အခန်း ၁၃၆
Vol. 11 Ch. 136
အခန်း (၁၃၆)အင်မော်တယ်ရတနာ၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ခြင်း၊ ထူးဆန်းသောနိမိတ်များ
မိမိ၏အင်မော်တယ်ဖီးနစ်ဆေးပင်ကို ပြန်ကြည့်ရင်း ချီကျိုးနယ်မြေအရှင်သခင်က သူ၏ဆေးပင်သည် ချမ်ချန်ကန်းကို ပေးရန် တကယ်ပင် အရည်အချင်းမပြည့်မီကြောင်း တွေးလိုက်မိပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ချမ်ချန်ကန်းသည် ဘာမှမပြောသော်လည်း သူ၏တပည့်များဖြစ်သည့် အမြီးလေး၊ လင်းပေါင်အာနှင့် ရှောင်ဟေးတို့၏ လုပ်ဆောင်ချက်များအပေါ် အလွန်ကျေနပ်အားရနေမိသည်။ ထိုသို့သာမဟုတ်ပါက ချီကျိုးနယ်မြေအရှင်သခင်သည် ဤမျှလွယ်လွယ်ကူကူ လက်မလျှော့ဘဲ ကြေးနီမီးဖိုကို သန့်စင်ပေးရန် သူ့အား နည်းမျိုးစုံဖြင့် အပူကပ်နေဦးမည်ဖြစ်သည်။
ချမ်ချန်ကန်းက ချီကျိုးနယ်မြေအရှင်သခင်ကို ခပ်ဖွဖွလေးပြုံး၍ ကြည့်လိုက်သည်။ နယ်မြေအရှင်က အကူအညီမဲ့နေသည့်ပုံစံပေါက်နေသည်။ ကြည့်လိုက်သောအခါ ထိုသူသည် သက်ပြင်းချပြီး အင်မော်တယ်ဆေးပင်ကို ပြန်သိမ်းယူရန် ပြင်ဆင်လိုက်သည်။ သူတို့အတွက် အလွန်တရာတန်ဖိုးရှိသော ဤဆေးပင်သည် စီနီယာ့အတွက်မူ ဘာမှမဟုတ်မှန်း သူနားလည်သွားခဲ့ပေသည်။ ဤဆေးပင်ကိုပေး၍ ချမ်ချန်ကန်းအား အင်မော်တယ်ရတနာကို ပြုပြင်ပေးရန် တောင်းဆိုချင်ခဲ့သော်လည်း ယခုတော့ သူ၏အတွေးမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားခဲ့သည်။
ထိုအခိုက် ချမ်ချန်ကန်းက စကားဆိုလာခဲ့သည်။
“ချီကျိုးအရှင်... ဒီအင်မော်တယ်ရတနာကို ငါမပြင်ပေးချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်။ မင်း ငါ့ကို ယုံကြည်တယ်ဆိုလို့ရှိရင် ဒီရတနာကို ငါနဲ့ထားခဲ့လိုက်။ နောက်တစ်လကြာတဲ့အခါမှာ ငါနေထိုင်တဲ့ ဖေးရှန့်တောင်ကို လာယူလှည့်ပေါ့”
ထိုစကားကို ကြားသောအခါ ချီကျိုးအရှင်သခင်က ဝမ်းသာအားရဖြစ်သွားသည်။
“စီနီယာ့ကို ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် စီနီယာ့ဆီမှာပဲ ရတနာကို အပ်နှံပါရစေ”
ထို့နောက် သူက အင်မော်တယ်ရတနာကို အလျင်အမြန်ပင် ဆက်သလိုက်သည်။ ချမ်ချန်ကန်းသည် လက်သီးဆုပ်အရွယ်ခန့်သာရှိသော ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများ ကိန်းအောင်းနေသည့် ကြေးနီမီးဖိုလေးကို ကြည့်လိုက်သည်။ ၎င်းသည် ငြိမ်သက်နေသော်လည်း အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။
သူက ကြေးနီမီးဖိုလေးကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်ရာ တစ်ခဏအတွင်းမှာပင် ထိုမီးဖိုမှ အလင်းတန်းများ ပွင့်ထွက်လာပြီး အဆုံးမဲ့သော အင်မော်တယ်စွမ်းအားများက ကျူးရှိူ့ပွဲတော်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ လူအများအပြားလည်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။
“ဘာလို့ ဒီအင်မော်တယ်ရတနာက ရုတ်တရက် ပြန်ကောင်းသွားတာလဲ”
“ဝေါင်း… ဝေါင်း…”
ဟိန်းဟောက်သံကြီးနှင့်အတူ ကြေးနီမီးဖိုအတွင်းမှ မီးတောက်များဝန်းရံလာသော အင်မော်တယ်မျောက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်လုံးများက အလွန်ကြမ်းတမ်းခက်ထန်နေပေသည်။
ရုတ်တရက် မရေတွက်နိုင်သော ကျင့်ကြံသူများကလည်း အံ့အားသင့်သွားကြသည်။ ချမ်ချန်ကန်းလည်း ခဏမျှ အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် ချက်ချင်းပဲ အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။
ထိုအခါ သူ၏ခန္ဓာကိုယ်ပေါ်မှာ အဆုံးမရှိသော ဖိအားများနှင့် ဆန်းကြယ်သော ရူပါရုံများ ထွက်ပေါ်လာကာ သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါးအလား ခမ်းနားထည်ဝါစွာ ရပ်တည်နေတော့သည်။
“သားရဲ…ဒီအရှင်ရှေ့မှာ ဒူးထောက်စမ်း”
ချမ်ချန်ကန်း၏ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”စွမ်းအားအောက်၌ စောစောက ကြမ်းတမ်းခက်ထန်နေသော မီးလျှံမျောက်ဝံကြီးက ချက်ချင်းပဲ မျက်လုံးထဲ၌ ကြောက်ရွံ့မှုအပြည့်ဖြစ်သွားပြီး ချမ်ချန်ကန်း၏ရှေ့၌ တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်အရှုံးပေးလိုက်ရတော့သည်။
ဘေးတွင်ကြည့်နေသော ကျင့်ကြံသူများအားလုံးက အံ့အားသင့်သွားကြသည်။
“ဒီမီးလျှံမျောက်ဝံက အင်မော်တယ်ရတနာရဲ့ ဝိညာဉ်ဖြစ်ပေမဲ့ စီနီယာ့ရဲ့ စကားတစ်ခွန်းတည်းနဲ့ ဒူးထောက်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး”
“စီနီယာက တကယ့်ကို အစွမ်းထက်တာပဲ။ ဒီလိုမျိုးက စီနီယာပဲ လုပ်နိုင်မှာ။ အင်မော်တယ်ရတနာကို စီနီယာသန့်စင်ခဲ့တာက တကယ့်ကို အံ့အားသင့်စရာ မဟုတ်တော့ဘူး”
ရတနာဝိညာဉ် အညံ့ခံသွားသဖြင့် ချမ်ချန်ကန်းအနေဖြင့် ဤရတနာကို သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ယူသွားစရာမလိုတော့ပေ။ သူက တည်ငြိမ်စွာဖြင့် ချီကျိုးအရှင်ကို ပြောလိုက်သည်။
“ဒီရတနာက အညံ့ခံသွားပြီဆိုတော့ ငါ့အတွက် အလုပ်ရှုပ်သက်သာသွားတာပေါ့။ မင်းအခုပဲ ဒါကို သန့်စင်လိုက်တော့”
ချီကျိုးအရှင်က အလွန်စိတ်လှုပ်ရှားဝမ်းသာသွားပြီး ချမ်ချန်ကန်းကို ကျေးဇူးတင်ကာ တစ်ခဏအတွင်းမှာပဲ ရတနာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဤသည်ကို မြင်သောအခါ လူအများအပြားက စီနီယာ၏အစွမ်းအစကို ပို၍ပင် အထင်ကြီးလေးစားသွားကြသည်။ ချမ်ချန်ကန်း၏ အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ အကာအကွယ်အောက်၌ ချီကျိုးအရှင်သခင်အတွက် ဤကြေးနီမီးဖိုကို သန့်စင်ဖို့ဆိုတာ အလွန်လွယ်ကူသည့်အလုပ်ဖြစ်သည်။ အောင်မြင်စွာ သန့်စင်ရန် အသက်ရှူချိန် အနည်းငယ်သာ လိုအပ်ပေသည်။
လူအုပ်ကြီးက အံ့အားသင့်ပြီး မနာလိုဖြစ်နေကြသည်။ ချင်းကျိုးယစ်မူးဆိုင်မှလာသော လှပသည့်အမျိုးသမီးမှာမူ ချမ်ချန်ကန်းကို ပို၍ပင် စိတ်ဝင်စားသွားသည်။
“ဒီလူက တကယ့်ကို လေးနက်တဲ့ စွမ်းအားတွေရှိတာပဲ။ သူက ဘယ်သူများလဲ။ အထက်ဘုံမှာ ထျန်းကျောင်းကို ပြန်လည်တည်ဆောက်တာက တကယ့်ကို ဘာမှမဟုတ်ဘူးပဲ။ ဒါပေမဲ့ တာအိုစောင့်ရှောက်သူတစ်ယောက်အနေနဲ့ အောက်ဘုံမှာ ဒီလိုမျိုး မလုပ်နိုင်ဘူးမလား။ သူက တကယ့်ကို ဘယ်သူများလဲ”
သူမက တီးတိုးရေရွတ်လိုက်မိသည်။ သေးငယ်သော အောက်ဘုံ၌ ဤကဲ့သို့ စွမ်းအားကြီးမားသောသူတစ်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု အမျိုးသမီးက မထင်ထားပေ။
ကျူးရှိူ့ပွဲတော်ကြီးက ဆက်လက်ကျင်းပနေပေသည်။ ချမ်ချန်ကန်း၏ ဗျူဟာက ကျင့်ကြံသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီးပြီဖြစ်သည်။ သူတို့က ချမ်ချန်ကန်းကို ပို၍ပင် လေးစားကိုးကွယ်လာကြသည်။
နောက်ဆုံး၌ ကြီးကျယ်ခမ်းနားသော ကျူးရှိူ့ပွဲတော်ကြီးက ပြီးဆုံးသွားတော့မည် ဖြစ်ပေသည်။ ချမ်ချန်ကန်းလည်း နောက်ဆုံး၌ စိတ်သက်သာရာရသွားခဲ့သည်။ ချမ်ချန်ကန်းအတွက်မူ ဤကဲ့သို့ စည်ကားသောပွဲမျိုးကို သူက မကြိုက်ပေ။
ဟုတ်ပေသည်။ သူက တိတ်ဆိတ်ငြိမ်သက်ပြီး ပေါ့ပါးသောနေ့ရက်များကိုသာ နှစ်သက်ပေသည်။ ဤကျင့်ကြံသူများက သူ့ကို ချီးကျူးရုံသာမက စကားပြောဆိုရာ၌လည်း သတိထားနေကြသဖြင့် အလွန်ငြီးငွေ့စရာကောင်းပေသည်။
နောက်ဆုံး၌ ချမ်ချန်ကန်းသည် ကျင့်ကြံသူများနှင့် မပျော်တော့ဘဲ အစားအသောက်ကိုသာ အာရုံစိုက်တော့သည်။ ပွဲပြီးသည့်အခါ သူပြန်သွားတော့မည်ဖြစ်သည်။ သို့ပေမဲ့ ကျူးရှိူ့ပွဲတော်ကြီး ပြီးဆုံးခါနီးအခိုက် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ကောင်းကင်ယံ၌ အဆုံးမရှိသော နတ်ဆိုးတိမ်တိုက်ကြီးများက ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းပြီး အမှောင်ကျသွားတော့သည်။ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လွှမ်းမိုးလာပြီး ကျူးရှိူ့ပွဲတော်တွင်ရှိသော လူအများ၏ စိတ်ထဲ၌ အလွန်ကြီးမားသော အန္တရာယ်ကြီးတစ်ခု ကျရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။ လူတိုင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။