← Chapters

အခန်း ၁၂၈

Vol. 10 Ch. 128

အခန်း ၁၂၈

Vol. 10 Ch. 128

အခန်း (၁၂၈) ဝူကျိုးသခင်၏ ထိတ်လန့်တုန်လှုပ်ခြင်း

ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ နံဘေးရှိနေရာ၌ ဝူကျိုး၏ ကျင့်ကြံသူများနှင့် လူပုဂ္ဂိုလ်များ နေထိုင်ကြပေသည်။ မရေတွက်နိုင်သော နန်းတော်များ အမြောက်အမြားရှိပြီး ကျေးငှက်သံများ၊ သင်းပျံ့နေသော ပန်းရနံ့များနှင့် ရှုခင်းများကလည်း လှပပြီး ဝါးတောကလည်း ကျက်သရေရှိကာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။

မနက်ဖြန်၌ ကျူးရှိူ့၏ ခမ်းနားကြီးကျယ်သော ပွဲတော်ကြီး ကျင်းပတော့မည်ဖြစ်ပြီး ယခုအခါ ပြည်နယ်ကိုးခုမှ ခေါင်းဆောင်များက ကြိုတင်ရောက်ရှိနေကြပြီဖြစ်သည်။ ဤအခိုက် ရွှေမြူခိုးအင်မော်တယ်သင်္ဘောသည် ကောင်းကင်ကိုဖြတ်ပြီး ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသောအခါ အားမြောင်သည် ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာကို ရွှေမြူခိုးအင်မော်တယ်သင်္ဘောပေါ်မှ ဆင်းသက်စေခဲ့သည်။ ထို့နောက် အားမြောင်က ရွှေမြူခိုးအင်မော်တယ်သင်္ဘောကို သိမ်းဆည်းလိုက်သည်။ ဤအခိုက် အားမြောင်သည် ပိုင်ယွဲ့လိုပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယခင်ကကဲ့သို့ ရွှင်လန်းတက်ကြွသည့်ပုံစံ မဟုတ်တော့ဘဲ အနည်းငယ် ငြိမ်သက်ပြီး သိမ်မွေ့သော အသွင်ကို ဆောင်နေပေသည်။

တစ်ချိန်တည်းမှာပင် အားမြောင်သည် ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့နှင့်အတူ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ နန်းတော်တစ်ခုမှာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်မြင့်မားပြီး ရဲရင့်သောဟန်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုသူသည် အားမြောင်၏ဖခင် ဝူကျိုးသခင် ဖြစ်ပေသည်။

အားမြောင်သည် သူ၏အဖေကို မြင်လိုက်ရသောအခါ သူမ၏ နားရွက်လေးများက တုန်လှုပ်သွားပြီး ပိုင်ယွဲ့၏ အနောက်၌ ကြောက်လန့်တကြား ပုန်းကွယ်လိုက်သည်။

“ပိုင်ယွဲ့... အဲဒါက ငါ့အဖေပဲ။ နင် အားမြောင်ကို ကာကွယ်ပေးရမယ်နော်”

ဘေးတွင်ရှိသော ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက အရိုအသေပေးပြီး

“ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာက ဝူကျိုးသခင်ကို ဂါရဝပြုပါတယ်”

ဝူကျိုးသခင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“နှစ်တွေအကြာကြီး ကျုပ်ရဲ့ချစ်လှစွာသော သမီးကို ဂရုစိုက်ပေးတဲ့အတွက် ကောင်းကင်မြေခွေးနတ်ဆိုးမျိုးနွယ်စုကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ဝူကျိုးသခင်က အားမြောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“အားမြောင်...မင်း နှစ်တွေဘယ်လောက်ကြာအောင် ပုန်းနေဦးမှာလဲ။ အဖေ့ကို ဘယ်လောက်ကြာကြာ ရှောင်နေဦးမှာလဲ”

“အားမြောင်... မကြောက်ပါနဲ့”

ပိုင်ယွဲ့က ပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။ ဝူကျိုးသခင်၏ အားမြောင်အပေါ် ဖိအားများက ကျရောက်လာခဲ့ပေသည်။

အားမြောင်က စိတ်ထဲက တွေးလိုက်မိသည်။

*ဟုတ်တယ်။ အားမြောင်က ဘာလို့ အဖေ့ကို ကြောက်ရမှာလဲ။ အားမြောင်မှာ စီနီယာရဲ့ ထောက်ပံ့မှု ရှိတာပဲ*

ထိုသို့တွေးလိုက်ပြီးနောက် အားမြောင်က မကြောက်တော့ဘဲ ခါးထောက်လျက် ပိုင်ယွဲ့၏ နောက်မှ ထွက်လာခဲ့သည်။

“အဘိုးကြီး...ဟွန်း... ဘာတွေလာပြောနေတာလဲ။ သမီးနောက်မှာ ထောက်ပံ့ပေးမယ့် လူတစ်ယောက် ရှိတယ်နော်။ အခု သမီးကို ဘာမှလုပ်လို့မရတော့ဘူး”

ဝူကျိုးသခင်က ပြုံးပြီး လက်ကိုမြှောက်လိုက်သည်။ အားမြောင် မတုံ့ပြန်နိုင်ခင်မှာပင် သူမက ဝူကျိုးသခင်ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

“အားမြောင်...မင်း ဒီနှစ်တွေအကြာကြီး တော်တော်အဆင်ပြေနေတဲ့ပုံပဲ။ ဒီအဖေရဲ့ ဝူကျိုးဒယ်စောက်ကိုတောင် ခိုးသွားခဲ့သေးတယ်ပေါ့”

ဝူကျိုးသခင်က ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။ မမျှော်လင့်ဘဲ အစောပိုင်း၌ မာနကြီးခဲ့သော အားမြောင်သည် ယခုအခါ သူ၏ဖခင်လက်ထဲတွင် ဖမ်းချုပ်ခံလိုက်ရသဖြင့် ချက်ချင်းပဲ ကြောင်နားရွက်လေးများ ကုတ်သွားကာ အားအင်ချိနဲ့သွားတော့သည်။

“အဖေ...အားမြောင် မှားပါတယ်။ ဒါပေမဲ့ အဖေက အားမြောင်ကို ဘာလို့ တခြားလူနဲ့ လက်ထပ်ခိုင်းရတာလဲ”

“ကျန်းကန်က ဂုဏ်သိက္ခာရှိပြီး မင်းကို သဘောကျတယ်လေ။ သူနဲ့ လက်ထပ်တာက မင်းအတွက် အသင့်တော်ဆုံးပဲ”

ဝူကျိုးသခင်က သက်ပြင်းချလိုက်သည်။ သူသည် သူ့သမီး၏ဘဝကို ကောင်းစေခြင်းမှာ သေချာပေသည်။ ဝူကျိုးသခင်တစ်ယောက်အနေဖြင့် ကျန်းဂန်၏ နောက်ခံကို အနည်းငယ် သိပေသည်။ ထိုသူသည် အထက်ဘုံမှ အင်မော်တယ်တစ်ယောက်၏ ပြန်လည်ဝင်စားသူဖြစ်သည်။ အထက်ဘုံမှာပင် သူ၏အဆင့်အတန်းက အလွန်မြင့်မားပြီး ပြိုင်ဘက်ကင်းသော တာအိုကာကွယ်စောင့်ရှောက်သူတစ်ယောက်က သူ့ဘေးနား၌ ရှိပေသည်။

အကယ်၍ အားမြောင်သာ ကျန်းကန်နှင့် အိမ်ထောင်ပြုမည်ဆိုလျှင် ကျန်းကန်၏ အကူအညီဖြင့် သူမသည် အင်မော်တယ်ဘဝသို့ ရောက်ရှိသွားနိုင်ပေသည်။ ပို၍အရေးကြီးသည်မှာ အားမြောင် စိတ်မပါကြောင်းကို သူသိပေသည်။ သူသည် သူ့သမီးကို အတင်းအကျပ် မလုပ်ချင်သော်လည်း ကျန်းကန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်အခါ ဝူကျိုးသခင်လည်း အားအင်ချိနဲ့ခဲ့ရသည်။ နောက်ဆုံး၌ သူသည် အားမြောင်ကို ဝူကျိုးဒယ်စောက်နှင့်အတူ ဝူကျိုးမှ ထွက်ပြေးစေခဲ့သည်။

“ဒါနဲ့ ကျန်းကန်ရော ဘယ်မှာလဲ”

ဝူကျိုးသခင်က မေးလိုက်သည်။ ရွှေမြူခိုးအင်မော်တယ်သင်္ဘောသည် အားမြောင်၏ လက်ထဲတွင်ရှိနေသောကြောင့် အားမြောင်နှင့် ကျန်းကန်တို့ အဆက်အသွယ်ရှိရမည်ဖြစ်ပေသည်။

“ဒါပေမဲ့ ဘာလို့ သူ့ကို အခုထိ မတွေ့ရသေးတာလဲ”

အားမြောင်က ခေါင်းမော့ပြီး ပြုံးလိုက်သည်။

“အဖေ...သမီးမှာ သတင်းဆိုးတစ်ခုရှိတယ်။ အဲဒီ ယုတ်မာတဲ့ရဟန်းကျန်းကန်ကို ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး”

“ဘာလို့လဲ”

ဝူကျိုးသခင်က မျက်မှောင်ကြုတ်ပြီး စိတ်ထဲ၌ တွေးလိုက်မိသည်။

*သူက ကျူးရှိူ့တိုက်ကြီးက ထွက်သွားတာများလား*

ဟုတ်ပေသည်။ ဝူကျိုးသခင်၏ အမြင်၌ ကျူးရှိူ့တိုက်ကြီးတွင် မည်သူကမှ ကျန်းဂန်ကို သတ်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းကန်၏ နောက်ခံက အလွန်ကြောက်စရာကောင်းပြီး သူ့၌ အသက်ကယ်ကဒ်များ အများကြီး ရှိပေသည်။

ပို၍အရေးကြီးသည်မှာ သူ့၌ အလွန်အစွမ်းထက်သော တာအိုစောင့်ရှောက်သူတစ်ပါး ရှိပေသည်။ ထိုသူက အင်မော်တယ်တစ်ပါး ဖြစ်နိုင်ခြေများပေသည်။ ထို့ကြောင့် ကျူးရှိူ့တိုက်ကြီး၌ သူ့ကို ယှဉ်နိုင်သူ မရှိပေ။

“သူက ကျူးရှိူ့တိုက်ကြီးက ထွက်သွားတာ မဟုတ်ဘူး။ ဒါပေမဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ သူက စီနီယာ့ကို ရန်စခဲ့တယ်လေ။ အခုတော့ သူ့ခန္ဓာကိုယ်ကို မီးရှို့ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ”

ထိုစကားထွက်လာသည်နှင့် ဝူကျိုးသခင်၏ မျက်လုံးထဲမှ သူငယ်အိမ်က ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

*ဗုဒ္ဓမီးတောက်နဲ့ သူ့ကိုယ်သူ သတ်သေတယ်ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ရုတ်တရက် ဝူကျိုးသခင်က တစ်စုံတစ်ခုကို သတိရသွားသည်။ သူ၏အမူအရာက ပြောင်းလဲပြီး မေးလိုက်သည်။

“အားမြောင်...သမီးပြောတဲ့ အဲဒီပုဂ္ဂိုလ်ဆိုတာက မကြာသေးမီကမှ ကျူးရှိူ့တိုက်ကြီးမှာ နာမည်ကြီးလာတဲ့ ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူ ချမ်ချန်ကန်းဆိုတာများလား”

“အဟုတ်ပဲ”

ဝူကျိုးသခင်၏ မျက်နှာထက်၌ အံ့ဩ၍ မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ ထိုစီနီယာသာဆိုပါက အရာအားလုံး ဖြစ်နိုင်ခြေ ရှိပေသည်။ ကျန်းဂန်၌ တာအိုစောင့်ရှောက်သူတစ်ယောက် ရှိသော်လည်း ဗုဒ္ဓ၏မီးတောက်နှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားပေ။ သူ့သမီးသည် ထိုစီနီယာနှင့် အကျွမ်းတဝင် ရှိလိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။

ဝူကျိုးသခင်က အလျင်အမြန် မေးလိုက်သည်။

“ဒါဆိုရင် မနက်ဖြန် စီနီယာက ကျူးရှိူ့ပွဲတော်ကို လာရောက်မယ့်အကြောင်းကို မင်းသိလား”

အားမြောင်က အောင်ပွဲခံသည့်ဟန်ဖြင့် လျှာထုတ်ပြီး ပြောင်ပြလိုက်သည်။

“စီနီယာ လာလာ မလာလာ အဖေ့ကို ဘာလို့ပြောပြရမှာလဲ။ စီနီယာက အားမြောင်ကို ထောက်ပံ့ပေးမယ်လို့ ပြောထားတယ်။ အားမြောင်က အခုဆို အဖေ့ကို မကြောက်တော့ဘူးနော်”

ဝူကျိုးသခင် “…..”

ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မည်သည့်စကားမှ မပြောနိုင်တော့ပေ။

“ကဲ... နောက်ထပ် ဘာများပြောစရာ ရှိတော့လို့လဲ”

All Chapters