပင် သူမတို့၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“အရမ်းမွှေးတာပဲ....အရမ်းမွှေးတာပဲ။ ဒါက ဆရာချက်နေတဲ့ စွပ်ပြုတ်ပဲ”

လင်းပေါင်အာနှင့် အမြီးလေးတို့က စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲမှ အလုအယက် ပြေးထွက်သွားကြသည်။ အခန်းထဲတွင် ကျန်းယုချန်တစ်ယောက်တည်းသာ ကျန်တော့သည်။

ကျန်းယုချန်သည် သူမ လက်ထဲတွင် ဘာမှလှုပ်ရှားမှုမရှိသည့် အသက်ကယ်ကျောက်စိမ်းကိုကြည့်ပြီး လုံးဝစိတ်ပျက်အားငယ်သွားခဲ့သည်။ ကျန်းယုချန်သည် စိတ်ထဲတွင် စိတ်ပျက်အားငယ်သွားခဲ့သော်လည်း သူမက လက်ပိုက်ပြီး ငြိမ်ခံနေတဲ့သူ မဟုတ်ပေ။ အသက်ကယ်ကျောက်စိမ်းကို မသုံးနိုင်လျှင် ထွက်ပြေးမှဖြစ်ပေမည်။

သို့သော် အိပ်ရာမှ ထလိုက်သည်နှင့် လင်းပေါင်အာနှင့် အမြီးလေးတို့၏ အသံများကို ကြားလိုက်ရပြီး ဖျက်ဆီးခြင်းရနံ့ကလည်း ပို၍ပြင်းထန်လာခဲ့သည်။

*သေစမ်း... သူရောက်လာပြီ*

အိပ်ရာပေါ်တွင် ဖောက်ပြန်နေသူကို မိသွားသလိုမျိုး ကျန်းယုချန်တစ်ယောက် မျက်နှာပျက်သွားပြီး ပုန်းစရာနေရာလည်းမရှိပေ။

*ငါထွက်ပြေးလို့လည်း မရဘူး။ ငါပုန်းလို့လည်း မရဘူး။ ဘယ်လိုလုပ်ရတော့မှာလဲ*

ထိုအခိုက် ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် အမြီးလေးတို့က အခန်းထဲသို့ ရောက်လာကြသည်။

“မမအလှလေး စွပ်ပြုတ်လေးသောက်လိုက်ပါဦး”

လင်းပေါင်အာက ကျန်းယုချန်ကို ကြက်မဲဂျင်ဆင်းစွပ်ပြုတ်တစ်ပန်းကန် ပေးလိုက်သည်။

ချမ်ချန်ကန်းသည် အိပ်ရာပေါ်တွင် ဖြူဖျော့ပြီး လှုပ်ရှားမှုမရှိသော ကျန်းယုချန်ကို ကြည့်လိုက်သည်။ သူက စိတ်ထဲက တွေးလိုက်မိသည်။

*သူမက တကယ်ကို နေမကောင်းဖြစ်တော့မယ် ထင်တယ်။ တကယ်သနားစရာပဲ။ ဒီကြက်မဲဂျင်ဆင်းစွပ်ပြုတ်က သူမရဲ့ရောဂါတွေကို သက်သာစေမယ်လို့ မျှော်လင့်ပါတယ်*

နောက်ဆုံးတော့ ဤကြက်မဲဂျင်ဆင်းစွပ်ပြုတ်က အလွန်အာဟာရဖြစ်ပြီး အထဲ၌ ဆေးဖက်ဝင်အပင်များစွာလည်း ထည့်ထားသေးသည်။ ဤသည်က တကယ့်ကိုပင် အင်မော်တယ် စွပ်ပြုတ်တစ်ခွက်ဟု ပြောနိုင်ပေသည်။

ဧည့်သည်တစ်ယောက်က သူ့နယ်မြေထဲတွင် စိတ်ကျရောဂါ ခံစားနေရသည်ကို မြင်လိုက်ရသဖြင့် ချမ်ချန်ကန်းက သူနှင့်လည်း ဆိုင်သည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူမအတွက် တာဝန်ယူခြင်းဖြစ်သည်။

ကျန်းယုချန်သည် အလွန်မွှေးပျံ့သော စွပ်ပြုတ်နံ့ကို ရလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ကြက်မဲဂျင်ဆင်းစွပ်ပြုတ်၏အနံ့သည် အင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖျက်ဆီးခြင်းမွှေးရနံ့နှင့် နှိုင်းယှဉ်နိုင်ပါမည်လား။

အထူးသဖြင့် ချမ်ချန်ကန်း ဝင်လာသောအခါ ကျန်းယုချန်၏စိတ်ထဲမှာ ရူးသွပ်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူမက တံတွေးတစ်လုပ် မျိုချလိုက်ပြီး ချမ်ချန်ကန်းကို ကိုက်စားချင်စိတ်ပင် ပေါက်လာခဲ့သည်။

ဤရှုပ်ထွေးသော အတွေးကြောင့် ကျန်းယုချန်က လုံးဝပင် အံ့အားသင့်သွားသည်။

*သေစမ်း... ငါတော့ ဖျက်ဆီးခြင်း အမွှေးနံ့သာကြောင့် အဆိပ်မိသွားပြီ ထင်တယ်*

All Chapters