အခန်း ၁၃၅
Vol. 11 Ch. 135
အခန်း (၁၃၅)အင်မော်တယ်ဖီးနစ်ဆေးလုံးကြောင့် လူတိုင်းတုန်လှုပ်သွားခြင်း
ကျူးရှိူ့ပွဲတော်တွင် လူတိုင်း၏အကြည့်များက ချမ်ချန်ကန်းဆီသို့ ဦးတည်ကျရောက်နေကြသည်။ ယနေ့၌ ချမ်ချန်ကန်း၏ အကူအညီဖြင့် ချီကျိုးအရှင်သခင်၏ အင်မော်တယ်လက်နက်မှာ တုနှိုင်းမဲ့သော စွမ်းအားများ ပေါ်ထွက်လာမည်ကို လူတိုင်းက မျှော်လင့်စောင့်စားနေကြသည်။
အမှန်တကယ် ချမ်ချန်ကန်းသည် စိတ်ထဲ၌ စိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်စွာဖြင့် စကားပြောလိုက်သည်။
“ဒီအင်မော်တယ်လက်နက်ကို ငါကိုယ်တိုင် သန့်စင်လို့ရတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ငါက မင်းအတွက် သန့်စင်ပေးရမှာလဲ”
ချမ်ချန်ကန်း၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် ချီကျိုးနယ်မြေအရှင်က သူ၏လက်ထဲတွင် အင်မော်တယ်လက်နက်ကြေးနီမီးဖိုကို ကိုင်ထားပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ သူ၏ဂုဏ်ဒြပ်အရ ဤကျူးရှိူ့တိုက်ကြီးပေါ်၌ သူ့အား ငြင်းပယ်ရဲသူ မရှိသလောက်ပင်။ သို့သော် သူ့ရှေ့တွင်ရှိသော ချမ်ချန်ကန်းကမူ မယုံနိုင်လောက်အောင် ပြိုင်ဘက်ကင်းသဖြင့် သူ့ကို ငြင်းပယ်သည်မှာ သဘာဝကျပေသည်။
“စီနီယာ...၊ ကျုပ် ရုတ်တရက် စိတ်စောသွားတာကို ခွင့်လွှတ်ပေးပါ”
သူက ခဏတာ တွန့်ဆုတ်နေပြီးနောက် ချီကျိုးနယ်မြေအရှင်က စိတ်ဝိညာဉ်ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးသည် အသက်ဝင်နေသော အနီရောင်ဖီးနစ်ငှက်တစ်ကောင်နှင့် ဆင်တူပြီး နတ်ဘုရားဖီးနစ်၏ အရှိန်အဝါများ ကိန်းအောင်းနေပေသည်။
လူအုပ်ကြီးကလည်း အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။
“ဒါ... ဒါက အင်မော်တယ်ဖီးနစ်ဆေးပင် မဟုတ်လား”
“ဟုတ်တယ်။ ဒီဆေးပင်က အင်မော်တယ်နတ်သားရဲဖီးနစ်တွေ ကျက်စားတဲ့နေရာမှာပဲ ပေါက်ရောက်တယ်လို့ ကောလာဟလတွေထွက်ပြီး ဒီကျူးရှိူ့တိုက်ကြီးမှာ ပျောက်ကွယ်နေခဲ့တာ ကြာပြီ။ ချီကျိုးဘုရင်မှာ အင်မော်တယ်ဖီးနစ်ဆေးပင် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”
“ငါကြားဖူးတာတော့ ဒီဆေးပင်က အထက်ဘုံမှာရှိတဲ့ အင်မော်တယ်ဆေးပင်တွေနဲ့တောင် နှိုင်းယှဉ်လို့ရတယ်တဲ့။ ဘယ်လောက်ပဲ ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါးဖြစ်နေပါစေ၊ ဒါကို စားလိုက်တာနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ပြန်ကောင်းမွန်သွားလိမ့်မယ်တဲ့။ ဒါကို ပိုင်ဆိုင်ထားရတာက အသက်အပိုရထားတာနဲ့ တူညီတယ်”
လူအုပ်ကြီးက ဆက်လက်ဆွေးနွေးနေပြီး အင်မော်တယ်ဖီးနစ်ဆေးပင်ကို ကြည့်ရင်း သူတို့၏မျက်လုံးများက မနာလိုစိတ်ဖြင့် နီရဲလာကြသည်။ ကျူးရှိူ့တိုက်ကြီးတွင် ဤဆေးပင်နှင့် နှိုင်းယှဉ်နိုင်သော ပြန်လည်ရှင်သန်စေသည့်အရာများက အလွန်ရှားပါးလွန်းပေသည်။ ချီကျိုးနယ်မြေအရှင်က ဤအင်မော်တယ်ဖီးနစ်ဆေးပင်ကို ထုတ်ယူလိုက်ခြင်းက သူ့အတွက် အလွန်နှမျောစရာကောင်းပေသည်။ သို့သော် ဤဆေးပင်ကို ပေးပြီး ချမ်ချန်ကန်း၏ အကူအညီနှင့် နတ်ဘုရားလက်နက်ကို သန့်စင်နိုင်မည်ဆိုပါက သူ့အတွက် အလွန်ထိုက်တန်ပေသည်။
“စီနီယာသာ ဒီအင်မော်တယ်လက်နက်ကို သန့်စင်ဖို့ ကူညီပေးမယ်ဆိုရင် ဒီအင်မော်တယ်ဆေးပင်ကို စီနီယာ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးအပ်ပါရစေ”
ထိုစကားကို ထွက်လာသည်နှင့် လူတိုင်းက အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်လုံးများ၌လည်း မနာလိုမှုများ တောက်ပသွားသည်။ အင်မော်တယ်လက်နက်တစ်ခုအတွက် အသက်ကယ်ဆေးပင်ကို ပေးအပ်လိုက်သည်က တကယ့်ကို ရက်ရောလွန်းပေသည်။ သူတို့၏အမြင်၌ ဤတန်ဖိုးရှိသည့်ဆေးပင်ကို ချမ်ချန်ကန်းက ငြင်းပယ်မည်မဟုတ်ဟု ထင်နေကြသည်။
သို့ပေမဲ့ ချမ်ချန်ကန်းကမူ အေးဆေးတည်ငြိမ်နေပြီး ထိုဆေးပင်ကို အဖက်တောင် လုပ်ပုံမရပေ။ သူ၏ဘေးတွင်ရှိသော လင်းပေါင်အာ၊ အမြီးလေးနှင့် ရှောင်ဟေးတို့သည်ပင် ထိုဆေးပင်ကို ရွံရှာသလို ကြည့်နေကြသည်။
ဟုတ်ပေသည်။ သူတို့၏မျက်နှာပေါ်၌ ပေါ်နေသည်မှာ တကယ့်ကို ရွံရှာစက်ဆုပ်သည့် အမူအရာပင် ဖြစ်သည်။ ဘေးနားက လူတွေပင် သူတို့မျက်စိများ မှားနေကြသည်ဟု ထင်မိကြသည်။ ဤကဲ့သို့ အင်မော်တယ်ဆေးပင်နှင့်မခြား အဖိုးတန်သည့်အရာကို အင်မော်တယ်များပင် လုယူချင်ကြသည်။ သူတို့က ဘာလို့ ရွံရှာစက်ဆုပ်နေကြတာလဲ။
ချီကျိုးနယ်မြေအရှင်သခင်က ရိုသေလေးစားစွာ ထပ်ပြောလိုက်သည်။
“စီနီယာ...ဘယ်လိုသဘောရပါသလဲ”
ထိုအခိုက် ဘေးနားတွင် တိတ်တိတ်လေး ထိုင်နေသည့် ရှောင်ဟေးက ဘာမှမပြောဘဲ သူ၏သိုလှောင်လက်စွပ်ထဲကနေ ဆေးပင်တစ်ပင်ကို ထုတ်ယူပြီး တဂျွတ်ဂျွတ်နှင့် ဝါးစားလိုက်သည်။ ထိုဆေးပင်မှ ထွက်ပေါ်လာသော အင်မော်တယ်အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ ဤသည်က တကယ့်ကို အင်မော်တယ်ဆေးဝါးအစစ်ပဲ ဖြစ်သည်။
ကျူးရှိူ့ပွဲတော်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဝိုင်သောက်နေသူများလည်း ဖန်ခွက်ကိုပင် မချနိုင်ဘဲ စားနေသူများလည်း ဇွန်းကိုမချနိုင်ဘဲ ရှောင်ဟေးကို ကြည့်နေကြသည်။ ဤပွဲကို တက်ရောက်လာကြသောသူများသည် နယ်ပယ်အသီးသီးမှ အတွေ့အကြုံရင့်သန်ကြသည့် ပါရမီရှင်များဖြစ်၍ ရှောင်ဟေးစားနေသည့် ဆေးပင်က ဘယ်လောက်တောင် အဆင့်မြင့်မှန်း တစ်ချက်ကြည့်ရုံနှင့် သိသာပေသည်။
“ဒါ... ဒါက တကယ့်ကို အင်မော်တယ်ဆေးပင်ပါလား”
ရှောင်ဟေး၏လက်ထဲမှ အင်မော်တယ်ဆေးပင်ကနေ စီးဆင်းလာသော အင်မော်တယ်စည်းချက်များကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“ဒါက ဘာလို့ ရှောင်ဟေးရဲ့ လက်ထဲမှာ ရှိနေရတာလဲ။ သူက ဘာလို့ သာမန်ဆေးပင်လိုမျိုး သဘောထားပြီး စားနေရတာလဲ”
ရှောင်ဟေးက သာမန်မုန်လာဥနီတစ်လုံးကို စားနေသလိုမျိုး အေးအေးလူလူ စားနေခြင်းဖြစ်သည်။ သူက သုံးခါလောက် သက်ပြင်းချ၍ အေးအေးလူလူ ပြောလိုက်သည်။
“သခင်ပေးတဲ့ ဒီအင်မော်တယ်ဆေးပင်တွေက ဒီပွဲမှာရှိတဲ့ စားစရာတွေထက် ပိုပြီးအရသာရှိတာပဲ”
သူ၏စကားက အကျယ်ကြီး မဟုတ်ပေမဲ့လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။
“ငါတို့ နားကြားမမှားတာ သေချာလား။ ဒါက အင်မော်တယ်ဆေးပင်လေ။ ရှောင်ဟေးရဲ့ စကားအရဆိုရင် စီနီယာက သူ့ကို ဆုလာဘ်အနေနဲ့ ပေးတာ ဖြစ်ရုံမက အများကြီး ရှိနေသေးတဲ့ ပုံစံပဲ”
ထိုမျှတင်မကသေး လင်းပေါင်အာနှင့် အမြီးလေးတို့ကလည်း ရှောင်ဟေး၏စကားကို ကြားသောအခါ သူမတို့သည်လည်း အင်မော်တယ်ဆေးပင်များကိုထုတ်ပြီး အားရပါးရ ဝါးစားလိုက်ကြသည်။
သူတို့သည် အရင်ကတော့ ချမ်ချန်ကန်း၏ ဟင်းချိုထဲ၌သာ သောက်ဖူးပေသည်။ သို့သော် ယခု အစိမ်းလိုက် စားကြည့်သောအခါတွင်လည်း အရသာက ချိုမြိန်ပြီး လန်းဆန်းသွားပေသည်။ အရသာက မဆိုးလှချေ။
“ဟုတ်တယ် ရှောင်ဟေး…ဆရာပေးတဲ့ ဒီအင်မော်တယ်ဆေးပင်တွေက အစိမ်းစားလည်း အရသာကောင်းတာပဲ”
“ယေး… ယေး… ယေး…”
အမြီးလေးကလည်း ခေါင်းညိတ်ပြလိုက်သည်။ ဤမြင်ကွင်းကို ပွဲတက်ပရိသတ်များက ကြည့်ပြီး ရင်ဘတ်ကို ဖိထားရင်း တုန်လှုပ်သွားကြသည်။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး၌ နှစ်ပေါင်းထောင်ချီလို့မှ တစ်ပင်ပင်တွေ့ရန် ခဲယဉ်းသော အင်မော်တယ်ဆေးပင်များကို ဤကလေးတစ်သိုက်က မုန့်စားသလို စားနေကြခြင်းဖြစ်သည်။ ဤသည်က အသက်ပေါင်းများစွာကို ဝါးစားနေသလိုပင်။
ချီကျိုးနယ်မြေအရှင် ထုတ်ဖော်ပြသလိုက်သည့် အင်မော်တယ်ဖီးနစ်ဆေးပင်ဆိုသည်မှာ သူတို့စားနေသော အင်မော်တယ်ဆေးပင်များနှင့် နှိုင်းယှဉ်လျှင် အောက်ခြေလောက်သာ ရှိတော့သည်။ ချီကျိုးနယ်မြေအရှင်၏ မျက်နှာသည် လူပုံအလယ်၌ အကြီးအကျယ် ဖြတ်ရိုက်ခံလိုက်ရသလိုဖြစ်ပြီး အရှက်ရသွားတော့သည်။