အခန်း ၁၁၆
Vol. 9 Ch. 116
အခန်း (၁၁၆ ) ဆင်းရဲသားရဟန်းက သင်တို့ကို အနောက်ဘက်နိဗ္ဗာန်ဘုံသို့ လိုက်ပို့ပေးမယ်
ဗုဒ္ဓရောင်ခြည်၏ အလယ်၌ တောင်တန်းနှင့် တောင်တန်းသတ်ပွဲ ဧရိယာမှ ဗုဒ္ဓတစ်ဆူက ထွက်ပေါ်လာခဲ့သည်။
ထိုဗုဒ္ဓသည် ကျက်သရေရှိပြီး တည်ကြည်လေးနက်ကာ ရွှေရောင်ရောင်ခြည်များ တောက်ပလျက်ရှိရာ အစစ်အမှန် သက်ရှိရှေးဘုရားလောင်းသဖွယ် လူအပေါင်းတို့ကို ရင်ထဲမှ ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်စေကာ ဒူးထောက်ရှိခိုးလိုစိတ်များပင် ပေါ်ပေါက်လာခဲ့သည်။
ဗုဒ္ဓ၏ တန်ခိုးတော်က လှိုင်းထန်ပြီး တည်တံ့နေပေသည်။ ထိုအရာသည် သတ္တဝါအပေါင်းတို့ကို ကယ်တင်မည့်အလား ဓမ္မသံနှင့် ဗုဒ္ဓ၏ဂါထာတော်တို့က လောကတစ်ခုလုံးကို ဟိန်းထွက်နေပေသည်။
ဤဆင်းရဲသားရဟန်းသည် ဗုဒ္ဓဆိုင်ရာ၌ သူ၏အဆင့်အတန်းက ရိုးရှင်းသော်လည်း သူ၏အသိပညာက အလွန်မြင့်မားပြီး နက်နဲလွန်းပေသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းပြီး အံ့အားသင့်ဖွယ်ရာဖြစ်စေသည့် ဗုဒ္ဓရူပါရုံကိုပါ ဖန်တီးနိုင်ပေသည်။
ဟေးကျောင်းလုံသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားသည်။
*ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ရူပါရုံမျိုးလဲ။ ဒီဘုန်းကြီးက ဘာလုပ်ချင်တာလဲ*
ချန်ချမ်ကန်းက ဘာစကားမှမပြောဘဲ ဘေးမှစောင့်ကြည့်နေလိုက်သည်။ ဗုဒ္ဓ၏အသံနှင့် ဗုဒ္ဓဂါထာတို့ကို ရွတ်ဖတ်နေသည့် အသံတို့က ကောင်းကင်နှင့်မြေပြင်အနှံ့ ဟိန်းထွက်ပြီး ရှေးဟောင်းဘုရားတစ်ဆူက တရားတော်များကို ရွတ်ဖတ်နေသကဲ့သို့ လူတိုင်းကြားနေရသည်။
ဟေးကျောင်းလုံသည် ရှေးဟောင်းဘုရား ရွတ်ဖတ်နေသည်ကို နားမလည်သော်လည်း ဗုဒ္ဓ၏ရောင်ခြည်တော်အောက်၌ သူ၏စိတ်နှလုံးက မငြိမ်မသက်ဖြစ်လာပြီး တဖြည်းဖြည်း သတ်သေလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ဟေးကျောင်းလုံက မျက်ရည်များ စီးကျလာပြီး နောင်တရကာ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။
“စီနီယာ… ကျွန်တော့်ရဲ့အပြစ်တွေက ကြီးမားလှပါတယ်။ သေခြင်းတရားကသာ ကျွန်တော့်ကို စိတ်သက်သာရာရစေမှာပါ”
ချန်ချမ်ကန်းသည် ဟေးကျောင်းလုံ၏စကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
“မင်း ဘာတွေပြောနေတာလဲ။ ဘုန်းတော်ကြီးကျန်းကန်တောင် မစရသေးဘဲ ဘာဖြစ်လို့သေချင်နေရတာလဲ”
ဟေးကျောင်းလုံသည် ဗုဒ္ဓကို အလွန်ကြည်ညိုလေးစားဟန်ဖြင့် နောင်တတရားများဖြင့် ပြည့်နှက်နေပြီး သူ၏အနက်ရောင်ကြေးခွံများပင် ဗုဒ္ဓရောင်ခြည်များဖြင့် တောက်ပလာခဲ့သည်။ ချန်ချမ်ကန်းပင်လျှင် ဟေးကျောင်းလုံ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော သေခြင်းတရား၏ ရည်ရွယ်ချက်ကို ခံစားလိုက်ရပေသည်။
ဤသည်က ကောင်းသောလက္ခဏာမဟုတ်ပေ။ ဤဆင်းရဲသားရဟန်းက ဟေးကျောင်းလုံကို ဤကဲ့သို့ပုံစံမျိုးဖြစ်အောင် မည်သို့ပြောင်းလဲလိုက်မှန်း သူ မသိပေ။
ရုတ်တရက် ဘုန်းတော်ကြီးကျန်းကန်က ထပြောလိုက်သည်။
“ဆိုးယုတ်တဲ့ မိစ္ဆာသားရဲ၊ မင်းအပြစ်ကို မင်းသိပြီမှတ်လား”
ဤအခိုက် ချန်ချမ်ကန်းက လောကတွင် ပဲ့တင်ထပ်နေသော ဗုဒ္ဓ၏အသံနှင့် ဗုဒ္ဓ၏ဂါထာများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်တိုလာကာ ဒေါသကိုမထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။
“မင်းအမေကြီးတော် သိလိုက်ပါလား”
ဘုန်းတော်ကြီးကျန်းကန်သည် ချန်ချမ်ကန်းကိုကြည့်ပြီး ထိုဝတ်ရုံဖြူနှင့်လူငယ်က အဘယ့်ကြောင့် ထိခိုက်မှုမရှိသည်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထို့နောက် သူက လှောင်ပြောင်ပြောလိုက်သည်။
“အလှူရှင် သင်နဲ့ ဒီဆိုးယုတ်တဲ့ မိစ္ဆာသားရဲက အပြစ်များစွာ ကျူးလွန်ထားတယ်။ အဘယ့်ကြောင့် သတ်ဖြတ်ချင်တဲ့ ဓားကိုချပြီး ချက်ချင်း ဗုဒ္ဓကို မကူးပြောင်းရတာလဲ”
ထိုစကားကို ကြားသောအခါ ချန်ချမ်ကန်းက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
“ဟားဟားဟားဟား....သတ်ဖြတ်ချင်တဲ့ ဓားကို ဘယ်လိုချပြီး ဗုဒ္ဓဘယ်လိုဖြစ်ရမလဲဆိုတာတော့ ငါမသိဘူး”
ဘုန်းတော်ကြီးကျန်းကန်၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အလင်းတန်းတစ်ခုလက်သွားပြီး သူက ပြောလိုက်သည်။
“အလှူရှင်သာ ဗုဒ္ဓဖြစ်ချင်တယ်ဆိုလို့ရှိရင် ဒီဆင်းရဲသားရဟန်းက အလှူရှင်တို့ကို အနောက်ဘက်နိဗ္ဗာန်ဘုံကို လိုက်ပို့ပေးပါ့မယ်”
ချက်ချင်းပဲ ကောင်းကင်နှင့်မြေပြင်ထက်ရှိ ဗုဒ္ဓဂါထာတော်ကို ရွတ်ဆိုသည့်အသံက ပို၍ပြင်းထန်လာခဲ့ပြီး နားကွဲမတတ်ဖြစ်ရာ လောကတစ်ခုလုံး ဗုဒ္ဓ၏ ပင်လယ်ပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လက်ရှိ ဟေးကျောင်းလုံ၏ သေချင်လိုစိတ်က အလွန်ပြင်းထန်ပြီး သူ့ကိုယ်တိုင်လုပ်စရာပင် မလိုတော့ပေ။ ဤဆင်းရဲသားဘုန်းတော်ကြီးကျန်းကန်က မိစ္ဆာရဟန်းပင် ဖြစ်ပေသည်။ သူသည် ကောင်းကင်နှင့်မြေပြင်ထက်တွင် ဗုဒ္ဓ၏ဂါထာသံကို အားကိုးရုံဖြင့် နတ်ဆိုးဧကရာဇ်တစ်ပါး၏အသက်ကို သူကိုယ်တိုင်လှုပ်ရှားစရာမလိုဘဲ ယူနိုင်လေသည်။
တစ်ဖက်တွင် ချန်ချမ်ကန်းသည် ဗုဒ္ဓ၏ဂါထာတော် ရွတ်ဖတ်သံကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားလာပြီး သူ၏နားများထဲ၌ ရဟန်းပေါင်း ထောင်ပေါင်းများစွာ ရွတ်ဆိုသံတို့ကို ကြားနေရပေသည်။
ထို့ကြောင့် ချန်ချမ်ကန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ငြိမ်သက်စွာ မထိုင်နေနိုင်တော့ပေ။ သူက ဘုန်းတော်ကြီးကျန်းကန်ကို စိုက်ကြည့်ပြီး အေးစက်သောအသံဖြင့် အော်ဟစ်လိုက်သည်။
“ဘုန်းတော်ကြီးကျန်းကန် ကောင်းတာနဲ့ဆိုးတာရယ်ဆိုတာ မရှိဘူး။ လူတွေကသာ သူတို့ကိုယ်သူတို့ ကောင်းတယ်၊ ဆိုးတယ်လို့ ခေါ်ဝေါ်နေကြတာ။ ကောင်းတာနဲ့ဆိုးတာရဲ့ အကျိုးပေးတွေက ဒွန်တွဲနေတယ်ဆိုတာ မင်းလည်းသိသင့်တယ်”
သူသည် စကားဆုံးသည်နှင့် “အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်”ကို ထုတ်လွှတ်လိုက်ရာ တာအို၏အသံက ထွက်ပေါ်လာခဲ့သည်။
အပြာရောင်ကောင်းကင်ထက်မှ ကြယ်များနှင့် လအလင်းရောင်တို့ကို ဆွဲဆောင်ယူသကဲ့သို့ တစ်ခုနှင့်တစ်ခုဆက်စပ်ပြီး နဂါးတစ်ကောင်အလား ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ကြယ်များ၏အလင်းရောင်က ကျဆင်းလာခဲ့ပြီး ဗုဒ္ဓရောင်ခြည်ကိုခုခံကာ ဗုဒ္ဓ၏ဓမ္မသံကို တဖြည်းဖြည်း တိုးသွားစေခဲ့သည်။
ချန်ချမ်ကန်း၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး မည်သို့ပင်ဆိုစေကာမူ သူသည် ပြိုင်ဘက်ကင်းနယ်မြေ၏ အပြင်ဘက်တွင်ရှိသော်လည်း “အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်”ကို အသုံးပြုနိုင်ကြောင်း တွေ့ရပေသည်။ ဘုန်းတော်ကြီးကျန်းကန်က ဤအခြင်းအရာကို မြင်သောအခါ သူ၏အမူအရာက ပြောင်းလဲသွားပေသည်။
“မဟာလမ်းစဉ်”
ဘုန်းတော်ကြီးကျန်းကန်က သူ့ရှေ့မှ ချန်ချမ်ကန်းသည် ရိုးရှင်းသူမဟုတ်ကြောင်း သိလိုက်သည်။ သူ၏နှုတ်မှ ထွက်လိုက်သည့်စကားသည် မဟာတာအိုလမ်းစဉ်၏ ဂါထာဖြစ်လာပြီး ဗုဒ္ဓ၏ဓမ္မသံနှင့် ယှဉ်ပြိုင်ကာ မဟာတာအိုလမ်းစဉ်၏ ရူပါရုံကိုပါ ဆွဲဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
တစ်ချိန်တည်းမှာပင် အနက်ရောင်ရေလွှမ်းမိုးနဂါး၏ သေခြင်းအငွေ့အသက်က အလွန်ပြင်းထန်နေပြီး မျှော်လင့်ချက်မဲ့ခြင်း အရှိန်အဝါက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့နေကာ သေဆုံးတော့မည်ဖြစ်သည်။
ချန်ချမ်ကန်းသည် အနက်ရောင်ရေလွှမ်းမိုးနဂါး၏ခေါင်းကို ပုတ်လိုက်ပြီး အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်ကို အသုံးပြုကာ အေးစက်သောအသံတစ်ခု ပြောလိုက်သည်။
“အနက်ရောင်ရေလွှမ်းမိုးနဂါး ဒီအရှင်ပြောတာကို နားထောင်စမ်း။ ဘဝဆိုတာ ကိုယ်ကိုယ်တိုင်ဖန်တီးထားတာ။ ရုပ်သွင်ဆိုတာ နှလုံးသားကနေ မွေးဖွားလာတာပဲ။ လောကမှာရှိတဲ့ အရာအားလုံးက ရုပ်အသွင်သာ ပြောင်းလဲသွားတယ်။ နှလုံးသားက ပြောင်းလဲတာ မဟုတ်ဘူး။ စိတ်က မလှုပ်ရှားရင် နှလုံးသားက မပြောင်းလဲဘူးဆိုရင် အရာအားလုံးက မပြောင်းလဲဘူး”
“ကျင့်ကြံခြင်းဆိုတာက ရက်စက်ကြမ်းကြုတ်ပြီးသား။ နဂိုတည်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့အရာပဲ။ အင်မော်တယ်အဖြစ်ကြိုးစားအားထုတ်တာက ဘယ်သူ့မှာမှ အပြစ်မရှိဘူး။ ကိုယ့်ရဲ့နှလုံးသားသာ မပြောင်းလဲဘူးဆိုရင် နောင်တတရားဆိုတာ ရှိမလာသင့်ဘူး။ နိုးထသင့်ပြီ”
သူ့အသံဆုံးသွားသည်နှင့်တပြိုင်နက် ကောင်းကင်နှင့်မြေပြင်ကြားတွင်ရှိသော မဟာတာအိုလမ်းစဉ်က ဟိန်းထွက်လာပြီး ရှေးဟောင်းခေါင်းလောင်းကြီးကို တီးလိုက်သည့်သဖွယ် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
အနက်ရောင်ရေလွှမ်းမိုးနဂါးသည် ထိုသတိပေးချက်ကြောင့် ချက်ချင်းပဲ သူ၏ခေါင်းပေါ်သို့ ရေနွေးအိုးလောင်းချလိုက်သကဲ့သို့ သေခြင်းတရားနှင့် မျှော်လင့်ချက်မဲ့ခြင်းရွှံ့နွံထဲမှ ချက်ချင်းပဲ နိုးထလာခဲ့ပြီး သူ၏မျက်လုံးများက ပြန်၍ကြည်လင်လာခဲ့သည်။
“စီနီယာ......”
ဤအခြင်းအရာသည် အနက်ရောင်ရေလွှမ်းမိုးနဂါးကို ကြောက်လန့်တကြားဖြစ်စေခဲ့ပြီး ချွေးစေးများ ထွက်ပေါ်လာစေခဲ့သည်။ ယနေ့တွင် သူသည် ဗုဒ္ဓ၏ဓမ္မသံကို နားထောင်ရုံဖြင့် သူ့ကိုယ်သူ သတ်သေလုနီးပါးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ စီနီယာသာမရှိပါက ယနေ့၌ သူအမှန်တကယ် သေဆုံးရပေမည်။
သူသည် ဘုန်းတော်ကြီးကျန်းကန်ကို ပြန်ကြည့်လိုက်ပြီး လက်ရှိအနက်ရောင်ရေလွှမ်းမိုးနဂါးက အမှန်တကယ် ကြောက်ရွံ့နေပြီဖြစ်သည်။ သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုအခြေခံရှိသော်လည်း အထင်မသေးရဲတော့ပေ။
ဤရဟန်းသည် လူအများကို သွေးဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေစေပေသည်။ ဤသူမှာ ရဟန်းမဟုတ်ဘဲ မိစ္ဆာတစ်ကောင်သာ ဖြစ်ပေသည်။