အခန်း ၉၉
Vol. 8 Ch. 99
အခန်း (၉၉) စီနီယာ… လုပ်သင့်လုပ်ထိုက်တဲ့အချိန် ရောက်လာပါပြီ
ဖေးရှန့်တောင်ရှိ သက်ရှည်ဘုရားကျောင်းအတွင်း၌ ရွှယ်ဝူအင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော ကျန်းယုချန်တစ်ယောက်သည် ကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို သောက်ရင်း ငိုကြွေးနေတော့သည်။ သူမ၏ အနားမှာတော့ လင်းပေါင်အာနှင့် အမြီးလေးတို့က သူမကို စိုက်ကြည့်နေကြသည်။ ချမ်ချန်ကန်းကလည်း သူမကို စိုက်ကြည့်နေသည်။
လင်းပေါင်အာနှင့် အမြီးလေးတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ချမ်ချန်ကန်းကို ကြည့်ကာ သူတို့၏မျက်လုံးထဲ၌ သံသယအပြည့်ရှိနေသည်။
*ဆရာက ငါတို့ ကျင့်ကြံနေတုန်း ဒီမမအလှလေးကို ဘာလုပ်လိုက်တာလဲ*
လင်းပေါင်အာနှင့် အမြီးလေးတို့၏ သံသယမျက်လုံးများကို မြင်လိုက်ရသောအခါ ချမ်ချန်ကန်းက အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ပြန်တွေးကြည့်တော့လည်း
*ငါ ဘာမှမလုပ်ပါဘူး။ ငါက ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ*
ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။ သူသည် မူလက ကျန်းယုချန်၏ နေမကောင်းဖြစ်မှုအတွက် ဤကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို သောက်ပြီးနောက် ကောင်းလာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့ပေမဲ့ ကြည့်ရသည်မှာ အကျိုးမရှိသည့်အပြင် သူမကို ပို၍ နေမကောင်းဖြစ်သလို ခံစားစေရသည်။ ဤအကြောင်းကို တွေးမိသောအခါ ချမ်ချန်ကန်းက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အဟမ်း အဟမ်း.....ကျန်းယုချန် ဒီကြက်မဲဂျင်ဆင်းစွပ်ပြုတ်ကို မသောက်ချင်လည်း မသောက်နဲ့တော့”
ကျန်းယုချန်သည် သူမ၏ ကြက်မဲဂျင်ဆင်းစွပ်ပြုတ်၏ နောက်ဆုံးပန်းကန်ကို သောက်ပြီးသွားပြီဖြစ်သည်။ သူမက ငိုပြီး လေချဉ်များတက်ကာ မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ မျက်ရည်စများဖြင့် သနားစရာကောင်းသည့် အသွင်အပြင်ဖြင့် သူမ၏ ကံကြမ္မာကို လက်ခံလိုက်သည်။
“စီနီယာ... စွပ်ပြုတ်လည်း ကုန်သွားပြီ။ စီနီယာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ပါတော့”
ချမ်ချန်ကန်းက အနည်းငယ် ချောင်းဟန့်ပြီး ထိတ်လန့်တကြားဖြစ်သွားသည်။
*မင်းရဲ့ ဒီလိုမျိုးပြောလိုက်တဲ့ပုံစံက လင်းပေါင်အာနဲ့ အမြီးလေးရှေ့မှာ တခြားလူတွေကို နားလည်မှုလွဲသွားစေနိုင်တာပဲ*
“အဟမ်း အဟမ်း....ကောင်းပြီ ကောင်းပြီ။ အလေးအနက်ပြောဖို့ အချိန်ရောက်ပြီ”
ချမ်ချန်ကန်း၏ အမူအရာက လေးနက်သွားပြီး သူ့လက်ကို မြှောက်လိုက်သည်။ အင်မော်တယ်ဘုရားကျောင်းထဲတွင်ရှိသော အင်မော်တယ်သစ်သီးသုံးလုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး သူ့လက်ထဲကို ရောက်လာခဲ့သည်။
“ဒီအင်မော်တယ်သစ်သီးသကို အင်မော်တယ်ရတနာတွေ၊ အင်မော်တယ်လက်နက်တွေ၊ အင်မော်တယ်ကျောက်တုံးတွေနဲ့ လဲလှယ်မယ်မှတ်လား”
ကျန်းယုချန်က အံ့အားသင့်သွားသည်။ သို့ပေမဲ့ သူမ၏ သနားစရာကောင်းသည့် အသွင်အပြင်က အလွန်အမင်း စိတ်ပူပန်စရာကောင်းနေသည်။
ချမ်ချန်ကန်းက စိတ်ထဲမှ တွေးလိုက်မိသည်။
*မင်းကိုယ်မင်း အရမ်းလှတယ်ပေါ့။ မင်းက နေမကောင်းဖြစ်ချင်ယောင်ဆောင်ပြီး ငိုပြရုံနဲ့၊ မင်းကိုယ်မင်း သနားစရာကောင်းတယ်လို့ ဟန်ဆောင်ရုံနဲ့ ငါက ဈေးလျှော့ပေးမယ်လို့ ထင်နေတာလား။ မင်း ဒီအင်မော်တယ်သစ်သီးတွေရဲ့ တန်ဖိုးအတိုင်း ပေးချေရမယ်။ ငါ မင်းကို ဈေးလျှော့ပေးမှာ မဟုတ်ဘူး*
ချမ်ချန်ကန်းက စိတ်ထဲက ပြောလိုက်သည်။
“ဒီကျူးယန်အင်မော်တယ်သစ်သီးတွေကို အထက်ဘုံမှာရှိတဲ့ ဈေးနှုန်းအတိုင်း မင်းပေးချေရမယ်။ ဒီတစ်ခါ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေရင် နောက်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ များလာလိမ့်မယ်”
ကျန်းယုချန်က စိတ်အေးသွားသည်။ ချမ်ချန်ကန်းက သူမကို နောက်နေတယ်လို့ ခံစားလိုက်ရသည်။ သို့သော် ချမ်ချန်ကန်း၏ လေးနက်သည့်ပုံစံကို ကြည့်ပြီး သူက နောက်နေတာ မဟုတ်ကြောင်း ထင်ရှားပေသည်။ အထူးသဖြင့် ဗုဒ္ဓအရှင်သည် သူမကို ဘယ်လိုလုပ် နောက်ပြောင်နိုင်မှာလဲ။
ကျန်းယုချန်က အားနည်းစွာ ပြောလိုက်သည်။
“စီနီယာ ဒါက ရှင်ပြောတဲ့ အလုပ်ဆိုတာလား”
ချမ်ချန်ကန်းက အံ့အားသင့်သွားသည်။
“ဒါပဲလေ၊ မဟုတ်ရင် ငါက ဘာကိုပြောရမှာလဲ။ မင်း ဒီကိစ္စကြောင့်ပဲ အထက်ဘုံကနေ ဖေးရှန့်တောင်ကို လာတာ မဟုတ်ဘူးလား”
“စီနီယာ ကျွန်မကို သတ်မှာ မဟုတ်ဘူးလား”
ကျန်းယုချန်က ဒီစကားကို မပြောခင် တွန့်ဆုတ်သွားခဲ့သည်။
“ငါက ဘာလို့မင်းကို သတ်ရမှာလဲ”
ချမ်ချန်ကန်းကလည်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ လင်းပေါင်အာနဲ့ အမြီးလေးတို့ကလည်း ရှုပ်ထွေးနေကြသည်။
“မမအလှလေး… ဟုတ်တယ်လေ။ ဆရာက မမ ဘာမှမလုပ်ဘဲ ဘာလို့သတ်ရမှာလဲ”
ကျန်းယုချန်က ချမ်ချန်ကန်းကို ကြည့်လိုက်ပြီး ဤအချိန်၌ သူမဘဝ၏ အလင်းရောင်ကို မြင်လိုက်သလို ခံစားလိုက်ရသည်။ သူမ သေစရာမလိုတော့ပေ။ သူမက ကြောက်ရွံ့စွာဖြင့် ကုတင်ပေါ်မှ ထရပ်ပြီး ချမ်ချန်ကန်းကို လေးစားစွာ ပြောလိုက်သည်။
“စီနီယာ ကျွန်မ ကောင်းကင်တာအိုနဲ့ ကျိန်ဆိုပါတယ်။ ကျွန်မ စီနီယာရဲ့ အထောက်အထားကို ဘယ်တော့မှ တခြားလူတွေကို ဖော်ထုတ်မှာ မဟုတ်ပါဘူး။ အကယ်၍ စီနီယာရဲ့ အထောက်အထားကို ဖော်ထုတ်မိတယ်ဆိုလို့ရှိရင် ကောင်းကင်တာအိုက ကျွန်မကို ဖျက်ဆီးပါစေ။ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် နှစ်ခုလုံးကို ဖျက်ဆီးခံရပါစေ။ စီနီယာ… ကျေးဇူးပြုပြီး ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ”
ကျန်းယုချန်၏ စကားများကို ကြားသောအခါ ချမ်ချန်ကန်း၏ မျက်လုံးများက မှေးစင်းသွားပြီး သူ၏ ထာဝရသက်ရှည်ခန္ဓာကိုယ်ကို ရုတ်တရက် သတိရမိလိုက်သည်။ ကျန်းယုချန်၏ စကားကို နားထောင်ပြီးနောက် သူ၏ ထာဝရသက်ရှည်ခန္ဓာကိုယ်သည် အောက်ဘုံတွင် လူပေါင်းများစွာ လိုချင်တပ်မက်ရုံသာမက အထက်ဘုံမှာလည်း ရှိနေသည်လား။
*ငါ့ရဲ့ ထာဝရသက်ရှည်ခန္ဓာကိုယ်က ဒီလောက်တောင် လူကြိုက်များတာလား*
ချမ်ချန်ကန်းက သက်ပြင်းချပြီး ပြောလိုက်သည်။
“ဒါဆိုရင် အထက်ဘုံက လူတွေက ဒီအရှင်ကို ရှာဖွေနေကြတာပေါ့”
ကျန်းယုချန်က ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ကျန်းယုချန်သည် ဤသတင်းသာ အထက်ဘုံက လူများ သိရှိသွားပါက သူ့ကို ပူးပေါင်းပြီး တိုက်ခိုက်ရန် အောက်ဘုံသို့ ဆင်းလာကြမည်ဖြစ်ကြောင်း သိပေသည်။ ဒီအထွတ်အထိပ် တည်ရှိမှုက အရင်တုန်းက ဘယ်လိုမျိုး လွတ်မြောက်သွားလဲဆိုတာ သူမလည်း မသိပေ။
*သို့ပေမဲ့ ဖေးရှန့်တောင်မှာ ပုန်းနေသည်ကို ကြည့်ခြင်းအားဖြင့် သူ့ခွန်အားက အမြင့်ဆုံးအခြေအနေ မရောက်သေးဘူးဆိုတာ သေချာတယ်။ ဒါကြောင့် အင်မော်တယ်နယ်ပယ်က ထောင်ပေါင်းများစွာသော လူတွေ ဝိုင်းပြီး လုပ်ကြံလို့ရှိရင် သူက သေဆုံးမှာ သေချာတယ်*
ဤအကြောင်းကို တွေးမိပြီး ကျန်းယုချန်က ချမ်ချန်ကန်းကို လေးစားချီးကျူးစိတ် ဖြစ်ပေါ်လာစေခဲ့သည်။ ဤစီနီယာသည် ခေတ်တစ်ခေတ်၏ ဗုဒ္ဓအရှင်ဖြစ်သည်နှင့်အညီ သူက ရက်စက်ကြမ်းကြုတ်ပြီး အင်မော်တယ်နယ်ပယ်ရှိ သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။
*ဒါကြောင့် သူက ကြိုတင်မြင်နိုင်စွမ်းရှိပြီး အောက်ဘုံမှာ ပုန်းနေဖို့ စီစဉ်နေတာပဲ ဖြစ်ရမယ်*
သူမသာ ကျူးရှိူ့တိုက်ကြီးကို မတော်တဆရောက်လာခဲ့ပြီး ကျန်းမိသားစု၏ ထိပ်တန်းကောင်းကင်ဘုံသွေးမျိုးဆက်ကို သယ်ဆောင်လာသည် မဟုတ်ပါက စီနီယာ၏ အထောက်အထားကို လုံးဝ ရှာတွေ့နိုင်မည်မဟုတ်ပေ။ သူတို့သည် ဗုဒ္ဓအရှင်က ရှည်လျားသော သမိုင်းကြောင်းမြစ်ထဲ၌ သေဆုံးသွားပြီဟုသာ ထင်ကြပေလိမ့်မည်။
ချမ်ချန်ကန်း အနေနှင့် ကျန်းယုချန် ခေါင်းညိတ်သည်ကို မြင်သောအခါ စိတ်ထဲမှ တိတ်တဆိတ်လေး ပြောလိုက်သည်။
“ငါ့ရဲ့အခြေအနေက ငါထင်တာထက်တောင် ပိုပြီးအန္တရာယ်များနေတာပဲ။ အောက်ဘုံက လူတွေက ငါ့အသားကို စားချင်သလို အထက်ဘုံက အင်မော်တယ်တွေကလည်း ငါ့အသားကို စားချင်နေကြတာပဲ။ ကံကောင်းစွာပဲ ငါ့မှာ အခု ပြိုင်ဘက်ကင်းနယ်မြေတစ်ခု ရှိနေလို့ပေါ့။ မဟုတ်ရင်တော့ ကောင်းကင်ဘုံကိုးခုနဲ့ ဆယ်ပြည်ထောင်တစ်ခုလုံမှာ ငါ့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး”