အခန်း ၁၃၈
Vol. 11 Ch. 138
အခန်း (၁၃၈) ရင်သပ်ရှုမောဖွယ်ရာ အလှနတ်သမီး၏ တိုက်ကွက်နှင့် အသူရာသူရဲကောင်းဝိညာဉ်
ကျင့်ကြံသူများသည် ခွန်အားနည်းသည် မဟုတ်သော်လည်း ခွန်အားကြီးမားကြခြင်းလည်းမရှိပေ။ သူတို့သည် မိမိတို့၏ မှော်လက်နက်များကို ထုတ်ဖော်ကာ အရပ်မျက်နှာအနှံ့မှ တောင်ကျရေစီးကြောင်းသကဲ့သို့ ဝင်ရောက်တိုက်ခတ်လာသော ယင်စစ်သည်များနှင့် ယင်တစ္ဆေအများအပြားကို ခုခံတိုက်ခိုက်ကြရသည်။
သို့သော် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုမှော်လက်နက်များသည် အပိုင်းပိုင်းကွဲကြေသွားပြီး ကျင့်ကြံသူအများအပြားမှာ ယင်စစ်သည်များ၏ ခုတ်ပိုင်းခြင်းကို ခံရပြီး အချို့မှာလည်း ယင်တစ္ဆေများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထိပ်တိုက်တွေ့ဆုံသည့်အခါ၌ ဤကဲ့သို့ အငိုက်မိသွားကြမည်ဟု လုံးဝမမျှော်လင့်ထားကြပေ။ ကောင်းကင်တစ်ခုလုံး သွေးညှီနံ့များ ဖုံးလွှမ်းသွားပြီး ဦးခေါင်းပြတ်များ ပြုတ်ကျလာကြသည်။
တစ်ခဏအတွင်းမှာပင် ကျူးရှိူ့ပွဲတော်၏ အပြင်ဘက်၌ ကျင့်ကြံသူများသည် အသားပြားများပမာ နင်းချေခံလိုက်ရသည်။ ထိုယင်စစ်သည်များနှင့် ယင်တစ္ဆေများ၏ အရှိန်အဟုန်ကို မည်သူမျှ တားဆီးနိုင်ခြင်းမရှိပေ။
“သေစမ်း...ဒါက ဘယ်လိုသတ္တဝါတွေလဲ။ ဘယ်လောက်တောင် ရက်စက်လိုက်လဲ”
ကျင့်ကြံသူအများအပြားမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤအနက်ရောင် ဒီရေလှိုင်းကြီးသကဲ့သို့ တိုးဝင်လာသော သတ်ဖြတ်မှုလှိုင်းလုံးကြီးကို မည်သူမှ မယှဉ်နိုင်ဘဲ အပြင်မှအတွင်းသို့ တဖြည်းဖြည်းနောက်ဆုတ်လာကြရသည်။
ကျူးရှိူ့ပွဲတော်ကြီးအတွင်းရှိ ယစ်မူးစံအိမ်မှ အံ့မခန်းအမျိုးသမီးက ဤမြင်ကွင်းကို မြင်သောအခါ သူမ၏လှပသော မျက်နှာလေးက ဆီးနှင်းပမာ အေးခဲသွားပြီး တီးတိုးရေရွတ်လိုက်မိသည်။
“ဒါက အသူရာအင်မော်တယ်နယ်မြေက အသူရာသူရဲကောင်းဝိညာဉ်ပဲ။ ကျူးရှိူ့တိုက်ကြီးမှာ အသူရာအင်မော်တယ်နယ်မြေက ပါရမီရှင်တစ်ယောက် ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး”
ထိုအခိုက် အရပ်ရှည်ရှည် ယင်စစ်သားတစ်ယောက်က သံချေးတက်သောဓားကို ကိုင်ထားပြီး ပိုင်ယွဲ့ကို သတ်ဖြတ်ရန် ပြေးဝင်လာသည်ကို သူမက မြင်လိုက်ရသည်။ ၎င်းသည် သတ်ဖြတ်လိုသည့် အငွေ့အသက်အပြည့် ပါဝင်သည်။ ပိုင်ယွဲ့သည် ယန်ယင်အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း ဤယင်စစ်သည်၏ရှေ့၌ မည်သို့မျှ ပြန်လည်မခုခံနိုင်ဘဲ ဖြစ်နေသည်။
ထိုအခိုက် ပိုင်ယွဲ့သာမက အခြားသော ကျင့်ကြံသူများလည်း အသက်ဘေးနှင့် ရင်ဆိုင်နေကြရသည်။ သူ၏အဘွားဖြစ်သူ ကောင်းကင်မြေခွေး နတ်ဆိုးအင်ပါယာပင်လျှင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ယင်စစ်သည်သုံးယောက်၏ ဝိုင်းရံတားဆီးခြင်းကို ခံနေရသဖြင့် သူမကို ကူညီဖို့ အချိန်မရှိပေ။
ပိုင်ယွဲ့က သူမကိုယ်သူမ သေပြီဟု မှတ်လိုက်စဉ် ပုံရိပ်တစ်ခုက သူမရှေ့သို့ ရုတ်တရက်ရောက်လာခဲ့သည်။ ထိုသူမှာ အစောပိုင်းက လှပသော အမျိုးသမီးပင် ဖြစ်သည်။ ထိုအမျိုးသမီးက လက်ညှိုးလေးဖြင့် ခပ်ဖွဖွလေး ထိုးလိုက်ရာ ရေလှိုင်းကဲ့သို့ ဂယက်များ ထွက်ပေါ်လာပြီး ယင်စစ်သည်ထံ ပြေးဝင်သွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် ထိုယင်စစ်သည်၏ ခန္ဓာကိုယ်က မှေးမှိန်သွားပြီး လေထုထဲ၌ ပျောက်ကွယ်သွားသည်။
ပိုင်ယွဲ့က သက်ပြင်းချကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
သို့သော် ထိုလှပသော အမျိုးသမီးက လှည့်ကြည့်ပြီး ပိုင်ယွဲ့ကို ပြုံးပြလိုက်သည်။
“သတ္တမမြောက်မင်းသမီး...၊ ကျွန်မ ရှင့်ကိုစောင့်နေတာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ ရှင်က ဘယ်လောက်တောင် အသုံးမကျလဲဆိုရင် အခုထိ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ကိုတောင် မရောက်သေးဘူးပဲ”
ပိုင်ယွဲ့မှာ ထိုအမျိုးသမီးစကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူမသည် ထိုအမျိုးသမီး ပြောနေသည်ကို လုံးဝနားမလည်ချေ။
“စိတ်မရှိပါနဲ့ တာအိုရောင်းရင်း... ရှင် တစ်ယောက်ယောက်နဲ့ အထင်မှားနေတာပဲ ဖြစ်ရမယ်။ ကျွန်မက ရှင်ပြောနေတဲ့ သတ္တမမြောက်မင်းသမီး မဟုတ်ပါဘူး”
သို့သော် ထိုအမျိုးသမီးက သူမ၏လက်ညှိုးကို ပိုင်ယွဲ့၏ မျက်ခုံးအလယ်သို့ တို့လိုက်ရာ ပိုင်ယွဲ့၏နဖူး၌ လခြမ်းပုံအမှတ်အသားတစ်ခု ပေါ်လာပြီး တောက်ပလာခဲ့သည်။ အလွန်ခမ်းနားသော မှတ်ဉာဏ်များ စတင်နိုးထလာပြီး ပိုင်ယွဲ့တစ်ယောက် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
လှပသော အမျိုးသမီးက ပိုင်ယွဲ့ကို လက်တစ်ဖက်ဖြင့် တွဲထားပြီး တခြားလက်တစ်ဖက်က ပိုင်ယွဲ့၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
“သတ္တမမြောက်မင်းသမီး...ရှင် အဆင့်မတက်ခင်မှာ ဒီအင်မော်တယ်စည်းတံဆိပ်ကို အရင်စုပ်ယူရမယ်။ အများကြီး နာကျင်ခံစားရလိမ့်မယ်။ ဒါပေမဲ့ တခြားနည်းလမ်းမရှိဘူး။ အခု ဒီကျူးရှိူ့တိုက်ကြီးမှာ အသူရာနယ်မြေက ပါရမီရှင်တစ်ယောက် ပြန်လည်မွေးဖွားလာပြီ။ သူသာ ကျူးရှိူ့ဒယ်စောက်တွေကို ရရှိသွားမယ်ဆိုရင် ပြန်ရယူဖို့ ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် သူ ဒယ်စောက်တွေကို မရခင် ငါတို့ တားဆီးရလိမ့်မယ်”
ရက်စက်ကြမ်းကြုတ်သော ယင်စစ်သည်များနှင့် ယင်တစ္ဆေများ တိုးဝင်လာသော်လည်း ထိုအမျိုးသမီးမှာ အနည်းငယ်မျှ ကြောက်လန့်ခြင်း မရှိပေ။ သူမက လှုပ်ရှားမှုတောင် မလုပ်ခဲ့ပေ။ မျက်လုံးတစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုယင်စစ်သည်မှာ ရပ်တန့်သွားပြီး ပြာအဖြစ် လွင့်စင်သွားသည်။
ယခုအခါ ကျူးရှိူ့ပွဲတော်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။ သတ်ဖြတ်သံများကလည်း ကောင်းကင်သို့ ပျံ့နှံ့သွားပြီး သွေးများကလည်း မြစ်တစ်စင်းသဖွယ် စီးဆင်းလာတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
စစ်ဗုံတီးသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော မြည်ဟည်းသံများ ထွက်ပေါ်လာခဲ့သည်။ မည်းမှောင်သော မြူခိုးထဲမှာ ယင်စစ်သည်များက ပိုမိုထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို အမှောင်အတိကျစေခဲ့သည်။ ကျူးရှိူ့တိုက်ကြီး၏ အရှင်သခင်များနှင့် ကျွမ်းကျင်သော ကျင့်ကြံသူများပင်လျှင် အလွန်ကြီးမားသော ဖိအားအောက် ရောက်နေကြသည်။
အမှောင်ထုထဲ၌ မည်သည့် ကြောက်မက်ဖွယ်ကောင်းသောအရာများ ရှိနေသနည်း။ သူ အမှန်တကယ်ကို လိုချင်တာက ဘာလဲ။
ချမ်ချန်ကန်းမှာမူ ထိုနေရာ၌ပင် ရှိနေဆဲဖြစ်သည်။ သူသည် ခုံ၌ အေးဆေးသာထိုင်ပြီး ဝိုင်သောက်ရင်း အခြေအနေကို ကြည့်နေသည်။ မူလက ပွဲအပြီး အိမ်ပြန်ရန် စိတ်ကူးထားသော်လည်း ယခု၌ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။
ရှောင်ဟေး၊ လင်းပေါင်အာနှင့် အမြီးလေးတို့က ချမ်ချန်ကန်းကို အနှောင့်အယှက် မဖြစ်စေရန် ယင်စစ်သည်များကို ခုခံတိုက်ခိုက်နေကြသည်။ လင်းပေါင်အာနှင့် အမြီးလေးတို့က အားနည်းသော်လည်း အစွမ်းထက်သော အင်မော်တယ်လက်နက်များကို အသုံးပြုကာ ခုခံနေကြပေသည်။
သို့သော် သူတို့၏စွမ်းအား ကုန်ဆုံးမှုကလည်း အလွန်လျင်မြန်လှသဖြင့် အင်မော်တယ်ဆေးများကို တစ်ခဏအတွင်း နှစ်ကြိမ်တောင် စားခဲ့ပြီးပြီဖြစ်သည်။ ခြုံငုံပြောရလျှင် ကျူးရှိူ့ပွဲတော်သို့ ရောက်ရှိလာသော ကျင့်ကြံသူများသည် အလွန်အသက်အန္တရာယ်ရှိသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပေသည်။
ကြီးကျယ်ခမ်းနားသော စုဝေးပွဲကြီးက ကြာမြင့်စွာ ပျောက်ကွယ်သွားခဲ့ပြီး သွေးများ စီးဆင်းနေသော မြင်ကွင်းတစ်ခု ကမ္ဘာပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။
“ဟဲဟဲဟဲဟဲ...မင်းတို့ ကျူးရှိူ့ဒယ်စောက်ကို မအပ်ရင် မင်းတို့အားလုံးကို ထပ်ပြီးသတ်ပစ်ရမှာပဲ”