အခန်း ၁၄၇
Vol. 12 Ch. 147
အခန်း (၁၄၇)ပြောစရာရှိတာပြောပါ၊ အခက်အခဲရှိရင် ဒီအရှင်ကို လာရှာလိုက်
“စီနီယာ...၊ စီနီယာက ဘယ်အချိန်ကျမှ ဖေးရှန့်တောင်ကို ပြန်မလဲဆိုတာ သိလို့ရမလားရှင့်”
ဖုန်းယွင်ဂိုဏ်း၏ သူတော်စင်မမင်ဟယ်က ရိုသေလေးစားစွာ မေးလိုက်သည်။ ယခုအခါ ကျင့်ကြံသူအားလုံးနီးပါးက ကျူးရှိူ့ပွဲတော်မှ ထွက်သွားကြပြီဖြစ်သည်။ လူအနည်းငယ်သာ ကျန်တော့သော်လည်း သူတော်စင်ဖုန်းယွင်က အံ့ဩသွားသည်မှာ ချမ်ချန်ကန်း ထွက်မသွားသေးခြင်းပင် ဖြစ်သည်။
ချမ်ချန်ကန်းက ခပ်ဖွဖွလေး ပြုံး၍ ပြောလိုက်သည်။
“ကျူးရှိူ့ပွဲတော်ကို ကျုပ်ရောက်လာမှတော့ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းကိုလည်း သဘာဝကျကျ လည်ပတ်ချင်တာပေါ့”
မင်ဟယ်၏ မျက်လုံးများက တောက်ပသွားပြီး ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်တော့ စီနီယာ့ကို ကျွန်မ လိုက်ပြီး ပြသပါရစေ”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရွှေရောင်ဖီးနစ်ငှက်တစ်ကောင် ပျံသန်းလာပြီး ကျူးရှိူ့ပွဲတော်သို့ ဆင်းသက်လာခဲ့သည်။
“စီနီယာ…၊ ကျေးဇူးပြုပြီး ကြွပါရှင့်”
ချမ်ချန်ကန်းက ဖီးနစ်ငှက်ပေါ်သို့ တက်လိုက်သည်။ လင်းပေါင်အာ၊ အမြီးလေးနှင့် ရှောင်ဟေးတို့ကလည်း အတူတက်လိုက်သည်။ ရွှေရောင်ဖီးနစ်က အလွန်စွမ်းထက်ပေသည်။ ၎င်းသည် အင်မော်တယ်နယ်မြေမှ နတ်ဘုရားနယ်ပယ်မှ နတ်ဆိုးအင်ပါယာတစ်ပါးဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာ ရှောင်ဟေးထက်ပင် အနည်းငယ် အဆင့်ပိုမြင့်သည်။
ဖုန်းယွင်ရှေးဟောင်းဂိုဏ်းသည် တစ္ဆေပြည်နယ်၏ ထိပ်တန်းအင်အားစုဖြစ်ပြီး စီနီယာ့အတွက် နတ်ဆိုးသားရဲတစ်ကောင်ကို အစောင့်အရှောက်အဖြစ် စီစဉ်ပေးနိုင်ပေသည်။ မင်ဟယ်က ချမ်ချန်ကန်းကို မည်မျှအလေးထားကြောင်း သိသာလှပေသည်။
ဖီးနစ်ငှက်က ပျံတက်သွားပြီး ကောင်းကင်ဘုံကိုးခုအနှံ့ ပျံသန်းလေသည်။ ချမ်ချန်ကန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ တောင်တန်းနှင့် မြစ်ချောင်းများကို ကြည့်ရှုလိုက်သည်။ ဘေးတွင်ရှိသော မင်ဟယ်ကလည်း တစ်ခုချင်းစီကို လိုက်လံမိတ်ဆက်ပေးနေသည်။ အမှန်စင်စစ် ချမ်ချန်ကန်းသည် ဂိုဏ်းကို လည်ပတ်ကြည့်ရှုသည်ထက် မင်ဟယ်နှင့် သူ့ဆရာသခင်အကြောင်းကို မေးမြန်းရန်သာ ရည်ရွယ်ချက်ထားခြင်းဖြစ်သည်။
ခဏအကြာတွင် ချမ်ချန်ကန်းက မေးလိုက်သည်။
“ဖုန်းယွင်သူတော်စင်မနဲ့ ယွင်ကျိုးက သက်ရှည်ဂိုဏ်းချုပ်တို့က နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တယ်လို့ ငါကြားဖူးတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူတော်စင်မ တစ်ခုခုများ သိထားတာ ရှိမလား”
မင်ဟယ်သည် အဆောက်အဦးများအကြောင်း ရှင်းပြနေရင်းမှ ရုတ်တရက် မှင်တက်သွားပြီး ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။
“စီနီယာပြောတာ မှန်ပါတယ်။ ကျွန်မနဲ့ သက်ရှည်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ဖုန်းချီယွင်တို့က နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တာ ကြာပါပြီ။ စီနီယာ ဒါကို သိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“နည်းနည်းပါးပါး ကြားမိတာပါ”
ချမ်ချန်ကန်းက တုံ့ပြန်လိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သက်ရှည်ဂိုဏ်းက ဖျက်ဆီးခံခဲ့ရတယ်။ မင်းနဲ့သူ့ရဲ့ ဆက်ဆံရေးအရဆိုရင် မင်းက ဘာလို့ သူ့ကို မကူညီရတာလဲ”
ချမ်ချန်ကန်းသည် စိတ်ထဲရှိ မေးခွန်းကို မေးလိုက်ခြင်း ဖြစ်ပေသည်။ မင်ဟယ်သာ ကူညီခဲ့လျှင် ဂိုဏ်းဖျက်ဆီးခံရသည့် အခြေအနေမှာ ပြောင်းလဲသွားနိုင်ပြီး သူကိုယ်တိုင်လည်း စနစ်နိုးမထလာဘဲ ထိုဂိုဏ်းထဲ၌ ဆက်လက်ရှိနေနိုင်သေးသည်။
“စီနီယာက သူနဲ့ အတော်လေး ရင်းနှီးတဲ့ပုံပဲ”
ချမ်ချန်ကန်းက ခေါင်းညိတ်ပြသော်လည်း ဝန်မခံခဲ့ပေ။ သူသည် ဖုန်းချီယွင်၏ တပည့်ဖြစ်ကြောင်းကိုလည်း ထုတ်မပြောခဲ့ပေ။
“စီနီယာ...၊ ကျွန်မ မကူညီချင်လို့ မဟုတ်ပါဘူး။ သက်ရှည်ဂိုဏ်းအကြောင်းကို ကြားကြားချင်း ကျွန်မ ယွင်ကျိုးကို သွားခဲ့ပါသေးတယ်”
“ဘာ...၊ မင်းက ယွင်ကျိုးကို သွားခဲ့တယ် ဟုတ်လား”
ချမ်ချန်ကန်းက အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ကျွန်မ ဖုန်းချီယွင်ကို သွားတွေ့ခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်မကို အကူအညီမတောင်းခဲ့ဘူး။ အဲဒီအစား ကျွန်မကို ကွေ့ကျိုး(တစ္ဆေပြည်နယ်)ကိုပဲ ပြန်သွားဖို့ ပြောခဲ့တယ်။ သူ့တပည့်က ကျွန်မကို ဖုန်းယွင်ရှေးဟောင်းဂိုဏ်းမှာ လာရှာလိမ့်မယ်လို့ မှာကြားခဲ့တယ်။ ဒါကြောင့် ကျွန်မက ဒီရက်ပိုင်း ဂိုဏ်းထဲမှာပဲ နေနေတာ။ ဒါပေမဲ့ သူ့တပည့်ကို စောင့်နေပေမဲ့ အခုထိ မတွေ့သေးဘူး”
ချမ်ချန်ကန်းက ထိုစကားကြားသောအခါ ဆွံ့အသွားရသည်။ မင်းရှေ့ကလူက သူ့တပည့်ပဲဟု ပြောချင်သော်လည်း ယခုအခါ သူသည် ပြိုင်ဘက်ကင်းနယ်မြေကို ပိုင်ဆိုင်ထားသဖြင့် ခိုလှုံရန် မလိုအပ်တော့ပေ။
“ဒီအရှင်က မင်းနဲ့ ဖုန်းချီယွင်အကြောင်းကို စိတ်ဝင်စားတယ်။ ဖြစ်နိုင်ရင် မင်းတို့ဇာတ်လမ်းကို ပြောပြပေးပါလား”
မင်ဟယ်က ခေတ္တမျှ ဝေခွဲမရဖြစ်ပြီး ခေါင်းညိတ်ကာ သူမနှင့် ဖုန်းချီယွင်အကြောင်းကို စတင်ပြောပြလေသည်။ ဘေးနားတွင်ရှိသော လင်းပေါင်အာတို့မှာ သူတို့ကို အနှောင့်အယှက်မပေးဘဲ ကိုယ့်ဘာသာကျင့်ကြံနေကြသည်။ အထူးသဖြင့် လာမည့်တစ်လအကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲအတွက် သူမတို့၌ ဖိအားများစွာ ရှိနေသဖြင့် ကြိုးစားနေကြခြင်း ဖြစ်သည်။
မင်ဟယ်က သူမ၏ဇာတ်လမ်းကို ပြောပြပြီးသောအခါ ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။ ဇာတ်လမ်းမှာ အရှည်ကြီးမဟုတ်သော်လည်း မင်ဟယ်၏ ဆရာ့အပေါ်ထားသော လေးနက်သည့်သဘောထားကို သူသိလိုက်ပေသည်။ သို့သော် သူတို့နှစ်ဦး ဘာကြောင့်အတူမရှိလဲဆိုတာကိုတော့ မင်ဟယ်က အသေးစိတ်မပြောပြခဲ့ပေ။
ဆရာချန်ခဲ့သော စာအရ ဆရာမှာလည်း မင်ဟယ်အပေါ် ခံစားချက်ရှိကြောင်း သိပေသည်။ ထိုသို့သာမဟုတ်ပါက ထာဝရသက်ရှည်ခန္ဓာကိုယ်ရှိသော သူ့ကို မင်ဟယ်ထံ၌ အပ်နှံရန် မှာကြားခဲ့မည် မဟုတ်ပေ။ စကားပြောပြီးသည်နှင့် ဖုန်းယွင်ဂိုဏ်းအတွင်း လည်ပတ်မှုက ပြီးဆုံးသွားခဲ့သည်။
ချမ်ချန်ကန်းက ဆက်ပြောလိုက်သည်။
“သူတော်စင်မ…၊ လည်ပတ်တာလည်း တော်တော်စုံပြီဆိုတော့ ဒီအရှင် ပြန်တော့မယ်”
“စီနီယာ့ကို ပြန်လည်ပို့ဆောင်ပေးပါရစေရှင်”
ချမ်ချန်ကန်းက ရယ်မောရင်း ပြောလိုက်သည်။
“သူတော်စင်မနဲ့ စကားပြောရတာ တကယ့်ကို အဆင်ပြေတယ်။ အကယ်၍ သူတော်စင်မ အခက်အခဲတစ်ခုရှိရင် ဖေးရှန့်တောင်ကို လာခဲ့ပါ။ ဒီအရှင် ကူညီနိုင်တာရှိရင် သေချာပေါက် ကူညီပေးပါမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”