အခန်း ၁၄၄
Vol. 11 Ch. 144
အခန်း (၁၄၄) ဒယ်စောက်အိုး ကိုးလုံးကို ဆက်သခြင်း၊ သေခြင်း ရှင်ခြင်းကို အစိုးရခြင်း
“ပေါင်အာ...၊ အမြီးလေး...၊ မင်းတို့တွေ အားလုံး မြင်ပြီမလား။ အပြင်လောကမှာ နေရာတိုင်းက
အန္တရာယ်နဲ့ ပြည့်နေပြီး သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကလည်း ဖုံးလွှမ်းနေတယ်။ မင်းတို့သာ သတိမထားမိဘူးဆိုရင် အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်တယ်။ ဒီနေ့ ဆရာသာ ဒီမှာမရှိဘူးဆိုရင် ဒီကျူးရှိူ့ပွဲတော်မှာ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ချမ်ချန်ကန်းက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
“ဒါကြောင့် မင်းတို့စွမ်းအားက အားနည်းလွန်းသေးတယ်။ ပြန်ရောက်ရင် ကြိုးကြိုးစားစား ကျင့်ကြံရမယ်”
လင်းပေါင်အာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဆရာပြောတာ အမှန်ပဲ။ သမီးတို့ရဲ့စွမ်းအားက အရမ်းအားနည်းသေးတယ်။ သမီးက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းမှာ ရှိနေပေမဲ့ အထက်ဘုံက အင်မော်တယ်တွေနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်သေးဘူး”
အကယ်၍ ဆရာပေးထားတဲ့ အင်မော်တယ်လက်နက်တွေသာ မရှိခဲ့ဘူးဆိုပါက ထိုယင်စစ်သားများနှင့် ယင်တစ္ဆေများ၏ လက်ချက်ဖြင့် သူမ သေဆုံးသည်မှာ ကြာပြီဖြစ်သည်။ လင်းပေါင်အာ၏ အကြည့်များက ခိုင်မာနေခဲ့သည်။
“ဆရာ...၊ တပည့် ပြန်ရောက်တာနဲ့ သေချာချာ ကျင့်ကြံပါ့မယ်”
“အရမ်းကောင်းတယ်”
ချမ်ချန်ကန်းက စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဘေးနားတွင်ရှိသော အမြီးလေးကလည်း တတွတ်တွတ်အော်ဟစ်နေသည်။ ရှောင်ဟေးမှာမူ အခုထိ ကြောက်စိတ်မပြေသေးပေ။
*ကံကောင်းလို့… ပွဲမှာ သခင်ရှိနေလို့...၊ မဟုတ်ရင် ဒီပွဲမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အလောင်းတွေ ဖြစ်ကုန်တော့မှာပဲ။*
ထိုအခိုက် ပြည်နယ်အရှင်ကိုးဦးက ရောက်ရှိလာကြသည်။
“စီနီယာ…”
သူတို့အားလုံးက လက်သီးဆုပ်ပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ ဤအခိုက် အသက်ရှင်ကျန်ရစ်နေသည့် ကျင့်ကြံသူတိုင်းက ချမ်ချန်ကန်းကို ကျေးဇူးမတင်သူ မရှိပေ။ ချမ်ချန်ကန်းသာ မရှိပါက သူတို့အားလုံး အေးစက်သော အလောင်းများအဖြစ်သို့ ရောက်ရှိနေကြပေမည်။ အစစ်အမှန် အင်မော်တယ်တစ်ပါး၏ ရှေ့မှောက်၌ သူတို့၏ စွမ်းအားများက ဘာမှမဟုတ်ပေ။
“ဘာကိစ္စရှိလို့လဲ”
ချမ်ချန်ကန်းက ဖုန်းယွင်သူတော်စင်မင်ဟန်နှင့် စကားပြောပြီးနောက် ဖေးရှန့်တောင်သို့ ပြန်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ပွဲတော်ကလည်း ဤအခြေအနေအထိ ဖြစ်ပျက်သွားပြီဖြစ်၍ ဆက်နေရန် မလိုအပ်တော့ပေ။
ပြည်နယ်အရှင်သခင်ကိုးဦးက တိုင်ပင်ပြီးနောက် ဝူကျိုးအရှင်သခင်ကို ကိုယ်စားပြောခိုင်းလိုက်သည်။ ဝူကျိုးအရှင်သခင်က ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“စီနီယာ့ရဲ့ အကူအညီကြောင့် ကျွန်တော်တို့ ဒီသေရေးရှင်ရေး အကျပ်အတည်းကနေ လွတ်မြောက်ခဲ့ရတာပါ။ ကျွန်တော်တို့အားလုံး စီနီယာ့ကို အရမ်းကျေးဇူးတင်ကြပေမဲ့ ဘယ်လိုပြန်ဆပ်ရမှန်း မသိတာကြောင့် ဒီကျူးရှိူ့ဒယ်စောက်ကိုးလုံးကို စီနီယာ့ထံ ဆက်သဖို့ ဆုံးဖြတ်လိုက်ပါတယ်”
ဝူကျိုးအရှင်သခင်၏ စကားကြောင့် ပွဲတော်တွင်ရှိသော ကျင့်ကြံသူများအားလုံးက တုန်လှုပ်သွားကြသည်။ အရှင်သခင်ကိုးဦးက ဤသို့ဆုံးဖြတ်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ ကျူးရှိူ့ဒယ်စောက်အိုးကို ချမ်ချန်ကန်းထံ ဆက်သလိုက်ခြင်းဖြင့် ကျူးရှိူ့တိုက်ကြီးရှိ ပြည်နယ်စုကိုးခုစလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားခြင်းကို ဆိုလိုပေသည်။
ထိုအခါ သူသည် ကောင်းကင်ဘုံ၏ တာအိုအစောင့်အရှောက်ဖြစ်လာပြီး ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို အစိုးရမည့်သူ ဖြစ်လာပေလိမ့်မည်။ သို့သော် ချမ်ချန်ကန်း၏ စွမ်းအားမှာ အထက်ဘုံရှိ အင်မော်တယ်များကိုပင် လက်ဖဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်သဖြင့် လူတိုင်းက ဤဆုံးဖြတ်ချက်က မှန်ကန်သည်ဟု လက်ခံကြပေသည်။
ချမ်ချန်ကန်းကိုယ်တိုင်လည်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။ သို့သော် သူသည် တောင်ပြိုလျှင်ပင် အမူအရာမပျက်သော မျက်နှာထားဖြင့် အပြင်ပန်း၌ တည်ငြိမ်နေဆဲဖြစ်သည်။
“ဘာလို့လဲ”
ချမ်ချန်ကန်းက မေးလိုက်သည်။
“ဟုတ်ပါတယ် စီနီယာ...၊ စီနီယာသာ တာအိုအစောင့်အရှောက်ဖြစ်လာခဲ့ရင် ဒါက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးအတွက် ကောင်းချီးပါပဲ”
စကားပြောပြီးနောက် အရှင်သခင်ကိုးဦးတို့က ကျူးရှိူ့ဒယ်စောက်ကိုးလုံးကို ထုတ်ဖော်လိုက်သည်။ ဒယ်စောက်အိုးများမှ ရောင်စုံအလင်းများ ဖြာထွက်နေပြီး အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားများ စီးဆင်းနေကြသည်။ ချမ်ချန်ကန်းသာ ခေါင်းညိတ်ပြီး သဘောတူလိုက်လျှင် သူတို့က ဒယ်စောက်ထဲတွင်ရှိသော သူတို့၏ စိတ်ဝိညာဉ်အမှတ်အသားများကို ချက်ချင်းဖျက်သိမ်းကြတော့မည် ဖြစ်သည်။
ချမ်ချန်ကန်းသည် စိတ်ထဲ၌ အလွန်ဝမ်းသာနေပေသည်။ အကယ်၍ သူသာ ကောင်းကင်ဘုံ၏ တာအိုအစောင့်အရှောက်ဖြစ်လာပါက သူ၏ပြိုင်ဘက်ကင်းနယ်မြေပြင်ပတွင်လည်း သူသည် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်မည် မဟုတ်ပါလား။ သို့သော် သူက သဘောတူရန် ပါးစပ်ဟလိုက်စဉ်မှာပင် စနစ်၏ အေးစက်သောအသံက ခေါင်းထဲ၌ မြည်လာသည်။
[စနစ်၏ သတိပေးချက်။ ပိုင်ရှင်သည် ကျူးရှိူ့ဒယ်စောက်အိုး (ကောင်းကင်ဘုံ၏ အမွေအနှစ်) ကို ရရှိရန် အခွင့်အရေး ရရှိသဖြင့် ပြိုင်ဘက်ကင်းနယ်မြေ စနစ်ဗားရှင်း အဆင့် 5.0 သို့ မြှင့်ရန် အခြေအနေ ပွင့်သွားပါပြီ။]
[အခြေအနေ (၁) - ပိုင်ရှင်သည် တပည့်တစ်ယောက်ကို ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ရရှိစေပြီး ကောင်းကင်ဘုံ၏ တာအိုအစောင့်အရှောက်ဖြစ်လာရန် လေ့ကျင့်ပေးရန် လိုအပ်ပေသည်။]
[အခြေအနေ (၂) - ပိုင်ရှင်က နယ်မြေတန်ဖိုးတစ်သန်း ပြင်ဆင်ထားရပေမည်။ အဆင့်မြှင့်တင်မှု အောင်မြင်ပါက ဗားရှင်း 5.0 ၏ လုပ်ဆောင်ချက်အသစ် ‘သေခြင်းရှင်ခြင်းကို အစိုးရခြင်း’ ကို အသုံးပြုနိုင်မည် ဖြစ်သည်။]
ချမ်ချန်ကန်းက မျက်မှောင်ကြုတ်သွားသည်။
“စနစ်...၊ ဒယ်စောက်ကိုရရင် ကောင်းကင်ဘုံတာအိုအစောင့်အရှောက်ဖြစ်ပြီ မဟုတ်ဘူးလား။ ဘာလို့ အသိအမှတ်ပြုမှု လိုအပ်သေးတာလဲ”
[စနစ်၏ သတိပေးချက် - ကောင်းကင်ဘုံမှာ စိတ်ဝိညာဉ် ရှိပါတယ်။ လူတိုင်းက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်ဖြစ်ဖို့ မထိုက်တန်ဘူး။]
“ငါက မထိုက်တန်ဘူးလား။ ဘာလို့ ငါ့ရဲ့တပည့်ကိုမှ အသိအမှတ်ပြုခိုင်းရတာလဲ”
စနစ်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာ ပြန်ဖြေလိုက်သည်။
[စနစ်၏ သတိပေးချက် - သေချာစီစစ်အကဲဖြတ်ပြီးနောက် ပိုင်ရှင်၏အရည်အချင်းက အမှိုက်အဆင့်သာ ရှိသည့်အတွက် ကျူးရှိူ့ဒယ်စောက်ကိုးလုံး၏ အသိအမှတ်ပြုမှုကို ရရှိရန် မထိုက်တန်ပါ။]
“စနစ်...၊ မင်းက သောက်ကျိုးနည်း လူယုတ်မာပဲ”