← Chapters

အခန်း ၁၅၁

Vol. 12 Ch. 151

အခန်း ၁၅၁

Vol. 12 Ch. 151

အခန်း (၁၅၁) ကုချင်အတတ်ရဲ့ လိုအပ်ချက်ကို ထောက်ပြမယ့်သူများ ရှိပါသလား

ထိုအမျိုးသမီးသည် အလွန်ချောမောပြီး သူမ၏ ညှို့ဓာတ်ပြင်းသော မျက်ဝန်းအစုံက ပိုးသားလေးကဲ့သို့ နူးညံ့ကာ ပြုံးလိုက်လျှင်လည်း နှစ်သက်ကြည်နူးမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ပိုင်ယွဲ့၏ တာအိုစောင့်ရှောက်သူ မိန်နျင်ပင်ဖြစ်သည်။

အမှန်စင်စစ် မိန်နျင်သည် ပိုင်ယွဲ့အား တိတ်တဆိတ် စောင့်ရှောက်နေခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ပိုင်ယွဲ့သည် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ပြန်ရောက်ရှိနေပြီး ထိုနေရာတွင် အင်မော်တယ်သူတော်စင်များကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ချမ်ချန်ကန်း ရှိနေသောကြောင့် မိန်နျင်အနေဖြင့် ပိုင်ယွဲ့၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတော့ပေ။

ထို့ကြောင့် သူမသည် လူ့လောကထဲသို့ တစ်ကျော့ပြန်၍ ဝင်ရောက်ကစားနေခြင်း ဖြစ်သည်။ မဟုတ်လျှင် ဘဝက ပျင်းစရာကောင်းနေမည် မဟုတ်ပါလား။ ယနေ့ သူမ၏ အဆင့်အတန်းမှာ ယန်ယွီမျှော်စင်၏ နာမည်ကြီး အလှမယ်တစ်ဦး ဖြစ်နေသည်။

သူမ၏ မှင်တက်ဖွယ်ရာ အလှအပ၊ သဘာဝအတိုင်း ရှိနေသော ဆွဲဆောင်မှုတို့ကြောင့် ယန်ယွီမျှော်စင်ရှိ ကျင့်ကြံသူများအကြား ထင်ရှားနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ချမ်ချန်ကန်းပင်လျှင် သူမကို မြင်သောအခါ အံ့အားသင့်သွားရသည်။

*ဒီမိန်းကလေးက တကယ့်ကို လှပတဲ့လူပဲ*

ဟွာလုံမြို့တော်ကဲ့သို့ သေးငယ်သော မြို့တော်ရှိ ယန်ယွီမျှော်စင်၌ ဤမျှလှပသော အမျိုးသမီးရှိနေလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ဖူးပေ။ သို့ပေမဲ့ အသွင်အပြင်အရဆိုလျှင် ပိုင်ယွဲ့၊ အားမြောင်၊ ကျန်းယုချန်၊ ဟုန်ရီနှင့် အခြားသူများထက် အားနည်းသည် မဟုတ်ပေ။ အထူးသဖြင့် အချိုးအစားက ပို၍ပင် သာလွန်နေသေးသည်။

မိန်နျင်သည် သူမ၏ အရှေ့တွင် ကူချင်တစ်လုံးကို ချထားပြီး စက်ဝိုင်းပုံ စင်မြင့်ပေါ်၌ ထိုင်နေသည်။ သူမ၏ အပြုံးနှင့် လှုပ်ရှားမှုတိုင်းက လူတိုင်းကို မိန်းမောတွေဝေသွားစေခဲ့သည်။ သူမ၏ သွယ်လျသော လက်ဆယ်ချောင်းဖြင့် ကြိုးများကို တီးခတ်လိုက်သောအခါ ကြည်လင်သာယာသော တူရိယာသံများ ချက်ချင်းထွက်ပေါ်လာပြီး နားဆင်သူတို့ကို စိတ်လက်ပေါ့ပါး ကြည်နူးစေတော့သည်။

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တီးခတ်ပုံကတော့ တကယ့်ကို ကောင်းတာပဲ”

ဘေးနားတွင်ရှိသော မိန်းကလေးက မေးလာသည်။

“သခင်လေးလည်း ကူချင်အတတ်ကို နားလည်တာလား”

ချမ်ချန်ကန်းက ပြန်ပြောလိုက်သည်။

“အနည်းအကျဉ်းတော့ သိပါတယ်။ ဒါပေမဲ့ သိပ်တော့မသိဘူး”

ကူချင်အတတ်နှင့် ပတ်သက်လျှင် ချမ်ချန်ကန်းသည် ယခင်ဘဝကတည်းက အတော်အတန် လေ့လာဖူးပေသည်။ မူလက မိန်းကလေးများကို ဆွဲဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မဆွဲဆောင်နိုင်ခင်မှာပင် သူက ကျူးရှိူ့တိုက်ကြီးထဲသို့ ကူးပြောင်းလာခဲ့ရခြင်း ဖြစ်သည်။ ဤကိစ္စကြောင့် ချမ်ချန်ကန်းက အနည်းငယ် အားမလိုအားမရ ဖြစ်နေခဲ့သည်။

ယခုအခါ မိန်နျင် တီးခတ်နေသည်ကို မြင်လိုက်ရသဖြင့် သူကိုယ်တိုင် မထိတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် လက်များ ယားယံလာမိသည်။ သို့သော် ယန်ယွီမျှော်စင်တွင် သူကိုယ်တိုင် တီးခတ်ပြရန်တော့ စိတ်မဝင်စားပေ။

မိန်းကလေးတစ်ဦးကို တီးပြလျှင် အဆင်ပြေသော်လည်း ဤနေရာသို့ လာကြသူအများစုမှာ အမျိုးသားကျင့်ကြံသူများ ဖြစ်သည်။ သူတို့အားလုံး၏ စိတ်ဝင်စားမှုမှာ တူညီပေသည်။ ၎င်းမှာ လှပသော အမျိုးသမီးတစ်ဦး၏ ကပြပွဲ သို့မဟုတ် တီးခတ်မှုကို ကြည့်ရှုနားဆင်ရန်သာဖြစ်ပြီး ယောက်ျားကြီးတစ်ယောက် တီးခတ်နေသည်ကို နားထောင်ရန် မဟုတ်ပေ။ ချမ်ချန်ကန်းသည် ထိုယောက်ျားကြီးများကြားတွင် ကူချင်တီးခတ်ရန် ဆန္ဒမရှိပေ။

ယန်ယွီမျှော်စင်တစ်ခုလုံး မိန်နျင်၏ သံစဉ်များနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားပြီး အားလုံး စီးမျောနေကြသည်။ မိန်နျင်က ပြုံးပြီး လူတစ်ဦးချင်းစီကို အကဲခတ်ပြီး လှည့်ကြည့်လိုက်သည်။ သူမ၏ အတတ်ပညာအပေါ် သူမကိုယ်တိုင် ကျေနပ်နေမိသည်။

*အောက်ဘုံမှာ နှစ်ပေါင်းများစွာ ရှိနေတဲ့ အတောအတွင်း ကျင့်ကြံမှုတွေ တိုးတက်လာသလို တာအိုအပေါ် နားလည်မှုကလည်း တိုးတက်လာတာပဲ။ အခု အဲ့ဒါတွေကို ကူချင်အတတ်ထဲ ပေါင်းစပ်လိုက်တော့ ပိုပြီးတော့ နက်နဲသွားတာပဲ။*

မိန်နျင်၏ အမြင်အရ ဤယန်ယွီမျှော်စင်တစ်ခုလုံးသာမက အောက်ဘုံရှိ ကျင့်ကြံခြင်းလောကများထဲတွင်မဆို မည်သူကမျှ သူမ၏ သံစဉ်ထဲ မမျောပါဘဲ ခုခံနိုင်သူ တစ်ယောက်မှ ရှိမည်မဟုတ်ဟု မျှော်လင့်ထားသည်။ သို့သော် သူမ၏အကြည့်က ဒုတိယထပ်ရှိ အခန်းတစ်ခုသို့ ရောက်သွားသောအခါ သူမ၏မျက်နှာ ပျက်ယွင်းသွားသည်။

*ဒီလူက ငါ့ရဲ့ ကူချင်အတတ်ထဲမှာ မိန်းမောတွေဝေမနေပါလား*

မိန်နျင်ကြည့်သည့်နေရာမှာ ချမ်ချန်ကန်း ရှိသည့်နေရာပင်ဖြစ်သည်။ စန္ဒရားသံက သာယာသည်မှာ မှန်သော်လည်း ချမ်ချန်ကန်း၏ အမြင်တွင်မူ ထူးခြားလှသည် မဟုတ်ပေ။ ယခင်ဘဝက ကြားခဲ့ရသော ဂီတသံများကိုပင် မမီပေ။

အနည်းငယ် ပျင်းစရာကောင်းနေသဖြင့် ထိုလှပသော အမျိုးသမီးသာ ကပြလျှင် ပို၍ စိတ်ဝင်စားစရာကောင်းမည်ဟု သူမျှော်လင့်နေမိသည်။ သူ့ကို ပြုစုစောင့်ရှောက်နေသော မိန်းကလေးများ၏ စိတ်လှုပ်ရှား မိန်းမောတွေဝေနေသော ပုံစံများကို ကြည့်ပြီး ချမ်ချန်ကန်းက ခေါင်းခါယမ်းလိုက်သည်။

*အဲ့ဒါက တကယ်ပဲ ဒီလောက်တောင် နားထောင်လို့ကောင်းလို့လား*

မိန်နျင်က သူမစိတ်ကို ပြန်လည်စုစည်းကာ ဆက်လက်တီးခတ်လိုက်သည်။ ခဏအကြာတွင် သူမက တီးခတ်တာကို ရပ်လိုက်ပြီး ကြိုးများကို လက်ဖြင့်အုပ်လိုက်ရာ သံစဉ်က တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။ ယန်ယွီမျှော်စင်ရှိ နားထောင်သူများက နားထောင်၍ မဝသေးသော အမူအရာများ ရှိနေကြသည်။

“မိန်နျင်ရဲ့ ကူချင်သံက တကယ့်ကို အံ့မခန်းပဲ။ နားထောင်လို့ အရမ်းကောင်းတယ်”

“ဟုတ်တယ်။ ဒီသံစဉ်တွေက နိမ့်တုံ မြင့်တုံနဲ့ ငြိမ်သက်နေပေမဲ့ တကယ့်ကို အသက်ဝင်နေတာပဲ။ နတ်ဘုံနတ်နန်းကို ရောက်နေသလိုပဲ”

“မိန်နျင်က ယန်ယွီမျှော်စင်ရဲ့ နာမည်ကြီးအလှမယ် ဖြစ်ထိုက်တယ်။ ရုပ်ရည်ကလည်းလှ၊ အတတ်ပညာကလည်း တကယ့်ကို ပြောင်မြောက်တာပဲ”

ကျင့်ကြံသူအမြောက်အမြားက သူမကို မြှောက်ပင့်ပြောဆိုကာ လက်ခုပ်တီး အားပေးကြသည်။ အမှန်စင်စစ် သူတို့၏ ရည်ရွယ်ချက်မှာ သူမကို စိတ်ကျေနပ်စေရန် ဖြစ်သည်။ သူမ၏ အပြုံးတစ်ချက်ကို ရနိုင်လျှင် သို့မဟုတ် တစ်ညတာ အတူရှိခွင့်ရလျှင် အကောင်းဆုံး မဟုတ်ပါလား။

ဒုတိယထပ် အခန်းတွင်မူ ချမ်ချန်ကန်းက ဤမြကွင်းကို တိတ်ဆိတ်စွာ ကြည့်ပြီး ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သူ၏ ယခင်ဘဝတွင် ဤကဲ့သို့ မြင်ကွင်းမျိုးကို သူအကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။

*ဟမ့်...၊ တကယ့်ကို ဖားယားနေတဲ့ အုပ်စုပါလား*

ထိုအလှမယ်လေးမှာ သူမကိုယ်သူမ ဂုဏ်ယူနေပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။ သူမက ပြုံးလျက် ပြောလိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကူချင်အတတ်က လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒီမှာရှိနေတဲ့ လူကြီးမင်းတွေထဲက ဘယ်သူကများ ကျွန်မရဲ့ လိုအပ်ချက်တွေကို ထောက်ပြလမ်းညွှန်ပေးနိုင်မလဲရှင်”

ဤစကားသံ ထွက်လာသည်နှင့် ကျင့်ကြံသူတစ်ဦးက အော်ပြောလိုက်သည်။

“မိန်နျင်ရဲ့ အတတ်ပညာက အထွတ်အထိပ်ကို ရောက်နေပြီ။ ဘာလိုအပ်ချက်မှ မရှိဘူး။ တကယ့်ကို ပြီးပြည့်စုံနေပြီ”

နောက်ထပ် အစိမ်းရောင်ဝတ်စုံနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကလည်း ပြောလိုက်သည်။

“အဲ့ဒါ အမှန်ပဲ။ ငါတို့ သီချင်းတွေ အများကြီး နားထောင်ဖူးပေမဲ့ မိန်နျင်တီးခတ်သလောက် သာယာတာမျိုး တစ်ခါမှ မကြားဖူးဘူး”

ယန်ယွီမျှော်စင်ရှိ လူတိုင်းက ထောက်ခံကြသည်။ မိန်နျင်၏ အတတ်ပညာတွင် လိုအပ်ချက်ရှိသည်ဟု မည်သူမှ မပြောရဲ၊ မပြောနိုင်ကြပေ။

*ဟာသပဲ...၊ မိန်နျင်က အထက်ဘုံက အင်မော်တယ်အရှင်သခင်တစ်ပါးဖြစ်ပြီး သူမရဲ့ တီးခတ်မှုကလည်း သူမရဲ့ ကျင့်ကြံခြင်းနဲ့ ဆက်နွယ်နေတာလေ။ သူမရဲ့ တီးခတ်မှုကို နားဆင်ရခြင်းက တကယ့်ကို ကျင့်ကြံသူများအတွက် ကံကောင်းမှုကြီးတစ်ခု ဖြစ်နေပြီ။*

အဆင့်မြင့်ကျင့်ကြံသူများပင်လျှင် သူမ၏ လိုအပ်ချက်များကို ရှာတွေ့ရန် ခဲယဉ်းလှပေသည်။ အားလုံး ချီးမွမ်းမှုကို ရင်ဆိုင်ရင်း မိန်နျင်က ပြုံးလိုက်သည်။ သို့သော် သူမသည် ခေါင်းကို အနည်းငယ် မော့ကာ မျက်တောင်ခတ်လျက် ဒုတိယထပ်ရှိ အခန်းတစ်ခုကို စိုက်ကြည့်လိုက်သည်။

“ကျွန်မ စိတ်ထဲမှာတော့ ဒီမှာရှိနေတဲ့သူတွေထဲမှာ ကျွန်မရဲ့ လိုအပ်ချက်ကို ထောက်ပြပေးနိုင်မယ့်သူတစ်ယောက် ရှိနေတယ်လို့ ခံစားရတယ်ရှင့်”

ယန်ယွီမျှော်စင်ရှိ လူတိုင်းက ဇဝေဇဝါဖြစ်သွားပြီး မိန်နျင်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။

All Chapters