အခန်း ၁၂၇
Vol. 10 Ch. 127
အခန်း (၁၂၇)လှုပ်ရှားမှုတစ်ခုက ကမ္ဘာကို တုန်လှုပ်စေခဲ့တယ်
“အမှတ်ပြည့် အထူးလုပ်ဆောင်ချက်”၏ အောက်တွင် ကောင်းကင်ယံ၌ အစစ်အမှန်နဂါးများက ပျံသန်းနေကြသည်။ အင်မော်တယ်ဖီးနစ်များကလည်း ပျံဝဲနေပြီး ရှေးဟောင်းနတ်ဘုရားလမ်းမကြီးက ဆင်းသက်လာပြီး နတ်ကျားများက စောင့်ကြပ်နေကြသည်။
ရှောင်ဟေးသွားသည့်နေရာသည် အရောင်အသွေးများ ပိုမိုများပြားလာပြီး နတ်ဘုရားအလင်းတန်းများ၊ အင်မောတယ်အလင်းတန်းများ ပေါင်းစပ်ကာ အလွန်ဝေးကွာသော နေရာသို့ ရွှေရောင်လမ်းမကြီးက ဦးတည်သကဲ့သို့ ဖန်တီးထားပေသည်။
ရှောင်ဟေး ပျံသန်းသွားပြီးနောက် ထိုရွှေရောင်လမ်းမကြီးက အနောက်ဘက်ကောင်းကင်ယံမှ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ တာအို၏ အလင်းတန်းများက တစ်ဖျပ်ဖျပ် လင်းလက်နေပြီး နတ်ဘုရားအလင်းတန်းများက ထွက်ပေါ်လာကာ လမ်းတစ်လျှောက်တွင် နတ်ဘုရားမိုးကြိုးကိုးခုက ဆင်းသက်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် အဆုံးမဲ့သော မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။
ဤခရီးစဉ်သည် နတ်ဘုရားတို့၏ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်တို့၏ ခရီးစဉ်နှင့် ပို၍ဆင်တူပေသည်။ “အမှတ်ပြည့် အထူးလုပ်ဆောင်ချက်”၏ အောက်၌ တစ္ဆေတိုင်းပြည်တွင်ရှိသော မရေတွက်နိုင်သော ကျင့်ကြံသူများက အားလုံးထိတ်လန့်ပြီး မော့ကြည့်လိုက်ကြသည်။ မရေတွက်နိုင်သော ကျင့်ကြံသူများက ထိတ်လန့်တကြား အာမေဋိတ်ပြုလိုက်ကြသည်။
“ဘာဖြစ်သွားတာလဲ…ကောင်းကင်နဲ့မြေကြီးမှာ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ရူပါရုံဖြစ်လာတာလဲ။ မသိရင် နတ်ဘုရားဘုရင်က ခရီးထွက်လာသလိုပဲ။ ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခါပြီး လူတွေရဲ့ စိတ်နှလုံးကိုပါ တုန်လှုပ်စေပါလား”
“ဟုတ်တယ် ဟုတ်တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ဒီရူပါရုံက တောင်ပေါင်းတစ်သိန်းတောင်တန်းက လာတာပဲ။ ကြည့်ရတာ ဒီတစ်ခါ ကျူးရှိူ့ပွဲတော် ကျင်းပတဲ့ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းကို ဦးတည်သွားတာပဲ။ အဲ့ဒါက အဲ့ဒီစီနီယာများ ဖြစ်နိုင်မလား”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအများအပြားက စိတ်လှုပ်ရှားသွားကြသည်။
“ကျိန်းသေပေါက် အဲ့ဒီစီနီယာပဲဖြစ်ရမယ်”
သူတို့က ချမ်ချန်ကန်း၏နောက်ကို လိုက်ချင်ကြသည်။ သို့သော်လည်း “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”၏ အောက်တွင် လမ်းကြောင်းကို နတ်ဘုရားအဖြစ် ပြောင်းလဲသွားသော နဂါးတစ်ကောင်က မောင်းနှင်နေသောကြောင့် အရှိန်အဟုန်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နဂါး၏ကိုယ်ထည်ကလည်း မရေတွက်နိုင်သော တောင်နှင့်မြစ်များကို ကျော်ဖြတ်သွားကာ တုန်လှုပ်သွားစေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူများ လိုက်မမီနိုင် ဖြစ်သွားခဲ့သည်။
ချမ်ချန်ကန်း ထွက်သွားပြီဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးကြားရှိ ရွှေရောင်လမ်းမကြီးအပြင် ကောင်းကင်နှင့်မြေကြီးတို့၏ အမျိုးမျိုးသော အံ့ဖွယ်များက ကျန်ရှိနေခဲ့သည်။ အချိန်တော်ကြာပြီးနောက် ရွှေရောင်လမ်းမကြီးနှင့် ကမ္ဘာ့အံ့ဖွယ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော်လည်း ၎င်းက အံ့မခန်းပင် ဖြစ်နေခဲ့သည်။
“နောက်ကနေ မလိုက်ကြနဲ့တော့။ ဘာလို့လဲဆိုတော့ ငါတို့လို သာမန်လူတွေက စီနီယာ့ရဲ့ အရှိန်အဟုန်ကို လိုက်မမီနိုင်လို့ပဲ”
ထိုစကားကို ပြောလိုက်သည့် ကျင့်ကြံသူများ၏ မျက်လုံးထဲ၌ ကြည်ညိုလေးစားမှုများ၊ အထင်ကြီးလေးစားစိတ်များဖြင့် ပြည့်နှက်နေကြသည်။
“စီနီယာ ခရီးသွားတာက တကယ့်ကို ကမ္ဘာမြေကြီးကိုတောင် တုန်လှုပ်စေခဲ့တာပဲ။ စီနီယာ့ရဲ့ လေးစားထိုက်တဲ့ မျက်နှာကို ကြည်ညိုခွင့်ရလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ငါတို့မှာ အဲ့လိုကံကြမ္မာ မရှိဘူးထင်ပါရဲ့”
“ဟုတ်တယ်။ စီနီယာရဲ့ ရိုသေလေးစားထိုက်တဲ့ မျက်နှာကို ကြည်ညိုခွင့်ရချင်လိုက်တာ”
“ငါတို့ ကျူးရှိူ့ပွဲတော်ကို သွားနိုင်တာပဲ။ ပြီးတော့ စီနီယာ့ရဲ့ လေးစားဖွယ်ကောင်းတဲ့ မျက်နှာကို မြင်တွေ့ရလိမ့်မယ်လေ”
ကျင့်ကြံသူတစ်ပါးက တောက်ပသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ နောက်ထပ် ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြပြန်သည်။
“ကျူးရှိူ့ပွဲတော်ဆိုတာ လေနဲ့မိုးတိမ်တွေ စုစည်းရာ၊ သူရဲကောင်းတွေ စုစည်းတဲ့ နေရာပဲ။ ငါတို့လို သာမန်ကျင့်ကြံသူတွေက ကျူးရှိူ့ပွဲတော်ထဲမှာ ပါဝင်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီမှာလဲ”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများကလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အကူအညီမဲ့သွားကြသည်။
“အမှတ်ပြည့် အထူးလုပ်ဆောင်ချက်”၏ လုပ်ဆောင်မှုအောက်၌ ကြောက်မက်ဖွယ်ရာကောင်းသော ကောင်းကင်နှင့်မြေကြီးတို့၏ ရူပါရုံကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူအများအပြားက တုန်လှုပ်သွားခဲ့သည်။ ထိုမျှမက တစ္ဆေပြည်နယ်တစ်ခုလုံးကိုပါ လှုပ်ခတ်သွားခဲ့သည်။
သက်ရှိသတ္တဝါအားလုံး တုန်လှုပ်နေပြီး နတ်ဘုရားဘုရင်နှင့် အင်မော်တယ်ဧကရာဇ်တို့ ခရီးသွားနေသကဲ့သို့ ခံစားလိုက်မိကြသည်။ ထို့ကြောင့် သူတို့သည် ချမ်ချန်ကန်း သွားသည့် လမ်းကြောင်းထက်သို့ ဒူးထောက်ကာ အရိုအသေမပေးဘဲ မနေနိုင်ကြတော့ပေ။
မရေတွက်နိုင်သော သက်ရှိသတ္တဝါအားလုံးက မျက်လုံးများ ပြူးကျယ်လာသည်အထိ ထိတ်လန့်တုန်လှုပ်နေကြသည်။ စီနီယာ့၏ အမည်နာမသည် တစ္ဆေတိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဤသည်က နာမည်ဂုဏ်သတင်းတစ်ခုသာ ဖြစ်ပေသည်။ ကျင့်ကြံသူ သက်ရှိသတ္တဝါများ အားလုံးက ချမ်ချန်ကန်း၏ အစွမ်းသတ္တိကို တစ်ခါမှ မမြင်ဖူးကြပေ။
ဤအချိန်၌ သူတို့သည် ချမ်ချန်ကန်း၏ အလွန်ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသည်။ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အသက်ရှူရပ်လုနီးပါးဖြစ်ခြင်းတို့သည် ဤ”အမှတ်ပြည့် အထူးလုပ်ဆောင်ချက်”မှ ယူဆောင်လာသော အဆုံးမဲ့ အထူးအဆန်းများပင် ဖြစ်သည်။
ချမ်ချန်ကန်း ဖြတ်သန်းသွားသည့် နေရာတိုင်း အလွန်အမင်းတောက်ပသော နတ်ပန်းများ ကြွေကျလာပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို လင်းလက်စေသကဲ့သို့ ဖြစ်နေခဲ့သည်။ ချမ်ချန်ကန်း လျှောက်လှမ်းသည့် နေရာတိုင်း၌ ကျင့်ကြံသူများနှင့် သက်ရှိသတ္တဝါများ အားလုံးက အားနည်းလုနီးပါးဖြစ်ပြီး နောက်ဆုံး၌ သက်ပြင်းရှည်ကြီးချကာ အသက်ဝဝရှူနိုင်တော့သည်။
ဤသည်မှာ ရှေးဟောင်းမျိုးဆက်တို့၏ မြင့်မြတ်သော အနေအထားပင် ဖြစ်သည်။ သူသည် မည်သူနှင့်မှ မတူဘဲ ဖိအားက အလွန်ပြင်းထန်ပြီး လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။ အထူးသဖြင့် ချမ်ချန်ကန်းဆီမှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် စွမ်းအားနှင့် တိုက်ရိုက်ထိတွေ့မိသောအခါ ၎င်းတို့သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကို တွေ့ကြုံခဲ့ရသကဲ့သို့ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း စသည့်ခံစားချက်တို့ကို ဖြစ်ပေါ်စေခဲ့သည်။
“အဲဒါက အဲဒီစီနီယာလား။ သူက ရှေးဟောင်းခေတ်ရော ခေတ်သစ်ကိုပါ တုန်လှုပ်စေတဲ့ ပထမဆုံးလူပဲ။ သူက တကယ့်ကို အသန်မာဆုံးဆိုတဲ့ နာမည်ခေါ်ထိုက်တယ်”
ဤနည်းဖြင့် ချမ်ချန်ကန်းသည် စစ်မှန်သော အဓိပ္ပာယ်ဖြင့် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူသည် တစ္ဆေတိုင်းပြည်တစ်ခုလုံးကို ထိတ်လန့်စေခြင်းနှင့် စတင်ခဲ့ပြီး ပြိုင်ဘက်ကင်းသည့် ကန့်လန့်ကာကို ဖွင့်လှစ်နိုင်ခဲ့သည်။
ယနေ့ ကျူးရှိူ့ပွဲတော်တွင် လူပေါင်းများစွာက ချမ်ချန်ကန်း ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ဤသူသည် တခြားသူများနှင့်မတူဘဲ အမြင့်မြတ်ဆုံး သက်ရှိဖြစ်တည်မှုတစ်ခုဖြစ်ပြီး သူရောက်လာမှသာလျှင် ဤကျူးရှိူ့ပွဲတော်ကို အစစ်အမှန် ကျူးရှိူ့ပွဲတော်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
မူရင်းစာရေးသူမှစာကြွင်း
“အမှတ်ပြည့် အထူးလုပ်ဆောင်ချက်”၏ စွမ်းရည်အကြောင်းကို ရှင်းပြရလျှင် ၎င်းသည် အမျိုးသားဇာတ်လိုက်၏ အတွေးဖြင့် ပုံဖော်နိုင်ပေသည်။ ၎င်းစွမ်းရည်သည် ကောင်းကင်နှင့်မြေကြီး၏ ရူပါရုံကို ဆင့်ခေါ်နိုင်သလို သို့မဟုတ် အမျိုးမျိုးသော တိုက်ခိုက်ခြင်းနည်းလမ်းများကိုလည်း ဖန်တီးနိုင်ပေသည်။
ခြုံငုံပြောရလျှင် ဤအရာသည် မှတ်ဉာဏ်ပေါ်တွင်သာ မူတည်ပေသည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်” ဟူသော စွမ်းရည်နှင့် ပတ်သက်ပြီး စာအုပ်၌ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသေးပေ။
ဆိုလိုသည်မှာ ဤလုပ်ဆောင်ချက်သည် တခြားသိသာထင်ရှားသော စွမ်းအားမပါရှိပေ။ ထိုအစား ဖိအားပေးခြင်း၊ ထိတ်လန့်ကြောက်ရွံ့စေခြင်း စသည့် ဖြစ်ရပ်များကိုသာ ဖြစ်ပေါ်စေပြီး ဖန်တီးထားသော အရာအားလုံးကလည်း အစစ်အမှန် ဖြစ်ပေသည်။