အခန်း ၁၄၅
Vol. 11 Ch. 145
အခန်း (၁၄၅) ကောင်းကင်ဘုံနတ်ဘုရား
“ဒီအရှင်က ဒီနေရာကို စိတ်မဝင်စားဘူး”
ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး) သည် အလင်းရောင်များ တောက်ပနေပြီး အံ့မခန်း ခမ်းနားထည်ဝါသော စွမ်းအားများ ကိန်းအောင်းနေပေသည်။ လူတိုင်းက ချမ်ချန်ကန်းတစ်ယောက် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး) ကို လက်ခံမည့်အချိန်ကို စောင့်မျှော်နေကြပြီး ချမ်ချန်ကန်းသည် ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်ဘုံတာအိုအစောင့်အရှောက် ဖြစ်လာမည့် အခိုက်အတန့်ကို တွေ့မြင်လိုကြသည်။ သို့သော် ချမ်ချန်ကန်း ဆက်ပြောလိုက်သည့် စကားကြောင့် လူတိုင်းက ဆွံ့အသွားကြသည်။
“ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို လောလောဆယ်တော့ လက်ခံထားလိုက်မယ်”
“စီနီယာ...၊ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး) ကို မသန့်စင်ဘူးလား”
“ဟုတ်တယ်... ဒယ်စောက်ကိုးလုံးကို ပေါင်းစပ်လိုက်ရင် စီနီယာက ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်ဘုံတာအိုအစောင့်အရှောက် ဖြစ်လာနိုင်တာပဲလေ။ စီနီယာက အလိုမရှိတာလား”
ချမ်ချန်ကန်းက ခပ်ဖွဖွလေး ပြုံးလိုက်သည်။
“ကောင်းကင်ဘုံရဲ့ တာအိုအစောင့်အရှောက်ဆိုတဲ့ နေရာကို ငါ စိတ်မဝင်စားဘူး”
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး အသက်ရှူပင် မှားသွားကြသည်။
ကောင်းကင်ဘုံ၏ အရှင်သခင်...။
ကျူးရှိူ့တိုက်ကြီး၏ အုပ်ချုပ်သူ…။
သို့သော် မမျှော်လင့်ဘဲ ချမ်ချန်ကန်း၏ အမြင်၌ ထိုရာထူးအပေါ် လုံးဝ စိတ်ဝင်စားမှုမရှိပေ။ တကယ့်ကို အားကျပြီး မနာလိုစရာဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ကျူးရှိူ့တိုက်ကြီးသည် သာမန်အောက်ဘုံလောကငယ်လေးတစ်ခုသာဖြစ်သည်။ အထက်ဘုံလောကတွင် အင်မော်တယ်နယ်မြေပေါင်း ထောင်နှင့်ချီ ရှိနေပြီး နယ်မြေတစ်ခုစီတိုင်းကလည်း ကျူးရှိူ့တိုက်ကြီးထက် အဆပေါင်းများစွာ ကြီးမားသည်ဟု ကြားဖူးပေသည်။
သို့သော် သူတို့ရှေ့တွင် ရှိသော စီနီယာ၏ အစွမ်းအစမှာ အင်မော်တယ်များထက်ပင် သာလွန်နိုင်ရာ သူသည် အထက်ဘုံမှ တကယ့်ကို ပုဂ္ဂိုလ်ကြီး ဖြစ်ရပေမည်။ သို့ဖြစ်ရာ ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်ဘုံအစောင့်အရှောက်ရာထူးကို သူက မည်ကဲ့သို့ တန်ဖိုးထားမည်နည်း။
ဟုတ်ပေသည်။ ပြည်နယ်အရှင်သခင်ကိုးဦးစလုံးက ဤဒယ်စောက်အတွင်းရှိ သူတို့၏ ကံကြမ္မာအမှတ်အသားများကို ဖျက်သိမ်းလိုက်ကြသည်။ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)၏ အလင်းရောင်က မှိန်ဖျော့သွားပြီး ပိုင်ရှင်မဲ့ပစ္စည်းများသဖွယ် ဖြစ်သွားသည်။
လူတိုင်းက စပ်စုလိုစိတ်ဖြင့် ကြည့်နေကြသည်။ ချမ်ချန်ကန်းသည် ဤကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို မည်သူ့အား ပေးမည်နည်း။ မည်သူက ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်ဘုံတာအိုအစောင့်အရှောက် ဖြစ်လာမည်နည်း။
ကံကောင်းထောက်မစွာဖြင့် ချမ်ချန်ကန်း၏ ကိုယ်ပွားသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေသဖြင့် သူ၏အသက်စည်းတံဆိပ်ကို ဒယ်စောက်ကိုးလုံးစလုံးအတွင်း၌ ထည့်သွင်းလို့ ရနိုင်ပေသည်။
ချက်ချင်းပဲ ဒယ်စောက်ကိုးလုံးစလုံးက တောက်ပလာပြီး အရောင်ကိုးမျိုးရှိသော ဒယ်စောက်တစ်လုံးအဖြစ် ပေါင်းစည်းသွားခဲ့သည်။ သူ၏ စိတ်ထဲ၌ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)နှင့် အနည်းငယ် ဆက်သွယ်မှု ရရှိသွားသည်။
လူတိုင်း အံ့သြမှင်တက်စွာဖြင့် အရှေ့မှ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကြီးကို ကြည့်နေကြသည်။ ချမ်ချန်ကန်းက မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ စနစ်ပြောသည့်အတိုင်းပင် သူသည် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)နှင့် ပေါင်းစပ်နိုင်သော်လည်း ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို မရနိုင်ပေ။ ဤကျူးရှိူ့တိုက်ကြီး၏ ရတနာသည် သူ့လက်ထဲတွင် စွမ်းအားတစ်စက်မှ ပြနိုင်ခြင်း မရှိပေ။ တစ်နည်းအားဖြင့်ပြောရလျှင် သူ၏လက်ထဲ၌ ၎င်းသည် အမှိုက်နှင့် မခြားပေ။
*ပေါင်အာနဲ့ တခြားသူတွေအတွက် အသုံးဝင်မလား မသိဘူး။*
သူ၏ ကိုယ်ပိုင်အရည်အချင်းက ညံ့ဖျင်းသော်လည်း လင်းပေါင်အာနှင့် အမြီးလေးတို့၏ အရည်အချင်းမှာ အလွန် မြင့်မားပေသည်။ ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမှုကို ရရှိရန် မခက်ခဲလောက်ဟု သူက ယူဆလိုက်သည်။
“ပေါင်အာ...၊ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို တစ်ချက်လောက် စမ်းကြည့်မလား”
ချမ်ချန်ကန်းက ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို လင်းပေါင်အာထံ ပေးလိုက်သည်။ စနစ်ထံမှ သူသိလိုက်သည်မှာ သူသည် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)၏ ပိုင်ရှင်ဖြစ်သော်လည်း အခြားတစ်ယောက်က ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)၏ အသိအမှတ်ပြုမှုကို ခံရပါက သူ၏ အသက်ဝိညာဉ်စည်းတံဆိပ်မှာ အလိုအလျောက် ပယ်ပျက်သွားမည် ဖြစ်ပေသည်။
စီးဆင်းနေသော ရေကို အခြားသူများ၏ လယ်ကွင်းထဲသို့ မစီးဆင်းစေရဘူးဟူသော စိတ်ကူးဖြင့် ဤကဲ့သို့ ကောင်းမွန်သော ပစ္စည်းကို သူစိမ်းလက်ထဲသို့ မရောက်စေလိုသော ဆန္ဒဖြင့် ချမ်ချန်ကန်းက သူ၏လူများကို အရင်စမ်းသပ်ကာ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)၏ အသိအမှတ်ပြုမှုကို ရမရ သိရှိလိုခြင်း ဖြစ်ပေသည်။ နောက်ထပ်အရေးကြီးသည်မှာ အသိအမှတ်ပြုရုံသာမက ထိုသူသည် သူ၏တပည့်လည်း ဖြစ်နေရန် လိုအပ်ပေသည်။
လင်းပေါင်အာသည် စပ်စုလိုစိတ်ဖြင့် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို လှမ်းယူသော်လည်း ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို မခံရပေ။ ထို့နောက် အမြီးလေးနှင့် ရှောင်ဟေးတို့ စမ်းသပ်သော်လည်း ရလဒ်က အတူတူပင်ဖြစ်သည်။
*အမြီးလေးနဲ့ လင်းပေါင်အာတို့ရဲ့ အရည်အချင်းတောင်မှ ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုမှုကို မရဘူးလား။*
ချမ်ချန်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူတို့နှစ်ဦး၏ အရည်အချင်းဖြင့် ဆိုပါက လုံလောက်သည်ထက် ပိုသည်ဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
ပွဲတော်အတွင်းတွင် ရှိသော လူတိုင်းက ချမ်ချန်ကန်း ဘာလုပ်နေသည်ဟု သိလိုစိတ်ပြင်းပြနေကြသည်။ ချမ်ချန်ကန်းက လက်ကိုမြှောက်ပြီး ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို သိမ်းဆည်းလိုက်ပြီးမှ ပန်းလှေယာဉ်မှ လုပ်ဆောင်ချက်မှတစ်ဆင့် ဖေးရှန့်တောင်သို့ ချက်ချင်းပို့ဆောင်လိုက်သည်။
ဖေးရှန့်တောင်၏ အထက်တွင် အရောင်ကိုးမျိုးရှိသော ဒယ်စောက်ကြီးတစ်လုံး ပေါ်လာပြီး သက်ရှိနတ်ဘုရားကဲ့သို့ အင်မော်တယ်စွမ်းအားများကို ငမ်းငမ်းတက် ဝါးမျိုတော့သည်။
ချမ်ချန်ကန်းက ပြောလိုက်သည်။
“ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို လောလောဆယ်တော့ ဒီအရှင်ပဲ တာဝန်ယူထားမယ်။ ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်ဖြစ်ဖို့တော့ ဒီအရှင်က လုံးဝ စိတ်မဝင်စားဘူး”
ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
“စီနီယာ...၊ ဒါဆိုရင် ဒီကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး) ကို ဘယ်လိုလုပ်မလဲ”
ချမ်ချန်ကန်းက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒီအရှင်က အစီအစဉ် ဆွဲထားပြီးသားပဲ။ တစ်လအတွင်း ဖေးရှန့်တောင်မှာ တပည့်လက်ခံပွဲ ကျင်းပမယ်။ အဲဒီအချိန်မှာ ဒီအရှင်က တပည့်တစ်ယောက်ပဲ လက်ခံမယ်။ အဲဒီပွဲမှာ ဒီအရှင်ရဲ့ တပည့်ဖြစ်လာမယ့်သူက ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်လို့ ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်ဘုံတာအိုအစောင့်အရှောက်လည်း အလိုအလျောက် ဖြစ်လာလိမ့်မယ်”
ထိုသတင်းသည် ငြိမ်သက်နေသော ရေကို ကျောက်ခဲတုံးကြီးနှင့် ပစ်ပေါက်လိုက်သကဲ့သို့ လှိုင်းဂယက်များ ထသွားတော့သည်။ ပွဲအတွင်းတွင်ရှိသော ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ချမ်ချန်ကန်းက ဤသို့ပြောလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ လူတိုင်း ကြောင်အပြီး မယုံကြည်နိုင်သော မျက်နှာများဖြင့် ရှိနေကြသည်။ ထို့နောက်တွင်မူ မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးများဖြင့် တောက်ပလာခဲ့သည်။
ဖေးရှန့်တောင်၏ တပည့်လက်ခံပွဲသည် ကျူးရှိူ့တိုက်ကြီးတွင် ဟုန်းဟုန်းတောက်သတင်းဖြစ်သွားတော့သည်မှာ အသေအချာပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ချမ်ချန်ကန်း၏တပည့်ဖြစ်ရုံသာမက ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ပိုင်ဆိုင်ပြီး ကျူးရှိူ့တိုက်ကြီး၏ အရှင်သခင်ဖြစ်လာမည့် အခွင့်အရေးဖြစ်သောကြောင့်ဖြစ်သည်။
ထိုအခိုက် ပွဲသို့ရောက်ရှိနေသော လှပသော အမျိုးသမီးမှာလည်း ထိုစကားကို ကြားလိုက်ရသည်။ သူမ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး တီးတိုးလေး ရေရွတ်လိုက်သည်။
“ဒီလူရဲ့ ကျင့်ကြံခြင်းအခြေခံက တကယ့်ကို နားမလည်နိုင်လောက်အောင်ပဲ။ သူက ကောင်းကင်ဘုံအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ သတ္တမမြောက်မင်းသမီးလေးက အင်မော်တယ်စည်းတံဆိပ်ကို စုပ်ယူပြီး ပြန်လည်ကျင့်ကြံနေပြီဆိုတော့ သူမရဲ့အရည်အချင်းနဲ့ဆိုရင် တပည့်လက်ခံပွဲမှာ ထိပ်ဆုံးက ပါမှာ အသေအချာပဲ”
“ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးရဲ့ တပည့်ဖြစ်လာရုံသာမကဘူး၊ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကိုပါ ရပြီး ကျူးရှိူ့တိုက်ကြီးရဲ့ တာအိုအစောင့်အရှောက်ပါ ဖြစ်လာမယ်ဆိုတော့ တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”
ဤအခိုက်၌ ပိုင်ယွဲ့သည် အင်မော်တယ်စည်းတံဆိပ်ကို လုံးဝစုပ်ယူပြီးနောက် ပြန်လည်နိုးထလာခဲ့သည်။ သူမသည် ယခင်အတိုင်း ဖြစ်သော်လည်း လူတွေကို ပေးစွမ်းသော ခံစားချက်က ကွဲပြားပေသည်။ သူမသည် လောကီအညစ်အကြေး ကင်းစင်သော နတ်သမီးတစ်ပါးကဲ့သို့ တောက်ပသော အရှိန်အဝါရှိပြီး အင်မော်တယ်အငွေ့အသက်များ ပြည့်နှက်နေသည်။
သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိသော စည်းတံဆိပ်ကို စုပ်ယူလိုက်သဖြင့် သူမ၏ ကျင့်စဉ်မှာလည်း တရိပ်ရိပ်တိုးတက်လာခဲ့သည်။ မကြာမီပင် ပိုင်ယွဲ့သည် အခြေတည်စိတ်ဝိညာဉ်အဆင့်မှ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားတော့သည်။
လှပသော အမျိုးသမီးကလည်း ဝမ်းသာအားရဖြင့်
“သတ္တမမြောက်မင်းသမီးလေး...၊ နောက်ဆုံးတော့ နိုးလာပြီပေါ့”
ပိုင်ယွဲ့က ပြုံးကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မိန်နင်...၊ နင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ နင်လည်း ပင်ပန်းသွားရပြီပေါ့”