အခန်း ၁၄၁
Vol. 11 Ch. 141
အခန်း (၁၄၁) ကောင်းကင်ဘုံ၏ ကာကွယ်စောင့်ရှောက်သူ ၊ ကျူးရှိူ့ဒယ်စောက်၏ အခန်းကဏ္ဍ
သတ်ဖြတ်လိုသော စိတ်ဆန္ဒက အလွန်ကြီးမားပြီး ခမ်းနားထည်ဝါလွန်းပေသည်။ မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်းသည် သူ၏ယခင်ဘဝ၌ ဆွေစဉ်မျိုးဆက် သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည့် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားတစ်ဦးလည်း ဖြစ်ခဲ့သည်။
ယခုအခါ “အမှတ်ပြည့်အထူးပြုလုပ်ဆောင်ချက်”ဖြင့် ဖန်တီးထားသော သူ၏သတ်ဖြတ်လိုစိတ်သည် အသူရာနတ်ဆိုးသားတော်နှင့် ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်တို့ပင်လျှင် မည်သို့တောင့်ခံနိုင်မည်နည်း။
၎င်းတို့နှစ်ဦးစလုံး သတ်ဖြတ်လိုသော စိတ်ဆန္ဒကြောင့် လုံးဝဖိနှိပ်ခံထားရပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သူတို့၏ စိတ်ဝိညာဉ်တစ်ခုလုံး ပြိုကွဲတော့မည့်အတိုင်း ခံစားနေရသည်။
ယခု၌ သူတို့တွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ဤသည်မှာ ဤမှထွက်ပြေးရန်သာ ဖြစ်သည်။ သို့သော် သတ်ဖြတ်လိုသော စိတ်ဆန္ဒက သူတို့အား ချုပ်နှောင်ထားသဖြင့် လှုပ်ပင်မလှုပ်နိုင်၍ ထွက်ပြေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
*ဘုရားရေ...! ကျူးရှိူ့တိုက်ကြီးမှာ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီး ရှိနေတာလဲ။*
အသူရာနတ်ဆိုးသားတော်မှာ အလွန်စိတ်ပျက်အားငယ်နေမိသည်။ ယခင်က ချမ်ချန်ကန်း၏ ကျော်ကြားမှုကို ကြားစဉ်က အဘယ်ကြောင့် အလေးမထားမိခဲ့သနည်း။ ယခု ကိုယ်တိုင်ကြုံတွေ့မှသာ သူ၏ကြောက်မက်ဖွယ်ရာကောင်းမှုကို သိလိုက်ရပေသည်။ ဤသည်မှာ သတ်ဖြတ်လိုသော အရှိန်အဝါမျှသာ ရှိသေးသည်။ အကယ်၍ သူသာ လက်ဖျောက်တစ်ချက်တီးလိုက်ပါက သူနှင့် အင်မော်တယ်သူတော်စင်တို့မှာ ပြာပုံပင် ကျန်တော့မည် မဟုတ်ပေ။
ဤမျှကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ရှိမှန်းသိပါက ဤအောက်ပြည်၌ ပြန်လည်မွေးဖွားတော့မည် မဟုတ်ပေ။ ဘယ်သူကများ ကျူးရှိူ့တိုက်ကြီးသည် အောက်ပြည်လောကများထဲတွင် အားနည်းဆုံးနှင့် သိမ်းပိုက်ရအလွယ်ကူဆုံးဟု ပြောခဲ့သနည်း။
“စီ… စီနီယာ…”
အသူရာနတ်ဆိုးသားတော်မှာ စကားကိုပင် ပြည့်စုံအောင် မပြောနိုင်တော့ပေ။
ပွဲတော်တစ်ခုလုံး သေခြင်းတရား လွှမ်းမိုးထားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ကျင့်ကြံသူများအားလုံးလည်း မှင်တက်နေကြသည်။ ဤလူနှစ်ယောက်မှာ အစကတည်းက အလွန်မောက်မာခဲ့သည် မဟုတ်ပါလား။
စီနီယာ မပေါ်လာခင်ကပင် ပွဲတော်ရှိ ကျင့်ကြံသူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး မည်သူမျှ တားဆီးခြင်းမရှိခဲ့ပေ။ သို့သော် ယခု စီနီယာချမ်ချန်ကန်း ပေါ်လာသောအခါ သူတို့၌ ကြောက်လန့်တုန်လှုပ်ရင်း အလွန်အမင်း စိတ်ပျက်အားငယ်နေကြသည်။ လူတိုင်း၏ တင်းမာနေသော စိတ်နှလုံးသားမှာ ဖြေလျော့သွားကြသည်။ စီနီယာကား အမှန်တကယ်ပင် သန်မာလွန်းလှပေသည်။
လှပသော အမျိုးသမီးလေးသည် ပိုင်ယွဲ့ကို ပွေ့ချီထားသည်။ ပိုင်ယွဲ့မှာမူ အင်မော်တယ်စည်းတံဆိပ်၏ စွမ်းအားများကို စုပ်ယူနေရသဖြင့် နိုးမလာသေးပေ။ ထိုအမျိုးသမီးက ချမ်ချန်ကန်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
*ဒီစီနီယာ၏ ခွန်အားက တကယ့်ကို အတိုင်းအဆ မရှိဘူးပဲ။ သတ်ဖြတ်လိုတဲ့ အရှိန်အဝါလေးနဲ့တင် အသူရာအင်မော်တယ်နယ်မြေရဲ့ ပါရမီရှင်နဲ့ တာအိုကာကွယ်စောင့်ရှောက်သူတွေကို အခုလိုမျိုး အခြေအနေရောက်အောင် လုပ်နိုင်တယ်။ သူတို့က ကျူးရှိူ့ဒယ်စောက်ကို ပိုလို့တောင် လုယူဖို့ မဖြစ်နိုင်တော့ဘူး။*
ချမ်ချန်ကန်းက အသူရာနတ်ဆိုးသားတော်နှင့် ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်တို့ကို ကြည့်ကာ တစ်ချက်မေးလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ”
အစောပိုင်းက သူတို့၏ လုပ်ဆောင်မှုအရ ဤလူနှစ်ယောက်မှာ အလွန်သန်မာပေသည်။ ကျူးရှိူ့တိုက်ကြီး၏ အသန်မာဆုံးဖြစ်သော အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူများပင် ဤယင်စစ်သည်နှင့် ယင်တစ္ဆေများကို ရင်ဆိုင်ရန် ခက်ခဲနေပေသည်။
ချမ်ချန်ကန်း ခန့်မှန်းထားပုံအရ ဤနှစ်ယောက်သည် အထက်ဘုံမှ အင်မော်တယ်များ ဖြစ်ရပေမည်။ ယခု သူအလိုချင်ဆုံးအရာမှာ အထက်ဘုံမှ အင်မော်တယ်များနှင့် တွေ့ဆုံရန်သာ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး မျက်နှာများ ဖြူဖျော့ပြီး စကားမပြောရဲသည်ကို တွေ့သောအခါ ချမ်ချန်ကန်း၏ မျက်လုံးများက အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များက ပို၍ပြင်းထန်လာခဲ့သည်။
“မင်းတို့က ဆွံ့အနေတာလား။ ဒီအရှင်ကို စကားပြန်ပြောစမ်း။ ထပ်ပြီး ပါးစပ်ပိတ်နေမယ်ဆိုလို့ရှိရင် ဒီအရှင်က မင်းတို့ကို အခုချက်ချင်း သတ်ပစ်လိုက်မယ်”
ထိုအသံကြောင့် နှစ်ယောက်သား ထိတ်လန့်တကြားဖြစ်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။
“စီနီယာ...ကျွန်တော်က အသူရာအင်မော်တယ်နယ်မြေကနေ အောက်ဘုံမှာ ပြန်လည်မွေးဖွားလာတဲ့ အသူရာနတ်ဆိုးသားတော်ပါ”
“စီနီယာ...ကျွန်တော်ကတော့ အသူရာအင်မော်တယ်နယ်မြေက တာအိုကာကွယ်စောင့်ရှောက်သူ အင်မော်တယ်သူတော်စင်ပါ”
ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပသွားသည်။ သူတို့သည် အမှန်တကယ်ပင် အထက်ဘုံမှ အင်မော်တယ်များ ဖြစ်နေပေသည်။
*ဒါဆိုရင် သူတို့မှာ အင်မော်တယ်ကျောက်တုံးတွေ အများကြီးရှိမလား။*
ပွဲတော်တွင်ရှိသော ကျင့်ကြံသူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့သည် အထက်ဘုံမှ အင်မော်တယ်များ ဖြစ်နေသောကြောင့် ဤမျှအစွမ်းထက်ပြီး မောက်မာခြင်းကို နားလည်သွားကြပေသည်။ အကယ်၍ စီနီယာသာ ဝင်မပါခဲ့လျှင် ကျူးရှိူ့ပွဲတော်ရှိ လူအားလုံးမှာ သတ်ဖြတ်ခံရနိုင်ပေသည်။ လူတိုင်း စိတ်ထဲ၌ ချမ်ချန်ကန်းကို အထူးပင် ကျေးဇူးတင်နေကြပေသည်။
ချမ်ချန်ကန်းက ဆက်မေးလိုက်သည်။
“ဘာလို့ ကျူးရှိူ့ဒယ်စောက်တွေကို လိုချင်ရတာလဲ”
ဤသည်က ချမ်ချန်ကန်း သိချင်သည့် အချက်ပင်ဖြစ်သည်။ ကျူးရှိူ့ဒယ်စောက် ကိုးလုံးသည် သန်မာသည်ဆိုသော်လည်း အထက်ဘုံမှ အင်မော်တယ်လက်နက်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျသင့်သည်။ အဘယ့်ကြောင့် အထက်ဘုံမှ အင်မော်တယ်များက ၎င်းကို လိုချင်ရသနည်း။
ချမ်ချန်ကန်း၏ မေးခွန်းကြောင့် အသူရာနတ်ဆိုးသားတော်နှင့် ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်တို့မှာ ဇဝေဇဝါဖြစ်သွားကြသည်။ စီနီယာကဲ့သို့ ခွန်အားကြီးသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျူးရှိူ့ဒယ်စောက်၏ အခန်းကဏ္ဍကို သိထားသင့်သည် မဟုတ်ပါလား။ သို့သော်လည်း သူတို့က ပြန်မမေးရဲပေ။
“စီနီယာ...ကျူးရှိူ့ဒယ်စောက်ဆိုတာက ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်ဘုံလမ်းစဉ်ကနေ ပြောင်းလဲလာတာပါ။ ကျူးရှိူ့ဒယ်စောက် ကိုးလုံးကို ရယူပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ရင် ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်ပြီး အဲဒီလူကလည်း ကောင်းကင်တာအိုအစောင့်အရှောက် ဖြစ်လာလိမ့်မယ်။ အဲဒီလူက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်မှာပါ”
ချမ်ချန်ကန်းမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။ ကျူးရှိူ့ဒယ်စောက်ကိုးလုံး၌ ဤကဲ့သို့ အစွမ်းရှိလိမ့်မည်ဟု သူ မထင်ထားပေ။
ချမ်ချန်ကန်းသာမက ပွဲတော်တွင်ရှိသော ပြည်နယ်ကိုးခုမှ ခေါင်းဆောင်များနှင့် အကြီးအကဲများလည်း အံ့သြတုန်လှုပ်သွားကြသည်။ ကောင်းကင်ဘုံလမ်းစဉ်ကို ထိန်းချုပ်ပြီး ကောင်းကင်တာအိုအစောင့်အရှောက် ဖြစ်လာနိုင်သည်ဟူသော အချက်ကို သူတို့ ပထမဆုံးအကြိမ် ကြားခဲ့ဖူးခြင်း ဖြစ်ပေသည်။
ချမ်ချန်ကန်းက သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် မင်းတို့ရဲ့ ရည်ရွယ်ချက်က ကျူးရှိူ့ဒယ်စောက်တွေကို သိမ်းပိုက်ပြီးတော့ ကောင်းကင်တာအိုအစောင့်အရှောက်ဖြစ်ဖို့နဲ့ ကျူးရှိူ့တိုက်ကြီးကို စိုးမိုးဖို့ပေါ့ ဟုတ်လား”
အသူရာနတ်ဆိုးသားတော်က ကြောက်ရွံ့ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ် စီနီယာ၊ ကောင်းကင်တာအိုအစောင့်အရှောက်ဖြစ်လာမှ အထက်ဘုံကို ပြန်သွားပြီး အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်အဖြစ် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီမှာမို့လို့ပါ။ စီနီယာ…၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“မင်းတို့ အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်ဖြစ်ဖို့ ယှဉ်ပြိုင်တာက ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ ကောင်းကင်တာအိုအစောင့်အရှောက်ဖြစ်ဖို့နဲ့ ကျူးရှိူ့တိုက်ကြီးကို အုပ်စိုးဖို့ ကြိုးစားတာကတော့ မင်းတို့က သိပ်ကို မောက်မာလွန်းရာကျသွားပြီ”
ချမ်ချန်ကန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်သော အကြည့်ဖြင့် အသူရာနတ်ဆိုးသားတော်ကို စိုက်ကြည့်လိုက်သည်။ အသူရာနတ်ဆိုးသားတော်မှာ တုန်လှုပ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
“စီနီယာ...၊ ဒီအောက်ဘုံမှာ စီနီယာရှိမှန်းသာသိရင် ကျွန်တော်တို့ လုံးဝကို ပြန်လည်မွေးဖွားလာမှာ မဟုတ်ပါဘူး။ စီနီယာ့ကို ရန်စဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပါဘူး။ ဒါ့အပြင်...”
အသူရာနတ်ဆိုးသားတော်က စကားဆက်ပြောရန် တုံ့ဆိုင်းနေခဲ့သည်။ ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။
ချမ်ချန်ကန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အသူရာနတ်ဆိုးသားတော်...၊ ဒီအရှင်ကို ရှင်းရှင်းလင်းလင်း ပြောစမ်း။ ဒါ့အပြင် ဘာဆက်ဖြစ်သေးလဲ”