အခန်း ၁၁၇
Vol. 9 Ch. 117
အခန်း (၁၁၇) တန်ခိုးကြီးတော်မူသော ကောင်းကင်ဘုံနဂါးမင်း၊ ကမ္ဘာမြေကို စောင့်ရှောက်သော လောကနာထမြေစောင့်နတ်ဘုရား
“မင်းဘယ်သူလဲ”
ဤအခိုက် ဘုန်းတော်ကြီးကျန်းကန်က အေးစက်သော မျက်နှာအမူအရာဖြင့် ချန်ချမ်ကန်းကို စိုက်ကြည့်ပြီး သူသည် ချန်ချမ်ကန်းကို အစမှအဆုံး ထိုးဖောက်မြင်လိုသည့်အလား ကြည့်နေပေသည်။
ချန်ချမ်ကန်းပြောလိုက်သည့် ဒုတိယစကားမှာ တာအို၏ ဂါထာတော်ဖြစ်ပြီး ဗုဒ္ဓ၏သဘောတရားများ ပါဝင်နေကာ သူ၏ခေါင်းကို ရိုက်ချလိုက်သလို ဖြစ်နေခဲ့သည်။
ချန်ချမ်ကန်းသည် ထိုဆင်းရဲသားရဟန်းကို အေးစက်သော မျက်လုံးများဖြင့် ပြန်စိုက်ကြည့်ပြီး သူ၏မျက်လုံးများက လျှပ်စီးများ တလက်လက်တောက်ပနေသကဲ့သို့ မမြင်နိုင်လောက်သော နက်နဲသည့် ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။ တစ်ချိန်တည်းမှာပင် ဘုန်းတော်ကြီးကျန်းကန်က ပို၍စိတ်ပူပန်လာပြီး လောလောဆယ်၌ ထပ်မံလုပ်ဆောင်မဝံ့တော့ပေ။
ချန်ချမ်ကန်းက သူ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။
အနက်ရောင်ရေလွှမ်းမိုးနဂါးက နှာခေါင်းရှုံ့ပြီး တိုးတိုးတိတ်တိတ် ပြန်ဖြေလိုက်သည်။
“မင်းက တောင်ပေါင်းတစ်သိန်းတောင်တန်းကို လာရဲတယ်ဆိုမှတော့ မင်းရှေ့မှာရှိနေတဲ့လူက “ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူ”ဆိုတဲ့နာမည်ကို မကြားဖူးဘူးလား”
“ဘာရယ် ထကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူ”ဟုတ်လား”
ဘုန်းတော်ကြီးကျန်းကန်က ရင်ထဲထိတ်သွားသည်။
“မင်းရှေ့မှာရှိနေတဲ့ ဒီပုဂ္ဂိုလ်က အင်မော်တယ်တွေကို လက်ဖဝါးတစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်ပြီး ဒီကျူးရှိူ့တိုက်ကြီးမှာ အခုတလော နာမည်ကြီးနေတဲ့ “ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူ”ဆိုတဲ့ စီနီယာချန်ချမ်ကန်းပဲ”
ထိုစကားကို ဘုန်းတော်ကြီးကျန်းကန် ကြားလိုက်ရသည့်အခါ သူ၏မျက်လုံးက ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားသည်။
*သူဖြစ်နေတာကိုး*
ချန်ချမ်ကန်း၏ မျက်နှာက အမူအရာကင်းမဲ့နေပြီး ဘုန်းတော်ကြီးကျန်းကန်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းက ပိုသန်မာလား ဒါမှမဟုတ် အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က ပိုသန်မာလားဆိုတာ ငါတကယ်ပဲ သိချင်မိတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ဘုန်းတော်ကြီးကျန်းကန်က မည်သည့်စကားမှ ပြန်မပြောသော်လည်း သူ၏နှလုံးသားထဲ၌ မုန်တိုင်းတစ်ခု တိုက်ခတ်နေသလို ခံစားလိုက်ရသည်။
ကျော်ကြားသောနာမည်ကို ကြားခြင်းထက် လူကိုယ်တိုင်တွေ့ခြင်းက ပို၍ကောင်းနေပေသည်။ ဤချန်ချမ်ကန်းသည် တစ်ခါမှမလှုပ်ရှားဖူးဘဲ သူထုတ်ဖော်ပြသည့်အရှိန်အဝါကလည်း အားမကြီးပေ။ ထို့ကြောင့် သူသည် ထူးခြားပုံရသော်လည်း ဘုန်းတော်ကြီးကျန်းကန်က အရင်က အလေးမထားခဲ့ပေ။
သို့သော် ချန်ချမ်ကန်းက လှုပ်ရှားလိုက်သည့်အခါ သူ၏ဗုဒ္ဓဂါထာတော် ရွတ်ဖတ်နေသည့်အသံကို ချက်ချင်းပဲ ပျက်စီးသွားစေသော မဟာတာအို၏ စကားလုံးနှစ်လုံးတည်းသာ ဖြစ်လာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
ယခင်ကဆိုလျှင် သူလုံးဝယုံကြည်မည် မဟုတ်ပေ။ ယခုတော့ ယုံကြည်ရပေတော့မည်။
ချန်ချမ်ကန်းသည် ဘုန်းတော်ကြီးကျန်းကန်၏ စိတ်နှင့်ခံယူချက်များ ပြောင်းလဲသွားသည်ကို သဘာဝအတိုင်း မြင်တွေ့ရပေသည်။ ထို့ကြောင့် ဤအချိန်က အနိုင်ရရှိရန် အခွင့်ကောင်းယူမည့်အချိန်ဖြစ်ကြောင်း သိလိုက်သည်။ သူက ပါးစပ်ဟပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
“ရဲရင့်တဲ့ မိစ္ဆာရဟန်း မင်းက ဒီအရှင်ကို လုံးဝအရေးမလုပ်ဘူးပဲ။ မင်းက ဒီအရှင်ကိုတောင် အနောက်ဘက်နိဗ္ဗာန်ကို ပို့ပေးချင်တယ်ဟုတ်လား။ ဒီအရှင်က မင်းကိုပဲ ပို့ပေးရလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ကျန်းကန်က သတိပြန်ဝင်လာပြီး သူ၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်နေကာ သူ၏ရင်ထဲ၌ မုန်တိုင်းထန်နေသော လှိုင်းလုံးများကို ဖိနှိပ်ပြီး ရိုသေစွာ ပြောလိုက်သည်။
“ချန်ချမ်ကန်း… မင်းက ကောလာဟလတွေပြောသလိုပဲ တကယ်အားကြီးလိမ့်မယ်ဆိုတာ ဒီရဟန်းက မယုံဘူး။ ဒီလိုမျိုးသေးငယ်တဲ့ ကျူးရှိူ့တိုက်ကြီးမှာ ဘယ်သူကမှ တကယ်ပဲ အစစ်အမှန်အင်မော်တယ်တွေကို သတ်ဖြတ်နိုင်တာ မဖြစ်နိုင်ဘူး”
ထိုသို့ပြောပြီးနောက် သူက လက်အုပ်ချီကာ အော်မိတောဖောဟု ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ပါးစပ်ကိုဟပြီး ရဟန္တာ ၁၈ပါးကို တိုက်ရိုက်မျိုချလိုက်သည်။
ချက်ချင်းပဲ ကျန်းကန်၏ မျက်ခုံးနှစ်ဖက်ကြားတွင်ရှိသော ကြာပန်းတံဆိပ်က တောက်ပလာပြီး နတ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျန်းကန်၏ ခြေဖဝါးအောက်၌ ဗုဒ္ဓကြာပန်းတစ်ပွင့် ပွင့်လန်းလာခဲ့သည်။ သူ၏ပုံသဏ္ဌာန်က အလွန်ခန့်ညားပြီး သူ၏အနောက်ဘက်၌လည်း ဗုဒ္ဓရောင်ခြည်ရူပါရုံများ ထွက်ပေါ်လာကာ သူ၏ခမ်းနားထည်ဝါမှုက မည်သူမှ စော်ကားဝံ့ခြင်း မရှိတော့ပေ။
ဤသည်မှာ ရှေးဟောင်းဘုရားတစ်ဆူက ဗုဒ္ဓရောင်ခြည်များ ထုတ်လွှတ်နေပြီး အားလုံးကို ဗုဒ္ဓပင်လယ်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ချန်ချမ်ကန်း၏ မျက်လုံးများကလည်း အေးစက်နေပြီး သူ၏ရင်ထဲ၌ အနည်းငယ် လေးလံနေပေသည်။ သူ မထင်မှတ်ထားသည်မှာ ဤကျန်းကန်သည် သူ၏နာမည်ကို ကြားပြီးသည့်တိုင် သူ့ကိုထပ်ပြီး တိုက်ခိုက်ရဲပေသည်။
*မှားသွားပြီ။ တကယ့်ကိုမှားသွားပြီ။*
သို့သော် ချန်ချမ်ကန်းက လုံးဝမကြောက်ရွံ့ပေ။ သူသည် “အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်”နှင့် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် ဤအချိန်က အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ချက်ချင်းပဲ ချန်ချမ်ကန်း၏မျက်လုံးမှာ အလွန်ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားအိမ်မှ မထုတ်ရသေးသော ဓားကဲ့သို့ အလွန်ထက်ရှနေပေသည်။
ထိုအခိုက် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး တိမ်မည်းများက ကောင်းကင်ထက်သို့ လွှမ်းမိုးလာကာ ချန်ချမ်ကန်း၏ဝတ်ရုံက လေထဲ၌ တဖျပ်ဖျပ်လွင့်နေပြီး သူ၏ဆံပင်များကလည်း လေထဲ၌ လွင့်ပျံနေပေသည်။
ချန်ချမ်ကန်း၏လက်ထဲတွင် သူသည် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို အစွမ်းကုန်ဖော်ထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ရဲရင့်တဲ့ နတ်ဆိုးရဟန်း.. မင်းဒီနေ့ ဘာလုပ်ချင်လဲတောါ ဒီအရှင်မသိဘူး။ ဒါပေမဲ့ ဒီအရှင်ရှေ့မှာ မင်းကများ မင်းရဲ့လက်နက်ကို ထုတ်ဖော်ဝံ့တယ် ဟုတ်လား။ ဒီနေ့ ဒီနေရာမှာ ဒီအရှင်က မင်းကို အစစ်အမှန်ဗုဒ္ဓဆိုတာ ဘာလဲဆိုတာ ပြသပေးမယ်”
“အစွမ်းထက်လွန်းတဲ့ ကောင်းကင်ဘုံနဂါးနတ်မင်း၊ ကမ္ဘာမြေကို စောင့်ရှောက်တဲ့ လောကနာထမြေစောင့်နတ်ဘုရား၊ ဗားဂျရာဗုဒ္ဓများ၊ ဗားဂျရာ ကောင်းကင်ပါရမီ…”
ထိုသို့ရွတ်ဖတ်လိုက်သည့်အခါ…
“ဝေါင်း...”
ကောင်းကင်ထက်၌ တိမ်များပြိုကွဲပြီး နဂါးများက ကမ္ဘာကြီးကို လှုပ်ခါလိုက်ရာ ကောင်းကင်နှင့်မြေပြင်ထက်၌ ဗုဒ္ဓ၏အသံများက ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းပဲ တစ္ဆေပြည်နယ်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။ တစ္ဆေပြည်နယ်ရှိ ကျင့်ကြံသူအများအပြားက တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ လှမ်းကြည့်ပြီး ဘာဖြစ်နေမှန်းမသိ ဖြစ်ကြသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသောအရာတစ်ခု ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။
နှိုင်းယှဉ်လို့မရအောင် ပြိုင်ဘက်ကင်းပြီး စွမ်းအားကြီးမားသည့် နဂါးစွမ်းအင်တစ်ခုက ရုတ်တရက်ဖိနှိပ်လိုက်ပြီး သူတို့ကို တုန်ယင်သွားစေခဲ့တာ ဘာကြောင့်မှန်း သူတို့လည်းမသိကြပေ။ လူတိုင်းကြောက်ရွံ့တုန်လှုပ်နေကြပြီး အလွန်ကြောက်မက်ဖွယ်ရာကောင်းသော နဂါးစွမ်းအင်ထွက်ပေါ်လာခဲ့သည်။
“အစစ်အမှန်နဂါး မွေးဖွားလာခဲ့တာလား”
ချန်ချမ်ကန်းသည် တရုတ်ဘာသာစကားဖြင့် ဓမ္မဂါထာတော်တစ်ခုကို ရွတ်ဆိုပြီးသောအခါ နှစ်ပေါင်းများစွာ စည်းတံဆိပ်ခတ်ခံရခြင်းကို ရုတ်တရက် ရုပ်သိမ်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ၎င်းသည် မီးတောင်ပေါင်းတစ်သန်းလောက် တစ်ပြိုင်နက်ပေါက်ကွဲလာသကဲ့သို့ အဆုံးမဲ့သော တောင်တန်းများတစ်လျှောက် ရွှေရောင်နဂါး မွေးဖွားလာခဲ့သည်။
ဤသည်မှာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”အောက်၌ အပြည့်အဝ ထုတ်ဖော်ပြသထားခဲ့သည်။ ထိုရွှေရောင်နဂါးသည် ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်ပြီး အလျင်အမြန်ပျံသန်းလာခဲ့သည်။
သူ၏ရွှေရောင်အလင်းတန်းများ၊ ဗုဒ္ဓ၏ဓမ္မပုံရိပ်များက အဆုံးမဲ့ထွန်းလင်းတောက်ပနေသည်။ ၎င်းသည် တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံးကို ထွန်းလင်းရုံသာမက တစ္ဆေတိုင်းပြည်တစ်ခုလုံးကိုပါ လင်းထိန်စေပြီး ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကိုပါ ရွှေရောင်အလင်းတန်းက ဖုံးလွှမ်းကာ ကမ္ဘာတစ်ခုလုံးကို ထာဝရအလင်းတန်းအဖြစ် တောက်ပစေခဲ့သည်။
ထို့နောက် ဘုန်းတော်ကြီးကျန်းကန်၏ ရှေးဟောင်းဘုရားကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ သူသည် ရှေးဟောင်းနဂါးရှေ့၌ အရေးမပါသလို ဖြစ်နေခဲ့သည်။ ဤအခြင်းအရာကို မြင်လိုက်ရသောအခါ ဘုန်းတော်ကြီးကျန်းကန်က အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး အသက်ရှူကျပ်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ကို မထိန်းချုပ်နိုင်တော့ပေ။
*ငါ့ရှေ့က ဒီချန်ချမ်ကန်းက ဘယ်လိုတည်ရှိမှုမျိုးလဲ။ ဘယ်လိုမျိုး ဗုဒ္ဓနဲ့တာအိုနည်းစနစ်ကများ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့တာလဲ။*