← Chapters

အခန်း ၁၄၈

Vol. 12 Ch. 148

အခန်း ၁၄၈

Vol. 12 Ch. 148

အခန်း (၁၄၈) ဟွာလုံမြို့၊ ယန်ယွီမျှော်စင်

နဂါးနက်သည် ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး ချမ်ချန်ကန်း၊ လင်းပေါင်အာ အမြီးလေးတို့နှင့်အတူ ပြန်လာခဲ့ပေသည်။ ယခုအကြိမ် ကျင်းပခဲ့သည့် ကျူးရှိူ့ပွဲတော်ကြီး၌ အံ့အားသင့်စရာများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ချမ်ချန်ကန်းသည် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရရှိခဲ့သော်လည်း ပြိုင်ဘက်ကင်းနယ်မြေ ဗားရှင်း 5.0 သို့ အဆင့်မြှင့်တင်ရန် လိုအပ်သည့် အချက်အလက်များကို သိရှိသွားခဲ့ပြီဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ချမ်ချန်ကန်းသည် အင်မော်တယ်ကျောက်တုံး အမြောက်အမြားကို ရရှိလာခြင်းဖြစ်သည်။ ဤကျောက်တုံးများဖြင့် ပြိုင်ဘက်ကင်းနယ်မြေကို သိသိသာသာ ချဲ့ထွင်နိုင်မည် ဖြစ်ပေသည်။

ချမ်ချန်ကန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

“အထက်ဘုံက အင်မော်တယ်ကျောက်တုံးတွေသာ အဆက်မပြတ်ရနေမယ်ဆိုရင် ပြိုင်ဘက်ကင်းနယ်မြေက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားဖို့ဆိုတာ လက်တစ်ကမ်းပဲ ရှိတော့မှာပဲ”

သူ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကိုယ်ပွားက သုံးရက်သာ ခံနိုင်ရည် ရှိပေသည်။ ယခု တစ်ရက်ပင် မပြည့်သေးပေ။ ထို့ကြောင့် ချမ်ချန်ကန်းသည် ဖေးရှန့်တောင်သို့ ချက်ချင်းပြန်ရန် မစီစဉ်ထားပေ။

“ရှောင်ဟေး…”

“သခင်… ဘာများအမိန့်ရှိပါသလဲ”

“ရှေ့မှာတွေ့တဲ့မြို့ကို ခဏချပေး။ ပြီးရင် ပေါင်အာနဲ့ အမြီးလေးကို ဖေးရှန့်တောင်ကို ပြန်ခေါ်သွားလိုက်တော့”

“အမိန့်တိုင်းပါ”

ဤကိုယ်ပွားကို ဖန်တီးရန် နယ်မြေအမှတ် ငါးသောင်းတိတိ သုံးစွဲခဲ့ရပေသည်။ နှစ်ရက်ကျန်နေသဖြင့် ချမ်ချန်ကန်းသည် ပြင်ပလောကတွင် လည်ပတ်ရန် ဆုံးဖြတ်လိုက်ပေသည်။ ဤသည်မှာ ကိုယ်ပွားတစ်ခုသာဖြစ်သဖြင့် အသက်အန္တရာယ်ကြုံ၍ သေသွားလျှင်ပင် သူ၏အစစ်အမှန်ခန္ဓာကိုယ်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။

လင်းပေါင်အာနှင့် အမြီးလေးတို့မှာမူ ချမ်ချန်ကန်းကို အနှောင့်အယှက်မပေးဘဲ ပြန်သွားကြပေသည်။ သူမတို့အတွက် ချမ်ချန်ကန်းကို စိတ်မပျက်စေရန် ဖေးရှန့်တောင်သို့ပြန်ပြီး ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ရန်သာ လိုအပ်ပေသည်။

ဟွာလုံမြို့သည် တစ္ဆေတိုင်းပြည်ရှိ စည်ကားသော မြို့ကြီးဖြစ်သည်။ နေဝင်ဖျိုးဖျအချိန်၌ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ပြုံးရွှင်သော မျက်နှာထားဖြင့် မြို့ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။

ထိုသူက ချမ်ချန်ကန်းသာဖြစ်သည်။ ယခုအချိန်တွင် ချမ်ချန်ကန်းသည် လူမသိသူမသိ နေထိုင်လိုသဖြင့် သူ၏စွမ်းအားများကို ဖုံးကွယ်ထားပြီး သာမန်လမ်းသွားလမ်းလာတစ်ဦးကဲ့သို့ ရုပ်ဖျက်ထားသည်။ မြို့ထဲသို့ ရောက်သောအခါ အလွန်စည်ကားပြီး ဖေးရှန့်တောင်၏ တိတ်ဆိတ်မှုနှင့် ကွာခြားနေပေသည်။

“သခင်လေး…၊ တစ်ခုခု ဝယ်ချင်လို့လား”

ကုန်စုံဆိုင်ရှေ့တစ်ခုသို့ ဖြတ်သွားသောအခါ ဆိုင်ရှင်က မေးလိုက်သည်။ ချမ်ချန်ကန်းက တစ်ချက်လှမ်းကြည့်ပြီး ခေါက်ယပ်တောင်တစ်ချောင်းကို ဝယ်လိုက်သည်။

“အင်း...၊ ဒါမှပဲ မင်းမျိုးမင်းနွယ်က သခင်လေးတစ်ယောက်နဲ့ တူသွားတော့တယ်”

ချမ်ချန်ကန်းသည် လမ်းလျှောက်ရင်း ဘေးဘီဝဲယာကိုကြည့်ကာ ဤသည်မှာ ကျူးရှိူ့တိုက်ကြီးသို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ် မြို့ထဲသို့ လည်ပတ်ခြင်းဖြစ်ပေသည်။ ချမ်ချန်ကန်းက တီးတိုးရေရွတ်လိုက်သည်။

“အပြင်ထွက်ရခဲတာပဲ။ ဘယ်သွားပြီး ကစားရင် ကောင်းမလဲ”

ရုတ်တရက် ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပသွားပြီး ခေါက်ယပ်တောင်ကို ဖျတ်ခနဲ ပိတ်လိုက်သည်။ ဘယ်သွားရမလဲဆိုတာ သူသိပေသည်။ သူက လမ်းသွားလမ်းလာတစ်ဦးကို မေးလိုက်သည်။

“ညီအစ်ကို...၊ ချင်းလော (ပြည့်တန်ဆာအဆောင်) က ဘယ်နားမှာလဲ”

လမ်းသွားလမ်းလာက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။

“သခင်လေး...၊ ဟွာလုံမြို့မှာ ချင်းလောဆိုတဲ့နေရာ မရှိဘူး”

ချမ်ချန်ကန်းက အသာအယာပြုံးပြီး ပြောလိုက်သည်။

“ဒါဆိုရင်လည်း စကားပြောင်းပြောမယ်။ ဟွာလုံမြို့ရဲ့ ပျော်ပွဲရွှင်ပွဲတွေရှိတဲ့ နေရာကရော ဘယ်နားမှာလဲ”

ထိုသူက ချက်ချင်းပဲ သဘောပေါက်သွားသည်။

“သခင်လေး...၊ ဂီတနဲ့ဖျော်ဖြေမှုကို ခံစားချင်တယ်ဆိုရင်တော့ ယန်ယွီမျှော်စင်ကို သွားသင့်တယ်”

ချမ်ချန်ကန်းက ပြုံးပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ အဲ့ဒီမှာရော တစ်ညလောက် တည်းခိုလို့ရလား”

ထိုသူက ရယ်မောရင်း ပြောလိုက်သည်။

“တည်းခိုလို့ ရတယ်။ ဒါပေမဲ့ တည်းခိုခကတော့ တော်တော်လေး ဈေးကြီးတယ်လို့ ကြားဖူးတယ်”

“ကိစ္စမရှိဘူး၊ ပြဿနာမရှိဘူး”

ချမ်ချန်ကန်းက အသာအယာပြုံးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ မထွက်လာခင် လင်းပေါင်အာထံမှ စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို တောင်းလာခဲ့သဖြင့် ယန်ယွီမျှော်စင်၌ တစ်ညတာ တည်းခိုရန် လုံလောက်မည် ဖြစ်ပေသည်။

ချမ်ချန်ကန်းသည် ယန်ယွီမျှော်စင်သို့ အပြေးအလွှားသွားစဉ် မြို့ပြင်ဘက်၏ အခြေအနေနှင့် ကွာခြားနေကြောင်း သတိထားမိလိုက်သည်။ ကောင်းကင်ယံမှ အမှောင်ထုနှင့်အတူ မှောင်မိုက်သော မြူခိုးများက အုပ်ဆိုင်းလာပြီး ဟွာလုံမြို့တစ်ခုလုံးကို ဝါးမျိုရန် ပြင်ဆင်နေပေသည်။ ထိုအမှောင်ထုထဲတွင် ဝတ်ရုံနက် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ရပ်နေကြသည်။ အရှေ့မှလူက မျက်လုံးများ နီရဲနေပြီး မြို့ထဲကို စိုက်ကြည့်လိုက်သည်။

“ဒီမြို့ထဲက သက်ရှိအားလုံးကို စားသုံးလိုက်ရင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်းလဲခြင်း ပဉ္စမအဆင့်ကို ရောက်ရှိသွားနိုင်မလား”

နောက်မှလူက ရိုသေစွာ ဖြေကြားလိုက်သည်။

“ဒီမြို့က တစ္ဆေပြည်နယ်ရဲ့ မြို့ကြီးတစ်မြို့လို့ သတ်မှတ်လို့ရတယ်။ အားလုံးကို စားသုံးလိုက်ပြီးရင် သခင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ကျိန်းသေပေါက်ကို ပဉ္စမမြောက်အဆင့် ကောင်းကင်ဘုံအလွှာကို ချိုးဖျက်သွားမှာ အသေအချာပဲ”

သခင်လေးဟု ခေါ်ဆိုသူက လေးနက်စွာ ပြောလိုက်သည်။

“ဦးလေးရှဲ့...၊ နတ်ဘုရားအသွင်ပြောင်းလဲခြင်း ပဉ္စမအဆင့်နဲ့ဆိုရင် နောက်တစ်လ ဖေးရှန့်တောင်မှာ ကျင်းပမယ့် တပည့်ရွေးချယ်ပွဲမှာ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရနိုင်ပါ့မလား”

ဦးလေးရှဲ့က သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီနေ့ ကျူးရှိူ့ပွဲတော်မှာ အသူရာအင်မော်တယ်နယ်မြေက ပါရမီရှင်တောင် ရောက်လာခဲ့တယ်။ အခြားအထက်ဘုံက ပါရမီရှင်တွေလည်း ကျူးရှိူ့တိုက်ကြီးမှာ လူဝင်စားနေနိုင်တယ်။ သခင်လေးက ပဉ္စမအဆင့်နဲ့ဆိုရင်တောင် နည်းနည်းတော့ ခက်ခဲဦးမယ်”

“ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို အလွယ်တကူရလိမ့်မယ်လို့ ထင်ထားပေမယ့် ကျူးရှိူ့တိုက်ကြီးမှာ ဒီလောက်အစွမ်းထက်တဲ့ ဆရာသခင် ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အသူရာအင်မော်တယ်နယ်မြေက ကောင်းကင်ဘုံသူတော်စင်တောင်မှ သူ့ကိုမယှဉ်နိုင်ဘဲ ထွက်ပြေးခဲ့ရတယ်။ အခုတော့ သခင်လေးအနေနဲ့ နောက်တစ်လ တပည့်ရွေးချယ်ပွဲကိုပဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရတော့မယ်”

ဝတ်ရုံနက်နှင့်လူက တောက်ပသော မျက်လုံးများဖြင့် အလေးအနက်ပြောလိုက်သည်။

“ဒါကြောင့် တစ်လအတွင်း ငါ သက်ရှိအများကြီးကို စားသုံးပြီး အဆင့်တက်အောင် လုပ်ရမယ်။ ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်ဘုံတာအိုစောင့်ရှောက်သူ ဖြစ်လာဖို့ ငါတစ်ယောက်တည်းကပဲ အရည်အချင်းပြည့်မီတယ်”

All Chapters