အခန်း ၁၃၉
Vol. 11 Ch. 139
အခန်း (၁၃၉) ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်၊ မည်သူမှ တည့်တည့်မကြည့်ဝံ့ချေ
ယင်စစ်သည်များနှင့် ယင်တစ္ဆေများသည် အသူရာနယ်မြေမှ အသူရာသူရဲကောင်းဝိညာဉ်များဖြစ်ပြီး အထက်ဘုံ၏စွမ်းအားများကို ပိုင်ဆိုင်ထားကြသဖြင့် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
ကျူးရှိူ့ပွဲတော်ကြီးတွင် မရေတွက်နိုင်သော အော်ဟစ်သံများ ဆူညံနေပြီး သွေးများနှင့် အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။ ကျူးရှိူ့အရှင်သခင်များမှာလည်း မျက်နှာပျက်နေကြရသည်။ သူတို့သည် အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော်လည်း ဤကဲ့သို့အခြေအနေမှာမူ ရင်ဆိုင်ရန် အလွန်ခက်ခဲပေသည်။
“သေစမ်း...အမှောင်ထဲက ဘယ်သူလဲ။ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိနေတာလဲ”
အခြေအနေများမှာ ဆိုးဝါးသထက် ဆိုးဝါးလာပြီး နောက်ဆုံး၌ ကျူးရှိူ့အရှင်သခင်များပင် မတားဆီးနိုင်တော့ဘဲ ဤနေရာ၌ သေပွဲဝင်ရတော့မည်ဟု ခံစားနေရသည်။ သူတို့က မတတ်သာသည့်အဆုံး ချမ်ချန်ကန်းကို လှမ်းကြည့်လိုက်ကြသည်။
စီနီယာ့၏ အစွမ်းက တကယ့်ကို နားမလည်နိုင်အောင် ကြီးမားပြီး သူသာ ဤအခြေအနေကို ပြောင်းလဲနိုင်မှာ သေချာပေသည်။ ဤလူသားများ၏ ငရဲခန်းသဖွယ်ဖြစ်နေသော အခြေအနေများမှ ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် သူတို့အား စိတ်ပျက်အားငယ်စေသည်မှာ ချမ်ချန်ကန်းသည် မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် ထိုင်နေပြီး ဝင်ရောက်စွက်ဖက်မည့် အရိပ်အယောင်လည်း မပြပေ။
*စီနီယာက မကူညီချင်တာလား*
လူတိုင်းက တွေးလိုက်ကြသည်။ ထိုအခိုက် ပွဲတော်အတွင်း အားနည်းသော ကျင့်ကြံသူတစ်ယောက်က စိတ်ပျက်အားငယ်စွာဖြင့် ချမ်ချန်ကန်းအား အကူအညီတောင်းလေသည်။
“စီနီယာ...ကျွန်တော်တို့ကို ကယ်ပါဦး။ စီနီယာ့ရဲ့အစွမ်းနဲ့ဆိုယင် ဒီယင်စစ်သည်နဲ့ တစ္ဆေတွေကို အလွယ်တကူ ရှင်းထုတ်နိုင်မှာပါ”
“ဟုတ်ပါတယ်။ စီနီယာ့လို ကြင်နာတတ်တဲ့သူက ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး”
ဝူကျိုးအရှင်သခင်က တည်ကြည်သော အမူအရာဖြင့် အားမြောင်ထံမှ ဝူကျိုးဒယ်စောက်ကို ပြန်ယူလိုက်ပြီး အားမြောင်ကို အသံနှိမ့်ကာ မေးလိုက်သည်။
“အားမြောင်...၊ စီနီယာက ကူညီပါ့မလား”
“သမီး စီနီယာ့ကို ယုံကြည်တယ်။ သူက ကျိန်းသေပေါက် တစ်ခုခုတော့ လုပ်မှာပါ”
ထိုအခိုက် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားစေသည့် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဟီးဟီးဟီးဟီး... အခြားသူကိုပဲ မျှော်လင့်ထားကြတဲ့ အောက်ဘုံက ငမိုက်သားတွေပဲ။ မင်းတို့ပြောတဲ့ စီနီယာဆိုတာ မကြာသေးမီကမှ ကျူးရှိူ့တိုက်ကြီးမှာ နာမည်ကြီးလာတဲ့ ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူဆိုတဲ့သူမလား။ ငါ့အမြင်တော့ အဲ့ဒါက အလကားရတဲ့ နာမည်ပဲ”
“ကျူးရှိူ့အရှင်သခင်တို့... မင်းတို့ရဲ့ ဒယ်စောက်တွေ ငါ့ကို အသာတကြည်ပေးလိုက်စမ်း။ ဒါမှ အားလုံးအတွက် ပိုပြီးအဆင်ပြေလိမ့်မယ်”
ထိုအခိုက် တစ်ချိန်လုံး တိတ်ဆိတ်နေသော ချမ်ချန်ကန်းက ထပြောလိုက်သည်။ သူ၏ အေးစက်သော သတ်ဖြတ်လိုစိတ်နှင့်အတူ တည်ငြိမ်သောလေသံက ပွဲတော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
“မင်းက ဘယ်သူလဲဆိုတာ ငါသိချင်မိတယ်။ ခေါင်းမထွက်ရဲတဲ့ လိပ်တစ်ကောင်က အမှောင်ထဲမှာ ပုန်းနေတုန်းပဲလား။ ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ပေါ်လာဦးမှာလား”
ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများက အားတက်သွားကြသည်။
*စီနီယာ စတင်တော့မှာလား*
ယခင်က ချမ်ချန်ကန်းသည် ရှစ်မိသားစု၏ ဘိုးဘေးကို အကြည့်တစ်ချက်တည်းဖြင့် ခြောက်လှန့်နိုင်သည်ကို မြင်တွေ့ခဲ့ရသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို မမြင်ဖူးကြသေးပေ။ ယခု ကျူးရှိူ့ပွဲတော်ကြီးတွင် ကပ်ဘေးဆိုက်သောအချိန်၌ ချမ်ချန်ကန်း၏ တုနှိုင်းမဲ့စွမ်းအားကို မြင်တွေ့ရတော့မည်ဖြစ်သည်။
ချမ်ချန်ကန်း၏မျက်နှာ၌ မည်သည့်အမူအရာမှမပြဘဲ ဝမ်းနည်းဝမ်းသာမရှိသော မျက်နှာထားဖြင့် သေခြင်းရှင်ခြင်းကို စိုးမိုးထားသော နတ်ဘုရားတစ်ပါးအလား ခန့်ညားစွာ ထိုင်နေသည်။ သူ၏ပုံရိပ်ကို ကြည့်ပြီး လူတိုင်းက အံ့သြမှင်တက်သွားကြသည်။
အမှန်တကယ်တော့ လက်ရှိ ချမ်ချန်ကန်း၏ အတွင်းစိတ်ထဲ၌ အလွန်အမင်း တုန်လှုပ်နေပေသည်။ အစွမ်းထက်သော ရန်သူက လာနေပြီဖြစ်သည်။ မိမိမှာလည်း ပြိုင်ဘက်ကင်းနယ်မြေထဲ၌ မရှိသဖြင့် ဘာလုပ်ရမည်နည်း။ ပွဲတော်၌ ဤကဲ့သို့ဖြစ်လာမည်ဆိုပါက သေအောင်ရိုက်သတ်လျှင်တောင် သူထွက်လာမည်မဟုတ်ဟု တွေးလိုက်မိသည်။
သို့သော် ယခုအခါ ‘ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ’ဟူသော နာမည်က ကြီးနေပြီး ကျူးရှိူ့တိုက်ကြီးတွင် အသန်မာဆုံးဟု အသိအမှတ်ပြုခံထားရပြီဖြစ်ရာ လိပ်လိုခေါင်းလျှိုပြီး ပုန်းနေ၍ မရတော့ပေ။
ထို့ကြောင့် သူက ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူလုပ်မည်က ရိုးရှင်းပေသည်။ ဤသည်မှာ ခြောက်လှန့်ခြင်းပင်ဖြစ်သည်။ သူ့တွင် ပြိုင်ဘက်ကင်းနယ်မြေ မရှိသော်လည်း “အစစ်မှန်တာအို၏ လုပ်ဆောင်ချက်” နှင့် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်” ဟူသော စွမ်းရည်နှစ်မျိုးရှိသေးသည်။
ဤအစွမ်းများဖြင့် အခြေအနေကို ထိန်းချုပ်ရန် မခက်ခဲလှပေ။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားနေသော်လည်း မကြောက်ရွံ့တော့ဘဲ ရန်သူကို ထွက်လာရန် ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော် အခုအချိန် အရေးကြီးသည်မှာ ရန်သူက အမှောင်ထဲ၌ ဖြစ်ပြီး သူက အလင်းထဲ၌ ဖြစ်ပေသည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”၏ တားဆီးမှုက အသုံးဝင်မလားဆိုတာ သူက မသေချာသေးပေ။ ချမ်ချန်ကန်းက စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်း ထွက်မလာသေးဘူးလား။ အမှောင်ထဲမှာ ဆက်ပြီးပုန်းနေဦးမယ်ဆိုရင်ရော ဒီအရှင်က မင်းကို မတွေ့နိုင်ဘူးလို့ ထင်လို့လား”
ထိုအခိုက် ချမ်ချန်ကန်း၏ စကားများက အလွန်မာနထောင်လွှားလွန်းပေသည်။ ပွဲတော်အတွင်းရှိသော လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။
“စီနီယာ နောက်ဆုံးတော့ စတင်တော့မယ်”
“ဟုတ်တယ်...၊ စီနီယာ့ရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တွေကို ငါတို့မြင်တွေ့ရတော့မယ်”
“စီနီယာက နတ်ဘုရားတွေကိုတောင် ယှဉ်နိုင်တာ။ အမှောင်ထဲက လူက စီနီယာ့အတွက် ဘာမှမဟုတ်မှာ အသေအချာပဲ”
“ဟီးဟီးဟီးဟီး”
လှောင်ပြောင်သံတစ်ခုက ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုအခိုက် ရုတ်တရက် ဟင်းလင်းပြင်က တုန်ခါသွားပြီး လူနှစ်ယောက် ထွက်ပေါ်လာခဲ့သည်။ တစ်ဦးမှာ အရပ်ရှည်ပြီး တစ်ဦးက ပုပေသည်။ အရပ်ပုသူမှာ ပိန်ပိန်ပါးပါးလူငယ်တစ်ဦးဖြစ်ပြီး လေတိုက်လျှင်ပင် လဲကျသွားတော့မည့်ပုံစံရှိသော်လည်း သူ၏အကြည့်များက မြွေဆိုးတစ်ကောင်ကဲ့သို့ ထက်မြက်ကာ ယုံကြည်မှုရှိသော အပြုံးတစ်ခု ရှိနေသည်။
အရပ်ရှည်သူမှာ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိပြီး သွားတွင် အစွယ်များရှိကာ အလွန်ညိုမှိုင်းသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ဖော်ထုတ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များက ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားပြီး လူတိုင်းကို ဖိနှိပ်လိုက်ပေသည်။
ဤသူသည် အသူရာနယ်မြေမှ အင်မော်တယ်သူတော်စင်အဆင့် တာအိုကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး အလွန်ထူးချွန်သော အသူရာတစ်ဦးလည်း ဖြစ်ပေသည်။ သူ၏ဖိအားသည် တောင်ပေါင်းတစ်သိန်း ဖိနှိပ်လိုက်သကဲ့သို့ အလွန်ပြင်းထန်ပြီး မည်သည့်ကျင့်ကြံသူမှ တည့်တည့်မကြည့်ဝံ့တော့ပေ။