အခန်း ၁၀၀
Vol. 8 Ch. 100
အခန်း (၁၀၀)တာအိုကျိန်ဆိုချက်၊ ဒီအမျိုးသမီးက အိမ်ပြန်ပြီး ဆေးကုတော့မယ်
မူလက စနစ်ကိုမရခင်က ချမ်ချန်ကန်း၏ စိတ်ကူးက ရိုးရှင်းပေသည်။ သူသည် ကျူးရှိူ့တိုက်ကြီး၏ တစ်နေရာတွင် ပုန်းအောင်းပြီး ထာဝရသက်ရှိခန္ဓာကိုယ်ကို အသုံးပြုကာ အင်မော်တယ်တစ်ပါးဖြစ်လာစေရန် ဖြစ်သည်။
သို့ပေမဲ့ ယခုတော့ လမ်းဆုံးသွားပြီဟု ထင်ရပေသည်။ သူသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကိုးခုနှင့် ဆယ်ပြည်ထောင်၌ သနားစရာကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။
ချမ်ချန်ကန်းက အသာလေးပြုံးပြီး ကျန်းယုချန်ကို ပြောလိုက်သည်။
“မင်းက ဒီအရှင်ရဲ့ မူလအစစ်အမှန်ကို သိနေပြီ။ အဲ့သတင်းက ပေါက်ကြားသွားတယ်ဆိုရင်တောင်မှ ကိစ္စမရှိပါဘူး။ သူတို့သာ လာချင်တယ်ဆိုလို့ရှိရင် ဖေးရှန့်တောင်မှ ငါ့ကို လာရှာလို့ရတယ်လို့ ပြောလိုက်”
ဤစကားများ ကြားသောအခါ ကျန်းယုချန်က စိတ်လှုပ်ရှားသွားသည်။
*စီနီယာ၊ စွမ်းအားတွေပြန်ရသွားပြီလား*
မျက်စိတစ်မှိတ်အတွင်းမှာပင် စီနီယာ၏စကားက ခြိမ်းခြောက်သည့် စကားလုံးများ ပါနေသည်ဟု ခံစားလိုက်ရသည်။ စီနီယာက အဘယ်ကြောင့် အောက်ဘုံ၌ ပုန်းအောင်းနေသည်ကို သူမ မသိသော်လည်း အထက်ဘုံတွင်ရှိသော အင်မော်တယ်များက အောက်ဘုံသို့ ဆင်းသက်မလာနိုင်သည်ကိုတော့ သူမက သေချာသိပေသည်။
*ဒါမှမဟုတ် စီနီယာရဲ့ စွမ်းအားတွေက ပြန်ကောင်းလာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စီနီယာရဲ့ စွမ်းအားတွေ ပြန်ကောင်းလာမယ်ဆိုရင် စီနီယာက အောက်ဘုံမှာ ဆက်ပုန်းနေမှာ မဟုတ်ဘဲ အထက်ဘုံကို ပြန်သွားလောက်ပြီ မဟုတ်ဘူးလား*
*ဟုတ်တယ်။ စီနီယာက ငါ့ကို စမ်းသပ်နေတာပဲ ဖြစ်ရမယ်။ သူ ငါ့ကို ခြိမ်းခြောက်နေတာပဲ။ ငါ့မှာသာ အကြံအစည်နှစ်ခွ ရှိနေတယ်ဆိုလို့ရှိရင် စီနီယာက သူရိပ်မိသွားရင် အနာဂတ်အတွက် စိတ်ပူစရာမလိုအောင် သူက ငါ့ကို သတ်ပစ်မှာ အသေချာပဲ*
ကျန်းယုချန်က တုံ့ဆိုင်းမနေဘဲ တာအိုကျမ်းကျိန်လိုက်သည်။
“ကောင်းကင်တာအိုကို ကျိန်ဆိုပါတယ်။ မြေပြင်နဲ့ကောင်းကင်ကို သက်သေတည်ပါတယ်။ ကျွန်မ ကျန်းယုချန်သည် ကောင်းကင်တာအိုကို သစ္စာဆိုပါသည်။ အကယ်၍ နောင်တစ်ချိန်၌ စီနီယာ၏ သတင်းအချက်အလက်များကို ပေါက်ကြားအောင် ပြုလုပ်ခဲ့ပါက ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ဖျက်ဆီးခံရပြီး ပြာကျပါစေ”
“ဘုန်း…”
ကောင်းကင်ဘုံကိုးခုမှ ခရမ်းရောင်လျှပ်စီးတစ်ချောင်းက သက်ရှည်ဘုရားကျောင်းအပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုလျှပ်စီးကြောင်းသည် ကျန်းယုချန်၏ မျက်ခုံးထဲသို့ ဝင်ရောက်သွားပေသည်။ ဤသည်ကား တာအိုကတိကဝတ်ဖြစ်ပြီး ကျန်းယုချန်ကို ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။
ချမ်ချန်ကန်း၏ မူလအစစ်အမှန် တစ်စုံတစ်ရာအကြောင်းကို ပြောရန် စိတ်ကူးမိရုံဖြင့် ကောင်းကင်တာအိုက ချက်ချင်းပဲ ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ ကောင်းကင်တာအိုက အကြင်နာတရား မရှိပေ။ ဤကတိကဝတ်သည် အင်မော်တယ်နယ်မြေထဲ၌ အပြင်းထန်ဆုံးကျိန်စာဖြစ်သည်။ နယ်မြေတစ်ခု၏ အရှင်သခင်တစ်ပါးပင်လျှင် ဤမဟာတာအို၏ ကျိန်စာကို ဆန့်ကျင်ရဲသည့် စိတ်မရှိပေ။
“စီနီယာ ကျွန်မ သစ္စာဆိုပြီးပါပြီ။ စီနီယာရဲ့ အစစ်အမှန်ကို ဘယ်တော့မှ ဖော်ထုတ်မှာ မဟုတ်ပါဘူး”
ကျန်းယုချန်က လေးစားစွာ ပြောလိုက်သည်။
“စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ချမ်ချန်ကန်းကလည်း ဘာမှပြောစရာ မရှိတော့ဘဲ သူ၏ စကားလုံးပေါင်းထောင်နှင့်ချီနေသော စကားများမှာ နောက်ဆုံး၌ ပျောက်ကွယ်သွားပြီး သက်ပြင်းရှည်တစ်ချက်အဖြစ် ပြောင်းလဲသွားသည်။
“ကျန်းယုချန် မင်းကတော့ ငါ့ကို တကယ်မူးအောင် လုပ်လိုက်တာပဲ”
သူက ကျန်းယုချန်ကို သူ၏မူလအစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်ခိုင်းပြီး မရေတွက်နိုင်သော အင်မော်တယ်များကို အောက်ဘုံသို့ ဆင်းသက်လာစေရန် ဆွဲဆောင်ပွဲ ရည်ရွယ်ထားသည်။ ဤသည်ကား သူ၏ နယ်မြေတန်ဖိုးကို ရိတ်သိမ်းရန် အခွင့်အရေးကောင်းတစ်ခု မဟုတ်ပါလား။
*ငါက မင်းကို ကောင်းကင်နဲ့မြေကြီးအတွက် သစ္စာဆိုခိုင်းတာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့ ကျိန်ဆိုရတာလဲ။ အောင်မလေး…၊ ငါ့ရဲ့ နယ်မြေတန်ဖိုးလေးတော့…*
ချမ်ချန်ကန်းတစ်ယောက် သူ၏နှလုံးသားမှ သွေးများ စီးကျလာသလို ခံစားလိုက်ရသည်။
ချမ်ချန်ကန်းက ကျန်းယုချန်ကို အလေးအနက်ကြည့်လိုက်သည်။ မူလက ကျန်းယုချန်တစ်ယောက် အပြင်းအထန်ဖျားနေသည်ဟု ထင်ခဲ့ပေမဲ့ ယခုတော့ ချမ်ချန်ကန်း၌ အတွေးတစ်ခုရှိသည်။
*ဖျားနာနေတဲ့ သတို့သမီးကို မင်္ဂလာခန်းထဲ ထည့်လိုက်တာနဲ့ အတူတူပဲ*
ချမ်ချန်ကန်းက သူ၏အတွေးများ အလွန်မှောင်မိုက်သွားကြောင်း သိလိုက်သည်။
*မဟုတ်ဘူး၊ မဟုတ်ဘူး။ အခြားအတွေး လုံးဝမရှိဘူး*
တောင်ပေါင်းတစ်သိန်းတောင်တန်း၌ ဖေးရှန့်တောင်မှ အင်မော်တယ်အလင်းတန်းတစ်ခု ထွက်သွားပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံထက်၌ ပျောက်ကွယ်သွားခဲ့သည်။
ဖေးရှန့်တောင်တွင်မူ ချမ်ချန်ကန်းက လက်ထဲတွင် လက်စွပ်တစ်ခုကို ကိုင်ထားပြီး အင်မော်တယ်နတ်ဘုရားအလင်းတန်း ထွက်ခွာသွားသည့်အရပ်ကို ကြည့်နေပြီး လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း ကြည့်နေကြသည်။
လင်းပေါင်အာက ပြောလိုက်သည်။
“ဝိုး…ဆရာ၊ ဒီမမလှလှလေးက ချက်ချင်းပြန်သွားတာပဲ”
အမြီးလေးကလည်း ခေါင်းညိတ်လိုက်သည်။
“ယ… ယ… ယ… ယ…”
ချမ်ချန်ကန်းက သူ့အကြည့်များကို ပြန်ရုတ်သိမ်းပြီး
“ဒီအမျိုးသမီးက တော်တော်လေးဖျားနေတာဆိုတော့ သူ အိမ်ပြန်ပြီး ဆရာဝန်ပြဖို့ပဲ ဖြစ်ရမယ်”
ထိုကဲ့သို့ ခန့်မှန်းလိုက်သည်။ အမြီးလေးနှင့် လင်းပေါင်အာတို့ကလည်း ချက်ချင်းပဲ သဘောပေါက်သွားသည်။
“ဪ… ဒါကြောင့် ဒီလောက်မြန်မြန်ပြန်သွားတာကိုး”
ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။
သက်ရှည်ခန္ဓာကိုယ်၏ သတင်းကို အထက်ဘုံဆီသို့ ပို့ဆောင်သည့်နေရာ၌ ကျန်းယုချန်၏ တာအိုကတိသစ္စာကြောင့် အများကြီး အကူအညီရတော့မည် မဟုတ်ပေ။ နောက်တစ်ကြိမ် အောက်ဘုံသို့ အင်မော်တယ်များ ဆင်းသက်လာသည့်အခါမှသာ အခွင့်အရေးရယူနိုင်တော့ပေမည်။
ယခု ချမ်ချန်ကန်း၏မျက်လုံးများက သူ၏လက်ထဲတွင်ရှိသော သိုလှောင်လက်စွပ်ပေါ်သို့ ရောက်သွားသည်။ ဤသည်ကား ချမ်ချန်ကန်းနှင့် ကျန်းယုချန်တို့အကြား လဲလှယ်မှုဖြစ်သည်။ ဤလက်စွပ်ထဲတွင် အင်မော်တယ်ပစ္စည်းများ၊ အင်မော်တယ်ဆေးဝါးများနှင့် အင်မော်တယ်ကျောက်တုံးများ ရှိပေသည်။
ကျန်းယုချန်သည် မူလက သက်ရှည်သစ်သီးကို ယူဖို့ မရည်ရွယ်ခဲ့ပေ။ သူမ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ အမြန်ပြန်သွားပြီး ချမ်ချန်ကန်းနှင့် ဘယ်တော့မှ ပြန်မဆုံတွေ့ရန်သာဖြစ်သည်။
သို့သော် ချမ်ချန်ကန်းကလည်း ကျန်းယုချန်ကို အခွင့်အရေးမယူစေလိုပေ။ အင်မော်တယ် သစ်သီးတစ်လုံးက အထက်ဘုံ၌ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မသိပေမဲ့ ဤလက်စွပ်ထဲတွင် အင်မော်တယ်ဆေးဝါးများ၊ အင်မော်တယ်ပစ္စည်းများနှင့် အင်မော်တယ်ကျောက်တုံးများက အင်မော်တယ်သစ်သီးတစ်လုံးနှင့် ဘယ်လိုလုပ် တန်ဖိုးတူညီနိုင်မည်နည်း။
အမှန်တော့ ဤကျူးယန်အင်မော်တယ်သစ်သီးက ချမ်ချန်ကန်းအတွက် အရေးမပါပေ။ သူစားပြီးသည်နှင့် အလုံးစုံသော သက်ရှိစွမ်းအားကို အသုံးပြုကာ ပြန်လည်စိုက်ပျိုးနိုင်ပေသည်။
ဒါကြောင့် ချမ်ချန်ကန်းက ကျူးယန်အင်မော်တယ်သစ်သီးတစ်လုံးနှင့် လဲလှယ်ပေးသည်က သူအတွက် ဘာမှဆုံးရှုံးသွားခြင်း မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေအရ ချမ်ချန်ကန်းနှင့် ကျန်းယုချန်တို့မှာ နောက်ထပ်ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေး မရှိတော့ပေ။
“ပေါင်အာ ဒီလက်စွပ်ထဲက ပစ္စည်းတွေကို စီစစ်ပေးပါဦး”
ချမ်ချန်ကန်းက လက်စွပ်ကို လင်းပေါင်အာ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဟုတ်ကဲ့ဆရာ”
မကြာခင်မှာပင် လင်းပေါင်အာက လက်စွပ်ထဲမှ အင်မော်တယ်ပစ္စည်းများ၊ အင်မော်တယ်ဆေးဝါးများနှင့် အင်မော်တယ်ကျောက်တုံးများကို ချမ်ချန်ကန်းကို ပေးလိုက်သည်။
အင်မော်တယ်ဆေး ငါးမျိုးရှိသည်။ လက်နက်ခြောက်ခုရှိသည်။ အကာအကွယ်လက်နက်လေးခုနှင့် တိုက်ခိုက်လက်နက်နှစ်ခုတို့ဖြစ်သည်။ အင်မော်တယ်ဆေးပင် ငါးမျိုးရှိပြီး အားကောင်းသော အင်မော်တယ်အနှစ်သာရစွမ်းအားများ ပါဝင်သည်။
ချမ်ချန်ကန်းသည် ဤဆေးပင်ငါးမျိုးကို အင်မော်တယ်ဘုရားကျောင်းထဲရှိ နေရာလွတ်တစ်ခု၌ စိုက်ပျိုးလိုက်သည်။ နောက်ဆုံး၌ ချမ်ချန်ကန်း၏ မျက်လုံးများက ဒါဇင်နှင့်ချီသော အင်မော်တယ်ကျောက်တုံးများပေါ်သို့ ရောက်ရှိသွားသည်။
ဤအင်မော်တယ် ကျောက်တုံးများက သိပ်မကြီးပေ။ သို့သော် အရောင်အသွေးစုံလင်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက စီးဆင်းနေသည်။
ချမ်ချန်ကန်းက အလွန်သိချင်နေသောကြောင့် အင်မော်တယ် ကျောက်တုံးတစ်ခုကို ကောက်ကိုင်လိုက်သည်။
“ဒါက အင်မော်တယ်ကျောက်တုံးလို့ ခေါ်တာလား”