← Chapters

အခန်း ၁၃၇

Vol. 11 Ch. 137

အခန်း ၁၃၇

Vol. 11 Ch. 137

အခန်း (၁၃၇)ယင်စစ်သည်၊ ယင်တစ္ဆေ သတ်ဖြတ်မှု စတင်ပြီ…

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး အရောင်ပြောင်းသွားပြီး အရာအားလုံး အရောင်အဆင်း ကင်းမဲ့သွားသည်။ မှော်စွမ်းအားသည် လှိုင်းလုံးကြီးများသဖွယ် တလိပ်လိပ်တက်လာပြီး ကျူးရှိူ့ပွဲတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ ကျင့်ကြံသူများအားလုံး ကျောရိုးထဲအထိ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး အလွန်ကြီးမားသော အန္တရာယ်ကြီး ကျရောက်လာမည်ဟု ခံစားလိုက်ရသည်။

မရေတွက်နိုင်သော ကျင့်ကြံသူများသည် အလွန်လေးနက်တည်ကြည်သော မျက်နှာများဖြင့် မတ်တတ်ရပ်ပြီး ကြည့်လိုက်ကြသည်။ ချမ်ချန်ကန်းကမူ ဝိုင်တစ်ငုံသောက်ပြီး စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို စားကာ ဤကျင့်ကြံသူများ အဘယ်ကြောင့် မတ်တတ်ရပ်ကုန်ကြသနည်းဟု တွေးလိုက်မိသည်။ ဘေးနားတွင်ရှိသော ရှောင်ဟေးက အလွန်လေးနက်သော အသံဖြင့်

“သခင်...ဒီပွဲတော်မှာ အန္တရာယ်တစ်ခု ရောက်လာပြီ”

လင်းပေါင်အာကလည်း

“ဆရာ...တပည့်လည်း အဲ့လိုပဲ ခံစားရတယ်”

ချမ်ချန်ကန်းမှာမူ ဘာမှမပြောနိုင်ဘဲ ဆွံ့အသွားရသည်။

*မင်းတို့တွေ အန္တရာယ်အငွေ့အသက်ကို ခံစားနေရတဲ့အချိန် ငါက ဘာလို့ ဘာမှမခံစားရတာလဲ။ ဪ... ဟုတ်သားပဲ။ ငါ့ရဲ့ကိုယ်ပွားက အားနည်းလွန်းနေတာ ဖြစ်ရမယ်။*

“ဆရာ...သမီးတို့ ဘာလုပ်ကြမလဲ”

လင်းပေါင်အာက ထပ်မေးလိုက်ရာ ချမ်ချန်ကန်းက အေးဆေးစွာဖြင့် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

“စောင့်ကြည့်ကြတာပေါ့”

လင်းပေါင်အာ၊ အမြီးလေးနှင့် ရှောင်ဟေးတို့မှာမူ စိတ်ပူပန်ခြင်းမရှိပေ။ အကြောင်းမှာမူ ချမ်ချန်ကန်း ဤနေရာ၌ ရှိနေသောကြောင့်ဖြစ်သည်။ သူတို့၏ အမြင်အရ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး၌ ချမ်ချန်ကန်းအား ယှဉ်ပြိုင်နိုင်တဲ့သူ တစ်ယောက်မှမရှိဟု ယုံကြည်ထားကြသည်။

လေနှင့်တိမ်တိုက်များ အရောင်ပြောင်းလဲသွားကြသည်။ မှောင်မိုက်သော မြူခိုးထုကြီးက ကျူးရှိူ့ပွဲတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အလွန်ကြောက်မက်ဖွယ်ရာကောင်းသော ချောက်ချားစရာကောင်းသည့် တစ္ဆေသရဲတို့၏အော်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။

ထိုအခိုက် သံချပ်ကာအင်္ကျီများ၏ အရောင်များ တဖျပ်ဖျပ်လက်ကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ယင်စစ်သည်နှင့် ယင်တစ္ဆေများ ပါဝင်သော စစ်တပ်ကြီးက လုံဟွမ်ရှေးဟောင်းရေကန်တစ်ခုလုံးကို ဝန်းရံထားပြီး မည်သည့်ကျင့်ကြံသူများကိုမှ ထွက်ခွာခွင့်မပေးတော့ပေ။ ထို့အပြင် ထိုဝိညာဉ်စစ်သည်တစ်ဦးစီတိုင်း၌ သေစေနိုင်လောက်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး လူအများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

“ကျူးရှိူ့ပြည်ရဲ့အရှင် ဘယ်မှာလဲ”

မှောင်မိုက်သော မြူခိုးထုထဲ၌ ယောက်ျားသံလား၊ မိန်းမသံလား ခွဲခြား၍မရသော အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖုန်းယွင်သူတော်စင်က ရှေ့သို့ တစ်လှမ်းတိုးပြီး ပြောလိုက်သည်။

“ဘယ်သူက ကျူးရှိူ့ပွဲတော်ကို လာပြီး နှောင့်ယှက်ရဲတာလဲ။ ထွက်လာခဲ့စမ်း”

ဝူကျိုးအရှင်သခင်ကလည်း နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“တစ္ဆေသရဲလို ဟန်ဆောင်ပြီး ကျူးရှိူ့ပွဲတော်ကို လာတာ ကိုယ့်သေတွင်း ကိုယ်လာတူးတာလား”

ချီကျိုးအရှင်သခင်ကမူ ပို၍ ရိုင်းပျစွာ အော်ဟစ်လိုက်သည်။

“ထွက်လာစမ်း…”

စကားအဆုံးတွင် သူသည် အသစ်စက်စက် သန့်စင်ထားသော ကြေးနီမီးဖိုကို ကောက်ယူလိုက်ရာ မီးလျှံမျောက်ဝံကြီးတစ်ကောင် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာကောင်းသော ဟိန်းဟောက်သံကြီးဖြင့် ရန်သူကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

ချမ်ချန်ကန်းသည် ကျောက်စိမ်းစားပွဲရှေ့၌ထိုင်ပြီး မျက်လုံးများကို မှေးစင်းကာ တွေးလိုက်မိသည်။

*ဒီကျူးရှိူ့ပွဲတော်မှာ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းကျင့်ကြံသူတွေအားလုံးကို စုစည်းထားတယ်လေ။ ဘယ်သူကများ ဒီလောက်သတ္တိကောင်းပြီး လာပြီးတိုက်ရဲတာလဲ မသိဘူး။*

ထိုစဉ် ကောင်းကင်နှင့်မြေကြီးကြား၌ မည်သူမည်ဝါမှန်း မသိရသောအသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။

“ဟီး... ဟီး... ဟီး... ဟီး...။ ကျူးရှိူ့အရှင်သခင် ကိုးယောက်လုံး ရောက်နေတာပဲ။ မင်းတို့ဆီက ကျူးရှိူ့ဒယ်စောက်တွေကို အသာတကြည်ပေးမလား၊ ဒါမှမဟုတ် အသေခံမလား။ မဟုတ်ရင်တော့ ဒီနေ့ ကျူးရှိူ့ပွဲတော်မှာရှိတဲ့ လူတစ်ယောက်မှ အသက်ရှင်လျက် ထွက်မသွားစေရဘူး”

ထိုစကားကြောင့် လူအုပ်ကြီးက ဒေါသတကြီး ဖြစ်သွားရသည်။

“ဘယ်သူလဲ…။ ဘယ်သူက ဒီလောက်မောက်မာပြီး ဒီလိုမျိုး မာနကြီးတဲ့စကားတွေ ပြောရဲတာလဲ”

ကျူးရှိူ့၏ ဤကြီးကျယ်ခမ်းနားသောပွဲ၌ အလွန်အစွမ်းထက်သော ကျင့်ကြံသူအများအပြား စုဝေးနေကြပြီး ပြည်နယ်ခေါင်းဆောင် ကိုးယောက်လည်း စုဝေးနေကြောင်း သိထားရပေမည်။ ထို့ထက် အရေးကြီးသည်မှာ ‘ကမ္ဘာတိုင်းတွင် ပြိုင်ဘက်ကင်းသူ’ဟု အသိအမှတ်ပြုထားရသော၊ အင်မော်တယ်များကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည့် ချမ်ချန်ကန်းလည်း ရှိနေသည် မဟုတ်ပါလား။

“ဘယ်ကငနဲလဲ…ထွက်လာခဲ့စမ်း။ ကျူးရှိူ့ဒယ်စောက်ကို လိုချင်တယ် ဟုတ်လား။ ကိုယ့်ဘာသာလာလုလေ။ မင်းကို စီနီယာချမ်ချန်ကန်းက လက်ဝါးနဲ့ ရိုက်သတ်မှာ မကြောက်ဘူးလား”

ကျင့်ကြံသူများက လှောင်ပြောင်သရော်နေကြသော်လည်း မှောင်မိုက်သော မြူခိုးထုထဲမှ အသံက ပို၍အေးစက် စက်ဆုပ်ဖွယ်ကောင်းလာသည်။

“ကောင်းပြီလေ။ ဒါဆိုလည်း မင်းတို့အားလုံး သေကြပေတော့”

စကား၏အဆုံး၌ အေးစက်သောလေပြင်းများ တိုက်ခတ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ယင်စစ်သည်များနှင့် ယင်တစ္ဆေသရဲများက ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အလုံးအရင်း စတင်တိုက်ခိုက်လာကြတော့သည်။

အရပ်မျက်နှာအနှံ့မှာ အလွန်ပြင်းထန်သော တစ္ဆေဝိညာဉ်စစ်တပ်ကြီးက ရေလှိုင်းလုံးကြီးသကဲ့သို့ တိုးဝင်တိုက်ခိုက်လာပြီး ကမ္ဘာမြေကြီးတစ်ခုပင် တုန်လှုပ်သွားစေခဲ့သည်။ ရေကန်ထဲမှ ရေများကလည်း ဆူပွက်ပြီး ဝုန်းခနဲ ပွင့်ထွက်လာတော့သည်။

သို့သော် အမှောင်ထုထဲမှ ထိုလူကမူ ကိုယ်ထင်မပြသေးပေ။ ဤယင်စစ်သည်များနှင့် ယင်တစ္ဆေသရဲများသည် တားဆီးမရသော အရှိန်အဝါဖြင့် ကျင့်ကြံသူများကို စတင်သတ်ဖြတ်နေပြီဖြစ်သည်။ ဤသို့ဖြင့် စစ်ပွဲကြီးက တရားဝင် စတင်လိုက်ပြီ ဖြစ်ပေသည်။

All Chapters