အခန်း ၁၄၆
Vol. 11 Ch. 146
အခန်း (၁၄၆)တပည့်အသစ်လက်ခံပွဲက အရမ်းကို စည်ကားနေမှာပဲ
“တပည့်အသစ်လက်ခံပွဲ ဟုတ်လား”
ပိုင်ယွဲ့က ချမ်ချန်ကန်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ဘေးနားတွင်ရှိသော မိန်နင်က ခပ်ဖွဖွလေး ရယ်မောလိုက်သည်။
“သတ္တမမြောက်မင်းသမီးရဲ့ ပါရမီနဲ့ဆိုရင်တော့ ဒီတပည့်အဖြစ်က ကျိန်းသေပေါက် ရွေးချယ်ခံရမှာပဲ”
ပိုင်ယွဲ့က ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီတပည့်အသစ်လက်ခံပွဲအခမ်းအနားက မလွယ်ကူဘူး မိန်နင်။ စီနီယာ့ရဲ့ တပည့်ဖြစ်လာမယ်ဆိုတာ ငါမသေချာသေးဘူး”
“သတ္တမမြောက်မင်းသမီး… ဘာကိုဆိုလိုတာလဲ”
“အင်မော်တယ်ထောင်ပေါင်းများစွာက တစ်ယောက်ပြီးတစ်ယောက် ပြန်လည်မွေးဖွားလာကြပြီလေ။ အသူရာနတ်ဆိုးသားတော်နဲ့ ငါတောင်မှ ကျူးရှိူ့တိုက်ကြီးမှာ ပြန်လည်ဝင်စားပြီး ကျင့်ကြံနေကြပြီ။ တခြားအင်မော်တယ်နယ်မြေက ပါရမီရှင်တွေကလည်း ကျူးရှိူ့တိုက်ကြီးမှာ ပြန်လည်မွေးဖွားပြီး ကျင့်ကြံနေတဲ့သူတွေ ရှိနိုင်မှာပဲ”
မိန်နင်က ပြုံးလျက်ပြောလိုက်သည်။
“ရှိတော့ ဘာဖြစ်လဲ။ သတ္တမမြောက်မင်းသမီးက အဲ့ဒီလူနဲ့ တော်တော်လေး ရင်းနှီးနေတာပဲဟာ။ ရှေးရိုးစကားအတိုင်းဆိုရင် ရေနားနီးတဲ့ကြာက အပွင့်ရွေးရလွယ်တယ်ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ။ ပြီးတော့ သတ္တမမြောက်မင်းသမီးရဲ့ အရည်အချင်းနဲ့ ရုပ်ရည်ကလည်း ရှိသေးတာပဲ။ အကယ်၍ သတ္တမမြောက်မင်းသမီးသာ...”
သတ္တမမြောက်မင်းသမီးက မိန်နင်၏စကားကို ဖြတ်ပြောလိုက်သည်။
“မိန်နင်…၊ နင်ကတော့ ပေါက်ကရတွေ လျှောက်ပြောနေပြန်ပြီ”
မိန်နင်က မျက်လုံးလေးများ ကစားကာ ညုတုတုလေးပြုံးလိုက်ရင်း ပြောလိုက်သည်။
“သတ္တမမြောက်မင်းသမီး လက်လျှော့တော့မလို့လား။ အကယ်၍ မင်းသမီးသာ အခုအချိန်မှာ တခြားလောကတစ်ခုကိုသွားပြီး ပြန်ဝင်စားပြီး ကျင့်ကြံမယ်ဆိုရင်တော့ နောက်ကျသွားလိမ့်မယ်နော်”
“မဟုတ်ဘူး၊ ဒါက အခွင့်အရေးကောင်းတစ်ခုပဲ။ ငါက ဘယ်လိုလုပ် အလွယ်တကူ လက်လျှော့မှာလဲ။ အခွင့်အရေးရရင် ငါလည်း သေချာပေါက် အရယူမှာပဲ”
ပိုင်ယွဲ့၏မျက်လုံးများက တောက်ပလာခဲ့သည်။
“အချိန်ကိုက်ပဲ။ အခြားအင်မော်တယ်နယ်မြေက ပါရမီရှင်တွေ ဘယ်လောက်တော်လဲဆိုတာ လေ့လာကြည့်ရတာပေါ့”
ကျူးရှိူ့ပွဲတော်ကြီးတွင် လူအများက ရုတ်ရုတ်သဲသဲဖြစ်နေကြပြီး ကျင့်ကြံသူများကလည်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြကာ စိတ်တည်ငြိမ်ရန် ခက်ခဲနေကြသည်။ ပြည်နယ်စုကိုးခု၏ အရှင်သခင်များ၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲနေသည်။ ၎င်းသည် ကောင်းကင်ဘုံ၏ တာအိုအစောင့်အရှောက်၊ ကျူးရှိူ့တိုက်ကြီး၏ အုပ်ချုပ်သူနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
ချမ်ချန်ကန်းက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဤတပည့်အသစ်လက်ခံပွဲသည် တစ္ဆေပြည်နယ်တစ်ခုတည်းတင်သာမက ကျန်ရှိသည့် ပြည်နယ်စုရှစ်ခုလုံး ပါဝင်ပေသည်။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးမှ ပါရမီရှင်ပေါင်း မည်မျှရောက်လာမည်ကို မခန့်မှန်းနိုင်ပေ။
ပို၍အရေးကြီးသည်မှာ ချမ်ချန်ကန်း၏စိတ်ထဲ၌ တွေးနေခြင်းဖြစ်သည်။ ကျူးရှိူ့တိုက်ကြီးတွင် အထက်ဘုံမှ လူဝင်စားပြီး ပြန်လည်ကျင့်ကြံနေသည့် ပါရမီရှင်များ ရှိနေမလား။ အကယ်၍ ရှိနေပါက ၎င်းတို့အတွက် ကျူးရှိူ့ဒယ်စောက်က အလွန်အရေးကြီးသဖြင့် ဤတပည့်လက်ခံပွဲကို ကျိန်းသေပေါက် ရောက်လာကြလိမ့်မည်ဟု သူယုံကြည်ပေသည်။
ချမ်ချန်ကန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် လူအများ၏ ဆွေးနွေးမှုကို နားထောင်ရင်း သက်ပြင်းချလိုက်သည်။ အမှန်စစ်စစ် သူသည် ဤတပည့်လက်ခံပွဲကို စိတ်အားထက်သန်နေသူ မဟုတ်ပေ။ စနစ်ကို အဆင့်မြှင့်တင်ရန်သာ မဟုတ်ပါက ဤပွဲကို ကျင်းပမည် မဟုတ်ပေ။
သူသည် အမြီးလေးနှင့် လင်းပေါင်အာတို့ကို ကြည့်လိုက်သည်။ သူမတို့နှစ်ဦးစလုံး၏ အရည်အချင်းများမှာ (အလုံးစုံသော သက်ရှိစွမ်းအား)အောက်၌ ထိပ်တန်းအဆင့် ဖြစ်နေသော်လည်း ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို မခံရသေးပေ။ ကျူးရှိူ့တိုက်ကြီးရှိ အခြားပါရမီရှင်များ၏ အရည်အချင်းများက သူမတို့နှစ်ဦးထက် ကျော်လွန်နိုင်မည်ဟု ချမ်ချန်ကန်းက မထင်ပေ။
*ဒါဆို အထက်ဘုံကနေ လူဝင်စားလာတဲ့ ပါရမီရှင်တွေရဲ့ အရည်အချင်းတွေက ပေါင်အာနဲ့ အမြီးလေးတို့ထက် ပိုပြီးအဆင့်မြင့်နေတာလား။ အထက်ဘုံက ပါရမီရှင်တွေက ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရပြီးသွားရင် ကောင်းကင်ဘုံရဲ့ အသိအမှတ်ပြုမှုကို ခံရမှာလား။*
ချမ်ချန်ကန်းက ထိုသို့ တွေးလိုက်မိသည်။ အထက်ဘုံမှ အင်မော်တယ်တစ်ပါးကို တပည့်အဖြစ် လက်ခံရသည်မှာ စိတ်ဝင်စားစရာကောင်းလှပေသည်။ သို့သော် သူသည် ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်ကို လွှတ်ပေးလိုက်ခြင်းအတွက် နောင်တရနေမိသည်။ သူသည် အထက်ဘုံ၏ အခြေအနေကို လွန်စွာနည်းပါးစွာ သိထားပေသည်။ အကယ်၍ ထိုအင်မော်တယ်သူတော်စင်ကိုသာ ချန်ထားခဲ့ပါက သတင်းအချက်အလက် ပို၍ရနိုင်မည်ဖြစ်သည်။
အသူရာနတ်ဆိုးသားတော် ပေါ်လာပြီးနောက် ကျူးရှိူ့ပွဲတော်ကြီးက အလွန်ဆူညံသွားပြီး ပွဲတော်ကို ဆက်လက်မကျင်းပတော့ပေ။ အထူးသဖြင့် တစ်လကြာလျှင် ဖေးရှန့်တောင်၌ ချမ်ချန်ကန်း၏ တပည့်အသစ်လက်ခံပွဲ ကျင်းပမည်ဖြစ်ရာ လူတိုင်းက ပြင်ဆင်နေကြပြီဖြစ်သည်။
ကျင့်ကြံသူအများစုက ချမ်ချန်ကန်း၏ တပည့်အသစ်လက်ခံပွဲ သတင်းကို ပြန်လည်သတင်းပို့ရန် စောစောစီးစီး ထွက်ခွာသွားကြသည်။ မကြာမီတွင် လူအနည်းစုသာ ကျန်တော့သည်။ ပြည်နယ်စုကိုးခု၏ အရှင်သခင်ကိုးဦးပင်လျှင် ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့သည် ဒယ်စောက်ကိုးလုံးကို လွှဲပြောင်းပေးခဲ့သဖြင့် ပြည်နယ်အရှင်သခင်ဟူသော အမည်မှာ အမည်ခံသာ ရှိတော့ပေသည်။
“စီနီယာ…၊ ကျွန်တော်တို့ အရင်သွားပါရစေဦး။ အချိန်ရရင် ဖေးရှန့်တောင်ကို လာရောက်လည်ပတ်ပါ့မယ်”
နန်ကုန်းထန်းဝမ်က ပြောလိုက်သည်။ သူသည် ဝူကျိုးပြည်နယ်သို့ ပြန်တော့မည်ဖြစ်ပြီး မပြန်ခင် သူက အားမြောင်ကို မေးလိုက်သည်။
“အားမြောင်…၊ မင်းရော အဖေနဲ့အတူ ပြန်လိုက်မလား”
အားမြောင်က ခေါင်းခါလိုက်သည်။
“မလိုက်တော့ဘူး။ သမီး တစ္ဆေတိုင်းပြည်မှာပဲ နေချင်တယ်။ ပြီးတော့ စီနီယာက တပည့်အသစ်လက်ခံပွဲ လုပ်တော့မှာလေ။ သမီးလည်း စီနီယာ့ရဲ့ တပည့်ဖြစ်ချင်တယ်။ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရယူပြီး ကောင်းကင်ဘုံရဲ့ တာအိုအစောင့်အရှောက် ဖြစ်ချင်တယ်”
နန်ကုန်းထန်းဝမ်က ရယ်မော၍ အားမြောင်၏ခေါင်းလေးကို အသာအယာပုတ်လိုက်သည်။
“အားမြောင်…၊ သမီးလုပ်နိုင်မယ်လို့ အဖေယုံကြည်တယ်။ ဝူကျိုးကနေ သတင်းကောင်းကို စောင့်နေမယ်”
ဖခင်ဖြစ်သူ ထွက်သွားသည်ကို ကြည့်ရင်း အားမြောင်က သက်ပြင်းချလိုက်သည်။ ခဏမျှ ပြန်ဆုံပြီး ထပ်မံခွဲရပြန်သည်။ ထိုအခိုက် ပိုင်ယွဲ့နှင့် ကောင်းကင်မြွေခွေးနတ်ဆိုးအင်ပါယာတို့က ရောက်ရှိလာကြသည်။ မိန်နင်မှာမူ အရိပ်တာအိုအစောင့်အရှောက်အဖြစ် အမှောင်ထဲ၌ ပုန်းကွယ်နေပေသည်။
“အားမြောင်…၊ နင့်အဖေနဲ့ ဘာလို့ ပြန်မလိုက်တာလဲ။ နင်လက်ထပ်ရမယ့် ကျင့်ကြံသူကလည်း သေဆုံးသွားပြီဆိုတော့ နင့်အဖေက နင့်ကို အရင်လို အကျပ်ကိုင်မှာ မဟုတ်တော့ဘူးလေ”
ကောင်းကင်မြွေခွေးနတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ ပိုင်ယွဲ့ကလည်း ဘေးမှပြုံး၍ ကြည့်နေမိသည်။ သူမသည် အတိတ်ဘဝက မှတ်ဉာဏ်များ ပြန်ရခဲ့သော်လည်း အားမြောင်နှင့် ဆက်ဆံရေးမှာ ပြောင်းလဲမသွားပေ။
အားမြောင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အလွန်ခိုင်မာသော မျက်လုံးဖြင့် ပြောလိုက်သည်။
“အဘွား…၊ ကျွန်မ စီနီယာရဲ့ တပည့်ဖြစ်ချင်တယ်”
ကောင်းကင်မြွေခွေးနတ်ဆိုးအင်ပါယာက ပြောလိုက်သည်။
“တပည့်အသစ် လက်ခံပွဲဟုတ်လား။ အဲ့ဒါက သိပ်မလွယ်ဘူးလို့ ထင်တယ်”
အားမြောင်က ပြုံးပြီးပြောလိုက်သည်။
“သိပ်မလွယ်ပေမယ့်လည်း ကျွန်မ ကြိုးစားကြည့်ချင်တယ်။ တစ်လနေရင် ကျင်းပမယ့် တပည့်အသစ်လက်ခံပွဲက အရမ်းကို စည်ကားနေတော့မှာပဲ”
“အားမြောင်…”
ပိုင်ယွဲ့က လှမ်းခေါ်လိုက်သည်။
“ပိုင်ယွဲ့…ဘာဖြစ်လို့လဲ”
“အချိန်ကျရင် ငါတို့လည်း အတူတူ သွားကြတာပေါ့။ ငါလည်း တပည့်အသစ်လက်ခံပွဲမှာ ပါချင်တယ်”
ပိုင်ယွဲ့၏စကားကြောင့် အားမြောင်က မျက်လုံးများ တောက်ပသွားသည်။
“ဒါဆို အရမ်းကောင်းတာပေါ့”