အခန်း ၁၃၁
Vol. 10 Ch. 131
အခန်း (၁၃၁) ဖုန်းယွင်ရှေးဟောင်းဂိုဏ်းမှ သူတော်စင်မင်ဟယ်
ချမ်ချန်ကန်း ရောက်ရှိလာခြင်းနှင့်အတူ အနှစ်သုံးရာမှ တစ်ကြိမ်သာ ကျင်းပသော ကျူးရှိူ့ပွဲတော်ကြီးက နောက်ဆုံး၌ စတင်ခဲ့ပြီဖြစ်သည်။ ပွဲစသည်နှင့်အမျှ ပိုမိုစည်ကားလာခဲ့သည်။ ကျူးရှိူ့ပွဲတော်သို့ ပြည်နယ်ကိုးခု၏ အရှင်သခင်ကိုးယောက်၊ တခြားအင်အားကြီးပုဂ္ဂိုလ်များ စုဝေးရောက်ရှိလာပြီး နတ်ဘုရားသံစဉ်များ တီးခတ်ကာ ဝိညာဉ်ငှက်အမျိုးမျိုးနှင့် မင်္ဂလာရှိသော သားရဲတို့ကလည်း ထွက်ပေါ်လာကြသည်။
လုံဟွမ်ရှေးဟောင်းရေကန်၏ ပတ်ပတ်လည်၌လည်း နန်းဆောင်ကြီးများ တည်ရှိနေပြီး ရှားပါးသော ပန်းများကလည်း ပွင့်လန်းနေကြသည်။ အဖိုးတန်သော မြက်များကလည်း မြေပြင်ပေါ်၌ စိုက်ပျိုးထားပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းနေပြီး ကြိုးကြာငှက်များနှင့် အစိမ်းရောင် လွန်းငှက်များကလည်း ပျံသန်းနေကြသည်။ မျောက်များကလည်း ပန်းကန်များကို ပေးကမ်းနေကြပြီး ဝိုင်များငှဲ့ခြင်း စသည့်အလုပ်များကို လုပ်ဆောင်နေကြသည်။
ချမ်ချန်ကန်းသည် ဂရုမစိုက်ဟန်ဆောင်ထားသော်လည်း ကျူးရှိူ့ပွဲတော်တွင်း လမ်းလျှောက်နေရင်း ဤမျှအံ့သြစရာကောင်းလောက်သော ခမ်းနားကြီးကျယ်သည့် ပွဲတော်ကြီးကို ကြည့်ပြီး မှင်တက်နေမိသည်။ သူ၏ဘေးနားတွင်ရှိသော လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း ဘယ်ကိုကြည့်လိုက်၊ ညာကိုကြည့်လိုက်ဖြင့် ကျူးရှိူ့ပွဲတော်ကြီးကို အလွန်အမင်း စိတ်ဝင်စားနေကြသည်။ နောက်ဆုံး၌ သူမတို့သည် ဤကဲ့သို့ပွဲတော်ကို ယခုမှ ပထမဆုံးအကြိမ် ရောက်ခဲ့ဖူးခြင်းဖြစ်သည်။
ပွဲတွင် ရောက်ရှိနေကြသော မရေတွက်နိုင်သော လူပေါင်းများစွာက ချမ်ချန်ကန်းကို စိတ်ဝင်တစား အာရုံစိုက်နေကြသည်။ သူသည် ပွဲတော်တစ်ခုလုံး၏ အဓိကဗဟိုချက်ဖြစ်သည်မှာ သေချာပေသည်။
သို့ပေမဲ့ ချမ်ချန်ကန်းကမူ သူ့အား အခြားကျင့်ကြံသူများ စကားလာပြောမည်ကို စိုးရိမ်နေမိသည်။ ကျင့်ကြံသူများကလည်း အထက်ဘုံကို ကြောက်ရွံ့သောကြောင့် ချမ်ချန်ကန်းကို စကားမပြောရဲကြပေ။ ဤကျူးရှိူ့ပွဲတော်တွင်ရှိသော မရေတွက်နိုင်သည့် ကျင့်ကြံသူအများကြီးက သူ့ကို လေးစားကြည်ညိုသော အမူအရာများဖြင့်သာ ကြည့်နေကြသည်။
ဟုတ်ပေသည်။ ဤသည်က သူ ပထမဆုံးအကြိမ် ရောက်လာစဉ်က ချမ်ချန်ကန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နှလုံးခုန်သံကြောင့် ဖြစ်နိုင်ပေသည်။ ဤအခြင်းအရာကြောင့် သူတို့အားလုံးက ကြောက်လန့်တုန်လှုပ်သွားကြခြင်းဖြစ်သည်။ သူတို့အားလုံးက ချမ်ချန်ကန်း၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
ဤကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်၊ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ကို လူတိုင်းက ရှေ့ထွက်ပြီး မိတ်ဆွေဖွဲ့ရဲသည့် သတ္တိမရှိကြပေ။ ပထမဆုံးအချက်အနေဖြင့် သူတို့၏ ရာထူးအခြေအနေက မလုံလောက်သည်က တစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အထက်ဘုံက အင်မော်တယ်များ သိသွားပါက သူတို့ကိုပါ ဒုက္ခပေးမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။
“စီနီယာ... တကယ်ရောက်လာတာပဲ”
ထိုအခိုက် အံ့ဩဝမ်းသာသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အားမြောင်သည် ကျောက်စိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ချမ်ချန်ကန်းဘက် ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ဘေးနားတွင်တော့ ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့အပြင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးလည်း ရှိပေသည်။ ထိုအမျိုးသားသည် ခန့်ညားသော မျက်နှာရှိပြီး အားမြောင်နှင့် အသွင်အပြင် အတော်လေး ဆင်တူပေသည်။
ချမ်ချန်ကန်း၏ မျက်နှာထက်၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ နောက်ဆုံးတော့ ကျူးရှိူ့ပွဲတော်၌ အသိမိတ်ဆွေတစ်ယောက် တွေ့လိုက်ရပေသည်။
“အားမြောင်...၊ မတွေ့တာကြာပြီနော်”
“စီနီယာ့ကို အရိုအသေပေးပါတယ်”
ဘေးနားတွင်ရှိသော ပိုင်ယွဲ့နှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့ကပါ လေးစားစွာ အရိုအသေပြုလိုက်ကြသည်။ ချမ်ချန်ကန်းဘေးတွင်ရှိသော လင်းပေါင်အာနှင့် အမြီးလေးတို့က မျက်တောင်လေးများ ခတ်လိုက်ကြပြီး သူတို့သိသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်ကြသည်။
ချမ်ချန်ကန်းက ပြုံးပြီး ပြောလိုက်သည်။
“အားမြောင်...၊ မင်းဘေးက ဒီလူကိုရော မိတ်မဆက်ပေးချင်ဘူးလား”
အားမြောင်ဘေးတွင် ရပ်နေသူသည် ဝူကျိုးအရှင်သခင် ဖြစ်ပေသည်။ ထိုသူက အလျင်အမြန်ပြုံးပြီး နှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ဝူကျိုးသခင် နန်ကုန်းထျန်းဝမ် ဖြစ်ပါတယ်။ အားမြောင်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ စီနီယာက အားမြောင်ကို ကောင်းကောင်းဂရုစိုက်ထားကြောင်း ကြားသိခဲ့ရပါတယ်။ ဒီနေရာကပဲ စီနီယာ့ကို ကျေးဇူးအများကြီးတင်ပါတယ်”
ချမ်ချန်ကန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“ဒါက ဘာမှအရေးမပါတဲ့ ကိစ္စပါပဲ”
သိပ်မကြာခင်မှာပင် လင်းဟိုင်၊ လင်းချင်ရှမ်းနှင့် အခြားသော ဓားကိုးစင်းဂိုဏ်းမှ အကြီးအကဲများက ချမ်ချန်ကန်းနှင့် တွေ့ဆုံရန် အပြေးအလွှား ရောက်ရှိလာကြသည်။ လူတိုင်းသည် ချမ်ချန်ကန်းတစ်ယောက် ဝူကျိုးအရှင်သခင်၊ ဓားကိုးစင်းဂိုဏ်း၏ အကြီးအကဲများနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
ချမ်ချန်ကန်းသည် မြင့်မြတ်သော်လည်း မာနကြီးသည့်ပုံစံမျိုး မဟုတ်ပေ။ သူသည် ကျင့်ကြံသူများ၏ နှလုံးသားထဲ၌ ပြိုင်ဘက်ကင်းအရှင်သခင်တစ်ယောက် ဖြစ်နေပေမဲ့လည်း ယခု ကျူးရှိူ့ပွဲတော်၌ သူ့ပုံစံက အလွန်ဖော်ရွေသည့်ပုံပေါက်ပေသည်။
အထူးသဖြင့် ဝူကျိုးအရှင်သခင် နန်ကုန်းထျန်းဝမ်က ချမ်ချန်ကန်းနှင့် စကားပြောပြီးနောက် အခြားသော ပြည်နယ်အသီးသီးမှ အရှင်သခင်များကပါ သူနှင့်စကားပြောရန် ရှေ့တိုးလာကြပေသည်။ တခြားသော နယ်ပယ်အသီးသီးက အင်အားကြီးပုဂ္ဂိုလ်များနှင့် အင်မော်တယ်တစ်ပိုင်းများကလည်း အများအပြား ရှိပေသည်။
တဖြည်းဖြည်းနှင့် အရေးကြီးပုဂ္ဂိုလ်များက သူ့ကို လာရောက်နှုတ်ဆက်ကြသည့်အခါ ဤအခိုက် ချမ်ချန်ကန်းသည် ကြယ်များဝန်းရံနေသော လတစ်စင်းပမာ ခမ်းနားထည်ဝါနေတော့သည်။ မည်သို့ပင်ဖြစ်ပါစေ သူတို့ရှေ့၌ရှိသော ချမ်ချန်ကန်းသည် လက်တစ်ဖက်တည်းဖြင့် အင်မော်တယ်များကို ဖျက်ဆီးပစ်နိုင်သည့် ပြိုင်ဘက်ကင်းအရှင်သခင်တစ်ပါး ဖြစ်ပေသည်။ သူ့ကိုတွေ့ဆုံခွင့်ရသည်မှာ ဤကျူးရှိူ့ပွဲတော်သို့ တက်ရောက်သည့် ရည်ရွယ်ချက်ပြည့်ဝခြင်း ဖြစ်ပေသည်။
ချမ်ချန်ကန်းကမူ သူ့ကိုစိုက်ကြည့်နေသော အရေးကြီးပုဂ္ဂိုလ်များ၏ ဝန်းရံခြင်းခံနေရသောကြောင့် အလွန်အမင်း စိတ်မသက်မသာ ခံစားနေရပေသည်။ သူသည် အိမ်တွင်းပုန်းတစ်ဦးဖြစ်ပြီး ဤကဲ့သို့ ကြယ်များဝန်းရံနေသော လပမာ မြင်ကွင်းမျိုးက ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ဖူးခြင်း ဖြစ်ပေသည်။
ပွဲတော်၌ အရေးပါသော ပုဂ္ဂိုလ်ကြီးများက ချမ်ချန်ကန်း၏ ဘေးနားတွင် အာရုံစိုက်နေကြပြီး ကျူးရှိူ့ပွဲတော်တစ်ခုလုံး ပိုမိုပြီး စည်ကားလှုပ်ရှားနေပေသည်။ ကံကောင်းစွာဖြင့် ဤအချိန်၌ ချမ်ချန်ကန်းကို လာရောက်ကယ်ဆယ်သူတစ်ယောက် ရှိပေသည်။
သူမသည် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမက ဆံပင်များကို နားနောက်သို့သပ်ပြီး ခေါင်းပေါ်၌ ကျောက်စိမ်းဆံထိုးကိုးချောင်းကို တပ်ဆင်ထားသည်။ အမျိုးသမီး၏ပုံစံက ဂုဏ်သိက္ခာရှိပြီး သန့်ရှင်းပြီး လှပပြီး ကျက်သရေရှိသောပုံပေါက်ပေသည်။ သူမသည် ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ သူတော်စင်မ မင်ဟယ်ဖြစ်ပြီး တစ္ဆေပြည်နယ်ကို အုပ်ချုပ်ရသော ကွေ့ကျိုးဒယ်စောက်၏ အရှင်သခင်လည်းဖြစ်ပေသည်။
သူမက ပြုံးပြီး နှုတ်ဆက်လိုက်သည်။
“လူကြီးမင်းတို့အားလုံး...စီနီယာလည်း ရောက်ပြီဆိုမှတော့ ကျေးဇူးပြုပြီး ထိုင်ခုံမှာ နေရာယူကြပါဦး”
အင်အားကြီးပုဂ္ဂိုလ်များကလည်း သူတို့နေရာဖြစ်သော ကျောက်စိမ်းစားပွဲများဆီသို့ ပြန်သွားကြလေသည်။
“စီနီယာ...ဒီဘက်ကို ကြွခဲ့ပါဦး”
ဖုန်းယွင်သူတော်စင်မက ပြုံးပြီး ချမ်ချန်ကန်းကို လမ်းပြပေးလိုက်သည်။ ချမ်ချန်ကန်းက ခပ်ပါးပါးလေး ပြုံးလိုက်ပြီး ဖုန်းယွင်သူတော်စင်မကို အနည်းငယ် ကြည့်လိုက်ပေသည်။ သူမ၏ စကားပြောဆိုမှုတို့ကို နားထောင်ပြီးနောက် သူ့ရှေ့က တည်ကြည်လှပသော အမျိုးသမီးက မင်ဟယ်ဖြစ်ကြောင်း သိလိုက်ပေသည်။ သူ၏ဆရာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်ကြောင်းလည်း သိလိုက်ပေသည်။ သူက စိတ်ထဲကနေ ပြောလိုက်သည်။
*ဒီအမျိုးသမီးက တော်တော်လေး ချောတာပဲ။ ငါ့ဆရာအဖိုးကြီးကတော့ တကယ့်ကို ကံကောင်းတာပဲ။*